အင်္ဂလိပ်အရေးပိုင်မင်းဟာ သက်ပြည့်ပင်စင်နဲ့တာဝန်ကအနားယူ၊ မွေးရပ်မြေ အင်္ဂလန်ကိုပြန်တော့မယ့်အချိန်။သူ့အမှုထမ်းဘဝတလျှောက်ကို ပြန်စဉ်းစားရင်း သတိရမိတာက သူနှင့်တလျောက်လုံးအတူနေပြီး ပြုစုလုပ်ကျွေးလာခဲ့တဲ့ ဗမာအလုပ်သမားတွေကိုပါပဲ။
သူမသွားခင် သူပိုင်ဆိုင်ထားတဲ့အထဲက သူတို့နှစ်သက်တာလေးတွေကို အမှတ်တရပေးခဲ့မယ်။ “တန်ဘိုးကြီးတာတောင်းလည်း သူတို့ရဲ့တလျောက်လုံးပေးဆပ်လာမှုအပေါ် ထောက်ထားပြီး ပေးခဲ့ကြရအောင်” လို့ သူ့ဇနီးကို တိုင်ပင်တော့ သဘောတူပါသတဲ့။
အဲဒါနဲ့ မပြန်ခင် ပစ္စည်းတွေ သိမ်းဆည်းခြင်းမပြုမီ အလုပ်သမားတွေကိုခေါ် သူတို့ပင်စင်ယူပြီး အင်္ဂလန်ကိုအပြီးပြန်မှာမို့ မပြန်ခင် ကိုယ်အလိုရှိရာကိုယူခွင့်ပေးတယ်လို့ခေါ်ပြောတယ်။ ထမင်းချက်အမျိုးသမီးက “ထမင်းချက်ပစ္စည်းတွေက အင်္ဂလန်မိတ်တွေမို့ အရမ်းနှစ်သက်ပါတယ်။ သူ့ကိုပေးပါ။”တဲ့။ “ယူစေဗျား” ပေါ့။
မိန်းမကြီးလည်း သခင်ကြီးကို ကျေးဇူးအထပ်ထပ်တင်လို့ပေါ့။ခြံစောင့်မာလီကလည်း “သခင်ကြီး အင်္ဂလန်ကိုအလည်ပြန်တုန်းက သယ်လာပြီး သူ့ကိုစိုက်ခိုင်းခဲ့တဲ့အဘိုးတန်ပန်းပင်ကိုပေးပါ။” တဲ့။ “ယူစေဗျား” ဆိုတော့ သခင်ကြီးကို ကျေးဇူးအထပ်ထပ်တင်လို့။ အိမ်တော်ထိန်းကတော့ “သခင်ကြီးတို့ရဲ့ခုတင်နဲ့ဆက်တီတွေကိုပေးပါ။” တဲ့။
ခေါင်းညိတ်တော့ သခင်ကြီးတို့လင်မယားကို အကြိမ်ကြိမ်ဦးညွတ်လို့ ကျေးဇူးတင်နေလိုက်တာ။ ကားမောင်းသမားကလည်း အရဲစွန့်ပြီး “သခင်ကြီးစီးတဲ့ကားကိုပေးပါ။” ဆိုတော့လည်း မတွန့်မဆုတ်ပေးတော့ ဝမ်းသာလုံးဆို့ပြီး ထတောင်က,ပါသတဲ့။သူ့လူတွေကို နောက်ဆုံးပျော်ရွှင်အောင်လုပ်ပေးနိုင်ခဲ့ပြီဆိုပြီး သခင်ကြီးတို့လင်မယားပျော်ရွှင်မဆုံးဖြစ်နေတာပေါ့။
အဲဒါနဲ့ နောက်ဆုံးကျန်နေတဲ့ ယဉ်ယဉ်ကျေးကျေးခေါ်ရရင် အပါးတော်မြဲ အဲဒီခေတ်ကအခေါ် ပြာတာကို “မောင်မင်းကငြိမ်လှချည်လားကွဲ့။ လိုချင်တာတောင်းလေ” ဆိုတော့မှ နေရာကထလာပြီး “ကျွန်တော်လိုချင်တာကတော့ သခင်ကြီးနေရာပါပဲ” ဆိုတော့ သခင်ကြီးတို့လင်မယားခမျာ ကိုယ့်နဖူးကိုယ်ရိုက်ပြီး “Oh My God! ဒီနေရာဟာ တာဝန်သိပ်ကြီးလွန်းတယ်။
မင်း ဘာကြောင့်လိုချင်ရတာလဲ”လို့မေးတော့ အဖြေတွေက . . . “၁။ သခင် မနက်အိပ်ယာကထပြီး မျက်နှာသစ်၊ သွားတိုက်ပြီးရင် ပက်လက်ကုလားထိုင်မှာထိုင်၊ ဘိလပ်ကလာတဲ့သတင်းစာဖတ်တယ်။ သူလည်းဖတ်တတ်ပါတယ်တဲ့။
၂။ သခင်ရုံးရောက်ရင် အရေးပိုင်စားပွဲမှာထိုင် အောက်ကတင်တဲ့စာတွေဖတ် လက်မှတ်တွေထိုးပေးတာကို သူလည်း လုပ်တတ်ပါတယ်တဲ့။၃။ နောက်ဆုံး နယ်လှည့် စစ်ဆေးရင်တောင် ဘာတွေစစ်ဆေးရတယ်ဆိုတာ သူလည်း သခင်ကြီးလိုလုပ်တတ်ပါတယ်တဲ့။
အဲဒါကြောင့် သခင်ကြီးရဲ့နေရာကိုပဲလိုချင်ပါတယ်။ ကျွန်တော့်ကိုပေးပါ။”သခင်ကြီးလည်း ကမ္ဘာ့သနားစရာအကောင်းဆုံး သတ္တဝါလေးကို စိုက်ကြည့်ပြီး “ဪ အရည်အချင်းနဲ့အတွေ့အကြုံရဲ့တန်ဘိုးကိုနားမလည်တဲ့ကောင်ပါလား” ဆိုပြီး သက်ပြင်းတချချနဲ့ရှိနေပါတော့တယ်။..
(ဌာနရဲ့အစည်းအဝေးတခုမှာ ဒီပုံပြင်ကိုပြောပြသွားတဲ့ ဆရာကြီး ဒေါက်တာ သိန်းဟံ (ထွေဂျာ-ငြိမ်း)သို့ သတိတရဦးညွတ်လျက်။).
မေတ္တာဖြင့် – လယ်တွင်းသား ငဘ