ဒေါ်အောင်ဆန်းစုကြည်၏မိခင် ဒေါ်ခင်ကြည်

ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့သည် ဒေါ်ခင်ကြည် ကွယ်လွန်ပြီး ၃၃ နှစ်ပြည့်သည့်နေ့ ဖြစ်ပါသည်။ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်ပြီးသည့်နောက်မှာ ဒေါ်ခင်ကြည်က သားသမီးတွေအတွက် အ ခြေအနေတွေ ပုံမှန်ပြန်ဖြစ်လာ ရန် ကြိုးစားအားထုတ်ခဲ့သည်။ သူတို့အနေဖြင့် ဖခင်ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ဂုဏ်ယူတတ်စေရန်နှင့် သူ၏ သားသမီးများအဖြစ် သူတို့မှာလည်း ဖခင်၏ အစဉ် အလာကို ထိန်းသိမ်းရန် တာဝန်ရှိကြောင်း သူက သွန်သင်ဆုံးမခဲ့၏။

လတိုင်းမှာ သူတို့အိမ်အနီး တာဝါလိန်းလမ်း (ယခုနတ်မောက်လမ်း)အနီးတစ်ဝိုက်မှ သံဃာတော်များကို ဖိတ်ကာ ဗိုလ်ချုပ်အောင်ဆန်းအတွက်ဆွမ်းကပ်လှူပေးသည်။ ထို့ပြင်ဖခင်လုပ်ကြံခံရမှုကိုသားသမီးများစိတ်နာကြည်းမှုများရှိမနေအောင် ဒေါ်ခင်ကြည်ကဖျောင်းဖျသည်။ သူများကို လက်စားချေလိုစိတ်၊ ထိခိုက်လိုစိတ်ရှိပါက၊တုံ့ ပြန်ပါကနောင်ဘဝတွင် ကိုယ်သာပြန်ခံရလိမ့်မည်ဟုသားသမီးများကိုသူက မကြာခဏဆုံးမ၏။သူကလူတိုင်းသည် နာကြည်းမှု၊အမုန်းတရားနှင့် ဆန္ဒများကိုထိန်းချုပ်ရမည်။

သို့မဟုတ်ပါက သည်ဘဝသို့မဟုတ် နောင်ဘဝတွင် ထိုအကျိုးဆက်ကို ပြန်ခံရမည်ဟူသော ကမ္မခေါ် ကံ၏ အကျိုးတရားကို ကလေးတွေကို သင်ပြ၏။ဖခင်ကွယ်လွန်အပြီး သားသမီးများ၏ ဘဝကို ဒေါ်ခင်ကြည်က တည်ငြိမ်အောင် အားထုတ်ခဲ့မှုကို ၁၉၅၃ ခုနှစ် နွေဦးတွင်ကြုံခဲ့ ရသော နောက်ထပ်ကြေကွဲစရာ တစ်ခုက နှောင့်ယှက်ဖျက်ဆီးလိုက်ပါသည်။

ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်၏ ဒုတိယသား အောင်ဆန်းစုကြည်၏ အရင်းနှီးဆုံးကလေးဘဝကစားဖော် အစ်ကိုအလတ် အောင်ဆန်းလင်းသည် တာဝါလိန်းအိမ်မှာ ရေနစ်ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါသည်။အသက် (၈) နှစ်သာရှိသေးသော အောင်ဆန်းလင်းမှာ သူ့ညီမလေးအောင်ဆန်းစုကြည်နှင့်အတူ တာဝါလိန်းအိမ်က ရေကန်မှာ ကစားနေခဲ့ခြင်း ဖြစ်ပါသည်။ သူ၏ ကလေးကစားစရာ သေနတ်ကလေးက ရေထဲပြုတ်ကျသွားတာကို သူက ပြန်ဆယ်ခြင်းဖြစ်၏။

သေနတ်ကို ဆယ်တော့ သူ့ဖိနပ်ကလေးမှာ ရွှံ့ထဲမှာနစ်ကျန်နေခဲ့သည်။ သူက ဖိနပ်ကို ပြန်မဆယ်ခင်မှာ ညီမလေးကို အမီလိုက်ဖို့ သူက အရုပ်သေနတ်လေးကို ညီမလေးကို ပေးထားခဲ့သေးသည်။ သို့သော် သူကန်ထဲကနေ ပြန်တက်မလာနိုင်ခဲ့တော့ပါ။ ကန်ထဲက နွံတွေ၊ ရွှံ့တွေကြားမှာ မြုပ်ပြီး ရေနစ်သွားခဲ့၏။သည်အဖြစ်အပျက်က ဒေါ်ခင်ကြည်ကို အံ့အားသင့် တုန်လှုပ် ကြေကွဲစေခဲ့ပါသည်။ ညီမလေး အောင်ဆန်းစုကြည်၏ ကြေကွဲမှုကတော့ အဆိုးဆုံးဖြစ်သည်။ နောက်ပိုင်းမှာ ဒေါ်စုက ထိုအကြောင်းကို ပြန်လည်ရေးသားရာတွင် ‘‘တကယ်တော့ ကျွန်မထင်တယ်။ ကျွန်မဘဝမှာ ကျွန်မအစ်ကိုသေတာက ဖေဖေသေတုန်းကထက် ကျွန်မကို ပိုစိတ်ထိခိုက်စေခဲ့တယ်။

အဲဒီတုန်းက ကျွန်မအသက်က (၇) နှစ်ခွဲလောက်ပဲ ရှိသေးတယ်။ ကျွန်မတို့နှစ်ယောက်က သိပ်အနေနီးခဲ့ကြတာ။ တစ်ခန်းထဲအိပ်ပြီး အတူတူကစားခဲ့ကြတာ’’အောင်ဆန်းလင်းကွယ်လွန်အပြီးမှာ ဝန်ကြီးချုပ် ဦးနုက ဒေါ်ခင်ကြည်တို့ မိသားစုကို စိတ်မကောင်းစရာအဖြစ်အပျက်များရှိနေသော တာဝါလိန်းအိမ်ကနေ ပြောင်းရအောင် စီစဉ်ပေးခဲ့သည်။ ထိုပြောင်းရွှေ့ပေးလိုက်သည့် အိမ်ကတော့ ယခုအခါ အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းဟု နာမည်ကြီးလူသိထင်ရှားနေသည့် အိမ်ပင်ဖြစ်၏။ နေရာထိုင်ခင်းအပြောင်းအလဲက အောင်ဆန်းစုကြည်တို့ မောင်နှမကို စိတ်ဒဏ်ရာတွေက သက်သာရာရစေခဲ့သည်။

သူ၏ ခိုင်မာသောစိတ်၊ မိခင်၏ စံနမူနာကောင်းနှင့် အိမ်မှာ အမြဲ လာနေကြသော မိသားစုမိတ်ဆွေ တွေ၏ နှစ်သိမ့်မှုကြောင့် အောင်ဆန်းစုကြည်က ဘဝကို ကြေကွဲ မှုတွေမှာ အရှုံးမပေးခဲ့ပါ။သူတို့ဖခင်ဆုံးသွားပြီးကတည်းက ဖခင်ဘက်ကရော၊ မိခင်ဘက်ကရော နှစ်ဖက်စလုံးက ဆွေမျိုးတွေက သူတို့အိမ်ကို မကြာ ခဏလာနေကြတာမို့ အိမ်မှာ မိသားစုဝင်တွေက အမြဲလိုလိုရှိနေ ကြ၏။

သူ့အတွက် လေးစားစရာ အကောင်းဆုံးပုဂ္ဂိုလ်တစ်ဦးက ဒေါ်ခင်ကြည်၏ အဖေ ဦးဖိုးနှင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောပြခဲ့သည်။ သူက မြေးမလေး ဒေါ်အောင်ဆန်းစုကြည်ကို သိပ်ချစ်သလို မြေးမကလေး သူ့ကို အရမ်းချစ်ခင်တွယ်တာ၏။

မြေးမလေးအရွယ်ရလာသောအခါ မျက်စိမမြင်သည့် ခရစ်ယာန် ဘာသာဝင်တစ်ဦးဖြစ်သည့် အဘိုးက သူ့ကို ခရစ်ယာန်ကျမ်းစာတွေကို ဖတ်ပြခိုင်းသည်။ အောင်ဆန်းစုကြည်က နာရီပေါင်းများစွာ ဖတ်ပြခဲ့ရပြီး တချို့ သူ့အဘိုးအကြိုက်ဆုံးစာပိုဒ်တွေကို အလွတ်ပင်ရလာခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေဘက်က အဘွားကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဘုရား၏ ဇာတ်နိပါတ်ဖြစ်သော ဇာတကပုံပြင်တွေကို ပြောပြခဲ့သည်။‘‘အဘွားကလေ ဗုဒ္ဓဝင်တွေကို အကုန်လုံးသိတယ်။ သူက ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး တော်တော်ကျယ်ကျယ်ပြန့်ပြန့်ကို သိတာ။ ကျွန်မတို့ကို အများကြီးသင်ပေးတာ။ အထူးသဖြင့် မိန်းကလေးဖြစ်တဲ့ ကျွန်မကိုပေါ့။

ကျွန်မက ဗုဒ္ဓဘာသာကို အဲဒီလို အလွယ်တကူလေ့လာခဲ့ရတယ်’’တခြားဗုဒ္ဓဘာသာအိမ်တွေ လိုပင် သူတို့အိမ်က ဘုရားစင်ရှိ၏။ မနက်တိုင်းမှာ ဘုရားကိုပန်းကပ်သည်။ သစ်သီးလှူသည်။ အမွှေးတိုင်ထွန်းပူဇော်သည်။ သို့သော် အောက်ထပ်ကစားပွဲပေါ်မှာလည်း ခရစ်ယာန်ကျမ်းစာအုပ်ရှိ၏။

ထို့ကြောင့် အောင်ဆန်းစုကြည်သည် ဘာသာနှစ်ခုစလုံးကို တစ်ပြိုင်တည်း လေ့လာပြီး ကြီးပြင်းခဲ့ရသည်။ ခရစ်ယာန်အယူအဆချစ်ခြင်းမေတ္တာဖြင့် ကြောက်လန့်စိုးရိမ်မှုတွေကို မောင်းထုတ်နိုင်သည်ဆိုသည်ကို လေ့လာခဲ့ရသလို ဗုဒ္ဓဘာသာအယူအဆအနိစ္စ၊ ဒုက္ခ၊ အနတ္တနှင့် မေတ္တာပို့မှုတို့ကိုလည်း လေ့လာခဲ့ရသည်။

ထိုကဲ့သို့သင်ယူရမှုက ဒေါ်အောင် ဆန်းစုကြည်၏ တခြားဘာသာဝင်တွေအပေါ် ဘာသာရေးအမြင်ကို သက်ရောက်မှုရှိစေခဲ့ပါသည်။‘‘ဘာသာပေါင်းစုံက လူတွေအနေနဲ့ သူတို့နည်း သူတို့ဟန်နဲ့ ကောင်းတာကိုလုပ်ဖို့ အခွင့်အ ရေးပေးသင့်ပါတယ်။ ဘာသာရေးဆိုတာ ဒါပဲလို့ ကျွန်မယူဆပါ တယ်။ ဘာသာရေးဆိုတာ ကမ္ဘာ ပေါ်မှာ ငြိမ်းချမ်းသာယာစေဖို့ပဲ မဟုတ်လား။

လူတိုင်းအနေနဲ့သူ တို့နည်းသူတို့ဟန်နဲ့ ငြိမ်းချမ်းသာ ယာအောင် လုပ်ကြဖို့ အခွင့်အရေး တော့ ပေးသင့်ပါတယ်’’ထို့ပြင် ဒေါ်ခင်ကြည်အိမ်သို့ ဝင်ထွက်နေကြသည့် ဂုဏ်သရေ ရှိ လူကြီးလူကောင်းများ၏ သြဇာကလည်း အရွယ်ရလာသော အောင်ဆန်းစုကြည်တို့ မောင်နှမ အပေါ် သက်ရောက်မှုရှိခဲ့ပါသည်။

မိသားစုနှင့် ရင်းနှီးသော မိတ်ဆွေ တစ်ဦးဖြစ်သည့် တရားသူကြီးချုပ် ဦးမြင့်သိန်းနှင့် သံအမတ်ကြီးတာ ဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်း၏ မိတ်ဆွေသတင်း စာဆရာ ဦးအုန်းတို့က ဒေါ်အောင် ဆန်းစုကြည်အတွက် စာအုပ်တွေ ယူလာပေးကြသလို ဖတ်ကြည့်ဖို့ အတွက် မြန်မာနှင့် အင်္ဂလိပ်စာ အုပ်စာရင်းများကို ပေးခဲ့ကြသည်။သူကိုယ်တိုင် စာအရမ်းဖတ် သူမဟုတ်သော်လည်း ဒေါ်ခင် ကြည်က သားသမီးများစာဖတ် သည်ကို အားပေးခဲ့သည်။ အ ဘယ်ကြောင့်ဆိုသော် သူ့ခင်ပွန်း ဗိုလ်ချုပ်အောင်ဆန်းက စာပေကို ချစ်မြတ်နိုးခဲ့သည့်အတွက် ဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည် အသက် (၁၄) နှစ်အရွယ်ရောက်လာသောအခါ စာဖတ်တာကို သိပ်ဝါသနာပါလာပြီး စာရေးဆရာပင် ဖြစ်ချင်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းမှာလည်း စာတော်သူကျောင်းသူတစ်ဦးဖြစ်သလို အပြင်စာကိုပါ ကျောင်းစာနှင့်တွဲပြီး ဖတ်ရှုခဲ့သည်။ သူ့အမေနှင့် ဈေးသွားလျှင် ကား ထဲမှာဖတ်ဖို့ စာအုပ်တစ်အုပ်ကိုပါ ယူသွားတတ်၏။ သူက ရှားလော့ဟုမ်းလိုစုံထောက်နှင့် သိပ္ပံရော ထွေးထားသော စဉ်းစားရသည့် စုံထောက်ဝတ္ထုများကို သိပ်သဘောကျသည်။ထို့ပြင် သူက ဂန္ထဝင်နှင့် ခေတ်ပြိုင်စာရေးဆရာများကိုလည်း သဘောကျသည်။

သူနှင့် တွေ့ဆုံ မေးမြန်းခန်းများတွင် ဒေါ်အောင် ဆန်းစုကြည်သည် ဆိုဗီယက်က ပြည်ပြေးနိုင်ငံရေးလှုပ်ရှားသူ နာသန်ယာယန်စကီ၊ ဗြိတိသျှစာရေးဆရာမေ ရဘက်ကာဝက်စ်၊ မာတင်လူသာကင်းနှင့် ဗီယက်နမ်က ရဟန်းတော်များ၊ ကဗျာဆရာများ၏ စကားများ၊ စာစုများကို ပြောပြကိုးကားတတ်သည်။ထို့အပြင် သူတို့အိမ်မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံတွေလည်း မကြာခဏလာနေလေ့ရှိပါသည်။ ဒေါ်ခင်ကြည်က သူနာပြုဆရာမ တစ်ဦးအဖြစ် အလုပ်လုပ်စဉ်မှာ နိုင်ငံအနှံ့က သူနာပြုဆရာမတွေ က သင်တန်းတက်ဖို့ သူတို့အိမ်မှာ လာနေလေ့ရှိသည်။

ဒေါ်ခင်ကြည် က သူတို့ကို အိမ်မှာလာနေရန် ဖိတ်ခေါ်သလို သူ၏ ခပ်အေးအေး သမီးလေးကလည်း သူတို့ကို ဧည့် ဝတ်ပြုပါသည်။ ထိုစဉ်က ဆံပင် ကျစ်ဆံမြီးအရှည်လေးနှင့် ယဉ် ယဉ်ကျေးကျေးအသက်ငယ်ငယ် ကောင်မလေး ဒေါ်အောင်ဆန်းစုကြည်သည် အိမ်အောက်ထပ်သို့ ဆင်း၍ ဧည့်ခံကာသူတို့ပြောတာတွေ ကို နားထောင်တတ်ကြောင်း ဧည့်သည်တွေက ပြန်ပြောတတ်ပါသည်။ထို့အပြင် အလုပ်ကနေ အိမ် ကို ပြန်လာသော မိခင်ကို ဒေါ်အောင် ဆန်းစုကြည်က မေးခွန်းတွေမေး တတ်ပါသည်။

သူ့အမေအိပ်ရာမှ လဲနေသည်ဆိုလျှင်တောင် ဒေါ်အောင်ဆန်းစုကြည်က သည်နေ့သူသိလာသမျှကို အမေးကို မေးတတ်ပါသည်။ တစ်ခါတလေမှာ ‘‘ရေကိုဘာလို့ ရေလို့ ခေါ်ကြသလဲ မေမေ’’ဆိုသည့် မေးခွန်းမျိုးတွေဖြစ်သည်။ သူ့သမီးက ဂရုစိုက်တာခံချင်လို့ မေးသည်ပဲဖြစ်စေ ဒေါ်ခင်ကြည်က မေးခွန်းတိုင်းကို သေချာဖြေပေးပါသည်။‘‘ငါမောတယ်လို့၊ ငါ့ကို ဒီလို မျိုး မမေးနဲ့လို့ ဘယ်တော့မှ မေမေ က မငြင်းခဲ့ဘူး’’သို့ရာတွင် ဒေါ်ခင်ကြည်က သဘောကောင်းပြီး မိတ်ဆွေတွေ ကို ရင်းရင်းနှီးနှီးဖော်ဖော်ရွေရွေရှိ သူဖြစ်သော်လည်း ကလေးတွေ ကိုတော့ အလိုလိုက်တတ်သူမ ဟုတ်ပါ။ စည်းစနစ်ကြီး၏။

သား သမီးများကို ညစာစားပွဲမှာ ကျော မတ်မတ်ထိုင်စားအောင် သင်ပေး ခဲ့ပြီး ထိုင်ခုံကို ကျောနှင့် မှီထိုင်တာကိုလည်း ခွင့်မပြုပါ။ ထို့အပြင် ကလေးတွေကို မြန်မာဓလေ့အ သက်ကြီးသူတွေကို လေးစားရို သေရသည့် ထုံးစံကိုလည်း သင် ပေးခဲ့သည်။ သူ့မိခင် ဒေါ်ခင်ကြည်နှင့် သူ့အကြားမှာ ဆက်ဆံရေး တကယ့်ကို မြန်မာဓလေ့ထုံးစံအ စဉ်အလာအတိုင်းဟု ဒေါ်အောင် ဆန်းစုကြည်က ပြောခဲ့သည်။ သူ့ အမေ ဒေါ်ခင်ကြည်က မြန်မာ အမေတွေ၏ ထုံးစံအတိုင်း အိမ် တွင်းရေးတွေကို သမီးဖြစ်သူအား ပြောပြလေ့မရှိပေ။

‘‘အဲဒါမျိုးရိုးအစဉ်အလာပဲ။ မေမေတို့ မျိုးရိုးက အမေတွေ အ စဉ်အဆက်မှာ သမီးတွေကို ပွင့် ပွင့်လင်းလင်းပြောပြတယ်ဆိုတာ မရှိခဲ့ဘူး’’ဒေါ်ခင်ကြည်က သူ့သမီးကို ကိုယ်ကိုယ့်ကိုယ် သပ်သပ်ရပ်ရပ် နေတတ် ဝတ်တတ်စားတတ်အောင် သင်ကြားပေးခဲ့သည်။ ဆံပင်မဖြီး၊ ကိုယ့်ကိုယ်ကိုယ် ကြည့်ပျော်ရှုပျော်ကောင်းအောင်မနေဘဲ အိမ်အောက်ထပ်ကို ဆင်းကာ ဧည့်သည်တွေဆင်းတွေ့ခြင်းနှင့် ကျောင်းသွားခြင်းကို သူ့အမေက လုပ်ခွင့်မပေးခဲ့ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောပြ၏။

လူတွေက လူတစ်ယောက်၏ အတွင်းစိတ်ကို အပြင်ပန်းကိုသာ အကဲခတ်ပြီး ဆုံးဖြတ်တတ်ကြသည်။ ထို့ကြောင့် ကိုယ်ခန္ဓာအပြင်အဆင်ကလည်း အရေးကြီးကြောင်း သူ့မိခင်က ပြောခဲ့သည်။သို့အတွက် သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းသဘောကျမြတ် နိုးခဲ့သော သူ့မိခင် ဒေါ်ခင်ကြည်၏မိန်းမဆန်သော ပန်းပန်ခြင်းကို အတုယူပြီး အောင်ဆန်းစုကြည်ကလည်းနောက်ပိုင်းမှာ သူ၏ ထူထဲ နက်မှောင်သော ဆံကေသာတွင် ပန်းတွေကို ပန်ခဲ့ခြင်း ဖြစ်ပါတော့ သည်။

(နယူးယောက်တိုင်းမ်သတင်းစာဆရာမ Rena Pederson ၏ The Burma Spring စာအုပ်မှ)

Likes:
0 0
Views:
402
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *