လှိုင်းပုတ်သည့် လှေ ( ခင်လှိုင်ကြူ )အပိုင်း (၃)

လှိုင်းပုတ်သည့် လှေ အပိုင်း (၃)

“ယုရေ … လာကိုင်ကြည့်စမ်း၊ ဟော … လှုပ်နေတယ် … လှုပ်နေတယ်”ခိုင်သည် သူ့ဗိုက်တစ်နေရာကို စမ်းကိုင်ရင်း ကျွန်မကို လှမ်းခေါ်လိုက်သည်။ ကျွန်မလည်း အဖြေစာရွက်များ ဖျက်နေရာမှ အပြေးအလွှား ထလာခဲ့သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် နီးနီးကပ်ကပ် မနေဖူးသောကြောင့် ကလေး တိုးနေသည်ကို ကြည့်ကာ အထူးအဆန်း ဖြစ်သွားပါသည်။

ခိုင်က လှုပ်နေသည့် နေရာကို အသာအယာ ပွတ်လိုက်ကာ …“ကျွတ် … ကျွတ် … သမီးလေးက ငြိမ်ငြိမ် နေလေကွယ်”“အမယ် … သမီးလေးတဲ့လား၊ သူများတွေတော့ သားဦးဆို ယောက်ျားလေး လိုချင်ကြတာပဲ၊ ကိုအောင်ဆွေက သမီးလေး လိုချင်သလား”“မောင်ကလား အမြွှာ မွေးပေးပါလို့ ပြောနေတယ်၊ တစ်ခါတည်း သားရော သမီးရော ရချင်တယ်တဲ့”“အမယ်လေး … အမြွှာ”ကျွန်မပခုံးက အလိုလို တွန့်သွားပါသည်။ ကျွန်မသတ္တိကို ခိုင်က သဘောကျသွားသည်။“တို့ကတော့ သမီးလေး လိုချင်တယ်ကွာ၊ သမီးကြီး ဆိုတော့ တိုးတိုးဖော် ရတာပေါ့။

တို့မှာ အဖော်ဆိုလို့ အခုနေတော့ ယု ရှိနေတယ်၊ တို့နှစ်ယောက် ဝေးသွားမယ် ဆိုရင် တိုးတိုးဖော် တစ်ယောက်တော့ လိုတယ်ကွာ”“ကိုယ့်ယောက်ျားတစ်ယောက်လုံး ရှိနေတာပဲ မဟုတ်လား”“ယောက်ျားဆိုတာက ဘဝအဖော်ပဲ ယုရဲ့၊ ကောင်းတိုင်ပင် ဆိုးတိုင်ပင်ပေမဲ့ နေရာတိုင်း သူတို့ကို အကုန်ပြောလို့ ရတာ မဟုတ်ဘူး။ သူတို့ကို အသိမပေးသင့်တာတွေ၊ ပြောလို့မရတာတွေ အများကြီး ရှိတယ်။ ဒါကို ကိုယ့်ရင်ထဲ ရှိသမျှ ပြောချလို့ ရတဲ့ မိတ်ဆွေကောင်းတစ်ယောက်တော့ မိန်းမတွေအတွက် လိုတာ အမှန်ပဲ။

ဒါကြောင့် တို့က သမီးဦး လိုချင်တာ။ သားဦးဆိုတာ အဖေ့အတွက် တစ်တပ်တစ်အား၊ သမီးဦး ဆိုတာ အမေ့အတွက် တစ်တပ်တစ်အား” ကျွန်မသည် သူ့ကို အံ့သြစွာ ငေးစိုက်ကြည့်နေမိသည်။ သူ ဒါတွေ တွေးနေရပြီပဲ။ခိုင်နှင့် ကျွန်မသည် သက်တူ ဖြစ်ပါ၏။ သို့သော်လည်း သူက ‘လူ’ ဦးစွာ ဖြစ်နေပါပြီ။ အမှန်အားဖြင့် ကျွန်မလည်း သည်လို ‘ဃရာဝါသ-သမ္ဘရ’ ဟုဆိုသော လူ့ဘောင်၏ကိစ္စများမြောင်ကို တွေးကြည့်ထားဖို့ သင့်ပါပြီ။

တစ်နေ့နေ့တွင် သည်လောကထဲသို့ ကျွန်မလည်း ဝင်ရမည် မဟုတ်ပါလား။ သို့ပါလျက် သည်ကိစ္စအတွက် ကျယ်ကျယ်ပြန့်ပြန့် မတွေးခဲ့မိသေးကြောင်း ယခုမှ သတိထားမိသည်။“တို့သမီးလေးကို ဘယ်လို နာမည်မှည့်ရ ကောင်းမလဲဟင်၊ နာမည်လှလှလေး စဉ်းစားပေးစမ်းပါ ယုရာ”“ဘယ်နေ့ မွေးမှန်းမှ မသိဘဲ ခိုင်ရာ၊ နေ့သင့်နံသင့် ဘယ်လို တွက်မလဲ”“နေ့သင့် နံသင့် မဟုတ်လည်း ဘာဖြစ်လဲ၊ လှလှပပလေး ဖြစ်ရင် ပြီးတာပဲ”“မဟုတ်သေးဘူး ခိုင်ရဲ့၊ နာမည်မှည့်တယ် ဆိုတာ အရေးကြီးတယ်တဲ့။ နာမည်စီးလို့ လူကို ဒုက္ခပေးတတ်တာတွေ ဘာတွေ ရှိသတဲ့။

နောက်ပြီး ဘာတဲ့၊ နာမည်ကို ကြက်သွန်ဖြူဥ တစ်လုံးစု ဆိုလား၊ အဲဒီ နေ့နံနဲ့ မှည့်ရတယ်တဲ့”“အမယ်လေး … ၂၀ ရာစုမှာ လူ ဖြစ်လာပြီး တက္ကသိုလ်က ထွက်ခဲ့ပေလို့သာကွာ၊ ယု အတွေးအခေါ်တွေကလည်း ခေတ်နောက်မှာ လေး ငါးဘူတာလောက် နောက်ကျန်နေခဲ့ပါလား။ အေးလေ ကြက်သွန်ဖြူနဲ့ ဖြစ်ဖြစ်၊ ကြက်သွန်နီနဲ့ ဖြစ်ဖြစ် ယု ကြိုက်တဲ့ နာမည်မှည့်ပါကွာ၊ လှလှပပလေးဖြစ်ရင် တို့တော့ မှည့်လိုက်မှာပဲ”“လိုပါသေးတယ်ကွာ၊ ဖြည်းဖြည်းပေါ့”ပြောသာ ပြောရသည်။ ကိုယ့်အရည်အချင်း ကိုယ်သိပြီး ဖြစ်ပါသည်။ သည်မှာဘက်မှာ ကျွန်မ မကျွမ်းကျင်ပါ။ သို့ပေမဲ့ အဖြေစာရွက် ဖျက်ရင်း တစ်ချက် တစ်ချက် နာမည်မှည့်ဖို့ စဉ်းစားကြည့်မိသေးသည်။ တင်မမခိုင်၏သမီး ယဉ်ပပလှိုင် ဆိုလျှင် မကောင်းလား၊ အမယ်လေး ခေါ်ရမယ့်သူ မောရချည်သေး။ဦးနှောက်ခြောက်မခံဘဲ နာမည်မျိုးစုံ လွယ်လွယ် ရနိုင်သည့်နည်းကို ကျွန်မ သတိရလိုက်သ်ည။

ကျောင်းသူမလေးများထဲတွင် နာမည်လှလှလေးတွေ ပေါပါဘိ။ ဟုတ်ပြီ။ သူတို့နာမည်လေးတွေထဲက ရွေးလိုက်ရုံပေါ့။ကျွန်မ တာဝန်လျော့သွားသလို ဖြစ်သွားကာ အဖြေစာရွက်များ ဆက်ဖျက်နေပါသည်။ ညဉ့်အတော်နက်သည်အထိ မပြီးနိုင်သေး။ ခိုင် အိပ်ရာမှ ထလာ၍ ကျွန်မနားတွင် လာရပ်လိုက်သည်။“တစ်ရေး နိုးလာသလား”“မဟုတ်ပါဘူး၊ တို့မှ မအိပ်သေးဘဲ”“ဟင် အိပ်မပျော်လို့လား၊ ဘာဖြစ်သလဲ”“ဘာမှ မဖြစ်ပါဘူး၊ သမီးအတွက် နာမည်ရွေးနေလို့ အိပ်မပျော်နိုင်ဘူး”“ဖြစ်ရလေ ခိုင်ရယ်၊ အချိန်တွေ အများကြီး ရှိပါသေးတယ်”ခိုင်က ပြုံးစေ့စေ့နှင့် ကျွန်မစားပွဲတွင် မှီရပ်လိုက်သည်။

သည့်နောက် သူ အရေးတကြီး ထားနေသော နာမည်ကိစ္စကိုပင် ပြောလိုက်သည်။“ပထမတော့ သမီးလေး နာမည်ကို ချိုးဖြူလို့ မှည့်မလား အောက်မေ့တယ်““ချိုးဖြူ မချိုးဖြူပေါ့၊ ခေါ်ရတာ တစ်မျိုးကြီးလိုပဲ၊ လျှာမချောပါဘူး”“ခေါ်ရတာ မချောပေမဲ့ အဓိပ္ပါယ်ကို သဘောကျလို့ပါ၊ ချိုးဖြူ ဆိုတာ ငြိမ်းချမ်းရေးရဲ့ အထိမ်းအမှတ် မဟုတ်လား ယုရဲ့။ ချိုးကလေး ကူလိုက်ရင်ပဲ ဘယ်လောက် ရင်ထဲ အေးချမ်းသွားသလဲ။ ပြီးတော့ တို့ငယ်ငယ်က သင်ခဲ့ရတဲ့ ချိုးနှစ်ကောင် ထနောင်းပင် ညီနောင်က လွမ်းအောင် ကူချွဲ ဆိုတဲ့ ကဗျာလေးဟာ အခုထိ ရင်ထဲမှာ စွဲနေကြတုန်းပဲနော်၊ ဒါပေမဲ့ အခု မမှည့်တော့ပါဘူး”“ဟောတော့ … ”“ဒီလိုလေ ယုရဲ့၊ ချိုးဖြူ ဆိုတာက ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားတာသာ ရှိတယ်၊ အဲဒီငြိမ်းချမ်းရေး ချိုးကလေးက တစ်နေ့တခြား စိတ်ညစ်နေရတာ၊ ငြိမ်းချမ်းရေးအတွက် တစ်နေ့တစ်နေ့ သူ အမြဲရင်လေးနေရတာ။ ဒီချိုးရုပ်ကလေး ဗန်းပြပြီး ကမ္ဘာမှာ ဝါဒရေးရာ စစ်ပွဲတွေ၊ စီးပွားရေးရာ စစ်ပွဲတွေ အမျိုးမျိုး ဖြစ်နေကြတာ။

ဒီတော့ စစ်မီးတွေကြားမှာ ဗန်းပြအဖြစ်သာ အသိအမှတ်ပြုထားတဲ့ ချိုးဖြူလေးဟာ အေးအေးဆေးဆေး မကူရရှာဘူး။ တို့ကလေးကို ဒီနာမည် မမှည့်တော့ပါဘူး”“အမလေး … ကြီးကျယ်လိုက်တာပါလား ခိုင်ရာ”ကျွန်မက အသံထွက်အောင်ပင် အော်ရယ်လိုက်မိပြီးမှ အမေ အိပ်ပျော်နေသည်ကို သတိရလိုက်သည်။ ခိုင်ကမူ သူ့အရှိန်နှင့်သူ ဆက်နေပြန်သည်။“တို့ကလေးကို တာရာလို့ နာမည်ပေးမယ်”“တာရာ … တာရာ ဆိုတော့ ကြယ်ပွင့်ကလေးပေါ့”“ဟုတ်တယ်၊ သမီးလေးဖြစ်ဖြစ်၊ သားလေး ဖြစ်ဖြစ် ခေါ်လို့ရပါတယ်”“အဓိပ္ပာယ်ဖွင့်ဆိုချက်တွေများ ရှိသေးလား”ကျွန်မက ပြုံးစေ့စေ့နှင့် မေးလိုက်ပါသည်။“ရှိတာပေါ့။ နိုင်ငံတော်အလံတို့၊ နိုင်ငံတော်တံဆိပ်တို့မှာ ကြယ်ကို ဘာအဓိပ္ပါယ်နဲ့ သုံးသလဲ။ ပြောစမ်း”ကျွန်မသည် ဆရာမစင်စစ်က ကျောင်းသူ ဖြစ်သွားပါသည်။

ကျွန်မမျက်နှာကို မကြည့်ဘဲ အလေးအနက် မေးနေပုံကို ရယ်လိုက်ချင်သော်လည်း သူ့ထောင်တန်သည့်စကားကို ကျွန်မ ရယ်ခြင်းဖြင့် ပေါ့မသွားစေချင်သောကြောင့် သူ့အမေးကို ကျွန်မ ဖြေလိုက်ရသည်။“ကိုယ်ပိုင်အလင်းရောင် ရှိတယ်၊ လမ်းဖြောင့်ဖြောင့် သွားတယ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့”“အင်း … ဟုတ်ပြီ၊ ကြယ်ကလေးတွေမှာ ကိုယ်ပိုင်အလင်းရောင် ရှိသလို တို့သမီး တို့သားဟာလည်း ကိုယ်ပိုင် အရည်အချင်း၊ ကိုယ်ပိုင်စွမ်းရည်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရဲတဲ့ သတ္တိတွေ ရှိရမယ်။ ကြယ်ကလေးတွေဟာ လမ်းဖြောင့်ဖြောင့် သွားတတ်သလို မှန်တယ် ထင်တာကို လုပ်ရဲရမယ်။ ကိုယ် ဦးတည်တဲ့ ပန်းတိုင်ကို ဘာမှမကြောက်ဘဲ ဖြောင့်ဖြောင့် သွားရဲရမယ်၊ ပြီးတော့ … ”“ပြီးတော့ ရှိသေးလား”“ရှိသေးတယ်… ရှိသေးတယ်၊ နေ့မှာ နေမင်းရဲ့အလင်းရောင် မရှိရင် ကမ္ဘာလောကဟာ မှောင်အတိ ဖြစ်မယ်။

ညမှာတော့ လမင်းရဲ့ အလင်းရောင် မရှိပေမဲ့ ကြယ်ကလေးတွေဟာ အလင်းရောင် ပေးနိုင်တယ်။ တို့သား တို့သမီး တာရာလေးဟာလည်း အမှောင်လွှမ်းပြီး လမ်းပျောက်နေတဲ့သူတွေကို ကိုယ်ပိုင်အလင်းရောင်လေးနဲ့ လမ်းပြပေးနိုင်ရမယ်”ကျွန်မသည် သူ့ကို အံ့ဩစွာ ငေးမောကြည့်နေမိသည်။ သူ့မျက်လုံးများမှာ တောက်ပနေ၍ သူ့အသံမှာ လှုပ်ရှားတက်ကြွနေသည်။ စောစောက သူ အိပ်မပျော်နိုင်လောက်အောင် ဒါတွေ တွေးနေခဲ့တာကိုး။တကယ်တော့ ခိုင်တစ်ယောက် စိတ်ကူးယဉ်နေပါသည်။ မမြင်ရသေးသည့် ရင်သွေးငယ်အတွက် အတွေးကြွယ်နေခြင်းဖြစ်ပါ၏။ သူ့မျက်နှာတွင် မကြာမီ လူ့လောကကို ရောက်လာတော့မည့် သူ့ရင်သွေးအတွက် မျှော်လင့်ချက် အပြည့်ရှိနေသည်။ မမြင်နိုင်သော တစ်နေရာမှ သူ့ရင်သွေးကို မြင်နေပုံရသည်။

မိခင်လောင်းတစ်ယောက်၏ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို မျက်ဝါးထင်ထင် ကျွန်မ မြင်နေရသည်။ကျွန်မသည် သူ့လက်မောင်းလေးကို ဆုပ်ကိုင်ရင်း မှတ်ချက်ချလိုက်မိသည်။“ခိုင် စိတ်ကူးယဉ်တာ ယုဖြင့် ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်”“ဟတ် ဟား … ဒါ စိတ်ကူးယဉ်တာလား။ ဟုတ်မှာပေါ့၊ ကလေးက ဘယ်နေမှန်း မသိသေးဘူးနော်။ ဘာလေး ဖြစ်မယ်မှန်းလည်း မသိဘူး။ သားဦး အရူး ဆိုတာ ဒါမျိုးကို ပြောတာနေမှာပေါ့”“မိဘတိုင်းဟာ ဒီလိုပါပဲ၊ အဇာတသတ်မင်းသား ကြည့်ပါလား၊ သူ့မှာ သားတော်လေး မွေးလာမှ မိဘရဲ့ မေတ္တာကို ကိုယ်ချင်းစာတတ်လာတယ် မဟုတ်လား”အမှတ်မထင် ပြောလိုက်သော ကျွန်မစကားကြောင့် သူ့ကိုယ်မှာ ဆတ်ခနဲ လှုပ်ရှားသွားပြီး မျက်လုံးမျက်ဆန်ပြူးနှင့် ကျွန်မကို လှမ်းကြည့်လိုက်၏။ ကျွန်မစကား၏အဓိပ္ပါယ်ကို ကျွန်မမျက်နှာပြင်တွင် ရှာကြည့်ဟန် တူပါသည်။ ချက်ချင်းပင် မျက်နှာပျက်သွားကာ သက်ပြင်းရှိုက်လိုက်သည်။

သူ ဘာဖြစ်သွားပါလိမ့်။“တို့လည်း သမီးလေး မွေးလာရင် မေမေ့ကို ကိုယ်ချင်းစာတတ်မှာပဲ ထင်ပါရဲ့”သူက ခပ်လေးလေး ပြောလိုက်သည်။ စောစောက ရွှင်လန်းတက်ကြွနေသော သူ့မျက်နှာမှာ ထိုင်းမှိုင်းမှုန်ဝေသွားပါသည်။ကျွန်မကြောင့် စကားလမ်းကြောင်း ပြောင်းသွားရသည့်အတွက် ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သို့သော်လည်း သည်ပြောင်းလဲခြင်းသည် ကောင်းသောလက္ခဏာတစ်ရပ်ဟု တွေးလိုက်မိသောအခါတွင် ကျွန်မ ကျေနပ်အားရ ဖြစ်မိပါသည်။တစ်ခုခုကို အလေးအနက် တွေးမိနေပုံရသော သူ့ကို ကျွန်မက ပြန်အိပ်ရန် တိုက်တွန်းလိုက်ပါသည်။“ညဉ့်နက်ပြီ၊ အိပ်တော့လေကွယ်။

ယုလည်း ဒီတစ်ထုပ် ဖျက်ပြီးရင် အိပ်တော့မယ်”သူ အိပ်ရာထဲ ပြန်ဝင်သွားသည်။ သို့သော်လည်း တော်တော်နှင့် အိပ်ပျော်လိမ့်ဦးမည်မဟုတ်ဟု ကျွန်မ ထင်ပါသည်။ စောစောက သူ အိပ်မပျော်နိုင်အောင် တွေးနေသည်မှာ မကြာသေးမီ သူ မွေးဖွားတော့မည့် ရင်သွေးအတွက်ကြောင့် ဖြစ်၍ ယခု အိပ်မပျော်နိုင်သည်မှာ သူ့ကို မွေးဖွားပေးခဲ့သော အမေအကြောင်းကို တွေးနေခြင်း ဖြစ်ပါလိမ့်မည်။တွေးပါစေ၊ တွေးရင်း တွေးရင်း မိခင်တို့၏ချစ်ခြင်းကို ကိုယ်ချင်းစာတတ်လာပြီး တင်းမာနေသော သူ့စိတ်မာန်များ ပျော့ပျောင်းသွားစေချင်ပါသည်။* * *နံနက်ကတည်းက ကျွန်မတို့အိမ်တွင် လှုပ်လှုပ်ရှားရှားဖြစ်နေသည်။

အမေက အတွေ့အကြုံရှိသူဖြစ်၍ အခြေအနေကို စိတ်အေးလက်အေး စောင့်ကြည့်နေနိုင်သော်လည်း ကျွန်မမှာ ကာယကံရှင် ခိုင့်ထက် စိတ်လှုပ်ရှားနေမိသည်။ တစ်ချက်တစ်ချက် မျက်နှာပျက်သွားသော ခိုင့်ကို ကြည့်ကာ ကျွန်မမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမိသည်။“ဆေးရုံ ပို့ရတော့မလား အမေ”“နေပါဦး သမီးရယ်၊ စောပါသေးတယ်“အမေက ခိုင့်အရိပ်အခြည်ကို ကြည့်ရင်း ဖြေသည်။ ကျွန်မကမူ ဝမ်းနာသည့် ခိုင့်အရိပ်အရောင် ပြကတည်းက ဆေးရုံ ပို့ချင်နေသည်။ အတွေ့အကြုံရှိသော အမေက ညနေပိုင်းလောက်တွင်မှ ပို့ခိုင်းပါသည်။“အားမငယ်နဲ့နော် သူငယ်ချင်း၊ ယု ဘေးမှာ စောင့်နေမယ်”ကျွန်မသည် ခိုင့်လက်ကို ဆုပ်ကိုင်ရင်း အားပေးစကား ပြောလိုက်ပါသည်။

ဆေးရုံတွင် တာဝန်ကျသော ဆရာဝန်နှင့် ဆရာမတို့မှာလည်း ကျွန်မ အသိအကျွမ်းချည်းဖြစ်၍ ခိုင့်ကို ဂရုစိုက်ကြရန် အားလုံးကို မှာထားရသည်။ ဝေဒနာ ခံစားနေရသော ခိုင့်ကို ကြည့်ရင်း ကျွန်မမှာ ကိုယ်တိုင် ခံစားနေရသလို မောနေသည်။ရင်းနှီးသော ဆရာမလေးတစ်ယောက်က ကျွန်မ ပျာလောင်ခတ်နေသည်ကို ကြည့်ကာ မှတ်ချက်ချပါသည်။“ကာယကံရှင်က တော်တော်ရယ်၊ တို့ဆရာမ အပျိုကြီးကတော့ ရုပ်ပျက်နေပြီ”“သူ့ယောက်ျား မလာဘူးလား”ဆရာမလေးတစ်ယောက်က အမှတ်မထင် လှမ်းမေးလိုက်သည်။ ခိုင် ကြားသွားပြီး အားငယ်မည်ကို စိုးရိမ်လိုက်မိသည်။“ရှေ့တန်း ရောက်နေတယ်၊ အကြောင်းကြားလိုက်မှာပေါ့”“စစ်သားမယား ဖြစ်ရတာများ အဲဒါတွေ တို့ မကြိုက်တာ၊ ဒီမှာ မိန်းမက နင်လားငါလား မီးဖွားနေ၊ ဟိုမှာက ရှေ့တန်းမှာ နင်လားငါလား စစ်တိုက်နေ”“အို … ဆရာမကလည်းကွယ်”အလိုက်မသိစွာ အားရပါးရ ပြောနေသော ဆရာမကို မျက်စိမျက်နှာပျက်နှင့် ကျွန်မ လှမ်းတားလိုက်ပါသည်။ ဆရာမလေးကမူ သူ့စကား မှားသွားကြောင်း သိမှ သိရဲ့လား မသိ။

သူတို့မှာတော့ မီးဖွားခြင်းကိစ္စသည် ထမင်းစားရေသောက်နှယ် နေ့စဉ် ဆုံနေကြုံနေရ၍ အရေးတကြီး ထားဟန်မတူ။ လွတ်လပ်ပေါ့ပါးစွာ ရယ်နိုင်ကြသည်။ ပြောဆိုနိုင်ကြသည်။ အော်ဟစ်ငေါက်ငမ်းနိုင်ကြသည်။ ကာယကံရှင်များအဖို့မူ သေတွင်းနီးသော ‘မိန်းမမီးနေ’ ကိစ္စမှာ အန္တရာယ်ကြီးတစ်ခုကို ကူးရဖြတ်ရခြင်းပင် မဟုတ်ပါလား။“သမီးလေး … ခိုင်၊ ခိုင် လိုချင်တဲ့ သမီးဦးလေး”နွမ်းလျမောပန်းနေသော်လည်း ခိုင့်မျက်နှာမှာ ရွှင်လန်းတက်ကြွနေပါသည်။ သူသည် ကျေနပ်စွာ ပြုံးကာ သူ့လက်ကို ဆုပ်ကိုင်ထားသော ကျွန်မလက်ကို ခပ်တင်းတင်း ပြန်လည်ဆုပ်ကိုင်လိုက်သည်။“ဟောဒီမှာ … မမခိုင် သမီး၊ ဖြူဖြူဝဝ ချစ်စရာကြီး”ဆရာမလေးက ခြေနှစ်ဖက်ကို စုကိုင်ကာ မြှောက်ပြလိုက်သည်။ စောစောက မောသမျှ ပန်းသမျှ သမီးကို မြင်လိုက်လျှင်ပင် ခိုင်တစ်ယောက် အမောပြေလေပါပြီ။ ခိုင်သည် ပီတိလွှမ်းသော မျက်လုံးများဖြင့်ကြည့်ရင်း ကျွန်မကို လှမ်းပြောလိုက်ပါသည်။

“မောင့်ကို အကြောင်းကြားပေးဦးနော် … ယု”“စိတ်ချပါ ခိုင်ရယ်၊ မိုးလင်းတာနဲ့ သူ့တပ်ရင်းကို သွားပြောခိုင်းလိုက်မယ်။ သူလည်း ဒီတစ်ရက် နှစ်ရက်အတွင်း ရောက်မယ်လို့ သတင်းကြားတယ် မဟုတ်လား၊ မကြာခင် သူ ရောက်လာမှာ အမှန်ပဲ”ကျွန်မ မိုးလင်းမှ ဆေးရုံက ပြန်ခဲ့သည်။ အိမ်ရောက်လျှင်ပင် အိမ်နီးချင်း တပည့်လေးကို ခေါ်ကာ ကိုအောင်ဆွေ့တပ်ရင်း ရှိရာသို့ သတင်းပို့လိုက်ပါသည်။“သူ့အဒေါ်ကိုလည်း ပြောပြလိုက်ဖို့ ကောင်းတယ် သမီး”အမေက လူကြီးပီပီ သတိပေးလိုက်သည်။ ကျွန်မအတန်းထဲတွင် ရှိသော ဒေါ်ဒေါ်ခင့်သမီးများမှတစ်ဆင့် သတင်းပေးလိုက်ပါသည်။ ခိုင့်ကိုမူ အသိမပေးဘဲ ထားလိုက်ပါသည်။

သူ သိလျှင် ဘာပြောဦးမည် မသိ။ တစ်ညနေ သူနှင့်ကျွန်မ လမ်းလျှောက်ရင်း ဒေါ်ဒေါ်ခင်နှင့် လမ်းမှာ ဆုံသည်။ ဒေါ်ဒေါ်ခင်သည် ခြေမကိုင်မိ လက်မကိုင်မိနှင့် ပြောပါသည်။“တူမလေးပါလား၊ နေကောင်းရဲ့လားဟင်။ ယုတို့အိမ် ရောက်နေတယ်လို့ သတင်းတော့ ကြားသား၊ တွေ့ရတာ ဝမ်းသာလိုက်တာ။ ဒေါ်ဒေါ်တို့အိမ်လည်း ဝင်ထွက်မှပေါ့ကွယ်၊ ဘယ်သူက ဘာပြောပြော ကိုယ့်အဒေါ်ကတော့ ဘယ်မှာ ကရုဏာပျက်မလဲ”“ဟုတ်ကဲ့”ခိုင်က စိတ်မပါသလို ဖြေသည်။ မျက်နှာက အေးစက်စက်။“ဒါထက် ငါ့တူမလေးက ဒီလာနေတော့ ဟိုယောက်ျားလုပ်တဲ့ သူကကော၊ အင်း … ကိုယ့်တူကိုလည်း မမြင်ဖူးသေးပါဘူး၊ သူက ဘယ်သွားလို့လဲ”“ရှေ့တန်း”“အို … ရှေ့တန်း သွားနေလို့လား၊ ဒါနဲ့များကွယ် သူများအိမ် နေရသလား၊ ကိုယ့်အဒေါ်အိမ် လာနေရောပေါ့။

မမကလည်း စိတ်ဆိုးတုန်း ခဏပါ … ၊ ဒေါ်ဒေါ်ပြောရင် ရပါတယ်”“သူများအိမ်မှာ နေတာ မဟုတ်ပါဘူး၊ ယုတို့ အိမ်မှာ နေတာ၊ ယုအမေက ခိုင့်အမေပဲ”ခိုင်က ခပ်ပြတ်ပြတ်ပင် ပြောလိုက်၍ ဒေါ်ဒေါ်ခင် မျက်နှာပျက်သွားသည်။ ချက်ချင်းပင် မျက်နှာကို ပြင်၍ ပြုံးလိုက်ကာ …“ကောင်းပါတယ်၊ ကောင်းပါတယ်၊ တူမလေး စိတ်ချမ်းသာရင် ပြီးတာပါပဲ။ ယုတို့ ဆိုတာကလည်း တခြားလူတွေမှ မဟုတ်ဘဲ၊ ဟုတ်တာပေါ့”“သွားပါဦးမယ် ဒေါ်ဒေါ်”ကျွန်မ စကားများ လွန်မည် စိုးရိမ်၍ ခိုင့်လက်ကို တင်းတင်း ဆောင့်ဆွဲထားလိုက်ကာ နှုတ်ဆက်၍ ခွဲပစ်လိုက်ရသည်။ လမ်းတွင် ခိုင်က နှုတ်ခမ်းကို မဲ့ကာရွဲ့ကာ ပြောလိုက်သည်။“ဒေါ်ဒေါ်ခင်တို့တော့ ရန်ကုန် တစ်ခေါက် သွားစရာ စကားရသွားပြီ”“ဒါ မကောင်းဘူးလား၊ အဆက်အသွယ်မပြတ်တဲ့ သဘောပေါ့”“ယုက ဘာနားလည်လို့လဲ၊ တို့ရှေ့မှာ ပြုံးပြီး ပြောတဲ့ သူ့မျက်နှာဟာ ဟိုရောက်တော့ ပြောင်းပြန်ဖြစ်ပြီး ဘာတွေ အပိုအလို လုပ်ပြောဦးမယ် ထင်သလဲ။

ဒေါ်ဒေါ်ခင့်စကားများ အနည်းလို အများစားခြေ၊ အများလို အနည်းစားခြေ ဆိုသလို ကြိုက်သလို လုပ်လို့ရတာမျိုး”ယခုလည်း ခိုင့်သတင်းတစ်ခုတော့ ဒေါ်ဒေါ်ခင့်အဖို့ ပြောစရာ ရသွားပါလိမ့်မည်။ ကျွန်မ အကြာင်းကြားသော်လည်း သူ မလာပါ။ လူချင်း တွေ့မှ ရွှန်းရွှန်းဝေအောင် ပြောဦးမည် ထင်ပါရဲ့။ တကယ်တော့ သည်အချိန်မှာ လင်သားနှင့် တကွဲတပြား ဖြစ်နေသော တူမငယ်ကို မိုက်သည်ပဲ သဘောထားဦး၊ သည်မြို့မှာ ဆွေမျိုးရင်းချာ ဆို၍ တစ်ယောက်တည်း ရှိတော့သည့် အဒေါ်က အရေးတယူ မေးမြန်းအားပေးဖို့တော့ ကောင်းပါသည်။“သူ့ယောက်ျားလည်း အနားမှာ မရှိတော့ သိပ်အားငယ်နေတယ် အစ်ကို၊ အစ်ကို အားရင် လိုက်လာဖို့ ကောင်းပါတယ်”ကျွန်မက အစ်ကို့ဆီကို စာရေးလိုက်ပါသည်။ နောက်တစ်နေ့မှာပင် အစ်ကို ရောက်လာသည်။

ကျွန်မတို့နှစ်ယောက် ဆေးရုံကို အတူတူလာခဲ့ကြသောအခါ ခိုင်က အံ့အားသင့်နေသည်။ ဖျော့တော့နေသော သူ့မျက်နှာမှာ အားတက်လာသော အရိပ်အယောင်များ သိသိသာသာ မြင်လိုက်ရပါသည်။“မေမေ နေကောင်းလား အစ်ကို”ခရီးရောက်မဆိုက် မေးလိုက်သော ခိုင့်စကားကြောင့် အစ်ကိုက အံ့အားသင့်သွားသည်။ ကျွန်မလည်း အံ့ဩသွားပါသည်။ တစ်ချိန်တည်းမှာပင် ခိုင်တစ်ယောက် သူ့မိခင်ကို ဘာကြောင့် တမ်းတမ်းတတဖြစ်လာသည်ကို ကျွန်မ တွေးကြည့်လိုက်မိပါသည်။ လွန်ခဲ့သော ညတစ်ညက သူနှင့်ကျွန်မ စကားပြောရင်း အဇာတသတ်မင်းသားအကြောင်း ရောက်သွားသည်ကို သတိရလိုက်မိသည်။ သူလည်း သမီးတစ်ယောက်အမေ ဖြစ်လာပြီကိုး။“သမီးလေးကို ကြည့်ပါဦး အစ်ကို၊ ပါးစုန့်ကြီးတွေကို ဖောင်းနေတာပဲ၊ အားကြီး အစားပုတ်မယ့်ကလေး ထင်တယ်”ကျွန်မက ကလေးကို ချီပိုးကာ အစ်ကို့ကို ပြလိုက်သည်။ အစ်ကိုက လှမ်းယူချီလိုက်ပါသည်။

ကလေးကို မကိုင်တတ် မတွယ်တတ်ဖြစ်နေသော အစ်ကို့ကို ကြည့်ကာ ခိုင်က ပြုံးစေ့စေ့နှင့် ဆိုလိုက်သည်။“အခုလောက်ဆို ကိုကို ကလေး ချီတတ်ဖို့ ကောင်းပြီ”အစ်ကိုက ပြုံးစိစိနှင့် ကျွန်မကို လှမ်းကြည့်လိုက်သည်။ ကျွန်မက မျက်နှာမထားတတ်အောင် ရှက်သွားကာ ခိုင့်လက်မောင်းကို လှမ်းပုတ်လိုက်မိသည်။“သူ့မှာဖြင့် ရှက်တတ်လိုက်တာ လွန်ပါရော”“တော်စမ်းပါ … ကဲ … သမီးကို နာမည် ဘယ်လိုမှည့်မှာလဲ၊ နေ့သင့်နံသင့် မှည့်မှာလား၊ အင်း … စနေ ဆိုတော့ တထဒဓနနဲ့ မှည့်ရမှာပေါ့”“ယုသဘောလေ၊ ယု တူမကို ယု ကြိုက်တဲ့နာမည် မှည့်ပေါ့၊ တို့ကတော့ မှည့်ထားပြီးပြီပဲ”“တာရာလား … ကောင်းသားပဲ၊ ယုလည်း ကြိုက်ပါတယ်။ နေ့သင့်နံသင့်လည်း ကျသားပဲ၊ ကောင်းပါတယ်နော် အစ်ကို”ကျွန်မက အစ်ကို့ကို ဆွယ်လိုက်ပါသည်။

အစ်ကိုက ပြုံးစေ့စေ့နှင့် ခေါင်းညိတ် ထောက်ခံသည်။ အစ်ကို့မျက်နှာက ဘယ်လိုဖြစ်နေတာလဲ။ တစ်ချိန်လုံး ပြုံးစေ့စေ့နှင့် ဘာများ သဘောကျနေသည် မသိ။မိုးစုပ်စုပ်ချုပ်မှ ကျွန်မတို့ ပြန်ခဲ့ကြသည်။ဆေးရုံဝင်းမှ အထွက်တွင် အစ်ကိုက ကျွန်မလက်ကို လှမ်းဆုပ်ကိုင်လိုက်သည်။ ကျွန်မက အထိတ်တလန့် လှမ်းမော်ကြည့်လိုက်သောအခါတွင် ပြုံးနေသော အစ်ကို့မျက်လုံးများကို ရင်ဆိုင်လိုက်ရသည်။ အစ်ကိုသည် ရွှန်းရွှန်းမြမြနှင့် ကျွန်မကို စိုက်ကြည့်နေရာမှ တိုးတိုးညင်းညင်း ပြောလိုက်ပါသည်။“အစ်ကိုတို့လည်း သမီလေး လိုချင်တယ်”“အို … ”“ဟုတ်တယ် … ယုရယ် … အစ်ကိုလည်း သားနဲ့ သမီးနဲ့ ကိုယ့်ချစ်သူနဲ့ အတူနေချင်ပြီကွယ်။ အစ်ကိုတို့ လက်ထပ်ကြစို့နော်”ကျွန်မရင်မှာ သိမ့်ခနဲ လှုပ်ရှားသွားပါသည်။ ကျွန်မ ကိုယ်မှာ ရှိန်းရှိန်းမြမြ ဖြစ်လာပါသည်။

ကျွန်မတို့လက်ထပ်ရေးနှင့် ပတ်သက်၍ အစ်ကို့ထံမှ လှိုက်လှိုက်လှဲလှဲ တောင်းဆိုသေ စကားကို ပထမဦးဆုံး ကြားလိုက်ရခြင်းဖြစ်ပါ၏။ ငိုချင်လျက် လက်တို့ဟု ဆိုချင်ဆိုပါရော့။ ကျွန်မလည်း ပုထုဇဉ်လူသား မဟုတ်ပါလား။ သူများနည်းတူ ကိုယ့်ချစ်သူနှင့်အတူ ချစ်ရမည့် သားသမီးတို့နှင့် သိုက်သိုက်ဝန်းဝန်း ပျော်ချင်ပါပြီ။ကျွန်မသည် အစ်ကို့လက်ကို ခပ်တင်းတင်း ပြန်ဆုပ်လိုက်ခြင်းဖြင့် ကျွန်မရင်ထဲမှ အဖြေကို ပေးလိုက်ပါသည်။***ကျောင်းကိုသာ လာခဲ့ရသော်လည်း ကျွန်မ နည်းနည်းမှ စိတ်မဖြောင့်။ မနက်က ကျောင်းမလာမီ ခိုင့်ဆီ ကျွန်မ ဝင်ခဲ့သေးသည်။ ယခု တစ်ရက်၊ နှစ်ရက်အတွင်း ခိုင် ကောင်းကောင်း နေမကောင်း။ သည်နေ့ သွေးဆင်းများ၍ အဖျားဝင်နေသည့်အတွက် ကျွန်မ စိတ်ပူမိသည်။ ဆရာဝန်ကတော့ မစိုးရိမ်ပါနှင့်ဟု ဆိုသည်။

ခိုင့်မျက်နှာ ဖျော့တော့နေသည် ထင်ကာ ကျွန်မ အားမရ။ အမေကိုယ်တိုင် ထမင်းပို့ သွားရင်း စောင့်နေမည်ကိုပင် စိတ်မချ။ဒုတိယပိုင်း ကျောင်းတက်ပြီးအချိန်တွင် ကိုအောင်ဆွေတပ်မှ သူ့တပည့်လေးတစ်ယောက် ကျွန်မကို လိုက်ရှာနေ၍ အမောတကောနှင့် အထိတ်တလန့် မေးလိုက်မိသည်။“ကိုအောင်ဆွေ … ကိုအောင်ဆွေကော ဟင်”“ဗိုလ်ကြီး ဆေးရုံရောက်နေပြီ ဆရာမ”“ဆေးရုံမှာ ဘာ … ဘာဖြစ်လို့လဲ ဟင်”“မမခိုင်ဆီ ဝင်နေတာပါ ခင်ဗျာ၊ မမခိုင် အခြေအနေ သိပ်မကောင်းလို့ ဆရာမကို အခေါ်ခိုင်းလိုက်ပါတယ်”“ဟင် …”ကျွန်မ ခေါင်းမှာ အဆမတန်ကြီးသွားသည်။ ဆရာကြီး ရုံးခန်းကို ဘယ်ပုံ ခြေလှမ်းခဲ့မိသည်မသိ။ ခွင့်တိုင်ပြီး လာခေါ်သူရှေ့က အပြေးအလွှား ထွက်ခဲ့သည်။ဆေးရုံပေါ်တွင် ခိုင့်ကို သွေးပုလင်းတန်းလန်းနှင့် တွေ့လိုက်ရသည်။

ခိုင့်မျက်နှာမှာ သွေးမရှိတော့သည့်အလား ဖြူဖျော့နေပါသည်။ ခိုင့်ခေါင်းရင်းတွင် စစ်ဝတ်စုံ အပြည့်အစုံနှင့် စိုးရိမ်ကြီးစွာ စောင့်ကြည့်နေသော ကိုအောင်ဆွေ။ သူ့အဝတ်အစားများမှာ ဖိုသီဖတ်သီ ဖြစ်၍ ခရီးရောက်မဆိုက် ဆေးရုံသို့ တန်းလာခဲ့ဟန် တူပါသည်။“ဘယ်လိုဖြစ်တာလဲ”ကျွန်မက အမေ့နားကပ်ကာ မေးလိုက်ပါသည်။ အမေ့မျက်နှာမှာ သိသိသာသာ ပျက်နေသည်။“သွေးဆင်းတာ အလွန်ပဲ““သတိရရဲ့လား”“မှိန်းနေတယ်”“ကြာပြီလား”“နေ့လယ်က စတာပဲ”“ကိုအောင်ဆွေ လာတာ သိသလားဟင်”“သိတယ်၊ ရောက်လာမှ အခြေအနေ ဆိုးလာတာ”အခြေအနေမှာ အကောင်းဘက်သို့ ရောက်မလာပါ။ ခိုင့်မျက်နှာမှာ ဖြူလျော်သည်ထက် ဖြူလျော်လာသည်။ ခိုင့်ရင်မှာလည်း နိမ့်တုန် မြင့်တုန်နှင့် မောနေသည်။ စကားသံမှာ နှေးကွေး၍ လေးလာသည်။

ကိုအောင်ဆွေသည် ခိုင့်လက်ကို မလွတ်တမ်း ဆုပ်ကိုင်ထားရင်း ခိုင့်မျက်နှာကို မျက်ခြည်မပြတ် စိုက်ကြည့်နေသည်။ မှိန်းနေရာမှ ခိုင် လူးလွန့်လာသည်။ မသဲကွဲသော ခေါ်သံကို ကိုအောင်ဆွေက နား ကပ်ထောင်ရသည်။“ဟင် … ဟင် … ”“မောင် ရှိတယ်လေ ခိုင်၊ ခိုင့်အနားမှာ မောင် ရှိတယ်”“သမီး … ”“သမီးလေးလည်း ရှိတယ် ခိုင်၊ ဘာမှ စိတ်မပူနဲ့၊ ခိုင် မကြာခင် နေကောင်းသွားမယ် နော်”“သမီးလေးကို ပစ်မထားပါနဲ့ နော်”အားယူ၍ ရှည်ရှည်လျားလျား ပြောလိုက်ပြီး မောနေသော ခိုင့်ကို ကြည့်ကာ ကျွန်မရင်ထဲမှာ ဆို့နင့်လာ၍ မျက်ရည်တွေတွေ ကျလာပါသည်။ မရှိုက်မိစေရန် အနိုင်နိုင် ကြိုးစားနေရသည်။ အမေသည် မျက်စိကို မှိတ်ကာ နှုတ်မှ တလှုပ်လှုပ်နှင့် ရွတ်ဆို ဆုတောင်းနေသည်။ခိုင်သည် အတန်ကြာအောင် မောနေရာမှ တစ်ချက်တစ်ချက် သတိလစ်သွားသည်။

သတိရလာသည်နှင့် သမီး ဆိုသော စကားလုံးကို ရွတ်လိုက်သည်။ အချိန်သည် ညနေစောင်းနေခဲ့ပါပြီ။ ဝင်တော့မည့် နေရောင်သည် တစ်စုံတစ်ခု အရိပ်ထိုးနေသလို မှိန်ဖျော့နေပါသည်။ နောက်တစ်ကြိမ် ခိုင် သတိလစ်သွားပြန်သည်။ မျှော်လင့်ကြီးစွာ ကျွန်မတို့ စောင့်နေကြသော်လည်း ခိုင် သတိပြန်လည်မလာတော့ပါ။ အံ့ဩခြင်း၊ ကြေကွဲခြင်း၊ တုန်လှုပ်ခြင်းတို့နှင့်အတူ ကျွန်မရင်မှာ ဆို့တက်လာပါသည်။ ကျွန်မ ဘာကိုမှ သဲသဲကွဲကွဲ မမြင်တော့ဘဲ တစ်ခုခု အော်ပစ်လိုက်မိပါသည်။“ဖြစ်ရလေ သမီးရယ်“အမေသည် မျက်ရည်တွေတွေကျရင်း ရင်ထုမနာ ပြောသည်။ ကိုအောင်ဆွေက ခိုင့်လက်ကို မလွှတ်သေးဘဲ ခိုင့်နာမည်ကို တတွတ်တွတ် ခေါ်နေသည်။

မလှုပ်မယှက် ငြိမ်သက်သွားသော ခိုင့်ကိုယ်လေးကို ကိုင်လှုပ်နေသည်။ သူသည် အားမလိုအားမရ တောက်တစ်ချက်ကို ပြင်းစွာ ခေါက်လိုက်သည်။“ဖြစ်ရလေ ခိုင်ရယ်၊ မောင့်အလာကို တမင်များ စောင့်နေတာလား ဟင်၊ ခိုင် မျက်နှာမြင်နေတုန်း ကျွန်တော်များ တိုက်ပွဲမှာ တစ်ခုခု ဖြစ်သွားမလားလို့ ပူလိုက်ရတာ၊ ဖြစ်တော့ သူက၊ ကျွန်တော် ဘယ်လို ယုံရမှာလဲ အမေရယ်၊ ကျွန်တော် အိပ်မက် မက်နေတာများလား ဟင်”တကယ်ပဲ အိပ်မက် ဖြစ်လိုက်ပါတော့။ ယောက်ယက်ခတ် မက်တတ်သော ဆောင်းတွင်းအိပ်မက်ပဲ ဖြစ်လိုက်ပါတော့။ သို့မဟုတ် ခိုင်တစ်ယောက် ခေတ္တအိပ်ပျော်ခြင်းသာ ဖြစ်လိုက်ပါတော့။သို့သော် ကျွန်မဆန္ဒကို သည်လိုနေရာမျိုးတွင် ဘယ်တန်ခိုးတော်ရှင်က ဖြည့်စွမ်းပေးနိုင်ပါမည်နည်း။“သမီး … သမီး ဆိုတာ ဘယ်မှာလဲဗျာ၊ ကျွန်တော့်သမီးကိုတောင် မမြင်ဖူးသေးပါဘူးဗျာ”ကွဲအက်တုန်လှုပ်စွာ ပြောလိုက်သော ကိုအောင်ဆွေ့ စကားကြောင့် အားလုံးပင် ရင်ထုမနာ ဖြစ်ရပါသည်။

အပိုင်း(၄)ဆက်ရန်

ခင်လှိုင်ကြူ ငွေတာရီမဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၁၉၇၃ခုနှစ်။

Likes:
0 0
Views:
457
Article Tags:

Leave a Reply

Your email address will not be published. Required fields are marked *