တောင်ဥက္ကလာပမြို့နယ် မြောက်ဥက္ကလာပမြို့နယ် သာကေတ တည်ထောင်ခဲ့သူ ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးကြီး ဇေယျကျော်ထင် သီရိ

တောင်ဥက္ကလာပမြို့နယ်မြောက်ဥက္ကလာပမြို့နယ် သာကေတ တည်ထောင်ခဲ့သူ ရန်ကုန် မြို့တော်ဝန်ဗိုလ်မှူးကြီး ဇေယျကျော်ထင် သီရိပျံချီ စည်သူထွန်းစိန်ဗိုလ်မှူးကြီးထွန်းစိန်ကို ၁၉၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် စစ်ကိုင်းမြို့၌ဖွားမြင်ခဲ့သည်။မိဘများမှာစစ်ကိုင်းအစိုးရတန်းမြင့် ကျောင်းဆရာဦးကြူးနှင့်ပညာအုပ်ဒေါ်မိမိတို့ ဖြစ်သည်။

မွေးချင်း ၅ ဦးအနက် အငယ်ဆုံးဖြစ်သည်။ အကိုအကြီးဆုံးမှာ အမေရိကန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး( ငြိမ်း)ဦးအုန်းစိန်ဖြစ်သည်။မောင်ထွန်းစိန်သည် ၁၉၃၈ ခုနှစ်တွင်စစ်ကိုင်း အစိုးရတန်းမြင့်ကျောင်းမှ ၁၀ တန်းအောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်၌တက်ရောက်သင်ကြားရာတွင် စစ်ကိုင်ဆောင်၌ကျောင်းအိပ် ကျောင်းစားနေခဲ့သည် ။

ဘွဲ့ရပြီးနောက် ၂၉၄၄ ခုနှစ်၊ ဇွန်လမှ စ၍ဗမာ့ကာကွယ်ရေး တပ်မတော်၊ ဗမာ့မျိုးချစ် တပ်မတော်တို့တွင် စစ်မှုထမ်းဆောင်ခဲ့သည်။ ယင်းနောက်ပိုင်း ဗိုလ်ကြီး မှသည် ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်စဥ် တရုပ်ဖြူ စစ်ဆင်ရေးများ အနက် တိုက်ပွဲအပြင်းထန်ဆုံး တိုက်ခိုက်ခဲ့ရသည့် မဲခေါင်စစ်ဆင်ရေးတွင် တပ်မဟာ ၉ တပ်မင်းကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၅၈ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦး​ဆောင်သော အိမ်စောင့်အစိုးရ လက်ထက်တွင် ရန်ကုန်မြို့တော်ဝန်နှင့် မြူနီစပယ်မင်းကြီး အဖြစ်တာဝန် ထမ်းဆောင်ရပြန်သည်။

ဗိုလ်မှူးကြီးထွန်းစိန်သည် မြို့တော်ဝန်ဖြစ်သည်နှင့် လပိုင်းမှာပင် ရန်ကုန်အရှေ့ပိုင်း ငမိုးရိပ်ချောင်း ဝဲယာနှစ်ဖက်၌ မြောက်ဥက္ကလာ ၊ တောင်ဥက္ကလာ၊ သာကေတမြို့သုံးမြို့ကိုတည်ဆောက်ခဲ့သည်။ မြို့သစ်အသီးသီးတွင် မြို့အင်္ဂါရပ်နှင့်အညီ ရပ်ကွက်များ၊ လမ်းများ၊ ရေနုတ်မြောင်းများ၊ ရေပိုက်လိုင်းလျှပ်စစ်မီး၊ စျေး၊ ကျောင်း၊ ဆေးရုံ၊ ရုပ်ရှင်ရုံ များပါဝင်ကာ စနစ်တကျ တည်ဆောက်ပေးခဲ့သည်။

မြို့သစ်တည်ဆောက်ရင်းမှာပင် ရန်ကုန်မြို့တော်တစ်ခွင်ရှိ ကျူးကျော်ကွက်သစ်ပေါင်း ၄၀ ကျော်မှ ကျူးကျော်အိမ်ပေါင်း ၂၀,၀၀၀ ကျော်ကို တစ်ပိုင်းချင်း ဖျက်သိမ်းစေကာ မြို့သစ်များသို့ ပြောင်းရွှေ့စေခဲ့သည်။ သို့ဖြင့် ယခင်ကနေရာအတည်တကျမရှိဘဲ ကျူးကျော်နေထိုင်သူများသည် မြို့သစ်အသီးသီး၌ မြေပိုင်ရာပိုင်ဖြင့် အတည်တကျ နေနိုင်ခဲ့ကြလေသည်။

ဤသို့ ကျူးကျော်ရပ်ကွက်များ ဖျက်သိမ်း ရွှေ့ပြောင်းခံရ၍ အစပိုင်းတွင် ဗိုလ်မှူးကြီးထွန်းစိန်အား ဆဲဆိုသူ၊ သတ်လိုသူများ ရှိကြသည်။ သို့သော် သူသည် သူလုပ်စရာ ရှိသည်များကို အကြောက်အရွံ့မရှိ လုပ်ဆောင်ခဲ့သည်။ သူပြောနေကျစကားတစ်ခွန်းမှာ ”

တစ်ချိန်ကျရင်ခင်ဗျားတို့ကျွန်တော့ကိုကျေးဇူးတင်မှာပါ ”

ဟု ပြောင်းရွှေ့လာသူများကို ပြောခဲ့သည်။ထို့ပြင် ” မြို့တော်ကို ချွေးနှင့်ဆေးမည် ”ဟူသော ကြွေးကြော်သံဖြင့် ရန်ကုန်မြို့တော်တစ်ခွင်မှ ဆယ်နှစ်ဆယ်မိုး မသိမ်းဆည်းနိုင်ခဲ့သော အမှိုက်ပုံများကို တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များဖြင့် ၆ လအတွင်း အပြီးသိမ်းဆည်းပေးနိုင်ခဲ့သည်။

နိုင်ငံရေးသမားများ ကိုယ့်ကျိုးရှာ နေရာချပေးထားသော လမ်းဘေးစျေးဆိုင်တန်းများကို ဖျက်သိမ်းပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမ ဗိုလ်ချုပ်စျေးအနီးမြေကွက်လပ်ကို လဟာပြင်စျေး အဖြစ်တည်ဆောက်ကာ ပြောင်းရွှေ့စေခဲ့သည်။

ရန်ကုန်မြို့လည်ခေါင်၌ အမြင်မတင့်တယ် ကိုလိုနီအမွေဆိုးအဖြစ် ကျန်ရစ်နေပြီး ”ဆူးလေခလုတ်တိုင်” ဟုအမည်ရအာမေးနီးယံ ခရစ်ယန်ဂူ သင်္ချိုင်းကိုဖယ်ရှားခဲ့သည်။ပျက်ဆီးနေသောလမ်းဘေးပလက်ဖောင်းများကို ပြုပြင်ပြီးကျောက်ပြားများအစီအရီခင်းပေးသည်။

ပြည်လမ်းနှင့် ကျဥ်းမြောင်းနေသော လမ်းမကြီးများကို တိုးချဲ့ပြုပြင်ခဲ့သည်။ ဆူးလေဘုရားလမ်းထောင့်၌ မြေအောက်အိမ်သာ ဆောက်လုပ်ပေးပြီး အများသုံး အိမ်သာများကို ပြုပြင်ပေးသည်။ စည်းကမ်းမဲ့ ပြေးဆွဲနေသော လိုင်းကား၊ ဆိုက်ကားများကို စနစ်တကျ ပြေးဆွဲစေသည်။ မြို့အင်္ဂါရပ်နှင့် မလျှော်ညီတော့သည့် မြင်းလှည်းများကို ဖျက်သိမ်းပြီး ဒတ်ဆန်းကားဖြင့် အစားထိုး ပြေးဆွဲစေသည်။

ဤသို့ဖြင့် ယခင်ညစ်ပတ်စုတ်ချာလျှက်ရှိသော ရန်ကုန်မြို့တော် အစိတ်အပိုင်း အချို့ကို မြို့အင်္ဂါရပ်နှင့် ညီညွတ်သောမြို့တော်ကြီး အဖြစ်သို့ အိမ်စောင့်အစိုးရ၏ သက်တမ်း ၇ လအတွင်း ပြောင်းလဲသွားနိုင်စေခြင်းမှာ မြို့တော်ဝန် ဗိုလ်မှူးကြီးထွန်းစိန်၏ နေ့မအား ညမအားကိုယ်တိုင်ကိုယ်ကျ ကြိုးပမ်းနိုင်မှုကြောင့်တည်း။

အိမ်စောင့်အစိုးရက ၁၉၆၀ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရရှိသော ဦးနုအစိုးရအား ၁၉၆၀ ခုနှစ်၊ မတ်လတွင် အာဏာပြန်လည်အပ်နှံပေးပြီးနောက် ၁၉၆၁ ခုနှစ်၊ ဧပြီလတွင် ဗိုလ်မှူးကြီးထွန်းစိန်ကို ဂျပန်နိုင်ငံသို့ စစ်သံမှူးကြီးအဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေခဲ့သည် ။

ဤသို့ စစ်ဖက်၊ အရပ်ဖက်၌ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော်မှ ၁၉၅၀ ခုနှစ်တွင် ဇေယျကျော်ထင်ဘွဲ့၊၁၉၅၄ ခုနှစ်တွင် သီရိပျံချီဘွဲ့၊ ၁၉၆၁ခုနှစ်တွင် စည်သူဘွဲ့ ရရှိပြီး လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ချီးမြှင့် ခံရသည်။

ဗိုလ်မှူးကြီးစည်သူထွန်းစိန်သည် ဂျပန်ပြည်၊ တိုကျိုမြို့ မြန်မာသံရုံးတွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်စဥ် အသက် ၄၃ နှစ် အရွယ်၌ အစာအိမ်ရောဂါ ဖြစ်ပွား၍ တိုကျိုမြို့ သတ္တမဥပုသ်အသင်းဆေးရုံတွင် ခွဲစိပ်ကုသခဲ့ရသည်။

ကုသမှုအောင်မြင်ခဲ့သော်လည်း နှလုံးအားနည်းမှုကြောင့် ၁၉၆၄ ခုနှစ်၊ ဇွန်လ၊၂၃ ရက် အင်္ဂါနေ့တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရရှာသည်။၎င်းကွယ်လွန်ချိန်တွင် ဇနီးဒေါ်သောင်းသောင်းနှင့် ၁၅ နှစ်အရွယ်ရှိတစ်ဦးတည်းသောသမီး မဥမ္မာစိန်တို့ကျန်ရစ်ခဲ့သည်။ရုပ်ကလပ်ကိုမြန်မာပြည်သို့ ပြန်လည်သယ်ဆောင် သင်္ဂြိုဟ်ခဲ့သည် ။

ကိုးကား — ၂၅၊ ၆၊ ၁၉၆၄ ရက်နေ့ထုတ် လုပ်သား ပြည်သူ့နေ့စဥ်သတင်းစာ- သမီးဒေါ်ဥမ္မာစိန်နှင့် တွေ့ဆုံမေးမြန်းမှု- သာကေတမြို့နယ်၊စာရေးဆရာအသင်း မှ ထုတ်ဝေသော နှစ် ၆၀ ပြည့် အထိမ်း အမှတ် ကျွန်းမြသာမော်ကွန်း မဂ္ဂဇင်း အမှတ် ( ၇ )သမိုင်းအထောက်အထား တစ်ခုအဖြစ် တင်ပြခြင်းသာ ဖြစ်ပါတယ်။

မှားတယ် မှန်တယ် ကိုယ့်ဦးနှောက်နဲ့ကို စဥ်းစား ဆင်ခြင် သုံးသပ်ပါ။

#oldburma#Credit#ဖေသောရီ#crdဦးသက်#နော်ဂဲလယ်ထူး(စာပေပရဟိတ)

Likes:
0 0
Views:
460
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *