တစ်ချိန်ကနာမည်ကျော်လူကြိုက်များသော ရုပ်ရှင်မင်းသား ကျော်ဆွေဒါရိုက်တာ

တစ်ချိန်ကနာမည်ကျော်လူကြိုက်များသော ရုပ်ရှင်မင်းသား ကျော်ဆွေ

ဒါရိုက်တာ၊ မင်းသားကျော်ဆွေ၏ ပုလဲမျက်ရည်

မြန်မာ့ရုပ်ရှင်သမိုင်းတွင် စစ်ကား ပေါင်းများစွာ ပေါ်ထွက်ခဲ့ဖူးပါသည်။ သို့သော် အချစ်ကားများပေါ်ထွက်မှု နှင့်နှိုင်းစာလျှင် ရာခိုင်နှုန်းအားဖြင့် လွန်စွာနည်း၏။ စစ်ကားကို ဒါရိုက်တာ တိုင်းရိုက်၍ အဆင်မပြေ၊ စစ်အခြေခံ သဘောတရားကို ကျွမ်းကျွမ်းကျင် ကျင်နားလည်ပါမှ ပီပြင်သဘာဝ ကျသော စစ်ကားကောင်း တစ်ကား ဖြစ်နိုင်သည်။

ပေါ်ထွက်ပြီးသည့် မြန်မာစစ်ကားအချို့ကို ဖော်ပြရလျှင် ဂုဏ်မြင့်သူ ၁၉၄ဝ ၊ ပုလဲမျက်ရည်၊ ငါ့ညီ ငါ့မြေ ငါ့အမေ၊ ညတိုက်ပွဲ၊ ငါ့နိုင်ငံ တော်၊ တောင်ကုန်းအမှတ် (၁၁၉)၊ အမိမြေမှသားကောင်းများ၊ ဆယ့်သုံး ရက် ဆယ့်သုံးနာရီ ဆယ့်သုံးယောက်၊ အိပ်မက်တံတား၊ အချစ်တစ်ပွဲစစ်ပွဲ တစ်ရာ၊ နှလုံးသားနဲ့စစ်တာဝန်၊ အသက်ကိုနှင်း၍၊ နှောင်းတမြေ့မြေ့၊ တိုက်ပွဲခေါ်သံ၊ ရှေ့မှာရန်သူ၊ ဝေ လည်းမွေး ကြွေလည်းမွေးနှင့် ကြယ်စင် မော်ကွန်း။ စစ်ကားများရိုက်ကူး ရာတွင် ဒါရိုက်တာစိန်ဖေတင်သည် အလွန်နာမည်ကြီး၏။

မင်းသားကျော်ဆွေသည် စတန့် မင်းသား၊ အက်ရှင်မင်းသား၊ စတန့် ကား၊ အချစ်ကားသဘာဝကားများကို သာ သရုပ်ဆောင်ရိုက်ကူးလေ့ရှိရာ ထူးထူးခြားခြားသရုပ်ဆောင်ဒါရိုက်တာအဖြစ် စစ်ကားတစ်ကားသာ ရိုက်ကူးခဲ့သည်။ ထိုဇာတ်ကားမှာ အများ သိပြီးဖြစ်သည်။ ”ပုလဲမျက်ရည်” မင်းသားကျော်ဆွေသည် စစ်အတွေ့ အကြုံရှိသည့်အတွက် ဒါရိုက်တာ အဖြစ်နှင့် စစ်ကားရိုက်ကူးရာတွင် အခက်အခဲမရှိ၊တစ်ကားဆို ဆို သလောက် အံ့သြလောက်အောင် ကျော်ကြားခဲ့ပြီး မြန်မာ့ရုပ်ရှင်သမိုင်း တွင် ဂန္ထဝင်စံတင်ခဲ့လေပြီ။

မင်းသား ကျော်ဆွေနှင့် မင်းသမီးခင်ယုမေ တွဲဖက်ရိုက်ကူးခဲ့သည် ဇာတ်ကား ပေါင်းများစွာရှိသော်လည်း ထိုဇာတ် ကားတွင် ဇာတ်စကားဖြင့်ပြောရလျှင် လမိုင်းကပ်သည်ဟု ဆိုမလား၊ မင်းသား မင်းသမီး ဇာတ်ကား သုံးပွင်ဆိုင် အတွဲညီလှသည့်အတွက် အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ မင်းသားကျော်ဆွေသည် တကယ် တော်သော၊ ထူးချွန်ထက်မြက်သော၊ ရုပ်ရှင်လောကသားများအတုယူရ သော သရုပ်ဆောင်ကောင်းတစ် ယောက်။

ကံခေသည်ဟုပင်ပြောရမည်၊ အကယ်ဒမီရမသွားရှာ။ သူ့အကြည့် သူ့အမူအရာများသည် စကားတွေ ဖောင်လောင်အောင်ပြောသည်ထက် အဓိပ္ပာယ်လေးနက်ပြည့်စုံ၏။ပဲခူးသား၊ အဖဦးဘနှစ်(မြို့ပြအိုးအိမ်ဌာနဝန်ထောက်)နှင့် အမိ ဒေါ်အုန်းစိန်တို့က (၁ဝ -၂ -၁၉၂၄)တနင်္ဂနွေနေ့တွင် မွေးဖွားခဲ့သည်။ ငယ်နာမည်မောင်အောင်သိန်း၊ မိဘ များက ချစ်စနိုးဖြင့် ”မော်နီ” ဟုခေါ်ကြ သည်။

မွေးချင်း ငါးယောက်အနက် တတိယမြောက်၊ မိဘများက အလုပ် တာဝန်အရ ရန်ကုန်မြို့စမ်းချောင်း လမ်းသို့ ပြောင်းရွှေ့နေထိုင်သည့်အခါ မောင်အောင်သိန်းသည် ကြည့်မြင် တိုင် အေဘီအမ်ကျောင်းတွင် ဒုတိယ တန်းအထိ ပညာသင်ယူခဲ့ပြီး ထိုမှ ဆက်၍ စိန်ဂျွန်း(ယောက်ျားလေး)ကျောင်းသို့ပြောင်းရွှေ့ကာ အထက် တန်းပညာကိုသင်ယူခဲ့ရာ ၁၉၄၂ ခုနှစ်တွင် ဆယ်တန်းအောင်ခဲ့သည်။ ကိုအောင်သိန်းသည် ကိုလိုနီခေတ် ဘုရင့်လေတပ်မတော်သို့ဝင်ရောက်ခဲ့ ပြီး မြစ်ကြီးနား၌ စစ်သင်တန်းတက် နေစဉ် စစ်ကြီးဖြစ်သည့်အတွက် မြစ်ကြီးနားမှ ပဲခူးသို့ခြေလျင်ပြန်ဆင်း လာခဲ့ရာ အဖော်ခုနစ်ဦးအနက် ငါးဦး သေဆုံးသွားပြီး သူနှင့် အခြားတစ်ဦး သာရှင်ကျန်ရစ်သည်။

ပဲခူးသို့ ပြန် ရောက်သည့်အခါ သူ့ကျွန်မခံလိုသည့် မျိုးချစ်စိတ်ဖြင့် (BIA)ဗမာ့လွတ်လပ် ရေးတပ်မတော်သို့ ဝင်ပြန်သည်။ ထိုစဉ်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဗလ ၏တပ်၌ တပ်ကြပ်ကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး (BIA)ဖျက် သိမ်း၍ (BDA) ဗမာ့ကာကွယ်ရေး တပ်မတော်ဖွဲ့တော့လည်း ဆက်လက် ပါဝင်ဆင်နွှဲပြန်သည်။

ဂျပန်ခေတ် တစ်ခေတ်လုံး ဒုရဲအုပ်ရာထူးဖြင့် မော်လမြိုင်ကျွန်းမြို့၊ ပဲခူးမြို့တို့တွင်တာဝန်ထမ်းဆောင်ရင်း (BDA)နှင့်လျှို့ဝှက်ဆက်သွယ်ကာ လက်နက် ဖြင့်တောခို၍ဖက်စစ်တို့ကို တော်လှန် ပြန်သည်။ စစ်ကြီးအပြီး မန္တလေး၌ ဖွင့်လှစ်သော ရာဇဝတ်(ရဲအုပ်)သင်တန်းသို့ တက်မည်ဆဲဆဲ အပေါင်း အသင်းတစ်စုက ဝိုင်းဝန်းတိုက်တွန်း သည့်အတွက် ရဲအုပ်သင်တန်း မတက်ဖြစ်တော့ဘဲ ရုပ်ရှင်လောကသို့ ဝင်ရန်စိုင်းပြင်းတော့သည်။

အစပိုင်း တွင် အခက်အခဲများစွာကြုံတွေ့ရပြီး ရုပ်ရှင်မင်းသား လျှောက်ရာတွင် အဆင်မပြေ၊ အကြိမ်ကြိမ်ကြိုးစား သည့်အခါ အေဝမ်းရုပ်ရှင်မှ ဒါရိုက်တာ ဦးတင်နွယ်၏ ဆက်သွယ် ပေးမှုဖြင့် ဗြိတိသျှဘားမားရုပ်ရှင်မှ ဒါရိုက်တာ ဦးဘရှင်ထံသို့ ရောက်ရှိ သွားသည်။ ဦးဘရှင်သည် ရုပ်ဖြောင့် ပြီး ယောက်ျားပီသသောတည်ကြည် သော မောင်အောင်သိန်းကို သဘော ကျ၏။ သို့သော် ချက်ချင်းမင်းသား မခန့်၊ သုံးထပ်တိုက် ခေါင်မိုးပေါ်က ဒိုင်ဗင်ထိုးချနိုင်မှ ဒုတိယမင်းသား ရွေးမည်ဟုပြောရာ မောင်အောင်သိန်း သဘောတူသည်။

ဦးဘရှင်နှင့်အတူ မန္တလေးသို့လိုက်သွားပြီး ဦးဘရှင်၏မင်းသားရွေးပွဲတွင် အခြားသော ဒိုင်ဗင်သမားများဖြင့် ယှဉ်၍ ပါဝင် အရွေးခံသည်။ ထိုစဉ်က ဒါရိုက်တာ ဦးဘရှင်သည် မန္တလေး၌ စတန့် မင်းသားတင်ဖေ၊ မင်းသမီးမေမြင့်တို့ နှင့် ”စောရစံရှား”ရိုက်ကူးနေသည့် အချိန်၊ အေဝမ်းရုပ်ရှင်နှင့် ဗြိတိသျှ ဘားမားရုပ်ရှင်တို့သည် ရုပ်ရှင်ကား များရိုက်ကူးရာတွင် အများနှင့်မတူ တမူထူးအောင် ကြံဆောင်လေ့ရှိရာ ဦးဘရှင်သည် မိမိရိုက်ကူးနေဆဲ ရုပ်ရှင်ကားကို လူအများစိတ်ဝင် စားလာအောင် မန္တလေးမြို့လယ် သုံးထပ်တိုက်ခေါင်မိုးပေါ်မှ ဒိုင်ဗင် ထိုးချစေခြင်းဖြင့် မင်းသားရွေး ပွဲကျင်းပသည်။

လာရောက်ကြည့်ရှု ကြသည့် ပရိသတ်ကားဖွေးဖွေးလှုပ် မောင်အောင်သိန်းသည် သူ့အလှည့် အရောက်တွင် သုံးထပ်တိုက်ပေါ်မှ ရဲဝံ့စွာဖြင့် ဒိုင်ဗင်ထိုးချရာ မြေပြင်ရှိ ပိုက်ပေါ်သို့ လှလှပပလေးကျသွား သည့်အတွက် ဦးဘရှင်သဘောကျ သွားပြီး ဒုတိယမင်းသားအဖြစ် ရွေးလိုက်သည်။ နာမည်ကိုလည်း ကျော်ဆွေဟုပေးလိုက်ရာ ထိုအချိန် မှစ၍ မောင်အောင်သိန်းသည် မင်းသား ‘ကျော်ဆွေ’ဖြစ်တော့သည်။ကိုကျော်ဆွေသည် မျိုးချစ်စိတ် ဓာတ်ပြင်းပြသူပီပီ မြန်မာ့ရုပ်ရှင်ကို အဆင့်မြင့်စေလိုသည်။ နိုင်ငံတကာ အဆင့်ဖြစ်စေချင်သည်။

ထိုဆန္ဒဖြင့် ၁၉၆၉ ခုနှစ်တွင် ကိုယ့်စရိတ်နှင့်ကိုယ် ဂျပန်နိုင်ငံသို့ သွားရောက်၍ ရုပ်ရှင် ပညာရပ်များ သင်ယူခဲ့သည်။ ဂျပန်မှ ပြန်လာပြီးနောက် ကိုယ်တိုင်ဇာတ် ညွှန်းရေး၊ ကိုယ်တိုင်သရုပ်ဆောင်၊ ဒါရိုက်တာလုပ်ကာ ကိုယ်တိုင်တည် ထောင်ထားသည့် ”မိုး” ရုပ်ရှင်ထုတ် လုပ်ရေးမှ ”ပုလဲမျက်ရည်” ဇာတ်ကား ကို ရိုက်ကူးထုတ်လုပ်သည်။

တရုတ် ဖြူဆန့်ကျင်ရေးမြင်ကွင်းကျယ်ဇာတ်ကားကြီးဖြစ်ပြီး မင်းသမီးခင်ယုမေနှင့် တွဲဖက်သရုပ်ဆောင်သည်။ ကိုကျော်ဆွေ ရိုက်ကူးသည့် ဇာတ်ကားတိုင်း ဓာတ်ပုံ ပညာကို အသားပေးရိုက်ကူးလေ့ရှိ ရာ သူ့လက်ရာဇာတ်ကားများသည် ရှုခင်းရှုကွက်များနှင့် ပသာဒရှိပြီး ကြွကြွရွရွလေး လှနေတတ်သည်။ ကိုကျော်ဆွေ၏ ရုပ်ရှင်သက်တမ်း တစ်လျှောက် အတွဲအများဆုံးမင်းသမီး များမှာ မေရှင်၊ မေမြင့်၊ မေရီမြင့်၊ မေသစ်၊ မြင့်မြင့်ခင်၊ စံရှားတင်၊ တင်တင်မူ၊ ခင်နန်းမြင့်၊ နှင်းဆီ၊ ခင်လေးဆွေ၊ ဒေစီကျော်ဝင်း၊ မေနန်း နွယ်နှင့်ခင်ယုမေတို့ ဖြစ်ကြသည်။

နောက်ပိုင်း”မိုး” ရုပ်ရှင်ကုမ္ပဏီကို တည်ထောင်ကာ ကိုယ်တိုင်ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ် ရိုက် ကူးပြီး မင်းသမီးခင်ယုမေနှင့် အတွဲ များသည်။ ၁၉၇၆ ခုနှစ်တွင် မဟာ ဗောဓိရုပ်ရှင်မှ ဒါရိုက်တာရဲဘော် သက်ရှည်၏ ”စနေနေ့ညကိုးနာရီ” ဇာတ်ကားရိုက်ကူးနေစဉ် လေဖြတ် သွားရာ မကျန်းမမာနေခဲ့ရပြီး ၁၉၈၂ ခုနှစ် သြဂုတ် ၁၅ ရက် အသက် (၅၈) နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။

သူသည်ရုပ်ရှင် ဇာတ်ကားပေါင်း ၅၂ ကား ပါဝင် သရုပ်ဆောင်ရိုက်ကူးခဲ့ပြီး အနုပညာအရာသာမက မြန်မာ့လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းထမ်းရွက်ခဲ့သူဖြစ်သည့်အတွက် အထူး လေးစားဂုဏ်ပြုထိုက်သူတစ်ဦးဖြစ်သည်။ ။

တင့်လွင်ဦး (စီးပွားရေးတက္ကသိုလ်)

CRDကညောမူဖိုး#နော်ဂဲလယ်ထူး (စာပေပရဟိတ)

Likes:
0 0
Views:
1128
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *