ရှူးဖိနပ် နဲ့ လုံချည်ဖက်ရှင်

ယနေ့ခေတ်တွင် မြန်မာလူငယ်တစ်ယောက် တိုက်ပုံ၊လုံချည်နှင့် ရှူးဖိနပ်ကို တွဲဝတ်ပါက အများအမြင်တွင် ထူးခြားနေပေလိမ့်မည်။ အချို့က ရူးနေသည်ဟုပင် မှတ်ချက်ပေးကြလိမ့်မည်။ သို့ရာ၌ မြန်မာသမိုင်းတွင် လုံချည်နှင့် ရှူးဖိနပ် တွဲဖက်ဝတ်ဆင်သော ဖက်ရှင်သည် ကိုလိုနီခေတ်မတိုင်မီကပင် ထွန်းကားခဲ့ကြောင်း အထောက်အထားတချို့နှင့်အတူ လေ့လာတွေ့ရှိရသည်။

ကုန်းဘောင်ခေတ်နှောင်း သီပေါမင်းလက်ထက်တွင် ​ကင်းဝန်မင်းကြီးဦးကောင်း ဦးဆောင်သော မြန်မာသံအဖွဲ့သည် ဥရောပ နိုင်ငံများသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ဗြိတိသျှပြည့်ရှင် ဝိတိုရိယ ဘုရင်မကြီးနှင့် တွေ့ဆုံခဲ့သည်။ ထိုသံအဖွဲ့၏ ဓာတ်ပုံမှတ်တမ်းတွင် မြန်မာ့စစ်ဝတ်စုံများကို ကျကျနနဝတ်ဆင်ထားသော မြန်မာသံအဖွဲ့ဝင်များအားလုံးသည် တောက်ပြောင်နေသောအနောက်တိုင်းရှူးဖိနပ်များကို ဝတ်ဆင်ထားကြသည်။

ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသောအခါ သီပေါမင်းလက်ထက် မြန်မာဝန်ကြီးအချို့ကို ဗြိတိသျှအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့တွင် ပြန်လည်ထည့်သွင်း ခန့်အပ်ခဲ့သည်။ ကင်းဝန်မင်းကြီးမှာ ဗြိတိသျှတို့နှင့် နီးစပ်လွန်းသဖြင့် မြန်မာများက မုန်းတီးကြသည်။ ကိုလိုနီခေတ်တွင် ရှူးဖိနပ်ကို မြန်မာ့ဝန်ကြီးဝတ်စုံဖြင့် တွဲဖက်ဝတ်ဆင်ကာ ဗြိတိသျှအစိုးရမှ ချီးမြှင့်သော စလွယ်သိုင်းထားသည့် ကင်းဝန်မင်းကြီး၏ ဓာတ်ပုံကို တွေ့နိုင်သည်။

ကိုလိုနီခေတ်တွင် ရန်ကုန်ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်များတွင် အင်္ဂလိပ်အစိုးရက ကျောင်းသားများကို ယူနီဖောင်း သတ်မှတ်ခဲ့သည်။ အနောက်တိုင်းဝတ်စုံ ( သို့မဟုတ်) မြန်မာဝတ်စုံကို ရှူးဖိနပ်နှင့် ဝတ်ဆင်ရန်ဖြစ်သည်။ အချို့မြန်မာကျောင်းသားများက ခေါင်းပေါင်းပါ ပေါင်းကြသဖြင့် ”ခေါင်းပေါင်းစ တလူလူနှင့် တက္ကသိုလ်ကျောင်းသား” ဟု အရပ်က ခေါ်ဆိုကြသည်။

ထိုသို့မဝတ်ဆင်ပါက တက္ကသိုလ် ထမင်းစားခန်းသို့ ပေးမဝင်ဟု သိကြရသည်။ သခင်အောင်ဆန်းကျောင်းသား ဘဝက ဓာတ်ပုံများတွင် ရှူးဖိနပ်နှင့် တိုက်ပုံ၊ ပုဆိုးနှင့် တွဲဖက်ဝတ်ဆင်ထားသူများကို တွေ့နိုင်ပြန်သည်။ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဝန်ကြီးချုပ် ဦးနု၊ သမ္မတ စဝ်ရွှေသိုက်၊ သမ္မတ ဒေါက်တာဘဦး၊ သမ္မတ မန်းဝင်းမောင် အစရှိသည့် ပုဂ္ဂိုလ်များသည်လည်း ၎င်းတို့ တာဝန်ထမ်းဆောင်ချိန်များတွင် မြန်မာဝတ်စုံနှင့် ရှူးဖိနပ်တို့ကို တွဲဖက်ဝတ်ဆင်ခဲ့ကြသည်။

မည်သည့်အတွက်ကြောင့် တွဲဖက်ဝတ်ဆင်ကြသည်ဟု ခိုင်လုံသောအကြောင်းပြချက်မရှိသော်လည်း ဖြစ်နိုင်ခြေတစ်ခုရှိသည်မှာ အနောက်တိုင်းသားများ အမြင်တွင် ခြေချောင်းများပေါ်နေခြင်းသည် အမြင်မတင့်တယ်ဟုဆိုကြရာမှ မြန်မာဝတ်စုံနှင့် ရှူးဖိနပ်ကို တွဲဖက်လိုက်ကြဟန်တူသည်။

လွတ်လပ်ပြီးခေတ်တွင်လည်း အစိုးရအရာရှိများမှအစ အထက်တန်းလွှာများသည် ထိုဖက်ရှင်ကို ဆက်လက်ထိန်းသိမ်းခဲ့ကြသည်။ ၁၉၆၂ တော်လှန်ရေးကောင်စီလက်ထက်တွင် ဗိုလ်ချုပ်နေဝင်း၏ မြန်မာမှုပြုခြင်းအောက်၌ ထိုဖက်ရှင်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။ ဗိုလ်ချုပ်နေဝင်း၏ အမြင်တွင် မြန်မာအမျိုးသားဝတ်စုံသည် မြန်မာ့ခြေညှပ်ဖိနပ်များနှင့်သာ သင့်တော်သည်ဟု ယူဆခဲ့ဟန်ရှိသည်။

၎င်းကိုယ်တိုင်လည်း မြန်မာဝတ်စုံကို ခြေညှပ်ဖိနပ်ဖြင့် ပြောင်းလဲဝတ်ဆင်ခဲ့သည်။ နောက်ပိုင်း မြန်မာ သမ္မတများသည် မြန်မာဝတ်စုံကို ခြေညှပ်ဖိနပ်နှင့်သာ ဝတ်ဆင်တော့ပြီး ရှူးဖိနပ်နှင့်တွဲဖက်ဝတ်ဆင်ခြင်း မရှိတော့ပေ။

၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၏ မြေး သမိုင်းပညာရှင်ဒေါက်တာသန့်မြင့်ဦးတို့ တွေ့ဆုံရာ၌ ဒေါက်တာသန့်မြင့်ဦးက တိုက်ပုံ၊လုံချည်နဲ့ ရှူးဖိနပ်ဝတ်ဆင်ကာ တွေ့ဆုံခဲ့သည်။

ထိုဖက်ရှင်ကို မသိမှီလိုက်သော မြန်မာလူငယ်အသိုင်းအဝိုင်းအတွက် ဆိုရှယ်မီဒီယာများပေါ်တွက် အထူးအဆန်း ရယ်စရာသဖွယ်ဖြစ်ခဲ့လေသည်။

Htet Oo Hlaing

Likes:
0 0
Views:
575
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *