တောင်ငူခရိုင်အား ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးအာဏာ အပ်နှင်းခဲ့စဥ်က (၁၉၅၅-ခုနှစ်)”ဦးမြသောင်း”

တောင်ငူခရိုင်အား (၁၀.၁၁.၁၉၅၅)နေ့မှာ ဒီမိုကရေစီဒေသန္တရဝန်ကြီးဌာန ဝန်ကြီး သခင်တင် က ဒီမိုက​ရေစီအုပ်ချုပ်ရေးအာဏာလွှဲပေးခဲ့ပါတယ်။ ထိုစဥ်က အာဏာလက်ခံရသူမှာ တောင်ငူခရိုင်ကောင်စီဥက္ကဋ္ဌ “ဦးမြသောင်း” ဖြစ်ပါတယ်။-

ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးစနစ်အကြောင်း အကျဥ်းချုပ်ပြောရရင်

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်၊လွတ်လပ်ရေးရပီးနောက် လွတ်လပ်ပြီးအချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာပေမယ့် ကိုလိုနီခေတ်အတိုင်း ဗျူရိုကရေစီယန္တရားက ကြီးထွားရှင်သန် အားကောင်းနေဆဲဖြစ်နေသေးပါတယ်။အုပ်ချုပ်ရေး၊ တရားစီရင်ရေးအားလုံးဟာ ဗြိတိသျှကိုလိုနီခေတ်အတိုင်း ဆောင်ရွက် နေကြဆဲပါပဲ။ အဲ့ဒါကြောင့်မို့ မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် “ပြည်တော်သာစီမံကိန်း” ဆိုပီး ၁၉၅၂ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တယ်။

ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးစီမံကိန်းဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ကိုလိုနီလက်ကျန် ဗြူရိုကရေစီအုပ်ချုပ်ရေးနေရာမှာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့ အစားထိုးဖို့ ကြိုးပမ်းခဲ့ကြတဲ့စီမံကိန်းပါပဲ။

အဲ့ဒီစီမံကိန်းဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဗြုန်းစားကြီး စတင်ခဲ့တာမဟုတ်ပါဘူး။ဒေသတစ်ခုနဲ့တစ်ခု၊ ကျေးရွာတစ်ရွာနဲ့တစ်ရွာ မတူညီကြတာမို့ ဒေသအလိုက် သင့်လျော်တဲ့နည်းဥပဒေများ ရေးဆွဲပီး တစ်ခရိုင်ချင်း ဖြည်းဖြည်းချင်း အာဏာစလွှဲပီး လုပ်ဆောင်ခဲ့ကြပါတယ်။

ထိုကဲ့သို့ အာဏာစလွှဲရာမှာ အင်းစိန်ခရိုင်၊ မိတ္ထီလာခရိုင်၊ ကျောက်ဆည်ခရိုင်တို့မှာ ၁၉၅၃ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့မှစပီး စတင်အာဏာတည်ခဲ့ပါတယ်။ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးရ​့ဲထူးခြားချက်တွေကတော့

အဲ့ဒီဥပဒေကို နိုင်ငံတော်သမ္မတ က နည်းဥပဒေတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းကိုဖြစ်စေ၊ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မည်သည့်ဒေသတွင်၊ မည်သည့်နေ့ရက်၌ အတည်ဖြစ်စေရ မည်ဟု အမိန့်ထုတ် ပြန်သတ်မှတ်နိုင်ပါတယ်။ နိုင်ငံတော်သမ္မတကိုယ်တိုင် အမိန့်ထုတ်ပြန်ကြေညာရတဲ့ဥပဒေပေါ့။

ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးစနစ်အရ ကျေးရွာ၊ ရပ်ကွက်၊ မြို့မ၊ မြို့နယ်၊ ခရိုင်ကောင်စီအဆင့်ဆင့် ဖွဲ့စည်းထားရှိပြီး မိမိတို့ကောင်စီအလိုက် သီးခြားစီမံ အုပ်ချုပ်ခွင့်ရရှိကြပါတယ်။

ခရိုင်ကောင်စီသို့မဟုတ် မြို့နယ်ကောင်စီများမှာ မိမိတို့ဒေသအလိုက် အောက်ပါဌာနများကို ဖွဲ့စည်းထားခွင့်ရှိပါတယ်။အဲ့ဒါတွေကတော့ဗဟိုဌာန၊ အထွေထွေဌာန၊ တရားဌာန၊ ပြန်ကြားရေးဌာန၊ ဘဏ္ဍာရေးဌာန၊ အခွန်တော်ဌာန၊ လမ်းလုပ်ငန်းဌာန၊ အဆောက်အဦ ဌာန၊ ကာကွယ် ရေးဌာန၊ ရဲဌာန၊ မီးသတ်ဌာန၊ ပညာရေးဌာန၊ ဆေးကုဌာန၊ ကျန်းမာရေးဌာန၊ သန့်ရှင်းရေးဌာန၊ သစ်တောဌာန၊ လယ်ယာစိုက်ပျိုးရေးဌာန၊ မြေစာရင်းဌာန၊ ဆည်မြောင်းတာတမံဌာန၊ သမဝါယမဌာန၊ တိရစ္ဆာန်ဆေးကုဌာနတို့ဖြစ်ပါတယ်။

နည်းဥပဒေပုဒ်မ (၇၈) မှာ အာဏာတည်ချိန်မှစပြီး မိမိတို့ကောင်စီအလိုက် ရာထမ်းမှုထမ်းများအဖြစ်တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ပါတယ်။ ကောင်စီတိုင်းဟာ မိမိတို့ခန့်ထားသည့် ရာထမ်း မှုထမ်းအသီးသီးရဲ့ အရည်အချင်းလစာများကို နိုင်ငံတော်အစိုးရက ခန့်ထားတဲ့ ရာထမ်း မှုထမ်းအသီးသီးအတွက် သတ်မှတ် ထားတဲ့ အရည်အချင်းထက် မလျော့သောအရည်အချင်းနှင့်၊ မပိုသောလစာကို သတ်မှတ်နိုင်ပါတယ်။

ကျေးရွာရဲအဖွဲ့နဲ့ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းထားပိုင်ခွင့်ရှိပါတယ်။ ပုဒ်မ-၁၇၃ မှာ ကျေးရွာတိုင်း၌ အက်ဥပဒေ ပုဒ်မ-၄၃ အရ ဖွဲ့စည်းသည့် “ကျေးရွာရဲအဖွဲ့ တစ်ဖွဲ့ရှိရမည်” ဆိုပီး ပါရှိပါတယ်။

အဲ့ဒီရဲအဖွဲ့မှာ ကျေးရွာရဲမှုထမ်းတစ်ဦးအပြင် ရွာခေါင်းများပါဝင်စေရမည်ဟုဆိုထားသည့်အပြင် ပုဒ်မ ၁၇၃၊ အပိုဒ် ၄ တွင် “ကျေးရွာရဲအဖွဲ့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရရဲအဖွဲ့၏ အစိတ်အပိုင်း မဟုတ်ဘဲ သီးခြားအဖွဲ့တစ်ဖွဲ့ဖြစ်ရမည်” လို့လည်း ပြဋ္ဌာန်းပါသေးတယ်။

အခန်း (၂၀) မှာတော့ ကျေးရွာတရားရုံးများဖွင့်လှစ်ပြီး အမှုစစ်ဆေးပိုင်ခွင့်များအား သတ်မှတ်ပြဋ္ဌာန်းပေးထား​ပြန်ပါသေးတယ်။ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးစနစ်ဟာ နောက်ပိုင်းမှာ ကုလသမဂ္ဂကလည်း ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ပါသေးတယ်။

ဒါပေမယ့် အဲ့ဒီစနစ်ဟာ မူအားဖြင့်ကောင်းသော်လည်း မြန်မာ နိုင်ငံရဲ့ အဲ့ဒီအချိန်က ပကတိအနေအထားအရ စည်းကမ်းကျနစွာအကောင် အထည်ဖော်ဖို့ အချိန်စောလွန်းသေးလို့ မအောင်မြင်ခဲ့ဘူးလို့ သုံးသပ်ကြပါတယ်။

အုပ်ချုပ်ရေးအရ ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသအလိုက်ကောင်စီအသီးသီးဖွဲ့ပြီးရပ်ကျိုး၊ ရွာကျိုး၊ ဒေသအကျိုးများ ဆောင်ရွက်ကြဖို့ ဖြစ်ပေမယ့် နိုင်ငံရေးပါတီတွေရဲ့လှုပ်ရှားစည်းရုံးမှုများကြား၊ခြေထိုးမှုများကြားမှာ၊ဂိုဏ်းဂဏကွဲခြင်း၊အုပ်စုကွဲခြင်းတို့ဖြင့်သာ အဖတ်တင်ခဲ့ရပါတယ်။

နောက်တော့ အဲ့ဒီ ဒီမိုကရေစီဒေသန္တရဥပဒေဟာလည်း ၁၉၆၂ ခုနှစ်မှာ ဦးနေဝင်းအာဏာသိမ်းပီးနောက် ၁၉၆၆ ခုနှစ်၊စက်တင်ဘာလမှာ ဖျက်သိမ်းပစ်လိုက်ပါတယ်။

credit : Zaw Moe Aung

Likes:
0 0
Views:
441
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *