ဦးနုရဲ့ သံဝေဂယူဖွယ်နှင့် သင်ခန်းစာယူစရာများ ဖြစ်ရပ်မှန်

(၁)၁၉၈၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ ဖြစ်ပါသည်။နေရာမှာ ရန်ကုန်ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြောဌာနရှေ့ ဖြစ်သည်။စောစောက လင်းနေသောကောင်းကင်သည်ရုတ်ခြည်းမှောင်ပိန်းလာသည်။ မုတ်သုန်လေနှင်အတူ ဇွန်လ၏ မိုးရေစက်များ ပါရှိလာသည် ။ တစ်စက် ၊ နှစ်စက်၊အစက်ပေါင်းများစွာမှသည် မိုးတွေ ကောင်းကင်မှတစ်အုံတစ်မကြီး ပြိုဆင်းလာသည်။ ကျွန်တော်နှင့် ဗဟိုတရားရုံးချုပ်ရှေ့နေကြီးဦးကျော်လင်းတို့သည် ရန်ကုန်ဆေးရုံကြီး ဆင်၀င်အောက်သို့ ကသုတ်ကရက် ပြေး၀င်လိုက်ကြသည် ။

ဆင်၀င်အောက်တွင် ဖဆပလ ခေါင်းဆောင်ဟောင်း ဦးကျော်ငြိမ်း၏ သမီး ဒေါ်ချိုချိုကျော်ငြိမ်းနှင့် တွေ့သည် ။ သူမသည်လည်း ရုတ်တရက် ရွာချလိုက်သော မုတ်သုန်မိုးကြောင့် ခေတ္တ စောင့်ဆိုင်း နေဟန်တူသည်။ ဦးကျော်လင်းမှာ ဦးကျော်ငြိမ်း၏ သားဖြစ်သူ ကိုအောင်ကျော်ငြိမ်းနှင့် ပြောမနာ ဆိုမနာ ငယ်ပေါင်းရောင်းရင်းများ ဖြစ်သည်။ကျောင်းနေဘက် များလည်းဖြစ်သည်။

ဦးကျော်ငြိမ်းမိသားစုအားလုံးနှင့် ရင်းနှီးခင်မင်သူ ဖြစ်၍ ‘‘ခင်ဗျား ဘယ်သွားမလို့လဲ၊ သွားစရာရှိရင် ကျွန်တော်တို့ သွားလိုက်မယ်’’ဟု ဦးကျော်လင်းက ပဋိသန္ဓာရ စကားဆိုလိုက်သည်။‘‘အပေါ်မှာ အန်ကယ်နု ရောက်နေတယ်။ အဖေ့ ကျန်းမာရေး လာမေးခြင်း ဖြစ်တယ်။ ရှင်တို့ လာတာနဲ့အတော်ပဲ။ မနက်ပိုင်းက ဆရာ၀န်ကြီး Dr. ဦးညွန့်၀င်း Round လှည့်တုန်းက ၀ယ်ရမယ့် ဆေးတွေ ရေးပေးသွားတယ်။ရှင်တို့၀ယ်ပြီး မြန်မြန်ပြန်ခဲ့ပါ။ ကျွန်မအပေါ်ကို တက်လိုက်တော့မယ်’’လို့ ပြောပြီး ငွေနှင့် ဆေးစာရင်းစာရွက်ကို လက်ထဲ ထိုးပေးသွားသည်။

ကျွန်တော်နှင့် ဦးကျော်လင်းသည် ထီးတစ်ချောင်း နှစ်ယောက်ဆောင်းကာ လေဟာပြင်စျေးဘက်သို့ ဦးတည်လိုက်သည်။ လိုအပ်သည့် ဆေးများကို မေးမြန်း စုံစမ်း ၀ယ်ယူပြီး ရွှေတိဂုံဘုရားလမ်းအား ဖြတ်ကူးကာ ဆေးရုံကြီး၀င်းထဲသို့ ပြန်လည် ၀င်ရောက်ခဲ့သည်။ ကျွန်တော် တို့နှစ်ဦး ဆေးရုံကြီးပေါ်သို့ ရောက်ရှိသောအခါ လူနာဖြစ်သည့် ဦးကျော်ငြိမ်း၏ ခေါင်းရင်းမှ နေ၍ ၀န်ကြီးချုပ်ဟောင်းဦးနုသည် မျက်စေ့မှိတ်၊ လက်အုပ်ချီမိုးကာ သတ္တုသံပါသော အသံနှင့် မေတ္တာသုတ် ရွတ်ပေးနေသည်ကို တွေ့ရှိရသည်။

ဦးနုသည် မိုးလေလုံချည် အစိမ်းကွက်ထောက်အဆင်ကို ၀တ်ထားသည်။ လည်ကတုံး အင်္ကျီအဖြူပေါ်မှ နံ့သာရောင် တိုက်ပုံကိုလည်း ၀တ်ထားသည်။ ကြည်လင်သော အသားအရေ၊ရွှန်းမြသောအပြုံးကြောင့် ခုနှစ်ရက်သားသမီးများကို စိုးမိုးထားနိုင်ဆဲ ဖြစ်သည်။ မေတ္တာပို့ အမျှအတန်းဝြေပီးနောက် ၀န်ကြီးချုပ်ဟောင်း ဦးနုသည် အောက်ပါ အတိုင်း သစ္စာ စကားဆိုပါသည်။

‘‘ကျော်ငြိမ်း၊ ငါဟာ မင်းနဲ့ မတည့်တာ မှန်တယ်။ ဒါပေမယ့် မင်းလို မိတ်ဆွေကောင်းမျိုး ငါ့တစ်သက်မှာ ငါတစ်ကြိမ် တစ်ခါမှ မတွေ့ခဲ့ဖူးဘူး ဆိုတာ ငါသစ္စာပြုပါတယ်’’‘‘ကျော်ငြိမ်း၊ မင်းဟာ နိုင်ငံအပေါ် သစ္စာစောင့်သိ ရိုသေတဲ့ နေရာမှာရော ၊ငါ့အပေါ် သစ္စာစောင့်သိ ရိုသေတဲ့ နေရာမှာပါ မည်သူနှင့်မျှ နှိုင်းယှဉ်လို့ မရကြောင်း ငါအသိဆုံး ဖြစ်တယ်ဆိုတာကို သစ္စာပြုပါတယ်’’‘‘ကျော်ငြိမ်း၊ မင်းဟာ တိုင်းပြည်ကို ကွန်မြူနစ်တွေ လက်ထဲ မကျရောက်အောင် အမုန်းခံပြီး ရင်စည်း ကာကွယ်တဲ့သူတစ်ယောက် ဖြစ်တယ်။

တာ၀န် အရှိဆုံးဖြစ်တဲ့ ငါ့ရှေ့ကနေ ကြံ့ကြံ့ခိုင် ရပ်တည်ခဲ့သူ ဖြစ်ကြောင်း ငါသစ္စာပြုပါတယ်’’‘‘ဤမှန်သော သစ္စာစကားကြောင့် ကျော်ငြိမ်း၊ မင်းကျန်းမာပါစေ’’အဲဒီလို ဦးနုဟာ ဦးကျော်ငြိမ်းကို တိုင်တည်သစ္စာပြုပြီးနောက် တစ်ဆက်တည်းမှာပဲ ဦးကျော်ငြိမ်းအနားမှာ အမြဲ ပြုစုစောင့်ရှောက်လျက်ရှိတဲ့ဘုန်းကြီးဘဆွေ (အငြိမ်းစားအတွင်း၀န်၊ သာသနာရေးဌာန) ဘက်လှည့်ပြီး၊ ‘‘ကျော်ငြိမ်း ဘုန်းကြီးဘဆွေဟာ မင်းရဲ့ တပည့်ရင်း၊ တပည့်ကောင်း ပီသစွာ အစဉ်တစိုက် ပြုစု စောင့်ရှောက်သူ ဖြစ်တယ်။

ဒါကြောင့် ဘုန်းကြီး ဘဆွေလည်း ကျန်းမာချမ်းသာပါစေ’’လို့ ဆုတောင်း မေတ္တာပို့သည်။ဦးနှောက်နဲ့ အာရုံကြောရောဂါကြောင့် မကျန်းမမာဖြစ်နေရှာသည့် ဖဆပလ ခေါင်းဆောင်ဟောင်း ဦးကျော်ငြိမ်းသည် ပရိတ်တရားတော်အား လူမမာ ကုတင်ပေါ်မှ ကောင်းစွာ နာယူသည်။ ပြီးဆုံးသောအခါ သူ၏ ကိုကြီးနုအား လက်အုပ်ချီမိုး လိုက်သည်ကို တွေ့ရှိလိုက်ရသည်။

မျက်၀န်းတွင်လည်း ၀မ်းသာခြင်းကြောင့်လော၊ ၀မ်းနည်းခြင်းကြောင့်လော မသိ။မျက်ရည်စတွေ သီသီဝေ့လာသည်ကို အံအားသင့်စဖွယ် တွေ့ရှိလိုက်ရသည်။ တက္ကသိုလ် ကျောင်းသားဘ၀မှစ၍ လက်တွဲ ညီခဲ့သော နိုင်ငံရေး ညီအစ်ကိုနှစ်ယောက်၏ ပုဂ္ဂိုလ်ရေး သံယောဇဉ် ခိုင်ကျည်မှုမှာ လွမ်းလောက်စရာပင်။ ၎င်းတို့နှစ်ဦး လူသိရှင်ကြား လမ်းခွဲခဲ့ခြင်းသည် ယာယီ လမ်းခွဲလော။ ထာ၀ရ လမ်းခွဲတော့ဟုတ်မည် မထင်။ ကျွန်တော် တို့ ရင်ထဲ တလှပ်လှပ်ဖြစ် ကျန်ရစ်ခဲ့သည်။

အပြင်ဘက်တွင် ဇွန်လ၏ မိုးရေစက်များသည် တစ်အုံတစ်မ ကြီး ပြိုဆင်းနေဆဲ ဖြစ်သည်။ ၀န်ကြီးချုပ်ဟောင်း ဦးနုသည် လူနာရှင်များကို လည်းကောင်း၊ မိတ်ဟောင်း ဆွေဟောင်းများကို လည်းကောင်း အားလုံးကို နှုတ်ဆက်ပြီး ပြန်လည် ထွက်ခွာ သွားပါသည်။

(၂)၁၉၈၀ ခုနှစ် အတွင်းလောက်က ဖြစ်ပါသည်။နေရာမှာ မန္တလေးဘူတာကြီးအတွင်း ဖြစ်သည် ။ ဘူတာကြီးအတွင်းဖြစ်၍ခရီးသည်များ၊ ကြိုဆိုသူများ၊ အလုပ်သမားများ၊ စျေးသည်များနှင့် ပျားပန်းခတ်မျှ စည်ကားနေသည်။ မန္တလေးဘူတာကြီးအတွင်း အထူးတန်း၀င်ပေါက်ရှေ့တွင် အသားဖြူဖြူ ၊ အရပ်အမောင်းကောင်းကောင်း ၊ ဥပဓိရုပ် ကောင်းကောင်းနှင့် ပုဂ္ဂိုလ်ကြီးသည် နောက်ဆုတ် နောက်ဆုတ်နှင့် ‘‘ကျွန်တော် သင်ပုန်းချေ ပြီးပါပြီ ကိုကြီးနု၊ ဒါတွေကို ပြောမနေပါနှင့်တော့ ကိုကြီးနု ကျွန်တော် ခွင့်လွှတ်ပါတယ်။

သည်းခံပါတယ်။ ကိုကြီးနု မောနေပါ့မယ်။ မပြောပါနှင့်တော့ ကိုကြီးနု၊ ကျွန်တော် မခံယူသည့်အတွက် မခံစားရပါဘူး။ ကို ကြီးနု စိတ်လက် ချမ်းသာစွာ ရှိစေလိုပါတယ်’’စသည်ဖြင့် ပြောကြားလျက် ရှိသည်။သူ့ရှေ့မှ အသက်အားဖြင့် (၇၀) ကျော် (၈၀) နီးပါးအရွယ်ရှိသည့် ကြည်လင်ဝင်းပသော အသားအရေ၊ ချိုမြသော အပြုံးပိုင်ရှင် ပုဂ္ဂိုလ်ကြီးက “ကိုလှ၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော့်ကို လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးပါ။ သံသရာကြီးဟာ အင်မတန် ရှည်လျားပါတယ်။

သိန်းနဲ့သန်းနဲ့ကုဋေနဲ့ချီပြီး များပြားလှတဲ့ ဘဝပေါင်းများစွာမှာလည်း အခုလိုပဲ ကိုလှအပေါ် ကျူးလွန်စော်ကားမိတဲ့ အပြစ်တွေ အမြောက်အများရှိပါလိမ့်မယ်။ အဲဒီ အပြစ်တွေကလည်း ကျွန်တော်ကို ခွင့်လွှတ်ပါ။ ကျွန်တော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ။ ဒီသံသရာကြီးတစ်လျှောက်မှာ ကိုလှက ကျွန်တော့် အပေါ် ကျူးလွန်ခဲ့မိတဲ့ အပြစ်တွေရှိရင်လည်း ကျွန်တော် ခွင့်လွှတ်ပါတယ်။ လွတ်ငြိမ်း ချမ်းသာခွင့် ပေးပါတယ်။ ကိုလှဟာ မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေ အလျင်အမြန် ရရှိပြီး အိုနာသေကွဲ အစရှိတဲ့ သံသရာ ဝဋ်ဆင်းရဲ အပေါင်းတို့ရဲ့ ချုပ်ရာ၊ ငြိမ်းရာ၊ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ပါစေ” လို့ တတွတ်တွတ်ပြောရင် လိုက်ပါလာသည်။

ပြောလိုသမျှကိုအားပါးတရ စိတ်တိုင်းကျ ပြောဆိုဝန်ခံပြီးသည်နှင့် တစ်ပြိုင် နက်အဆိုပါ ပုဂ္ဂိုလ်ကြီးသည် ဦးလှအား လက်ဆွဲ နှုတ်ဆက် ပြီး တရွေ့ရွေ့ ထွက်ခွာစ ပြုနေပြီ ဖြစ်သည့် ရထားတွဲပေါ်သို့ တက်ရောက်ကာ လိုက်ပါသွားသည်။ ဝိုင်းအုံပါရှိလာသော လူအုပ်ကြီးသည် မှင်သက်မိပြီး ကျန်ရစ်ခဲ့သည်။ မမျှော်လင့်သည့်နေရာတွင် မမျှော်လင့်သည့် ဖြစ်ရပ်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရသဖြင့် အံ့အားတသင့် ဖြစ်ခဲ့ကြခြင်း ဖြစ်ပေ လိမ့်မည်။

အကြောင်းရင်းကို မေးမြန်း ကြည့်သည့် အခါ အသက် (၇၀) ကျော်(၈၀) နီးပါး အရွယ်ရှိနေပြီ ဖြစ်သည့် ကြည်လင် ဝင်းပသော အသားအရေ ချိုမြသော အပြုံးပိုင်ရှင် ပုဂ္ဂိုလ်ကြီးသည် ဦးနု ဖြစ်ပါသည်။ဦးနု ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့စဉ် က သူ၏ အစိုးရအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်ကလေး၏ ပြောဆို တင်ပြချက်များ အပေါ် နားယောင်ပြီး မန္တလေးမြို့မှ သတင်းစာဆရာ၊စာရေးဆရာကြီး လူထုဦးလှအား အပြစ်ဟူ၍ မယ်မယ်ရရ မရှိပါဘဲလျက် ပုဒ်မ (၅) ဖြင့် သုံးနှစ်ကျော်၊ လေးနှစ်နီးပါးမျှ ထောင်သွင်း အကျဉ်းချခဲ့ သည့် ဖြစ်ရပ်တစ်ခု ရှိခဲ့ပါသည်။

ယင်းသို့ မိမိ အာဏာ ရရှိနေစဉ် ကာလအတွင်း အပြစ်မဲ့သည့် လူထုဦးလှလို ပုဂ္ဂိုလ်များအား နှိပ်စက် ညှဉ်းပမ်းခဲ့ခြင်းကြောင့် ဝဋ်ဆင်းရဲတွေ၏ ဘေးကိုမြင်ပြီး ဦးနုအကြောက်ကြီး ကြောက်နေသည်။ ဒီကြွေးအား မတောင်းသည်ဖြစ်စေ အတင်း ပြန်ဆပ်နေခြင်း ဖြစ် ကြောင်း သိလိုက်ရပါသည်။

(၃)၁၉၃၅ ခုနှစ်အတွင်းလောက်က ဖြစ်ပါသည်။

နေရာမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ စည်းဝေး ခန်းမ၌ ဖြစ်သည်။ ဦးနု ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂ၏ ဒုတိယဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံ ရသည့်အချိန်၊မစ္စတာဆလော့က ကျောင်းအုပ်ကြီး အဖြစ် တာဝန် ထမ်းဆောင်နေချိန်၊ ကျောင်းအုပ်ကြီးကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားရှိသည့် နို့တစ်စာတစ်စောင် အပေါ် ကျောင်းသားများ အစာမကြေ ဖြစ်ခဲ့ကြသည်။ယင်းအတွက် ကျောင်းသားထုအစည်းအဝေးကို သမဂ္ဂခန်းမ၌ ခေါ်ယူပေးခဲ့ရသည်။

အစည်းအဝေး ဆုံးဖြတ်ချက် အရ ကျောင်းအုပ်ကြီး၏ သဘောထား အမှန်သိရှိရန် အလို့ငှာ သမဂ္ဂအမှုဆောင် တစ်ဦးဖြစ်သော ကိုကျော်ငြိမ်းအား စေလွှတ် မေးမြန်းစေခဲ့သည်။ကျောင်းအုပ်ကြီးက ရိုးသားစွာပင် “ပုဂ္ဂိုလ်တစ်ယောက်ယောက်ကပဲဖြစ်ဖြစ်၊ အဖွဲ့အစည်း တစ်ခုခုကပဲ ဖြစ်ဖြစ် ငါ့ကိုလာပြီး ခြိမ်ခြောက်တာ ငါမကြောက်၊ အစမ်း စာမေးပွဲတွေကို ငါ ကြေညာထားသည့် အတိုင်း ဆက်လုပ်မယ်”လို့ ပြန်ကြား လိုက်သည်။ယင်းပြန်ကြားချက် အပေါ် ဦးနုတို့ တစ်သိုက်က နိုင်ငံရေး တိုက်ကွက်အဖြစ် ပုံဖော်ခဲ့ကြသည်။

ကျောင်းအုပ်ကြီးက “တစ်နိုင်ငံလုံးရှိ ဘယ်နိုင်ငံရေးသမားကိုမှ ငါမကြောက်၊ ဘယ်အဖွဲ့အစည်းကိုမှ ငါမကြောက်” ဟု ပြောကြောင်း လုပ် ကြံမမှန် သတင်းကို သတင်းစာထဲ ထည့်လိုက်သည်။ တစ်ပြည်လုံး ပွတ်ပွတ်ညံသွားခဲ့သည်။ ကျောင်းအုပ်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း မဟုတ်ကြောင်း ပြန်လည် ဖြေရှင်းခဲ့သော်လည်း အရာမရောက်တော့။ထိုသို့ မဟုတ်မမှန် လုပ်ကြံခဲ့ခြင်းအပေါ် ဦးနု စိတ်မလုံခဲ့။ အခွင့်သင့်တိုင်း ထမင်းလုံး တစ္ဆေလို အခြောက်ခံနေရသည်။

သို့ဖြစ်၍ ဝန်ကြီးချုပ် ဖြစ်ပြီး ပြည်တွင်းစစ်နှင့် နပန်းလုံးနေဆဲကာလမှာပင် ကျောင်းအုပ်ကြီးအား ဝန်ချ တောင်းပန်ရန် အလို့ငှာ အလည်လာရောက်ဖို့ ဖိတ်ကြားခဲ့သည်။ ကျောင်းအုပ်ကြီးမှာ ထိုအချိန်က အသက်အရွယ် အတန်ငယ် ရရှိလာပြီ ဖြစ်သည့်အပြင် နှလုံးရောဂါပါ ရှိနေသည့်အတွက် မလာရောက်နိုင်တော့။ သို့သော် ဦးနုစိတ်မလျှော့ခဲ့၊ ၁၉၅၀ ပြည့်နှစ်အတွင်း ဘိလပ်သွားဖို့ ကိစ္စတစ်ရပ် ပေါ်ပေါက်လာသည်။ အစိုးရကိစ္စနှင့် ဘိလပ်သို့ ရောက်ရှိနေစဉ် ကာလအတွင်း ကျောင်းအုပ်ကြီးနှင့် တွေ့ဖို့ ကြိုးစား ကြည့်သေးသည်။

အကြောင်းအမျိုးမျိုးကြောင့် ဆရာတပည့် နှစ်ယောက် တွေ့ဖို့ လွဲချော်ခဲ့ ပြန်သည်။ ကျောင်းအုပ်ကြီးအား ဝန်ချ တောင်းပန်ခြင်းမပြုခဲ့ရသည့်အတွက် ဦးနု နေမထိ ထိုင်မသာ ဖြစ်နေတော့သည်။သို့ဖြစ်၍ ရန်ကုန် ပြန်ရောက်သည့်အခါ ကျောင်းအုပ်ကြီးထံ ကျိုးကြောင်းဖော်ပြပြီး၊ အပြစ်က ချမ်းသာခွင့်ပေးပါရန် စာရေးသား လိုက်သည်။ ကျောင်းအုပ်ကြီးကလည်း အပြစ်မှ အားလုံး ခွင့်လွှတ်သည့်အကြောင်း ချက်ခြင်း ပြန်ကြားခဲ့သည်။ ယင်း စာနှစ်စောင်လုံးကို ထိုခေတ်ကသတင်းစာများတွင် ဖော်ပြခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။

NORTHERN STAR ဂျာနယ် ၂၀၁၀ ခုနှစ် ဧပြီလ ၁ ရက်နေ့ ထုတ် အမှတ် ၆၀ စာမျက်နှာ ၆ မှ အောင်စွမ်း၏ ဆောင်းပါးအားကူးယူဖော်ပြခြင်းဖြစ်ပါသည်။

crd##winhlaingoo

Likes:
0 0
Views:
793
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *