ကျော်ဟိန်း ( သို့မဟုတ်) နေလိုတောက်ပခဲ့သူ…

ကျော်ဟိန်းသို့မဟုတ် နေလိုတောက်ပခဲ့သူ…

မလေးရှား ဝန်ကြီးချုပ်မဟာသီယာမိုဟာမက်ကပြောခဲ့ဖူးတယ်။ “အစားကောင်းဆိုတာ ဝအောင်မစားရဘူး။ စားလို့ကောင်းတုန်း မဝခင် ဖြတ်ထားရတယ်”တဲ့။ သူနာမည်ကောင်းရနေချိန်မှာ နောက်တစ်ကြိမ်ရွေးကောက်ပွဲမဝင်တော့တဲ့ အကြောင်းကြေညာစဉ်ကပြောခဲ့တာပါ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းမဟာသီယာလို ပုဂ္ဂိုလ်တစ်ဦးရှိခဲ့ဖူးပါတယ်။

သူကတော့ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်က ပျံလွန်တော်မူသွားတဲ့ ဦးဇင်းကြီး ဦးကိတ္တိသာရ (ရုပ်ရှင်မင်းသားကြီး ကျော်ဟိန်း) ပဲဖြစ်ပါတယ်။ သူဟာအသက်အရွယ်ရလာပေမယ့် ရုပ်ရှင်လောကမှာလျှမ်းလျှမ်းတောက် နာမည်ရနေဆဲကာလမှာသူ့ရဲ့ ကျော်ကြားမှု၊ စည်းစိမ်နဲ့အရာအားလုံးကိုစွန့်လွှတ်ပြီးသာသနာ့ဘောင်ကိုဝင်ရောက်သွားခဲ့သူလည်းဖြစ်ပါတယ်။

ကျော်ဟိန်းဘဝဇာတ်ကြောင်းဦးဇင်းကြီး ဦးကိတ္တိသာရဖြစ်လာမယ့် ကျော်ဟိန်းကို ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၄ ရက်တနင်္လာနေ့ကရန်ကုန်မြို့ စမ်းချောင်း မြို့နယ်၊ကျောင်းကုန်းလမ်းမှာအငြိမ်းစား ခရိုင်ရဲဝန်ဦးဂျွန်မောင်စိန်နဲ့ ဒေါ်ချိုချိုတို့ကမွေးဖွားခဲ့ပြီး သားသမီးခြောက်ယောက်အနက် လေးဦးမြောက်သား ဖြစ်ပါတယ်။နာမည်ရင်းကမောင်ကျော်ဋ္ဌေးပါ။

ငယ်ငယ်ကလူဆိုးလေးအဖြစ်နာမည်ကြီးခဲ့တဲ့ မောင်ကျော်ဋ္ဌေးဟာ ၁၉၅၂ ခုနှစ်မှာ ကြည့်မြင်တိုင်အေဘီအမ်ကျောင်း၊ ၁၉၅၆ မှာ အလုံမြို့နယ် ဟုမ်းလမ်းကယူနစ်ကရင်ကျောင်း၊ ၁၉၅၇ မှာ ကူရှင်ကျောင်း၊ ၁၉၆၄ မှာ မြို့နယ် အသီးသီးကအလွတ်ပညာသင်ကျောင်း (ညကျောင်း အပါအဝင်) ၂၃ ကျောင်းကို ပြောင်းရွှေ့ ပညာသင်ခဲ့တယ်။

နောက်ဆုံးမှာတော့ကျောင်းမနေတော့ဘဲ အိမ်ကနေ ၁၆ ကြိမ်ဆင်း၊ အိမ်ပြေးဘဝနဲ့လမ်းပေါ်မှာလေလွင့်နေခဲ့ရာက ၁၉၆၅ မှာ ကမာရွတ်မြို့နယ်ထဲက ဒေါ်သာထက် ကျောင်းမှာ နဝမတန်း(သုံးကြိမ်မြောက်) ပညာသင်ယူအောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။ ၁၉၆၆ မှာ ဒဂုံမြို့နယ်ထဲကဒေါ်နုနုခင်အလွတ်ပညာသင်ကျောင်းမှာ ၁ဝ တန်းကိုသုံးလလောက် တက်ခဲ့ပြီးရေတပ်ထဲကိုဝင်ခဲ့ပါတယ်။

၁၉၆၇ မှာ ရေတပ်က ထွက်ပြီး ၁၉၆၇ မှာ ၁ဝ တန်းပြန်ဖြေတော့ (ခ)အဆင့်နဲ့ အောင်မြင်ခဲ့ပါတယ်။အိမ်ပြေးကျော်ဋ္ဌေးဘဝကနေမင်းသား ‘ကျော်ဟိန်း’ ရယ်လို့ ဖြစ်လာအောင်သူ့ရဲ့ ရုပ်ရှင်ဘဝအစကတော့ ၁၉၇ဝ ပြည့်နှစ်မှာမင်းသမီးစန္ဒာနဲ့တွဲဖက်ရိုက်ကူးခဲ့တဲ့ ”ဖူးစာလမ်းဆုံ” ဇာတ်ကားပါ။

ကျော်ဟိန်း ဆိုတဲ့ နာမည်တစ်လုံးနဲ့ ရုပ်ရှင်လောကမှာ နှစ်ပေါင်း ၄ဝ ကျော်ကြာ ရပ်တည်ခဲ့တဲ့ မင်းသား ကြီးဟာ သူ့ရဲ့ ရုပ်ရှင်သက်တမ်း ကာလအတွင်း ရုပ်ရှင်ကားပေါင်း ၂၂၂ ကား၊ ဗီဒီယိုကားပေါင်း ၃၆၂ ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ”မွန်းတည့်ချိန်တွင် နေဝင်သည်” နဲ့ “စိန် သို့မဟုတ် စိမ်” ဇာတ်ကားတို့ကိုလည်း ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ကျော်ဟိန်းဟာ သူ့ခေတ်သူ့အခါက လမ်းသူရဲဆန်ဆန် လူငယ်ဇာတ်ရုပ်များနဲ့ သရုပ်ဆောင်ရာမှာ ထူးချွန်လှပြီး အကယ်ဒမီဆု ငါးဆု ဆွတ်ခူးနိုင်ခဲ့သူ၊ ရုပ်ရှင်လောကမှာ အကယ်ဒမီဆု တတိယ အများဆုံး နေရာမှာ ရှိခဲ့သူလည်း ဖြစ်ပါတယ်။

ကျော်ဟိန်းကို ဘွဲ့ရပညာတတ် မဟုတ်ဘူး၊ လမ်းသူရဲဘဝက လာတာ စသဖြင့် အစောပိုင်းက ပြောဆို ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ အလုပ်အပေါ် ရိုသေမှု၊ ကြိုးစားမှုတွေကြောင့် အောင်မြင်မှုများစွာ ရရှိခဲ့သလို သူ့ရဲ့ ကိုယ်ပိုင်ဒဿန အတွေးအခေါ်များ ပါဝင်တဲ့ ဝတ္ထုတို၊ ရှည်ပေါင်း မြောက်မြားစွာကိုလည်း ရေးသား ဖန်တီးနိုင်ခဲ့ပါတယ်။

ပေဖူးလွှာ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ”ပြာ” ဝတ္ထုဟာဆိုရင် အထူး လူကြိုက်များခဲ့ပြီး စာပေလောကမှာနေရာတစ်ခု စိုက်ထူခဲ့တဲ့ ဝတ္ထုတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ၁၉၆၇ ကနေ ၂ဝဝ၈ နိုဝင်ဘာ ၄ ရက်အထိ သူဖြတ်သန်းခဲ့တဲ့ ရုပ်ရှင်သက်တမ်း ၄၁ နှစ်အတွင်းမှာ ရုပ်ရှင် ဇာတ်ကား များသာမက သီချင်းခွေ ၁၄ ခွေကို သီဆို ထုတ်လုပ်ခဲ့ရာမှာလည်း အထူးအောင်မြင်ခဲ့ပါတယ်။

အဲသည်လို လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်မှာပဲ သူ့ရဲ့အောင်မြင်မှုများကို စွန့်လွှတ်ပြီး အသက် ၆၁ နှစ် အရွယ် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၄ ရက်မှာ သူချစ်တဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတလောကကို စွန့်လွှတ်ပြီး ဦးဇင်းကြီး ဦးကိတ္တိသာရ အဖြစ်နဲ့ သာသနာ့ဘောင်ကို အပြီး ဝင်ရောက်ခဲ့ပါတော့တယ်။ သက်တော် ရ၃ နှစ် ပြည့်ဖို့ သုံးရက်အလို ဇူလိုင် ၁၁ ရက်မှာ ပျံလွန်တော်မူခဲ့ပါတယ်။

ကျော်ဟိန်းမွေးထုတ်ခဲ့တဲ့ ဒွေးမြန်မာ့ရုပ်ရှင် လောကမှာ ဆွေစဉ်မျိုးဆက် ရုပ်ရှင်လောကမှာပဲ ရပ်တည် အောင်မြင်ခဲ့သူတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲမှာ မင်းသားကြီး ကျော်ဟိန်းနဲ့ တူတော်မောင် ဒွေးတို့လည်း ပါဝင်ပါတယ်။ သူတို့နှစ်ဦးဟာ ရုပ်ရှင်လောကမှာ သရုပ်ဆောင်ကြေး အများဆုံး ရရှိခဲ့သူများလည်း ဖြစ်ပါတယ်။

ဒီနေရာမှာဒွေးဆိုတဲ့ မင်းသားတစ်လက်ပေါ်ထွန်းလာပုံကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။နောင်တစ်ချိန်မှာ ‘ဒွေး’ ဆိုတဲ့ ရုပ်ရှင်သရုပ်ဆောင်ကောင်း တစ်ယောက် ပေါ်ထွန်းလာစေရမယ်လို့ မင်းသားကြီး ကျော်ဟိန်းက ယုံကြည်ထားခဲ့တာ သေချာပါတယ်။

‘ဒွေး’ ဆိုတဲ့ နာမည်ကို အသုံးပြုခဲ့တဲ့ မူလပိုင်ရှင်က ရုပ်ပြပန်းချီဆရာ စံစံ ဖြစ်ပါတယ်။ သူက ရုပ်ရှင်မင်းသား ကျော်ဟိန်း အောင်မြင်နေတဲ့အချိန် ၁၉၇၉ မှာ ကျော်ဟိန်းပုံနဲ့ ဇာတ်ကောင်တစ်ကောင်ကို ‘ဒွေး’ လို့ နာမည် ပေးပြီး ရုပ်ပြဇာတ်လမ်း ရေးဆွဲခဲ့သူပါ။

တစ်နေ့မှာသူကကျော်ဟိန်းဆီမှာ ခွင့်မတောင်းဘဲကျော်ဟိန်းပုံတူနဲ့ ရုပ်ပြ ရေးနေတာဆိုတော့ကျော်ဟိန်းဆီမှာဒီပုံနဲ့ ရုပ်ပြရေးခွင့်ပေးဖို့ ကိုယ်တိုင်ခွင့်တောင်းမယ်လို့ ဆုံးဖြတ်ပြီးကျော်ဟိန်းနဲ့ဆက်သွယ်ပါတယ်။ ကျော်ဟိန်းက သူ့ကိုဆွဲခွင့်ပေးတဲ့အပြင်သူနဲ့ကြာကြာရှည်ရှည် ရင်းနှီးခွင့်လည်းရခဲ့တယ်လို့ဆိုပါတယ်။တစ်နေ့မှာတော့ ကျော်ဟိန်းကပန်းချီစံစံကိုပြောပါတယ်။သူရေးဆွဲနေတဲ့ဇာတ်ကောင်နာမည် ‘ဒွေး’ ကို ဆက်ပြီး မသုံးဘဲတခြားနာမည်နဲ့ပြောင်းရေးဖို့ပါ။

ကျော်ဟိန်းက”ကျွန်တော်ဒီနာမည်ကိုသိပ်ကြိုက်တယ်။ မမြင်ရတဲ့အားတွေနဲ့ပြည့်နေတယ်။ ဒီနာမည်ကို ကိုစံစံဆီကတောင်းရတဲ့ အကြောင်း က ကျွန်တော့်မှာ ဒီနာမည်ကို တစ်နေ့ကျရင် ပေးသင့်တယ်လို့ခန့်မှန်းထားတဲ့ ကလေးတစ်ယောက် ရှိနေလို့ပါ။ ဒီကလေးဟာ ခုမှ ၁၃ နှစ်၊ ၁၄ နှစ်လောက်ပဲ ရှိသေးတယ်။ ကျွန်တော့် အနုပညာ အမွေကို ဆက်ခံမယ့် ကလေးပေါ့ဗျာ။ ဒါကြောင့် ဒီနာမည်ကို အခုကတည်းက တောင်းတာပါ။ ကိုစံစံ ဆက်သုံးနေမယ် ဆိုရင် အဲဒီအချိန်မှာ ဒီကလေးကို ပေးလို့ မရတော့ဘူး။

ပရိသတ်ကလည်း သူတို့သိပြီးသား နာမည်တစ်ခုကိုနှစ်နေရာမှာ သုံးရင် ဒုတိယလူက ခံရစမြဲပဲ။ ကိုစံစံ ဒီနာမည်ကိုမသုံးဘဲ ခုကတည်းက ရပ်လိုက်မယ် ဆိုရင် ဒီကလေးအရွယ်ရောက်တဲ့အခါအသစ်ဖြစ်နေလိမ့်မယ်” လို့ ပြောပါတယ်တဲ့။ ဒါကြောင့်ပန်းချီဆရာက သူ့ဇာတ်ကောင် နာမည်ကို ‘ဒွေး’ လို့ပေးထားတာ ရပ်ပစ်လိုက်ပြီး ‘ကျော်စွာဟိန်း’ အမည်နဲ့ဆက်ရေးခဲ့ကြောင်း ‘ရင်ထဲကဒွေး’ ဆိုတဲ့ဆောင်းပါးမှာဖော်ပြထားတာ ဖတ်ခဲ့ရပါတယ်။

နောက်ထပ်ဆောင်းပါး တစ်ပုဒ်မှာတော့ ‘ဒွေး’ ဆိုတဲ့နာမည်ဟာ ကောင်းကင်မှာနေနဲ့လ နှစ်ပါးလုံးအပြိုင် ထွန်းလင်းတဲ့အတိတ်နိမိတ်လို့ ကောက်ယူပြီးပေးခဲ့တဲ့နာမည်၊အောင်မြင်တဲ့ အတိတ်နိမိတ်ဆောင်တဲ့ နာမည်လို့လည်း ဖတ်လိုက်ရပါသေးတယ်။ ပြောရရင်တော့ မင်းသားကြီးကျော်ဟိန်းဟာ သူ့ရဲ့တူတော်မောင် ကိုထင်လင်းကို အတော်လေးယုံကြည် အားထားခဲ့တယ်ဆိုတာတော့သေချာပါတယ်။

ကျော်ဟိန်း အတိတ်နိမိတ်ယူခဲ့သလိုပဲ တူဖြစ်သူ မောင်ထင်လင်း ရုပ်ရှင် သရုပ်ဆောင် ဖြစ်လာတော့ ‘ဒွေး’ ဆိုတဲ့ နာမည်နဲ့ လျှမ်းလျှမ် းတောက် အောင်မြင်ခဲ့သူ ဖြစ်လာပြီး အသက် ၄၂ နှစ်အရွယ်၊ ၂ဝဝ၇ ခုနှစ်၊ ဇူလိုင် ၁၁ ရက် ညနေပိုင်းမှာ ကွယ်လွန်ခဲ့ပါတယ်။

နိဂုံးတူဖြစ်သူ ဒွေး ကွယ်လွန်ပြီး နောက်တစ်နှစ်ဖြစ်တဲ့ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၄ ရက်မှာ ဦးလေးဖြစ်သူ ကျော်ဟိန်းကလည်း လောကီစည်းစိမ်များနဲ့ ကျော်ကြားမှုများကို စွန့်လွှတ်ပြီး ရဟန်းဘောင်သို့ ဝင်ရောက်သွားခဲ့ပါတယ်။ ထူးခြား တိုက်ဆိုင်လှစွာပဲ တူဖြစ်သူ ဒွေးနဲ့ ဦးလေးဖြစ်သူ ကျော်ဟိန်း (ဦးကိတ္တိသာရ) တို့ဟာ ဇူလိုင် ၁၁ ရက် တစ်ရက်တည်းမှာပဲ လူ့လောကကို အပြီးတိုင် စွန့်ခွာ သွားခဲ့ကြပါတော့တယ်။

ဆိုရရင် မင်းသားကြီး ကျော်ဟိန်း ရော ရုပ်ရှင်သရုပ်ဆောင် ဒွေးရောဟာ ရုပ်ရှင်လောကကြီးကို အနိုင်နဲ့ ပိုင်းသွားခဲ့သူများ ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးဟာ လူ့လောကကြီးက စွန့်ခွာသွားခဲ့ကြပြီ ဆိုပေမယ့် သူတို့ရဲ့အောင်မြင် ကျော်ကြားမှုများကတော့ မြန်မာ့ရုပ်ရှင်လောက မိုးကောင်း ကင်ကြီးမှာ နေနဲ့လလို ထွန်းလင်းတောက်ပ နေဆဲပါလို့ ရေးလိုက်ပါရစေ…။ ။

ထင်အောင်နိုင်

Ref_Internet# CRDSaryarSai Min Thant#နော်ဂဲလယ်ထူး (စာပေပရဟိတ)

Likes:
0 0
Views:
1859
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *