ငယ်စဉ်ကရန်ကင်းသားလေးဖြစ်ခဲ့တဲ့”ဗဒင်”

ငယ်စဉ်ကရန်ကင်းသားလေးဖြစ်ခဲ့တဲ့”ဗဒင်”

ယနေ့ဒီဇင်ဘာလ၂၂ရက်နေ့ဟာစတီရီယိုအဆိုတော်ဗဒင်ကွယ်လွန်ခဲ့တာနှစ်(၂၀)တိတိပြည့်မြောက်တဲ့နေ့ပါ။ဗဒင်ဟာငယ်စဉ်ကလေးဘဝကရန်ကင်းမြို့နယ်၊(၂)ရပ်ကွက်၊တိုက်-၂၇၇၊အခန်း-၁၂မှာနေထိုင်ခဲ့ပြီးအ.မ.က(၁၂)ရန်ကင်းမူလတန်းကျောင်းတွင်စတုတ္ထတန်းထိပညာသင်ကြားခဲ့ပါတယ်။ပဉ္စမတန်းရောက်မှအဘိုးအဘွားတွေရှိရာအင်းစိန်သို့ပြောင်းပြီးအလယ်တန်းပညာကိုအ.လ.က(၂)အင်းစိန်၊အထက်တန်းပညာကိုအ.ထ.က(၂)အင်းစိန်တို့တွင်သင်ကြားခဲ့ပြီးဆယ်တန်းအောင်မြင်ခဲ့ပါတယ်။

ဗဒင်တို့နေခဲ့တဲ့ရန်ကင်းတိုက်-၂၇၇၊အခန်း-၁၂မှာမူလပထမဆုံးနေထိုင်ခဲ့သူကတော့မြန်မာ့လေကြောင်း(UBA)မှလေယာဉ်မှူးကြီးဂျင်မီသာဇံ(ခ)ဗိုလ်မှူးသာဇံ(တပ်မတော်-လေ)ဖြစ်ပါတယ်။ဗိုလ်မှူးသာဇံဟာဝါရင့်အာကစားကလောင်ရှင်မောင်ရဲဝင်း(ဦးထွန်းသာ)၏ယောက်ဖဖြစ်ပြီး၁၉၇၀ပြည့်နှစ်တွင်ပြည်ထောင်စုရိပ်သာသို့ပြောင်းရွှေ့သွားခဲ့ပါတယ်။လွတ်သွားတဲ့အခန်း-၁၂ကို(UBA)မှနောက်ထပ်လေယာဉ်မှူးကြီးတစ်ဦးဖြစ်သူအဲလ်ဘတ်ဒင်(ခ)ဗိုလ်မှူးညွှန့်ဒင်(တပ်မတော်-လေ)တို့မိသားစုရောက်လာကြပါတယ်။

သူတို့မိသားစုတွင်ဗိုလ်မှူးညွှန့်ဒင်၊ဇနီးဒေါ်ကြူကြူ၊သားကြီးဗဒင်(ခ)အောင်ဗဒင်၊သားငယ်အာသာကွဲ(ခ)အောင်မြတ်ဒင်၊ခွဲမရအောင်ရုပ်ချင်းဆင်လှတဲ့အမွှာသမီးလေးတွေဖြစ်ကြသောဝင့်ဝင့်(ခ)လှသွယ်ဝင့်နှင့်တင့်တင့်(ခ)မြနွယ်တင့်တို့အိမ်ထောင်စုဝင်(၆)ဦးရှိပါတယ်။၁၉၇၂ခုနှစ်တွင်အငယ်ဆုံးသမီးလေးသဲသဲ(ခ)လှယဉ်မင်းကိုရန်ကင်းမှာမွေးဖွားခဲ့လို့မိသားစုဝင်(၇)ဦးဖြစ်လာခဲ့ပါတယ်။

ဗဒင်ရဲ့ဖခင်ဗိုလ်မှူးညွှန့်ဒင်ဟာ၁၉၇၅ခုနှစ်နိုဝင်ဘာလ၂၉ရက်နေ့ကFOKKA(F-27)/XYADOလေယာဉ်ဖြင့်လေယာဉ်မှူးကြီးတာဝန်ထမ်းဆောင်နေစဉ်ကျိုင်းတုံမှဟဲဟိုးသို့ပျံသန်းလာရာဟဲဟိုးလေဆိပ်အ​ရောက်တွင်ရှေ့ဘီး(Undercarriage)ချမရ၍လေယာဉ်ပြေးလမ်းကြောင်း(Runway)ပေါ်သို့လေယာဉ်ဝမ်းဗိုက်နှင့်ရှပ်ပြီးထိန်းသိမ်းကာဆင်းသက်ခဲ့ပါတယ်။

လေယာဉ်မှူးကြီးဗိုလ်မှူးညွှန့်ဒင်၏ကျွမ်းကျင်သတိရှိမှုကြောင့်ခရီးသည်(၄၂)ဦးရောလေယာဉ်အဖွဲ့သားများပါထိခိုက်ခြင်းလုံးဝမရှိဘဲဆင်းသက်နိုင်ခဲ့ကြောင်းကို၁၉၇၅ခုနှစ်ဒီဇင်ဘာလ၂ရက်နေ့ထုတ်သတင်းစာတွင်သတင်းအဖြစ်ပါရှိခဲ့ပါတယ်။ဖခင်ဖြစ်သူ၏လေးစားဂုဏ်ယူစရာစွမ်းဆောင်ချက်ကိုသားဖြစ်သူဗဒင်အကြောင်းအမှတ်တရရေးရင်းဖော်ပြလိုက်ရပါတယ်။

(မှတ်ချက်။အသေးစိတ်ကိုသတင်းစာဖြတ်ပိုင်းဓာတ်ပုံတွင်ရှုရန်)

အဆိုတော်ဗဒင်ဟာငယ်စဉ်ကလေးဘဝကိုရန်ကင်းသားလေးပီသစွာဖြတ်သန်းခဲ့သူပါ။ရန်ကင်းသားတို့ရဲ့ကလေးဘဝစွန့်စားခန်းများထဲတွင်၂တန်း၊၃တန်းအရွယ်၌ဂျိုးဖြူပိုက်လုံးကြီးပေါ်တွင်အောက်သို့ပြုတ်မကျအောင်ခန္ဓာကိုယ်ကိုထိန်းပြီးအသည်းတယားယားနှင့်ပြေးလွှားဆော့ကစားခြင်းနှင့်၆တန်း၊၇တန်းအရွယ်၌ယခုဆီဒိုးနားဟိုတယ်ရှေ့ရှိအင်းယားကန်(ကြက်ကျွန်း)သို့မိဘများမသိအောင်သွားပြီးရေခိုးကူးခြင်းတို့ပါဝင်ပါတယ်။

ဗဒင်ဟာသူ့ထက်၅နှစ်ကျော်၆နှစ်နီးပါးကြီးတဲ့ကျွန်တော်တို့နှင့်ပေါင်းသင်းပြီးအပီကဲနိုင်၊ဆော့နိုင်တဲ့သူပါ။၁၉၇၂ခုနှစ်သူ(၈)နှစ်အရွယ်သာရှိသေးတဲ့အချိန်ရန်ကင်းမှာသူနှင့်တစ်တိုက်တည်းနေကြတဲ့(၁၃)နှစ်အရွယ်ရှိနေကြပြီဖြစ်တဲ့ကျွန်တော်တို့သူငယ်ချင်းတစ်သိုက်နှင့်အတူအင်းယားကန်မှာရေသွားခိုးကူးတဲ့အပြင်ငါးဖမ်းရာမှာလည်းပါဝင်ခဲ့ပါတယ်။အဲဒါကြောင့်ဗဒင်ဟာအကြီးတွေနှင့်အတူအမီလိုက်နိုင်တဲ့ခေသူမဟုတ်တဲ့ရန်ကင်းသားလေးတစ်ယောက်လို့ဆိုရမှာပါ။

၁၉၇၅ခုနှစ်တွင်ဗဒင်တို့မိသားစုအားလုံးအင်းစိန်သို့ပြောင်းရွှေ့သွားတာကြောင့်မဆုံဖြစ်ကြ၊မတွေ့ဖြစ်ကြတော့ပါ။ဗဒင်ဟာ၁၉၉၃ခုနှစ်တွင်သူ၏ပထမဆုံးစီးရီးဖြစ်တဲ့”နေရာ”သီချင်းစီးရီးဖြင့်ဂီတသမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီးရောင်းအားအကောင်းဆုံးစံချိန်တင်နိုင်ခဲ့ပါတယ်။သူ့ရဲ့သီချင်းတွေတစ်ပြည်လုံးအနှံ့အရမ်းပေါက်နေချိန်၁၉၉၄ခုနှစ်တွင်သူနှင့်ဆုံဖြစ်ဖို့နီးစပ်ခါနီးမှလွဲသွားခဲ့ရပါတယ်။နှစ်စဉ်နိုဝင်ဘာလ၉ရက်နေ့ရောက်တိုင်းကရင်ပြည်နယ် ဘားအံမြို့မှာ”ပြည်နယ်နေ့”အထိမ်းအမှတ်ပွဲများပြုလုပ်လေ့ရှိပါတယ်။

၁၉၉၄ခုနှစ်ပြည်နယ်နေ့ညပိုင်းStage Showတွင်ဗဒင်သီဆိုဖို့ရှိရာဘားအံရောက်နေတဲ့ကျွန်တော်နှင့်ဆုံခါနီးကျမှသူစီးနင်းလိုက်ပါလာတဲ့မော်တော်ယာဉ်မတော်တဆယာဉ်တိုက်မှုဖြစ်ပြီးထိခိုက်ဒဏ်ရာရသွားတာကြောင့်ဘားအံဆေးရုံရောက်သွားလို့မဆုံလိုက်ရပါ။အောင်မြင်နေတဲ့အဆိုတော်ဖြစ်နေချိန်၁၉၉၅ခုနှစ်တွင်ဗဒင်ဟာသူငယ်စဉ်ကနေခဲ့တဲ့ရန်ကင်းတိုက်၂၇၇မိသားစုများထံလာလည်ပါတယ်။

သူနှင့်အတူဆော့ခဲ့ကြတဲ့သူတော်တော်များများဟာတိုက်မှာမရှိကြတော့ဘဲအလုပ်အကိုင်ရှိရာနေရာဒေသအသီးသီးကိုရောက်နေကြတာမို့မဆုံဖြစ်လိုက်ကြပါ။ကျွန်တော်အမေ(အန်တီမာ)အပါအဝင်လူကြီးတချို့နှင့်ပဲဆုံတွေ့ခဲ့ရပြီးလက်ဆောင်ပစ္စည်းတွေပေးသွားခဲ့ပါတယ်။ရန်ကင်းတိုက်-၂၇၇မှာဗဒင်ရောက်နေချိန်မှာတိုက်ပတ်ဝန်းကျင်မှလူငယ်မျိုးဆက်သစ်များဝိုင်းလာပြီးနှုတ်ဆက်ကြကြောင်းကျွန်တော်မိခင်ပြန်ပြောလို့သိခဲ့ရပါတယ်။

ကြီးတော့မှမဆုံဖြစ်ကြတော့ဘဲငယ်စဉ်ကလေးဘဝကရန်ကင်းသားလေးဖြစ်နေတုန်းအတူကဲခဲ့ကြတဲ့အဆိုတော်ဗဒင်ဟာ၂၀၀၁ခုနှစ်ဒီဇင်ဘာလ၂၂ရက်အသက်(၃၇)နှစ်အရွယ်တွင်ခရစ်တော်၌အိပ်ပျော်သွားခဲ့ပါတယ်။ခရစ်ယာန်ဘာသာဝင်ဗဒင်တစ်ယောက်ထာဝရဘုရားသခင်ရဲ့ရင်ခွင်၌ငြိမ်းချမ်းစွာအိပ်စက်ပါတော့….လို့ဆုတောင်းရင်းကွယ်လွန်ခြင်းနှစ်(၂၀)ပြည့်အမှတ်တရရေးသားလိုက်ရပါတယ်။

Credit:ဓာတ်ပုံများကိုဗဒင်၏ညီမတင့်တင့်(ခ)မြနွယ်တင့်ကကျေးဇူးပြုပါတယ်။

Credit#Soe Myint Moe Geo

Likes:
0 0
Views:
578
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *