ရေးမြို့သူလေးနှင့် ကျိုင်းတုံစော်ဘွားသားတော်တို့၏အချစ်ဇတ်လမ်း

၁၉၄၅ ဩဂုတ်လက မြန်မာ့အလင်းသတင်းစာမှာ ရေးနဲ့ကျိုင်းတုံလမ်း ဖောက်ပြီ ဆိုတဲ့ သတင်းတခုပါလာပါတယ်။ အပြင်မှာ တကယ်ဖောက်တဲ့ လမ်း မဟုတ်ပေမယ့် ရေးမြို့သူနဲ့ ကျိုင်းတုံသားတို့ရဲ့ မွန်-ရှမ်း မင်္ဂလာပွဲကို မြန်မာပြည်ကလူတွေကို သတင်းပေးတာပါ။ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားကထုတ်တဲ့ ညိုမြ မဂ္ဂဇင်းမှာပါတဲ့ သတင်းအရ ကျိုင်းတုံစော်ဘွား သားတော် စောဆိုင်မွန်နဲ့ မီမီခိုင်တို့ဟာ ညိုမြနဲ့အတူ ဘိလပ်မှာ ကျောင်းနေဘက်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ စောဆိုင်မွန် က လန်ဒန်ပညာရေးသိပ္ပံမှာ သင်ကြားရေး ဒီပလိုမာဘွဲ့ ယူခဲ့ပြီး ဒေါ်မီမီခိုင်ကတော့ ဘုရင့်ကောလိပ်ကနေ အိမ်တွင်းမှု၊ လူမှုရေး သိပ္ပံဘွဲ့ယူခဲ့ပါတယ်။

သူတို့နှစ်ယောက်ကို အထက်တန်းလွှာပညာတတ်စုံတွဲအဖြစ် သိကြပေမယ့် ခက်ခဲတဲ့ လမ်းတွေကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။ ဒီလိုစိန်ခေါ်မှုတွေကြားက ရှမ်းနဲ့ မြန်မာ အကြောင်း သုတေသနလက်ရာတွေ သူတို့ ချန်ထားခဲ့ကြပါတယ်။ ဘန်ကောက်က ကိုရင်လေးစောဆိုင်မွန်၊ စောဆိုင်မိုင်းမင်းရဲ စသဖြင့် စာလုံးပေါင်းအမျိုးမျိုးနဲ့ ရေးခံရတဲ့ ပညာရှင်ဟာ ရှမ်းပြည်အရှေ့ပိုင်းက ကျိုင်းတုံနယ်ကြီးကို ပိုင်တဲ့ စောခွန်ကျောက်အင်တလိုင်းရဲ့ သားတော်တပါး ဖြစ်ပါတယ်။

တချိန်က ကျိုင်းတုံဟာ ရှမ်းစော်ဘွားနယ်တွေထဲမှာ အရွယ်ပမာဏ အကြီးဆုံး ဖြစ်ခဲ့ပေမယ့် စော်ဘွားကြီးမှာ ကြင်ယာအသီးသီးက ပေါက်ဖွားကြတဲ့ သားတော်တွေက များတဲ့အတွက် စောဆိုင်မွန်ကို ဘုန်းကြီးဝတ်ခိုင်းဖို့ စော်ဘွားကြီးက စဉ်းစားခဲ့တယ် ဆိုပါတယ်။ဒါကြောင့် သူနဲ့ နီးစပ်တဲ့ ထိုင်းရှမ်းယဉ်ကျေးမှုတွေ ထွန်းကားရာ ယိုးဒယားပြည် ဘန်ကောက်မြို့တော်မှာ (၇) နှစ်သားအရွယ်ကတည်းက စောဆိုင်မွန်ကို ကိုရင်ဘဝနဲ့ ပညာသင်စေခဲ့ပါတယ်။

သူနဲ့အတူ အဖေတူအမေကွဲ ညီတော်တပါးလည်း ဘန်ကောက် ပို့ပါတယ်။ ဘန်ကောက်မှာပဲ ထိုင်းမင်းညီမင်းသားတချို့နဲ့ သူရင်းနှီးခဲ့ပါတယ်။ ထိုင်း တောင်ပိုင်းမှာ ကွန်မြူနစ်သူပုန် လက်ချက်နဲ့ ရဟတ်ယာဉ် ပေါက်ကွဲပြီး နတ်ရွာစံခဲ့တဲ့ ဝိဘြဝတီ ရန်စစ် မင်းသမီးရဲ့ ကြင်ယာတော် ပီယာရန်စစ်ဟာ စောဆိုင်မွန်ရဲ့ ဘန်ကောက်သူငယ်ချင်း ဖြစ်ပါတယ်။နောက်ပိုင်း အိန္ဒိယကို သွားရင်း အနောက်တိုင်းပညာရေး အရေးကြီးပုံကို သိလာတဲ့ စော်ဘွားကြီးက သားတော်တွေကို ဘန်ကောက်ကပြန်ခေါ်ပြီး တောင်ကြီးက ရှမ်းစော်ဘွား သားမြေးများကျောင်းကို ပို့ပါတယ်။ စောဆိုင်မွန်ဘဝမှာ ဂုံ၊ ရှမ်း၊ ထိုင်းနဲ့ အင်္ဂလိပ်စာတွေ သင်ပြီးမှ မြန်မာစာကို သင်ခဲ့ရတာပါ။

အဲဒီကနေ ရန်ကုန်နဲ့ လန်ဒန်တက္ကသိုလ်တွေမှာ ပညာဆက်သင်ဖို့ ဖြစ်လာပါတယ်။အဲဒီမှာ သူနဲ့ ဘဝကြင်ဖော်ဖြစ်လာမယ့် ဒေါ်မီမီခိုင်တို့ ဆုံစည်းခဲ့ကြတာပါ။မွန်အရေးပိုင်သမီးဒေါ်မီမီခိုင်ဟာ ရေးဇာတိ မွန်အမျိုးသမီးဖြစ်ပြီး အရေးပိုင်သမီးဖြစ်ပါတယ်။ တနင်္သာရီနဲ့ရခိုင်ဟာ ဗြိတိသျှအောက် အရင်ဆုံးကျရောက်ခဲ့လို့ မွန်နဲ့ရခိုင်တွေဟာ အနောက်တိုင်းပညာရေးနဲ့ အစောဆုံးနီးစပ်ခဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်မီမီခိုင်ရဲ့ မိခင်ဒေါ်မမကြီးဟာ အင်္ဂလိပ်ဝတ္ထုဖတ်တဲ့ အိမ်ရှင်မမျိုးဖြစ်ပါတယ်။

ဒေါ်မီမီခိုင်ရဲ့ ခြေရာကို နင်းပြီး သူ့ညီမ ဒေါက်တာမြတ်ကြည်ခိုင် ခေါ် ဒေါ်မြတ်ကြည်သန်းကလည်း ပထမဆုံး မြန်မာ ဦးနှောက်နဲ့ အာရုံကြော အထူးကုသမားတော် အဖြစ် ထင်ရှားခဲ့ပါတယ်။ငယ်စဉ်ကတည်းက ပညာထူးချွန်သူတဲ့ ဒေါ်မီမီခိုင်ဟာ ရုပ်ရည်ချောမောတဲ့ စာရင်းမှာ မပါပေမယ့် သူ့ကို စိတ်ဝင်စားတဲ့ ယောက်ျားလေးတွေ ရှိခဲ့ပါတယ်။ စာတော်သူဖြစ်တဲ့အတွက် ယုဒသန်ကောလိပ်ဘက်ကို သူအတန်း တက်ဖို့ စာအုပ်ကလေးပိုက်လာရင် ကျောင်းသူလေးတွေက အားကျတဲ့စိတ်နဲ့ ကြည့်ကြတယ်လို့လည်း စောမုံညင်းက ဗမာအမျိုးသမီး စာအုပ်မှာ ရေးခဲ့ပါတယ်။

အင်းယားဆောင်မှာ လူထုဒေါ်အမာ၊ အမ်အေဒေါ်အုန်း စတဲ့ သပိတ်မှောက် ကျောင်းသူတွေနဲ့ အတူဆုံခဲ့ပေမယ့် ဒေါ်မီမီခိုင်ဟာ နိုင်ငံရေးမှာ မပါဝင်ခဲ့ပါဘူး။ ပညာရေးကို ဦးစားပေးသူဖြစ်လို့ အင်္ဂလိပ်စာ ပထမတန်း ဂုဏ်ထူးနဲ့ ဘွဲ့ယူပြီးနောက် လန်ဒန်မှာ ပညာသင်ဖို့ ဆုရပါတယ်။သူတို့နှစ်ယောက်လုံး ပညာရေးဆိုင်ရာဘွဲ့တွေ ဆွတ်ခူးပြီး ပြန်လာချိန်မှာ ကမ္ဘာစစ်ဖြစ်နေလို့ တောင်အာဖရိက ဘက်ကနေ သင်္ဘောနဲ့ ပတ်ပြန်လာရပါတယ်။ ဗြိတိန်မှာ စာကြည့်တိုက်ပညာသင်ပြီး ပြန်လာတဲ့ ကဗျာ ဆရာကြီး ဇော်ဂျီခေါ် ဦးသိန်းဟန်နဲ့အတူ ဖြစ်ပါတယ်။ လမ်းမှာ လူမျိုးရေးခွဲခြားမှုတွေနဲ့ ကြုံခဲ့ရလို့ ကိပ်တောင်းမြို့ အရောက်မှာ ဒေါ်မီမီခိုင်က ကန့်ကွက်ပါတယ်။

အစပိုင်းက သူငယ်ချင်းအဆင့် ရှိပေမယ့် ရန်ကုန် ပြန်ရောက်ပြီးနောက် စောဆိုင်မွန်က ဒေါ်မီမီခိုင်ကို စပိုးပန်းပါတယ်။တူစော်ဘွားရဲ့ဆရာမစောဆိုင်မွန်ပညာသင်နေစဉ်အတွင်း ၁၉၃၇ မှာ ခမည်းတော် နတ်ရွာစံပြီးနောက် ဆက်ခံတဲ့ နောင်တော် စောခွန်တိုင်လည်း တူတော်တယောက် သေနတ်နဲ့ပစ်လို့ နတ်ရွာစံခဲ့ပါတယ်။ ဒါကြောင့် မရီးတော် စောကြာညွန့်က ရင်ခွင်ပိုက်အဖြစ် ကျိုင်းတုံကို အုပ်ချုပ်ရပါတယ်။ဒါကြောင့် သူလန်ဒန်က ပြန်လာပြီးနောက် တူဖြစ်သူ စော်ဘွားလေး စောစိုင်းလုံရဲ့ ပညာရေးအတွက် ဆရာအဖြစ် ဆောင်ရွက်ပေးဖို့ ဒေါ်မီမီခိုင်ကို စောဆိုင်မွန်က ပန်ကြားခဲ့ပါတယ်။

တောင်ကြီးမှာ စော်ဘွားလေးကို စာသင်ပေးပြီး ကျောင်းပိတ်ချိန် မှာတော့ ရန်ကုန်က အလည်လာတဲ့ အဆိုတော် ဘိလပ်ပြန်သန်းခေါ် ဒေါ်သန်းဧနဲ့အတူ ဒေါ်မီမီခိုင် ကျိုင်းတုံကို အလည်ရောက်ခဲ့ပါတယ်။ အဲဒီမှာ သူတို့ စချစ်ကြိုက်ခဲ့ပုံ ပေါ်ပါတယ်။ချစ်ဦးနဲ့လွဲခဲ့သူတကယ်က စောဆိုင်မွန်ရဲ့ဘဝမှာ ချစ်ခဲ့သူတယောက် ရှိပါတယ်။ သူကတော့ လွတ်လပ်ပြီးခေတ်မှာ ပထမဆုံး သမ္မတကတော် ဖြစ်လာတဲ့ ညောင်ရွှေမဟာဒေဝီ စောဟိန်ခမ်းပါ။ အဲဒီအချိန်က သိန္နီမှာ စော်ဘွားနှမတော် ဘဝပဲရှိသေးတဲ့ စောဟိန်ခမ်းနဲ့ စောဆိုင်မွန် ချစ်ကြိုက်နေတာကို ချက်ချင်းမကမ်းလှမ်းတဲ့အတွက် စော်ဘွားက စိတ်ဆိုးပြီး ညောင်ရွှေစော်ဘွားနဲ့ လက်ထပ်ဖို့ စီစဉ်ခဲ့ပါတယ်။ကောလိပ်ကျောင်းပိတ်မှ လိုက်သွားနိုင်တဲ့ စောဆိုင်မွန်လည်း ချစ်သူနဲ့ လွဲခဲ့ရပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ စော်ဘွားမိသားစုတွေကြား ပြေလည်မှု ပြန်ရခဲ့ပြီး စောဟိန်ခမ်းနဲ့ ဒေါ်မီမီခိုင်တို့လည်း ခင်မင်ရင်းနှီးခဲ့ကြ ပါတယ်။ ဒီအကြောင်းတွေကို ငယ်စဉ်က မသိခဲ့ဘဲ ကြီးမှ လူကြီးတွေက ပြန်ပြောမှ သိရတယ်လို့လည်း စောဆိုင်မွန်နဲ့ ဒေါ်မီမီခိုင်တို့ရဲ့ သားဖြစ်သူ စောခိုင်မိုင်းက ပြောပါတယ်။နောက်ပြီး စော်ဘွားမိသားစုအချင်းချင်းလည်း ဆွေမျိုးတော်စပ်မှုတွေ ရှိတဲ့အတွက် ဒီကိစ္စက အဖုအထစ် မဖြစ်ခဲ့ပါဘူး။တပ်ထဲဝင်ဒုတိယကမ္ဘာစစ် မြန်မာပြည်ကို ကူးတဲ့အချိန်မှာတော့ စောဆိုင်မွန် ဗြိတိသျှစစ်တပ်ထဲ ရောက်နေပါပြီ။ သူနဲ့အတူ ကျိုင်းတုံစော်ဘွား မိသားစုတွေကို အိန္ဒိယကို လေယာဉ်နဲ့ ခေါ်သွားနိုင်အောင် သူကြိုးစားခဲ့ပါတယ်။

ဂျပန် သိမ်းခံရပြီးနောက် ကျိုင်းတုံကို ထိုင်းလက်အပ်ခဲ့ပြီး စစ်ပြီးမှ ဗြိတိသျှတွေ ပြန်သိမ်းနိုင်တာ ဖြစ်ပါတယ်။လေယာဉ်ပေါ်တက်ချိန်မှာ သူနဲ့ စာကြည့်တိုက်မှူး ဦးခင်ဇော်တို့ ခေါင်းပန်းလှန်ဆုံးဖြတ်ပြီး လေယာဉ်ပေါ်လိုက်စရာနေရာ စောဆိုင်မွန် ရသွားခဲ့တာပါ။ ဦးခင်ဇော်က နောက်လေယာဉ်နဲ့ လိုက်လာပြီး သူတို့လို ကံမကောင်း သူတွေကတော့ ကုန်းလမ်းကနေ တောင်တွေကျော်ပြီး အိန္ဒိယထဲ စစ်ပြေးကြရပါတယ်။ဒီချိန်မှာ ရန်ကုန် ဆရာအတတ်သင်ကျောင်းမှာ လက်ထောက်ကထိက လုပ်နေတဲ့ ဒေါ်မီမီခိုင်နဲ့ ဒေါ်သန်းဧတို့လည်း အိန္ဒိယကို သင်္ဘောနဲ့ စစ်ပြေးလာကြပါတယ်။

သင်္ဘောမထွက်ခင် ရန်ကုန်က ဗြိတိသျှအရာရှိတယောက် အိမ်မှာ ဒေါ်မီမီခိုင်နဲ့ စောဆိုင်မွန်တို့ စေ့စပ်ကြတာ ဖြစ်ပါတယ်။ဒေလီရောက် ဇနီးမောင်နှံဒေလီမှာ သူတို့ လက်ထပ်ကြပြီးနောက် ဒေါ်မီမီခိုင်က ဒေလီတက္ကသိုလ်က လေဒီအာဝင်ကောလိပ်မှာ ပြင်ပစာစစ်လုပ်ပါတယ်။ စောဆိုင်မွန်က အာသံပြည်နယ်ကနေ အိန္ဒိယအစိုးရအသံလွှင့်ဌာနအတွက် ရှမ်းဘာသာနဲ့ အသံလွှင့်ရပါတယ်။ သူတို့အတူနေချိန် နည်းပေမယ့် စစ်အတွင်းကာလတွေဟာ သူတို့အတွက် အပျော်ဆုံးနှစ်တွေ ဖြစ်ခဲ့ပါတယ်။မိသားစုနဲ့ ဝေးနေရတဲ့အချိန်မှာ ဒေါ်မီမီခိုင်က မြန်မာမိသားစု ဘဝအကြောင်းကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားပြီး အိန္ဒိယမှာ ထုတ်ပါတယ်။

ဒီစာအုပ်ဟာ နောင်မှာ သူဆက်ရေးမယ့် ရွှေဝါပြည်ကလူများ ၊ မြန်မာပြည်က အမျိုးသား အမျိုးသမီးများ နဲ့ တခြား စာအုပ်တွေရဲ့ ရှေ့ပြေး ဖြစ်သလို သူ့အတွက် အကျော်ကြားဆုံး စာတအုပ်လည်း ဖြစ်ပါတယ်။ဂျပ်အေး၊ တညင်းသီး၊ တန်ဆောင်တိုင်နဲ့ ငပိအကြောင်း ကမ္ဘာကသိအောင် ရေးနိုင်သူလို့ သူ့မိတ်ဆွေ ညိုမြက ဒေါ်မီမီခိုင်ကို ချီးကျူးခဲ့ပါတယ်။ပညာမင်းကြီးနဲ့ ကမ္တောဇကောလိပ်စစ်ပြီးခေတ်မှာတော့ တူတော် စော်ဘွား ဩစတြေးလျမှာ စာသင်တာက ပြန်မလာခင်မှာ စောဆိုင်မွန် ကျိုင်းတုံကို ခဏ အုပ်ချုပ်ပေးခဲ့ပါတယ်။ သူဟာ ရှမ်းပြည်မှာ ဗြိတိသျှ လူမျိုးမဟုတ်တဲ့အထဲက ပထမဆုံး ရက်စီးဒင့် ခေါ် အုပ်ချုပ်ရေးမှူးရာထူး ရခဲ့သူလည်း ဖြစ်ပါတယ်။

ရှမ်းတပြည်လုံးမှာ ဒီရာထူးက တောင်ကြီး၊ လားရှိုးနဲ့ လွယ်မွေ သုံးနေရာမှာပဲ ရှိခဲ့တာ ဖြစ်ပါတယ်။၁၉၄၇ ပင်လုံစာချုပ်ချုပ်ပြီးနောက် စောဆိုင်မွန် ရှမ်းနဲ့ကယား ပညာမင်းကြီး ဖြစ်လာခဲ့ပြီး ရှမ်းအစိုးရမှာ ပညာရေးဝန်ကြီးလည်း လုပ်ခဲ့ပါတယ်။ စောဆိုင်မွန်ဟာ ဒေါက်တာဘဉာဏ်နဲ့အတူ ရှမ်းအက္ခရာကို ခေတ်မီ အောင် တီထွင်ခဲ့သူဖြစ်သလို ရှမ်းပြည်တဝှမ်းမှာ စစ်မဖြစ်ခင်က မရှိခဲ့တဲ့ အစိုးရကျောင်းတွေ တိုးချဲ့ဖွင့်နိုင်အောင် ကြိုးပမ်းခဲ့ပါတယ်။ စစ်အတွင်းက သူနဲ့ ခင်ခဲ့တဲ့ အမေရိကန်တွေ အဆက်အသွယ်နဲ့ ရှမ်းပြည်နယ်က ကျောင်းဆရာ ဆရာမတွေကို အနောက်နိုင်ငံတွေဆီ ပညာတော်သင်စေလွှတ်ခဲ့ပါတယ်။

နောက် ရှမ်းစာပေကို ကျောင်းတွေမှာ သင်နိုင်အောင် ကြိုးစားနေတုန်း အာဏာသိမ်းလို့ အစီအစဉ် ပျက်ခဲ့ရပါတယ်။ စောဆိုင်မွန်ဟာ အနောက်တိုင်းပညာရေးကြောင့် သူ့ဘဝအမြင်တွေ ပြောင်းလဲခဲ့တာကို သိတဲ့အတွက် ပြည်နယ်က လူတွေကိုလည်း သူ့လို ခေတ်မီ ပညာရေးနဲ့ နီးစပ်အောင် စီစဉ်ခဲ့ပါတယ်။ ကျောင်းပညာရေးအပြင် ရှမ်းပြည်က ပန်းချီနဲ့ ပန်းပုဆရာတွေအတွက် ရန်ကုန်မှာ စျေးကွက်ရှာပေးတာ၊ လက်သမားဆရာတွေအတွက် အလုပ်ရုံဆွေးနွေးပွဲ လုပ်တာ စတဲ့ လက်မှုပညာတွေ တိုးတက်အောင်လည်း သူကြံဆခဲ့ပါတယ်။ဇနီးဖြစ်သူ ဒေါ်မီမီခိုင်ကလည်း တောင်ကြီးမှာပဲ ကမ္တောဇကောလိပ်ကျောင်းကို ၁၉၅၁ က တည်ထောင် အုပ်ချုပ်ခဲ့ပါတယ်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးက သူ့တပည့် တယောက် ဖြစ်သလို ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ သမက် ဦးအေးဇော်ဝင်းလည်း ဒီကျောင်းက ထွက်ပါတယ်။ ရန်ကုန်က မိဘတွေက ဒေါ်မီမီခိုင်နာမည်နဲ့ သူတို့ကလေးတွေကို ဒီမှာ လာအပ်ကြပါတယ်။ကမ္တောဇကောလိပ်ဟာ မြန်မာပြည်မှာ အင်္ဂလိပ်လိုသင်တဲ့ကျောင်းတွေထဲမှာ သာသနာပြုကျောင်း မဟုတ်တဲ့ တခုတည်းသောကျောင်း ဖြစ်ပြီး ကျောင်းဆောင်နာမည်တွေကိုလည်း တကောင်း၊ အင်းဝ၊ အုန်းဘောင်နဲ့ ပင်လုံ ဆိုပြီး ရှမ်းသမိုင်းနဲ့ ဆိုင်တဲ့ နာမည်တွေ ပေးပါတယ်။ နောက် ရှမ်းအမျိုးသားသီချင်းကိုလည်း နိုင်ငံတော်သီချင်းနဲ့အတူ နေ့စဉ်သီဆိုရသလို ရှမ်းအလံကိုလည်း ပြည်ထောင်စုအလံနဲ့ ယှဉ်တွဲလွှင့်ထူတဲ့ ကျောင်းဖြစ်ပါတယ်။

အင်္ဂလိပ်ခေတ်က တောင်ကြီးမှာ ရှိခဲ့တဲ့ ရှမ်းစော်ဘွားသားမြေးများကျောင်းကို အနောက်တိုင်းပုံစံကနေ ရှမ်းပုံစံဖြစ်အောင်၊ လူတိုင်းတက်နိုင်အောင် စော်ဘွားတွေ ကြီးမှူးတဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေါ်မီမီခိုင်တို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။နရသိန်ရောက် ပညာရှင်ဒီလို ပြည်နယ် ပညာရေးအတွက် လုံးပန်းကြရင်း ၁၉၆၂ အာဏာသိမ်းပွဲအပြီးမှာ စောဆိုင်မွန် ခြောက်နှစ်ကြာ အဖမ်းခံရပါတယ်။ သိမ်းသိမ်းချင်း ဖမ်းတာ မဟုတ်ဘဲ ၁၉၆၂ မေလလောက်မှ အဖမ်းခံရတာ ဖြစ်ပါတယ်။ဒီဖမ်းဆီးမှုကို တော်လှန်ရေးကောင်စီအစိုးရအောက်က ရှမ်းဦးစီးအဖွဲ့ ဥက္ကဋ္ဌနဲ့ တချို့လူတွေရဲ့လက်ချက်လို့ ယူဆကြပါတယ်။

အကျဉ်းထောင်ထဲမှာ အချိန်ကုန်အောင် ရှိတ်စပီးယားရဲ့ ဟင်းမလက်ပြဇာတ်ကို စောဆိုင်မွန် ချရေးပါတယ်။ နောက် ကယားဝန်ကြီး စောဝဏ္ဏနဲ့ ယဉ်ကျေးမှု သမိုင်းကြောင်းတွေ ဆွေးနွေးသလို ညမှာ သံတိုင်ကြားက ကြယ်ကြည့်ပါတယ်။ မိသားစုဆီ အင်္ဂလိပ်လိုရေးတဲ့စာတွေကိုလည်း ထောင်အာဏာပိုင်တွေက စိစစ်ဖြတ်တောက် မင်မည်းသုတ်တာတွေ လုပ်ခဲ့ပါတယ်။ဒီလိုသူအဖမ်းခံရတဲ့အတွက် အစိုးရအိမ်က ချက်ချင်းပြောင်းပေးရသလို ကျောင်းပြည်သူပိုင်သိမ်းခံရတဲ့အတွက် ဒေါ်မီမီခိုင်လည်း ကြက်မွေး နွားမွေးပြီး မိသားစု စားဝတ်နေရေး အတွက် ကြိုးစားခဲ့ပါတယ်။

ဒါကြောင့် ကျောင်းနေဘက် ဒေါ်မီမီခိုင်ကို ဟဲဟိုးလေဆိပ်မှာ ကြက်ခြင်းတွေနဲ့ တွေ့ရတယ်လို့ သူတို့နဲ့ ဒေလီမှာ စစ်ပြေးရင်း ဆုံခဲ့တဲ့ သိန်းဖေမြင့်က အရှေ့မြောက်တိုင်းတခွင် စာအုပ်မှာ ရေးခဲ့တာပါ။ ဒေါ်မီမီခိုင် နွားအကောင် ၆ဝ နဲ့ ကြက်အကောင်လေးရာလောက် မွေးခဲ့တယ်လို့လည်း စောမုံညင်းက ရေးပါတယ်။တောင်ကြီးမှာ ဆောက်ပြီးသားအိမ် အသင့် ရှိလို့ အဆင်ပြေခဲ့သလို နောက် စော်ဘွားတွေ အာဏာစွန့်ချိန်မှာ စောဆိုင်မွန်ရတဲ့ ဝေစုနဲ့ ရန်ကုန်မှာ အိမ်ဆောက်ထားမိလို့ အိမ်ငှားခက သူတို့ အပိုဝင်ငွေရခဲ့ပါတယ်။အဖမ်းခံရသူတွေရဲ့ ဘဏ်စာရင်းတွေ ထုတ်လို့မရတဲ့အတွက် ၁၉၆၄ ငွေစက္ကူရာတန်တွေ သိမ်းချိန်မှာ သူတို့မိသားစု ကံကောင်းသွားခဲ့ကြပါတယ်။တကယ်က စောဆိုင်မွန်တို့ မောင်နှံဟာ နိုင်ငံရေးနဲ့ တောက်လျှောက်မပတ်သက်အောင် နေခဲ့ကြပါတယ်။

ဒါပေမဲ့ သူတို့အပေါင်းအသင်း ကျောင်းနေဘက် တွေထဲမှာ နိုင်ငံရေးသမားတွေ ပါနေတာမို့ နိုင်ငံရေးအကြောင်း တွေကို သိနေ လေ့လာနေကြပါတယ်။ အဲဒီခေတ်က လူမျိုးစု ခေါင်းဆောင်တွေနဲ့ ပြည်မက နိုင်ငံရေးသမားတွေ၊ စစ်ဗိုလ်ချုပ်တွေဟာလည်း သူတို့ဇနီးမောင်နှံနဲ့ သိကျွမ်းသူတွေ များပါတယ်။ ဒါကြောင့် တောင်ကြီးကို ၁၉၄၉ က ကရင်လက်နက်ကိုင်တွေ ဝင်သိမ်းချိန်မှာ သူတို့ကို လားရှိုးထိ ကားနဲ့ပြေးပြီး ရန်ကုန်ကို လေယာဉ်နဲ့လာဖို့ အစိုးရက အမိန့်ပေးပေမယ့် သူတို့ စိတ်မပူခဲ့တာ ဖြစ်ပါတယ်။သူတို့အိမ်ဟာ တောင်ကြီးကိုလာတဲ့ နိုင်ငံစုံက ဧည့်သည်တွေ ဝင်ထွက်ရာဖြစ်သလို ပြည်မက မိတ်ဆွေတွေ လည်ပတ်ရာလည်း ဖြစ်ပါတယ်။

စောဆိုင်မွန် အထိန်းသိမ်းခံရချိန်မှာတော့ ဒီတွေ့ဆုံမှုတွေကို ဒေါ်မီမီခိုင် လျှော့ချခဲ့ပေမယ့် လာကြဆဲ ဖြစ်ပါတယ်။အမေရိကန်မှာပို့ချထောင်က ပြန်လွတ်လာတဲ့ စောဆိုင်မွန်ကို အမေရိကန် တက္ကသိုလ်တွေက စာပေပို့ချပေးဖို့ ဖိတ်ကြားကြပါတယ်။ ကော်နဲ၊ မစ်ရှီဂန်တက္ကသိုလ်တွေကို သွားပြီး သူပို့ချခဲ့သလို ဗြိတိန်က ကိန်းဘရစ်တက္ကသိုလ် ကလည်း သူ့ကို ဖိတ်ကြားခဲ့ပါတယ်။တခါ သူရေးတဲ့ ဗြိတိသျှသိမ်းပိုက်မှုနဲ့ ရှမ်းပြည်များ စာအုပ်ကို သူအထိန်းသိမ်းခံ နေရစဉ်မှာပဲ ကော်နဲ တက္ကသိုလ်က ထုတ်ဝေခဲ့ပါတယ်။ နောက် ကျိုင်းတုံဘုန်းကြီးကျောင်းတကျောင်းက ရတဲ့ ပဒန်းကျိုင်းတုံရာဇဝင် ကို သူပြန်ဆိုပြီး မစ်ရှီဂန် တက္ကသိုလ်က ထုတ်ဝေပါတယ်။

တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံတွေမှာ ပျံ့နှံ့နေထိုင်ကြတဲ့ တိုင်ခေါ် ရှမ်းလူမျိုးတွေအကြောင်း သမိုင်းအဖြစ် တစုတစည်းတည်း ဖတ်စရာမရှိတဲ့အတွက် ရှမ်း၊ ထိုင်း၊ လာအိုနဲ့ မြန်မာစာ ကျွမ်းကျင်တဲ့ စောဆိုင်မွန်ကို ပြုစုဖို့ သူ့ဆရာ ပါမောက္ခလုစ်အပါအဝင် တခြားပညာရှင်တွေက တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် ၁၉၅ဝ ကျော်မှာ ပညာမင်းကြီး တာဝန်ကနေ ခွင့်ယူပြီး ဗြိတိန်နဲ့ ထိုင်းမှာ အထောက်အထားတွေ ရှာဖွေကာ ဗြိတိသျှသိမ်းပိုက်ချိန်က ရှမ်းပြည်အကြောင်း သူလေ့လာရေးသားခဲ့ပါတယ်။ ဒီစာအုပ်မှာ ရှမ်းပြည်ပထဝီနဲ့ ရှမ်းပြည်ထောင်တွေရဲ့ သမိုင်းအကျဉ်းကိုလည်း ထည့်သွင်းရေးသားခဲ့ပါတယ်။

စောဆိုင်မွန်ဟာ မြန်မာသီချင်းကြီးတွေကိုလည်း ပိုင်နိုင်သူလို့ သူ့ကို မစ်ရှီဂန်မှာ ဆုံခဲ့ဖူးတဲ့ ဒေါက်တာမောင်မောင်ညိုက အင်္ဂလန်၊ အမေရိကန်နှင့် မြန်မာပြည်သား စာအုပ်မှာ ရေးပါတယ်။ တောတောင်စွယ်၊ ရွှေနှင်းဆီ စတဲ့သီချင်းတွေကို အမေရိကန် ကျောင်းသားတွေရှေ့မှာ စောဆိုင်မွန် တီးခတ်သီဆိုပြခဲ့ပါတယ်။ နောက် စောဆိုင်မွန်ဟာ ထိုင်းသီချင်းကြီးနဲ့ တူရိယာတွေကိုလည်း ပိုင်နိုင်စွာ တီးခတ်သီဆိုနိုင်သူ ဖြစ်ပါတယ်။ကိန်းဘရစ်တက္ကသိုလ်မှာ ရှိတဲ့ စကော့စာစုခေါ် ဗြိတိသျှ ရှမ်းပြည်ကို သိမ်းစဉ်က တာဝန်ယူခဲ့တဲ့ ဆာဂျော့စကော့ရဲ့ စာရွက်စာတမ်းတွေကိုလည်း စောဆိုင်မွန် လေ့လာခဲ့ပါတယ်။

ဒေါ်မီမီခိုင်လည်း နောက်ပိုင်းမှာ အမေရိကန်လိုက်လာပြီး စာပေပို့ချတာတွေ လုပ်သလို လန်ဒန်မှာ သုတေသနပြုပြီး မြန်မာအမျိုးသမီးတွေအကြောင်း ရေးခဲ့ပါတယ်။ မြန်မာပုံစံ ချက်နည်းပြုတ်နည်း အကြောင်းလည်း အင်္ဂလိပ် လို ရေးခဲ့ပါတယ်။ သူရေးတဲ့ မြန်မာအမျိုးသမီးတို့ ကမ္ဘာထဲက ” မြန်မာအမျိုးသမီးတွေဟာ ယောက်ျားတွေလောက် မမြင့်မြတ်ဘူးဆိုတဲ့ အစွဲဟာ သူတို့စိတ်ထဲမှာ အရိုးစွဲနေပြီ ”ဆိုတဲ့စာကြောင်းက ခုခေတ်ထိ ပြောင်းလဲဖို့ ခက်နေတဲ့ အဆိုတရပ် ဖြစ်ပါ တယ်။

ဒေါ်မီမီခိုင်ဟာ နောက်ပိုင်းမှာ ဦးနှောက်အကျိတ်ရောဂါကြောင့် စာဖတ်လို့မရဖြစ်ခဲ့တဲ့အတွက် မျက်မမြင်စာရေးနည်းနဲ့ ဖတ်နည်းကို သင်ယူခဲ့ပါတယ်။စောဆိုင်မွန်က ၁၉၈၇ မှာ ကွယ်လွန်ပြီး ဒေါ်မီမီခိုင်က ၁၉၉ဝ မှာ ကွယ်လွန်ပါတယ်။ သူတို့မရှိတော့ပေမယ့် သူတို့ထားခဲ့တဲ့ စာပေအမွေအနှစ်တွေကတော့ မြန်မာပြည် အကြောင်း လေ့လာလိုသူတွေ၊ မြန်မာသမိုင်းနဲ့ လူမှု လောကကို စိတ်ဝင်စားသူတွေ အတွက် ကျန်ရစ်ခဲ့ပါတယ်။ ဒေါ်မီမီခိုင် နေးရှင်းသတင်းစာမှာ ရေးတဲ့ ကမ္ဘောဇ၊ မော်ဒန်ရီဗျူး ဆောင်းပါးတွေလည်း မထုတ်ရသေးဘဲ ကျန်ရှိနေပါတယ်။

နယူးဇီလန် ပညာရေး ဌာနအတွက် မြန်မာကျေးလက်အကြောင်း အေးခင် ဆိုတဲ့ အမည်နဲ့ တအုပ်ရေးပေးခဲ့တယ်လို့လည်း သိရပါတယ်။ တချိန်က သူတို့ရဲ့သမီး ဘူမိဗေဒပညာရှင် ဒေါက်တာရင်ရင်နွယ်နဲ့ သမ္မတဦးနေဝင်းသားတို့ လက်ထပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ တောင်ကြီးက ဒေသအာဏာပိုင်တွေက သူတို့မိသားစုကို အရေးတယူလုပ်ပြကြပေမယ့် စောဆိုင်မွန်တို့က ဒါကို ရယ်စရာလို သဘောထားခဲ့ကြပါတယ်။ ဒါကြောင့် ဒီအိမ်ထောင်ရေး အဆုံးသတ်သွားတဲ့နောက်မှာလည်း သူတို့အတွက် ဘာမှမထူးခြားသလို ဖြစ်ခဲ့ပါတယ်။

နောက် သူတို့နှစ်ယောက်စလုံး ဗြိတိသျှနဲ့ နီးစပ်ပေမယ့် ပင်လုံညီလာခံတက်ပြီး တောင်တန်းပြည်မပေါင်းစည်းရေးကို ထောက်ခံခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကျိုင်းတုံဟာ ထိုင်းနဲ့နီးပေမယ့် မြန်မာပြည်နဲ့ ဆက်စပ်မှု ပိုများတယ်လို့ စောဆိုင်မွန်က ယူဆပါတယ်။ တခါ စဝ်ဆိုတဲ့ မိုင်းပွန်စော်ဘွားထွင်တဲ့ စာလုံးပေါင်းထက် စော စာလုံးပေါင်းကို သမိုင်းအစဉ်အလာနဲ့ ညီတယ်ဆိုပြီး စောဆိုင်မွန်ခေါ် စောဆိုင်မိုင်းမင်းရဲ သုံးစွဲခဲ့ပါတယ်။ မင်းရဲကတော့ ကျိုင်းတုံကို တည်ထောင်တဲ့ ဇင်းမယ်ဘုရင် မန်ဂရိုင်းရဲ့အမည်ကို မြန်မာလို ပြန်ဆိုတာဖြစ်ပြီး ကျိုင်းတုံစော်ဘွားမိသားစုတွေရဲ့ မျိုးရိုးနာမည်အဖြစ် ၁၉၃ဝ ကျော်က စတင်သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

Credit : BBC

Likes:
0 0
Views:
793
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *