ပန်းပဲမောင်တင့်တယ် (သို့) မင်းမဟာဂီရိနတ် အပိုင်း(၁)

ပုဂံရာဇဝင်ထဲကထင်ရှားသောနတ်များ (၁)

ပန်းပဲမောင်တင့်တယ် (သို့) မင်းမဟာဂီရိနတ်

နတ်ကိုးကွယ်ခြင်းသည် ရှေးခေတ်ကတည်းက အစဉ်အလာရှိခဲ့ရာ အနော်ရထာမင်း မတိုင်မီအထိ နန်းစဉ်အသိအမှတ်ပြုခဲ့သေအရေအတွက်မှာ (၃၆ )မင်းသာရှိခဲ့သည်။

ထိုနတ်တို့ အနက် မဟာဂိရိနတ်သည် ပထမဆုံးနတ်ဖြစ်သဖြင့် နတ်တို့၏အကြီးအကဲဖြစ်ခဲ့သည်။

သို့သော်လည်း အနော်ရထာမင်းလက်ထက်တွင် မဟာဂိရိနတ်ကို နတ်အကြီးအကဲနေရာတွင်မထားလို ရကား ဗုဒ္ဓဘာသာနတ်ဖြစ်သည့် သိကြားနတ်အားနတ်တို့၏အကြီးအကဲအဖြစ်ထား၍ နတ်တို့၏အရေအတွက်ကို ၃၇ သို့ပြောင်းလိုက်ပြီးလျှင် ယင်းတို့၏ရုပ်ပုံများကို ထုလုပ် ကာရွှေစည်းခုံဘုရား၏ တံတိုင်းအပြင်ဘက်၌ ထားရှိကိုးကွယ်လေသည်။

သို့ဖြင့် အပြင် ၃၇ မင်း နတ်ဟူ၍ ဖြစ်ပေါ်လာ လေသည်။

အနော်ရထာမင်း နတ်ရွာစံတော်မူပြီးသည့်နောက်၌ကား ၃၇ မင်း၏ အရေအတွက်ကို မည်သည့်မင်းမျှ မပြောင်းဝံ့ကြချေ။

သို့သော်အနော်ရထာမင်း လက်ထက်က ပြုလုပ်ခဲ့သော ၃၇ မင်း နတ်စာရင်းသည်ကာလကြာမြင့်လတ်သော် မူလစာရင်းအတိုင်းမရှိတော့ဘဲ အချို့နတ်ဟောင်းများ နေရာတွင် နတ်သစ်များဖြင့်အစားထိုးခဲ့ကြပြီးလျှင် အချို့ အမည်တူသည့်ရှေးနတ်များနှင့် နောက်နတ်သစ် များကိုလည်း ပေါင်းလိုက်ကြပြန်သည်။

သို့ဖြင့်အခါအား လျော်စွာမင်း အဆက်ဆက်တို့၏အမိန့်ဖြင့် ၃၇ မင်းနတ်စာရင်းကို သတ်မှတ်လာခဲ့ကြသည်။

ပုဂံခေတ်အစောပိုင်းကာလသမုဒရာဇ်၊ရသေ့ကြောင်၊ပျူမင်းထီးတို့နောက် ဆက်လက်အုပ်စိုးခဲ့ရာ (၇)ဆက်မြောက် သေလည်ကြောင်မင်းလက်ထက်တွင် ရှိရင်းစွဲ နတ်ကိုးကွယ်ရေးသည် ပိုမိုကြီးထွားကျယ်ပြန့်လာလေတော့သည်။

-တကောင်းပြည်၌ပန်းပဲဆရာကြီး ဦးတင့်တော်၏ ဇနီး ဒေါ်နော်တို့၌ သားသမီး သုံးဦးထွန်းကားခဲ့သည်။

အကြီးဆုံးသားမှာ မောင်တင့်တယ်ဟု အမည်တွင်၍ အလတ်နှင့် အငယ်မှာ သမီးမိန်းကလေးများ ဖြစ်ပြီး နှမတော်မမြတ်လှနှင့် ထွေးဖြူ (ဒွေးဖြူ) တို့ဖြစ်ကြသည်။

အားလုံးပင် အရွယ်ရောက်ပြီး ဖြစ်ကြ၍ မြန်မာ့ဓလေ့ထုံးစံအတိုင်း သားကြီးမောင်တင့်တယ်သည် ဖခင်၏ ပန်းပဲလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ဘဝအကျိုးပေးသန်သည့် မောင်တင့်တယ်သည် အသက်အရွယ်နှင့် မလိုက်အောင်ပင် ခန္ဓာကိုယ် သန်မာထွားကျိုင်း၍ ခွန်အားဗလလည်း ကောင်းလှသည်။

မီးဖုတ်ထား၍ ရဲရဲနီနေသော သံချောင်းကို ရေတွင်ရှဲခနဲနှစ်ကာ ပေပေါ်သို့တင်၍ လက်ဝဲလက်မှ ညှပ်နှင့်ကိုင်၍ လက်ျာလက်မှ ပိဿချိန်(၁၀၀)ရှိသော တူကြီးဖြင့် မြှောက်၍ ထုနှက်လိုက်သော အသံသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ချောက်ချားသွားစေခဲ့သည်။

လက်ဝဲလက်နှင့် ပြောင်း၍ ပိဿချိန်(၅၀)ရှိသော တူကြီးဖြင့် ထုနှက်ရာတွင် မနားတမ်း ထုနှက်နိုင်စွမ်းရှိသည်ဖြစ်၍ မြင်ရသူများ အဖို့ အံ့ဩဖွယ်ရာ ဖြစ်စေသည်။

တစ်နေ့တခြား မောင်တင့်တယ်၏ သတင်းကြီးလာပြီး ထိုခေတ်အခါက အသိဉာဏ်နည်းပါးလှသည့် မှူးမတ်တို့၏ မလိုမုန်းထား ကုန်းစကားကြောင့် တကောင်းပြည့်ရှင် ဘုရင်ကြီးသည် မောင်တင့်တယ်အား ကြောက်ရွံ့လာကာ ထီးနန်းလုမည်ကို စိုးရိမ်မှုဖြစ်ကာ ဖမ်းဆီးခိုင်းတော့ သည်။

မင်းပြစ်မင်းဒဏ်ကို ကြောက်ရွံ့သော လူရိုးကြီး မောင်တင့်တယ်သည် တကောင်းဘုရင်၏ ပိုင်နက်မှ လွတ်ကင်းရာဒေသသို့ ထွက်ပြေးတိမ်းရှောင်ရင်း ပုပ္ပါးနယ် တစ်ဝိုက်တွင် ပုန်းအောင်းနေလေသည်။

ထိုသို့ပုန်းအောင်းနေသောမောင်တင့်တယ်အားဖမ်း၍မရသောအခါ တကောင်းဘုရင်သည် ဥပါယ်တံမျဉ်ဖြင့် ကြံစည်ပြန်လေသည်။မောင်တင့်တယ်၏ နှမနှစ်ဦးအနက် အကြီးဖြစ်သော မမြတ်လှအား အထူးချောမောလှပပြီး ရုပ်ရည်ရှိသဖြင့် ၎င်းကို (သိရိစန္ဒာ စောမယ်ယာ )ဘွဲ့နှင်း၍ တောင်ညာစံ မိဖုရားမြှောက်လေသည်။

ထို့နောက် တဖြည်းဖြည်း မိဖုရားအား အယုံသွင်းကာ မောင်တင့်တယ်ကို ဖမ်းဆီးရန် မဟုတ်ဘဲ မင်းမိန့်နှင့် ဆင့်ခေါ်ခြင်းသာ ဖြစ်ကြောင်း၊

ဤသို့ ဆင့်ခေါ်ရခြင်းမှာလည်း ခွန်အားဗလနှင့် ပြည့်စုံသူဖြစ်၍ တကောင်းမြို့ဝန် ရာထူးကို ခန့်အပ်လိုသောကြောင့်သာ ဖြစ်ကြောင်း၊

မောင်တင့်တယ်သည် မိမိအား အထင်မှားကာ ထွက်ပြေးတိမ်းရှောင်နေခြင်း ဖြစ်၍ (စောမယ်ယာ)က အခြေအနေမှန်ကို ရှင်းပြကာ ခေါ်ယူစေလိုကြောင်းဖြင့် ပြောကြားလေသည်။ထိုမိဖုရားလည်း မင်းကြီးအမိန့်ကို ယုံကြည်ပြီး၍ ခေါ်လေတော့သည်။

ငတင့်တယ်လည်း ငါ့နှမအား မိဖုရားမြှောက်လေပြီးပြီ ဖြစ်သောကြောင့် ငါ့အားအမူထမ်းစေ၍ ခေါ်လေသည်ဟု ယုံမှတ်ပြီး လိုက်ပါလာလေတော့သည်။

ထိုအခါ မင်းကြီးလည်း ဥပါယ်တံမျဉ်ဖြင့် ဖမ်းစေပြီးလျှင် စကားပင်၌ ကြိုးချည်ပြီးလျှင် ထင်း၊မီးသွေးများဖြင့် ဖိုကျင်ထိုးသတ်လေတော့သည်။

ထိုအခါ မိဖုရားလည်း ငါ့အစ်ကိုငါ့ကြောင့် အသက်ခံရပြီဟုဆိုကာများစွာ ဝမ်းနည်းပူဆွေးပြီး ထိုမီးအတွင်းလိုက်ပါ ခုန်ဆင်းလေတော့သည်။

ထိုမောင်နှမ သေပြီးသော် နတ်ဖြစ်၍ ထိုစကားပင်၌ နေလေ၏။

မောင်နှမနှစ်ယောက်လုံး နတ်ဖြစ်ပြီး စကားပင်နေရာ ထိုစကားပင်အောက်သို့ ရောက်လာသမျှ သော လူသူ၊ ဆင်၊ မြင်း၊ ကျွဲနွားမှန်သမျှတို့ကို နတ်မောင်နှမက ဖမ်းစား၍ သေကြလေသည်။ထို့ကြောင့် တကောင်းမင်း မှစကားပင်ကိုအမြစ်ကတူးပြီး ဧရာ၀တီမြစ်ထဲ မျှောချလိုက်လေသည်။

ပုဂံမင်း (၇)ဆက်မြောက် သေလည်ကြောင်မင်း လက်ထက် အဆိုပါ နတ် မောင်နှမပါသော စကားပင်သည် ပုဂံညောင်ဦးဆိပ်ကမ်းသို့ ဆိုက်ရောက်လာလေသည်။

နတ်မောင်နှမသည် နံနက်လင်းအားကြီးအချိန်တွင် မင်းကြီးကို အိပ်မက် ပေးသည်မှာ”ငါတို့ နတ်မောင်နှမ စကားပင်စီး၍ ဧရာ၀တီမြစ်ထဲမျောလာရာ ယခု မင်းကြီးတိုင်းပြည်သို့ ရောက်လာ သည်။

ငါတို့ကို သင့်တင့်လျှောက်ပတ်သောနေရာသို့ နတ်ကွန်းနတ်နန်းနှင့်ထားပေးလျှင် အသင်မင်းကြီး နှင့်တကွ တိုင်းသူပြည်သားတို့ကို စောင့်ရှောက်ပါမည်”ဟု အိပ်မက် ပေးလေသည်။

မင်းကြီးသည် ထို စကားပင်ကို မြစ်ထဲမှဆယ်ယူပြီးနောက် နတ်ရုပ်ထုလုပ်ကာ ပုပ္ပားတောင်တွင်နတ် ကွန်းနတ်နန်း ထားပေးလေသည်။

မင်းမှုထမ်းမှအစ ပြည်သူတို့ တစ်နှစ်တစ်ကြိမ်ကျ ပုပ္ပားတောင် နတ်ပူ ဇော်ပွဲကြီးကို ကြီးကျယ်စွာ ကျင်းပစေသည်။ပြည်သူအများ အိမ်ရှေ့တွင်လည်း နတ်ကွန်းထား၍ ကိုးကွယ် စေသည်။

ပုပ္ပားတောင်သည် မြတ်သောတောင်ဖြစ်၍( ‘မဟာဂီရိ’ )ဟု ခေါ်သည်။ပန်းပဲမောင်တင့်တယ်သည် မောင်နှမကို ပုပ္ပားတောင်တွင်ထားသောကြောင့် တောင်ကိုအစွဲပြုပြီး (မဟာဂီရိနတ်)ဟု ခေါ်သည်။

(အခြားမှတ်တမ်းများအဆိုအရမင်းမဟာဂီရိနတ်သည် ပန်းဘဲမောင်တင့်တယ်မဟုတ်၊ ၄င်း နှမအကြီး စောမယ်ယာ(မမြတ်လှ)မှသာ မင်းမဟာဂီရိ ဖြစ်သည်ဟုဆိုကြသည်။

တကောင်းမင်းက မောင်တင့်တယ်ကို စကားပင်ချည်နှောင်ပြီး ဖိုကျင်ထိုးသတ် သောအခါ စောမယ်ယာက ငါ့အစ်ကို ငါ့ကြောင့်သေရပလေဟု ယူကြုံးမရဖြစ်ခါ မီးပုံတွင်းသို့ ခုန်ဆင်းလေ ရာ အစောင့်အကြပ်များက လိုက်၍ ဆွဲငင်သည်တွင် ခေါင်းကို မီးမလောင်သေးဘဲ ကိုယ်ကား မီးလောင် ကျွမ်း၍ သေလေသည်။

ကြီးမြတ်သောဦးခေါင်းဖြစ်၍သာ မီးမလောင်နိုင်ဟု ဆိုကာ စောမယ်ယာ၏ ဦးခေါင်းကို ဖြတ်ယူ၍ ရွှေချပြီး မဟာဂီရိအမည်နှင့် နန်းတွင်းဥရှုတိုင်ထားလျက် မောင်းမမိဿံများ ကိုး ကွယ်ကြလသည်ဟုဆိုကြသည်။

ထိုမဟာဂီရိနတ်ဖြစ်သော စောမယ်ယာ၏ ဦးခေါင်းကို နန်းတွင်း၌ထား၍ ကိုးကွယ်ကြသော်လည်း စောမယ်ယာမှာ နတ်ဘ၀နှင့် အစ်ကိုမောင်တင့်တယ်နေရာ စကားပင်၌သာ နေထိုင်ပြီး ၊စကားပင်အောက် ရောက်လာသမျှ လူသူ၊ ကျွဲနွား တိရစ္ဆာန်များကို ဖမ်းစားပါများ၍ တကောင်းမင်းက စကားပင်ကို အမြစ်က တူးစေပြီး ဧရာ၀တီမြစ်သို့မျှောလိုက်ရာ

သေလည်ကြောင်မင်းလက်ထက် ပုဂံသို့ရောက်ပြီး စကားသားကို မောင်တင့်တယ်အတွက် အရပ်ခုနစ်တောင် နတ်ရုပ်တုလုပ်၍၎င်း၊

နှမတော် ရွှေမျက်နှာ မဟာဂီရိ စောမယ်ယာ အတွက် စကားတုံးတွင် ဦးခေါင်းပုံရေးမှတ်ရွှေချ၍ ပုပ္ပါးတောင်တွင် နတ်ကွန်း၊ နတ်နန်းများနှင့်ထားသည်ဟု မှတ်တမ်းတစ်ခု မှဆိုကြပါသည်။)

တစ်နှစ်တစ်ကြိမ်နတ်တော်လ (နတ်လ)သို့ရောက်လျှင် မင်း၊ မှူးမတ်စသည်တို့ ပုပ္ပားတောင်သို့ရောက်လာ၍ ပူဇော်ပွဲကျင်းပသည်ကို အကြောင်းပြု၍( ‘မင်းမဟာဂီရိ’ )ဟု တွင်လာသည်။

ထိုသို့ပူဇော်ရာ၌ ကျွှဲ၊နွား၊ဝက်၊ကြက် သတ်ဖြတ်၍ ပူဇော်ပသကြပြီးလျှင် ထိုဦးခေါင်းတို့ကို အိမ်ရှေ့တိုင်၌ချိတ်ဆွဲ၍ ထားတတ်ကြသည်။

ထိုအချိန်တွင် ဗုဒ္ဓဘုရားရှင်၏ သာသနာတော်သည် ပုဂံပြည်တွင်တိမ်မြှုပ်လျှက်ထင်ရှားစွာမထွန်းကားသေးချေ။အနော်ရထာမင်းလက်ထက် အသျှင်အရဟံမထေရ် ပုဂံပြည်သို့ ကြွလာပြီး ဗုဒ္ဒဘာသာတရားကို ဆုံးမဟောကြားတော်မူသောအခါ သက်၀င်ယုံကြည်ပြီးသော် အရည်းကြီးအယူဝါဒကို မင်းမိန့်ဖြင့် သုတ် သင်စေ၍

ဗုဒ္ဒဘာသာအယူကို ယူစေရာတွင် မဟာဂီရိနတ်ကို ကိုးကွယ်သူတို့က အိမ်ရှေ့တွင် နတ်ကွန်း နန်နန်း မထားရသောကြောင့် အိမ်တွင်းအုန်းသီးဆွဲ၍ ကိုးကွယ်ကြလေသည်။

၄င်းကိုအစွဲပြု၍ ‘အိမ်တွင်း မဟာဂီရိ’ ဟု တွင်သည်။ ၄င်းအပြင် ‘တောင်ကြီးရှင် နတ်မောင်နှမ’ ဟုလည်း ခေါ်ကြသေးသည်။

ထို ငတင့်တယ် (မင်းမဟာဂီရိနတ်) သည် နှောင်းအခါ မြန်မာလူမျိုးတို့အယူတွင် အိမ်တွင်းနတ်ဟု ဖြစ်လာသည်။

နတ်ကိုးကွယ်သော အိမ်တိုင်း၏ ထောင့်တွင် နတ်စင် လေးပြုလုပ်အုန်းသီးချိတ်ဆွဲကာ အခန်းစည်းအနီလေးဖြင့် ဆောက်လုပ်ပူဇော်သည့် ဓလေ့ဖြစ်လာသည်။

ထိုနတ်သည် မီးရောင် မကြိုက်သည်ဖြစ်ရာ ညအခါ မီးထွန်းသောအချိန်တွင် အခန်းစည်း အနီလေးဖြင့် ကာပေးထားကြပြီး နေ့အခါကျမှသာ ပြန်လည်ဖွင့်ပေးကြလေဟုနတ်ယုံကြည်ကိုးကွယ်သူတို့မှဆိုကြလေသည်။

Credit : MinGyi

အပိုင်း(၂)ဆက်လက်ဖတ်ရှုပါရန်

Likes:
4 0
Views:
720
Article Categories:
HistoryKNOWLEDGEနတ်

Leave a Reply

Your email address will not be published. Required fields are marked *