ကုန်းဘောင်ခေတ် ရေချမ်းစင်သောက်သုံး ဓလေ့

ကုန်းဘောင်ခေတ် ရေချမ်းစင်သောက်သုံး ဓလေ့

မန္တလေး နေပြည်တော်ကို တည်ထောင်ခဲ့တဲ့ မင်းတုန်းမင်း မတိုင်ခင်မှ သီပေါမင်းလက်ထက်အထိ ဒီလို ဒါနကုသိုလ်လမ်းဘေး ရေချမ်းစင်တွေမှာ မည်သည့်ခရီးသွားမဆို ပြီးသလို / ဖြစ်သလိုရေသောက်သုံးသူ မရှိကြပါဘူး … ။ ထိုခေတ်က လမ်းဘေးရေချမ်းစင်ကိုသောက်သုံးတဲ့ ခရီးသွားတွေဟာကုသိုလ်ရှင်ကို ဂုဏ်ပြုသောအားဖြင့် – ရေမသောက်ခင် – ဖိနပ်ချွတ်ကြတယ်။

တစ်ချို့က ကျန်းမာစေကြောင်းမေတ္တာပို့ကြတယ် တစ်ချို့က ရေသောက်ပြီးမှသာဓု – ခေါ်ကြတယ် ။အဲဒီဓလေ့ဟာ – သီပေါမင်းပါတော်မူနှောင်းပိုင်း ၁၈၈၇ / ၈၈ ခုနှစ် အထိ ရှိနေတုန်းပါပဲ … ။ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရပြီးစနောက်ပိုင်း ရေချမ်းစင်သောက်သုံးကျေးလက်ဒေသမှ အဘိုးအဘွားတွေက သာဓုခေါ်ဆိုမှု အနည်းငယ်ကလွဲ လ်ို့ သိပ်မတွေ့ရတော့ဘူး … ။

ဖော်ပြပါပုံမှ အုန်းမှုတ်ခွက်နှင့်အငမ်းမရ ရေငတ်သောက်သုံးနေတဲ့ ရတနာပုံခေတ် ၎င်း ခရီးသွားပုဂ္ဂိုလ်ကြီးကတော့ ဖိနပ်မချွတ်နိုင်၍ ပြီးမှ သာဓု ခေါ်ဆိုမှုဖြစ်လို့ထိုခေတ်စည်းကမ်းနဲ့ ညီညွတ်ပါကြောင်း ။

သောက်ရေအိုးစင် ကုသိုလ်

သောက်ရေအိုးစင် ဆိုတာ အေးချမ်းမှုတွေ ပေးတဲ့နေရာပါ။ အညာအရပ်ဒေသမှာတော့ ရွာစဉ်တိုင်းမှာ ရွာဦးရွာထိပ်၊ ဇရပ်၊ လူသြားလူလာများတဲ့ အပြင် လမ်းတွေမှာ သောက်ရေအိုးစဉ်လေးတွေ တည်ထားတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အညာအရပ်ဒေသဆိုတာ နေအရမ်းပူတယ်လေ…။

အဲဒီတော့ခရီးသွားပြည်သူ၊ ရဟန်း ရှင်လူအပေါင်းတို့ အလွယ်တကူ သောက်လို့ရအောင်တည်ထားကြခြင်းဖြစ်ပါသည်။မောမောပန်းပန်းနဲ့ နေပူထဲကနေ ပြန်လာတဲ့လူတစ်ယောက်က ရေအရမ်းဆာလာတဲ့အခါမျိုးမှာ သောက်ရေအိုးစင် လေးတွေ့ရင် အရမ်းပျော်တတ်ကြတယ်။ သောက်ပြီးသွားတဲ့အခါမျိုးမှာလည်း ဆုတွေပေးတတ်ကြပါတယ်။

ဒီသောက်ရေအိုးစင်လေး တည်ထားတဲ့ မောင်မင်းကြီးသား ၊မယ်မင်းကြီးမတွေဒီရေလိုပဲအေးချမ်းကြပါစေ၊ ပျော်ရွှင်ကြပါစေ လို့ အဘိုးကြီး ၊အဘွားကြီးတွေ ဆုတွေးပေးတတ်သလို.. ဒီသောက်ရေအိုးစင်လေး တည်ထားတဲ့သူကျန်းမာချမ်းသာကြပါစေလို့ လူတွေက ဆုပေးတတ်ကြပါတယ်။ သူတို့တွေဆုမပေး ဘူးဆိုရင်တောင် ရေအကျိုးဆယ်ပါး မတောင်းပဲပြည့်ပါတယ်ဗျာ။

ရေအကျိုး(၁၀)ပါး(၁) လျင်မြန်ခြင်း(၂) သန့်ရှင်းစင်ကြယ်ခြင်း(၃) ကျော်ကြားလူသိများခြင်း(၄) ဆာလောင်မွတ်သိပ်မှုကင်းခြင်း(၅) အခြွေအရံများခြင်း(၆) အသက်ရှည်ခြင်း(၇) အဆင်းလှခြင်း(၈) ချမ်းသာကြီးခြင်း(၉) ခွန်အားဗလ ကြီးမားခြင်း(၁၀) ဥာဏ်ပညာ ကြီးမားခြင်းတို့ပဲဖြစ်ပါတယ်။ လူတိုင်းအတွက် ရေက အရမ်းအရေးပါတယ်နော်…ရေ မသောက်ရရင် သေနိုင်တယ်နော်။

စာဆိုတွေတောင် ရှိခဲ့သေးတာပဲလေ ထမင်းအသက် ခုနှစ်ရက်၊ ရေအသက်တစ်မနက် တဲ့လေ။ကျွန်တော်ကိုယ်တိုင် ခံစားဖူးတဲ့ အရသာလေးကို ပြောပြပါအုံးမယ်ဗျာ။ အညာဒေသ မိုးကလည်းမရွာ ၊နေကပူတော့ လူတွေတင် ပူရုံသက်သက်မဟုတ်ပဲ ၊ နွားတွေလည်း နွားစာစို မစားရဘူးပေါ့ဗျာ။ အဲဒီတော့ ကျွန်တော်တို့တစ်တွေ နွားစာအစို ပေါက်တဲ့နေရာတွေကို စက်ဘီးတွေနဲ့ သွားရိတ်ရတာပေါ့ဗျာ။

အဲဒီလို သွားတယ်ဆိုရင် ရေဗူး တွေ ထည့်သွားကြပါတယ်။ ဖြစ်ချင်တော့ တစ်ရက်မှာ အဲလိုပဲ နွားစာသွားရိတ်တာပေါ့ဗျာ..ရေဗူးတွေလည်းပါပါတယ်ကျွန်တော်တို့(၆)ယောက်သွားတာပါ။အဲဒီနေ့မှာ နေကပူသထက်ပူတော့ ရေဗူးတွေလည်းကုန်ရော။ အဲတော့ လူတွေလည်း ရေတွေငတ်တော့တာပေါ့ဗျာ။ ရေငတ်တော့ ဘာမှမလုပ်နိုင်တော့ဘူးလေ… အဲတော့ ပြန်လာကြတာပေါ့။

ကျွန်တော်တို့ ပြန်လာတဲ့ တစ်နေရာရောက်တော့ ရွာလေးတစ်ရွာနဲ့ သိပ်မဝေးဘူးလေ အဲဒါနဲ့ ရွာထဲကို ၀င်ပြီး ရေတောင်းသောက်မယ်ဆိုပြီး သွားလိုက်တာ ရွာထဲမ၀င်ခင် သစ်ပင်အောက်ရေအိုးစင်လေးတစ်ခုတွေ့တော့ ၀မ်းသာအားရနဲ့ အလုအယက်သောက်ကြတော့တာပေါ့။ အဲဒီကျမှ ရေဆာတာ ပြေသွားပြီးပါးစပ်ကလည်း ဆုတွေးပေးနေမိပါတော့တယ်။

ပျော်လွန်းလို့ ကျွန်တော်ဆို မျက်ရည်တွေများတောင် ကျမိပါတယ်။ အဲဒါက ကျေးလက်ဒေသရဲ့ ချစ်စရာကောင်းတဲ့ ရေအိုးစင်လေးတွေပါပဲ…။(မိတ်ဆွေတို့တွေလည်း ရေရှားတဲ့ အရပ်ဒေသတွေမှာ ရေလှူကြပါနော်….။ ။

(ရှေးခေတ်နှင့်​​ခေတ်နှောင်းပိုင်း ရေချမ်းစဥ်နှင့်ရေခပ်ပုံများထည့်သွင်းဖော်ပြပါသည်)

Credit… Post and Photos#CRDSaryarSai Min Thant#နော်ဂဲလယ်ထူး (စာပေပရဟိတ)

Likes:
0 0
Views:
334
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *