” သပေါက်နှင့် ဗိုင်းတာ

မြန်မာတို့တွင် “ကျွန်သပေါက်”ဟူသောစကားလုံးနှင့် “ဗိုင်းတာမ”ဟူသောအသုံးအနှုန်းတို့ရှိရာ”ကျွန်”ဟူသော ဝေါဟာရကို မြန်မာစာအဘိဓာန်၌ “သူတစ်ပါး၏စိုးပိုင်စေခိုင်းခြင်းကို ခံရသူ”ဟုဖွင့်ဆိုကာ “ကျွန်သပေါက်”ဟူသောဝေါဟာရကို “ကျွန်မှမွေးသောသားသမီး”ဟုအဓိပ္ပါယ် ဖွင့်ဆိုထားသည်ကိုတွေ့ရပါသည်။

ထိုသို့ ကျွန်သပေါက်ဟူသောအသုံးအနှုန်းမှ “သပေါက်”ကို ဦးမောင်မောင်တင်၏ ရွှေနန်းသုံးဝေါဟာရ အဘိဓာန် ၌ကိုးသားပေါက် အမှု့ထမ်းတို့ကို “သပေါက်”သို့မဟုတ် “သားပေါက်”ဟု ရေးလေ့ရှိပြီးအသံထွက်ရာတွင်'”သပေါက်”ဟုခေါ်သည်။ထိုအမှု့ထမ်းတို့သည် အနောက်ဝန်(မိန်းမဆောင်များကိုကြီးကြပ်ရသူ)၏ ဝန်စု၊စုသေး၊စုကြမ်း အမှု့ထမ်းများဟု ဖော်ပြထားပါသည်။

ကိုးသားပေါက်ဟုခေါ်သော သပေါက်အမှု့ထမ်း ၉မျိုးမှာ (၁)ပဲခူးသားပေါက်(၂)ပြည်ကြီးသားပေါက်(၃)သားပေါက်စစ်(၄)သားပေါက်မှန်(၅)ခွင်သားပေါက်(၆)သားပေါက်ခံ(၇)ရွေးသားပေါက်(၈)သားပေါက်တော်(၉)သားပေါက်ကျော် ဟူ၍အစု၉စုရှိပြီး တာဝန်မှာ အနောက်အတွင်းတော်၊တောင်ဝင်း၊အောက်အိမ်များ မသင့်မတင့်လှသည့်အခါ သုတ်သင်ရှင်းလင်းရသည်။

ဟု အနောက်ဝန်ခန့်အမိန့်တော်ပြန်တမ်းတွင်ဖော်ပြထားသည်။တောင်ဝင်း ဆိုသည်မှာနန်းတော်သူ အောက်တန်းသားတို့၏ အိမ်သာ ကိုခေါ်ဆိုသည်။ ထိုကိုးရပ်သောအမှု့ထမ်းတို့ကို ရွှေနန်းစဥ်ဆက် အနောက်ဝန်၊အနောက်ဝန်စာရေးဟူသော အနောက်ရုံးအရာရှိတို့က ထိန်းအုပ်ဆင့်ဆို၍ အဂ္ဂမဟေသီ မိဘုရားခေါင်ကြီးဘုရား ဝန်တော် အိမ်ဝင်းတော် အတွင်း အဂ္ဂမဟေသီ မိဘုရားခေါင်ကြီး၏ အသေးအဖွဲကိစ္စတော် မင်းမှု့တော်ရပ်များကို နေ့၊ညစောင့်နေ၍ အမြဲထမ်းရွက်ရသောအမှု့ထမ်းတို့ဖြစ်သည်ဟု ဆို၏။

အနောက်ဝန်၏ ဝန်စုပါ သပေါက်တို့ကို အနီးကပ်ကြီးကြပ်ရသောသပေါက်မှူး ခေါ် အရာရှိငယ်လည်း ရှိသေးသည်။ ဘုရင့် မသာတော်တွင် ထိုသပေါက်မှူးက အရိုးတော်ကောက်ရလေ့ရှိသည်။ထို့ကြောင့် ရွှေနန်းတော်တွင်းအမှု့တော်ထမ်းတို့အနက် ထိုသပေါက်အစုမှာ သေးသိမ်သော အမှု့ကိစ္စတို့ကိုသာ ရွက်ဆောင်တာဝန်ယူရလေ့ရှိသူဟု ဆိုလိုပါသည်။

ညောင်ရမ်းခေတ် သာလွန်မင်းတရားလက်ထက်က စတင်၍ ထိုသို့သပေါက်အမှု့ထမ်း တို့ပေါ်ပေါက်သည်ဟု တွေ့ရှိရသည်။ ဘုရင်မင်းတရားကြီး၏ ကျေးတော်မျိုးကျွန်တော်မျိုးများအနက် သပေါက်အမှု့ထမ်းတို့သည်သေးနုတ်သော အမှု့ကိစ္စများဆောင်ရွက်ရသည်ဖြစ်၍ ကျွန်သပေါက်ဟူသော ဝေါဟာရ အသုံးနှုန်းဖြစ်ပေါ်လာသည်ဟု ယူဆပါသည်။

တစ်ဖန် အနောက်ဝန်၏ ဝန်စုပါ ၉- သပေါက်အစု၊နွားဘဏ္ဍာအစု၊ ထမ်းစင်တော်အစု၊ ငှက်တော်အစု၊ကျိုင်းတော်အစု၊ပန်းတော်ဆက်အစု၊ဝင့်သီးအစု၊သူငယ်တော်အစု၊အနောက်ရုံးစေအစု၊ထောင်းချင့်အစု၊ဗိုင်းတာအစု ဟူ၍အစုအဖွဲ့အသီးသီး ရှိသည်။

ရွှေနန်းတော်ထက်တွင် ရှေးအခါ ဆီမီးထွန်းညှိရစဥ်ကာလ မီးစာအဖြစ် ဗိုင်းလိပ်များကို လိပ်၍ သွင်းရသည့် ဗိုင်းလုပ်သူအမှု့ထမ်းတို့ကို “ဗိုင်းတာ”အမှု့ထမ်းဟုခေါ်ဆိုသည်။ရှေးမြန်မာမင်း လက်ထက်တော်အခါက တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဒေါသဖြစ်၍ စိတ်ကိုမချုပ်တည်းနိုင်သောအခါနှိမ့်ချပြောဆိုရာ၌ “ဗိုင်းတာမ၊သပေါက်မဗိုင်းတာမသား၊သပေါက်မသား၊ကျွန်သပေါက်”ဟူ၍ ဆဲရေးတတ်ကြသည်။

အဓိပ္ပါယ်မှာ ဗိုင်းတာအမှု့ထမ်း၊သပေါက်အမှု့ထမ်းတို့၏ စုသေးစုကြမ်း အလုပ်အကိုင်ကြောင့်တစ်ဦးကိုတစ်ဦး နှိမ့်ချခေါ်ဆိုခြင်းဖြစ်သဖြင့်ခံရသူ၏ စိတ်တွင်အလွန်နာကြည်းခြင်းဖြစ်သည်ဟု ရွှေနန်းသုံး ဝေါဟာရအဘိဓာန်တွင်ဖော်ပြထားပါသည်။

ထိုမှ ကျွန်သပေါက်၊ဗိုင်းတာမ စသောတစ်ဦးဂုဏ်ကို တစ်ဦးကနှိမ့်ချကာ ဆဲရေးသော အသုံးအနှုန်းဝေါဟာရမှာ ရှေးမြန်မာမင်းများလက်ထက်က အနောက်ဝန်၏ဝန်စုသေးသိမ်နုံ့နဲ့သောအမှု့အသေးအဖွဲတို့ကိုထမ်းရွက်ရသည့် အစုအမှု့ထမ်းတို့မှဆင်းသက်လာကြောင်း သိရှိရပါသည်။

စာကိုး။ ဦးမောင်မောင်တင်”ရွှေနန်းသုံး ဝေါဟာရ အဘိဓာန်” မြန်မာစာအဖွဲ့”ခရီးဆောင်မြန်မာ အဘိဓာန်” သန်းဝင်းလှိုင်”နေ့စဥ်သုံးမြန်မာ ဝေါဟာရအဘိဓာန်”

#CRDSaryarကိုဖိုးကျော်#နော်ဂဲလယ်ထူး (စာပေပရဟိတ)

Likes:
0 0
Views:
783
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *