ရတနာပုံခေတ်တော်ဝင်တို့၏ထိပ်ခေါင်တင်များ

ရတနာပုံခေတ် နန်းတွင်းယဉ်ကျေးမှု ထုံးထမ်းအစဉ်အလာအရမှူးမျိုးမတ်မျိုးသားသမီးမှန်လျင် သားများကို မောင်မောင်၊ သမီးများကို ခင်ခင်ဟူ၍ခေါ်လေ့ရှိသည်။ သားအကြီးဖြစ်လျင် မောင်မောင်ကြီး၊ အလတ်ဆိုလျင် မောင်မောင်လတ်၊ အငယ်ဆိုရင် မောင်မောင်ကလေးဟု ခေါ်သည်။

သမီးများကိုလည်း ထိုနည်းလည်းကောင်း၊ အကြီးကို ခင်ခင်ကြီး၊ အလတ်ကို ခင်ခင်လတ်၊ အငယ်ကို ခင်ခင်လေး၊ တစ်ဦးတည်းသော သားသမီးဆိုပါက မောင်မောင်ကြီးနှင့် ခင်ခင်ကြီးစသည်ဖြင့် ခေါ်ကြသည်။ဤတွင် အားလုံးအမည်တွေ တူညီနေကြပြန်ရာ၊ အဖအမည် သို့မဟုတ် မိမိတို့စားရသော မြို့ရွာနာမည်ကို တပ်၍ ခေါ်ကြရပြန်ပါသည်။

ဥပမာ ဒိုင်းအတွင်း၀န်သမီးဖြစ်၍ ဒိုင်းခင်ခင်ကြီး၊ ပင်းယအတွင်း၀န် သမီးဖြစ်၍ ပင်းခင်ခင်ကြီး၊ ရွေပြည်မင်းကြီးသမီးကို ရွေပြည်ခင်ခင်ကြီး၊ မိုင်းခိုင်းအတွင်း၀န်သမီးကို မိုင်းခိုင်းခင်လေးကြီး စသည်ဖြင့် ခေါ်ကြသည်။ သားများကိုလည်း အဖ၏ဂုဏ်ထူးကို အစွဲပြု၍ မောင်မောင်ကြီး၊ ခင်မောင်ကြီး စသည်တို့တွင် ကျောက်မြောင်းအတွင်း၀န် မင်းသားဆိုလျင် ကျောက်မြောင်းခင်မောင်ကြီး၊ ဟင်္ဂမော်မြို့စားသားဆိုလျင် ဟင်္ဂမော်မောင်မောင်၊ ထီးနန်းတွင်း ယဉ်ကျေးမှုအရ မှူးမတ်သားသမီးမှန်လျင် ခင်ခင်နှင့် မောင်မောင်ဟူ၍သာ ဖြစ်ရသည်။

အပျိုတော်များကိုမူ အားလုံးကို ခင်လေး ဟု ခေါ်ကြရပြီး၊ ၎င်းတို့စားရသော မြို့ရွာအမည်တပ်ကာ မတ္တရာခင်လေး၊ ပုန်းမူခင်လေး၊ ညောင်လှခင်လေး၊ ပန်တော်ချင်းခင်လေး စသည်ဖြင့် ခွဲခြားခေါ်ကြရရိုး ထုံးစံရှိခဲ့လေသည်။ ၎င်းတို့တွင် ဘုရင်၏ပေးဖွဲ့ ချီးမြှင့်ထားသော ရွေတိုက်စာရင်း၀င် ဘွဲ့များလည်း သီးသန့်ရှိကြသေးသည်။

မင်းတုန်းမင်းတရားကြီး၏ သမီးတော်၊ မြေးတော်များနှင့် အိမ်ရှေ့ကနောင်မင်းကြီး၏ သမီးတော် မြေးတော်တို့၏ ဘွဲ့အမည်များကို ရွေတိုက်စာရင်း၀င်ဘွဲ့များ ကိုယ်စီရှိကြသည်ချည်းပင် ဖြစ်သော်လည်း ထိုဘွဲ့ရှည်ကြီးများကို အမြဲသုံးစွဲခွင့် မရှိကြပေ။

သားတော်ကြီးများဖြစ်သော မက္ခရာမင်းသားကြီး၊ သုံးဆယ်မင်းသားကြီးမှအစ သားတော်ငယ်များ ဖြစ်ကြသူ သာဂရမင်းသား၊ သီပေါမင်းသားများအထိ မက္ခရာကိုယ်တော်ကြီး၊ သုံးဆယ်ကိုယ်တော်ကြီး၊ သီပေါကိုယ်တော်စသည်ဖြင့် သုံးစွဲခေါ်ဝေါ်ကြရသည်။သမီးတော်ကြီးများကိုလည်း မိဖုရားခေါင်ကြီးက ဖွားတော်မူလျင် စုဖုရားဟု ခေါ်သည်။

စလင်းစုဖုရားမှာ မိဖုရားခေါင်ကြီးက ဖွားမြင်သူ မဟုတ်သော်လည်း အထူးသဒ္ဒါတော်မူခြင်းဖြင့် ပင်တိုင်စံမင်းသမီးအရာ မြှောက်စားထားခြင်းကြောင့် စလင်းစုဖုရားဟု ခေါ်ရခြင်း ဖြစ်သည်။မင်းသမီးများကို ‘ထိပ်ခေါင်တင်၊ ထိပ်ထား၊ ထိပ်တင်’ ဟူ၍ အမျိုးမျိုး သုံးစွဲခေါ်ခြင်းမှာလည်း သုံးချင်သလို သုံး၍ မရကြောင်း၊ သူ့နေရာနှင့်သူ သုံးရကြောင်း ရှင်းလင်းမိန့်ဆိုထားပါသည်။

ဧကရာဇ်မင်းမြတ် သမီးတော်များကို လက်မထပ်မီကာလမှာ ဥပမာ လှိုင်ထိပ်ခေါင်တင်၊ ကန္နီထိပ်ခေါင်တင်၊ ကွပ်ရွာထိပ်ခေါင်တင် စသည်ဖြင့် ခေါ်ဝေါ်ရသည်။

လက်ထပ်ပြီးနောက်ထိပ်ခေါင်တင်မခေါ်ရဘဲထိပ်ထားခေါ်ရသည်။ အိမ်ရှေ့မင်းနှင့်လက်ထပ်သော လှိုင်ထိပ်ခေါင်တင်ကို ‘အိမ်ရှေ့ထိပ်ထား’ ဟူ၍ လည်းကောင်း၊ ပန်းတိမ်းမင်းသားနှင့် လက်ထပ်သော ကန္နီထိပ်ခေါင်တင်ကို ‘ပန်းတိမ်းထိပ်ထား’ ဟူ၍ လည်းကောင်း၊ ကျပင်းမင်းသားနှင့် လက်ထပ်သော ကွပ်ရွာထိပ်ခေါင်တင်ကို ‘ကျပင်းထိပ်ထား’ ဟူ၍ လည်းကောင်း အမည်ပြောင်း၍ ခေါ်ရမြဲ ဖြစ်သည်။

(မင်းသားတွင် ရှိသော ကိုယ်လုပ်မောင်းမတို့၏ ထိပ်ဆုံးကထားရသော မယားကြီးဖြစ်၍ ‘ထိပ်ထား’ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ )ဧကရာဇ်မင်းမြတ်၏ မြေးတော်၊ မြစ်တော်၊ တူတော်များကို ‘ထိပ်တင်’ ဟု ခေါ်ရမြဲ ဖြစ်သည်။ ရတနာပုံခေတ်တွင် ဤယဉ်ကျေးမှုအရ ကျန်မိဖုရားများ၏ သမီးတော်များကိုမူ ထိပ်ခေါင်တင်တပ်၍ ခေါ်ရသည်ချည်းပင်။

ထိပ်ခေါင်တင်ချင်း အမည်တူနေသောကြောင့် ၎င်းတို့စားရသော မြို့ရွာများကို အမည်ရှေ့မှထား၍ ခွဲခြားခေါ်ဝေါ်ရသည်။ ဥပမာ သမီးတော်အကြီးဆုံးဖြစ်သူ ချွန်းတော်မြို့စားကို ချွန်းတောင်ထိပ်ခေါင်တင်၊ ကန္နီမြို့စားကို ကန္နီထိပ်ခေါင်တင်၊ မင်းတပ်မြို့စားကို မင်းတပ်ထိပ်ခေါင်တင် စသဖြင့် ဖြစ်လေသည်။

အလားတူပင်အိမ်ရှေ့စံကနောင်မင်း၏ သမီးတော်ကြီးတို့အား ထိပ်ခေါင်တင်ဟုပင် ခေါ်ကြရ၍ မြို့ရွာစားရခြင်းကိုခွဲခြားပြီးကျောက်ပန်းတောင်းမြို့ကို စားရလျင် ကျောက်ပန်းတောင်းထိပ်ခေါင်တင်၊ မင်းပြင်မြို့ကိုစားရလျင် မင်းပြင်ထိပ်ခေါင်တင်၊ ထန်းသာမြို့ကိုစားရလျင် ထန်းသာ ထိပ်ခေါင်တင် စသည်ဖြစ်၏။

မြေးတော်များကိုမူ ထိပ်တင်ဟူ၍သာ သုံးသည်။ ခေါင်မပါတော့ပေ။ ထိပ်တင်ချင်းတူလျင်အမိ၏အမည်ကိုယူ၍ သုံးရသည်။ ဥပမာ ကျောက်ပန်းတော် ထိပ်တင်မကြီးဟူ၍ ဖြစ်ပါသည်။ မြေးတော်များမှတစ်ဆင့် မျိုးဆက်ပြန့်ပွားရာ၌လည်းအမျိုးအနွယ်၏ ထုံးတမ်းစဉ်လာကိုထိန်းသောအားဖြင့် တင်ဟူသောအသုံးကို ဆက်လက်သုံးကြသေးသည်။

ဥပမာအားဖြင့် တင်မကြီး၊ တင်မလတ်၊ တင်မလေး၊ တင်တင်၊ တင်တင်ဆွေ၊ တင်ဦးကြီး၊ ထိပ်တင်ဖြူ၊ တင်မောင်ကြီး စသော အမည်များဖြင့် ထိန်းသိမ်းထားကြရမှ အင်္ဂလိပ်ခေတ် ရောက်ပြီးနောက် တစ်စတစ်စ မည်သူမဆို ၎င်း တင်နှင့် ခင်တို့ကို အမည်တွင် ထည့်သွင်းအသုံးပြုခဲ့ကြပြီး ဖြစ်လေသည်။

ငredit0rgအကိုးအကား- ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး ဒဂုံခင်ခင်လေးမောင်ခင်မင် (ဓနုဖြူ) – ဝန်ထောက်မင်းဦးမောင်မောင်တင် နှင့် မြန်မာဘာသာစကား

crd.MgMg

Likes:
0 0
Views:
667
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *