စာရေးဆရာ ဖိုးကျော့

စာရေးဆရာ ဖိုးကျော့ ကို (၁၃၀၂) ခုနှစ်၊ ဝါခေါင်လပြည့်ကျော်(၁)ရက်၊ (၄.၈.၁၉၄၀) ရက်နေ့တွင် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ချောင်းဝကျေးရွာ၌ အဖ-ဦးဘောက်ဖြူ၊ အမိ-ဒေါ်ချက်တောင်းမတို့က မွေးဖွားသည်။ အမည်ရင်းမှာ ဦးမြင့်လွင်ဖြစ်သည်။ မွေးချင်း(၉)ယောက်အနက်မှ တတိယမြောက်ဖြစ်သည်။

ငယ်စဉ်က ရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့သည်။(၁၉၅၆)၊ အောက်တိုဘာလထုတ် မြဝတီမဂ္ဂဇင်းပါ ဆင်မာန်နှင့်ငှက်ဉာဏ် အခန်းဆက်ဝတ္ထုရှည်ဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ (၁၉၆၆)၊ အောက်တိုဘာလထုတ် မြဝတီမဂ္ဂဇင်းပါ ဆင်လိုက်ခြင်းဝတ္ထုမှာ အလယ်တန်းမြန်မာစကားပြေ လက်ရွေးစင်တွင် ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းခြင်းခံခဲ့ရသည်။

ဝတ္ထုတိုအချို့ကို ဂျပန်နှင့်ဗီယက်နမ် နိုင်ငံတို့တွင် ဘာသာပြန်၍ ထုတ်ဝေဖူးသည်။(၁၉၇၀)၊ အောက်တိုဘာလထုတ် မြဝတီမဂ္ဂဇင်းပါ နတ်မလိုက်သောနေ့ဝတ္ထုကို ဂျပန်နိုင်ငံ နိုင်ငံခြားဘာသာသင်တက္ကသိုလ်မှ ပါမောက္ခ တိုရူအိုနိုက ဂျပန်ဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့သည်။

(၁၉၇၂) – မြေဆီမဲမဲ သွေးရဲရဲ၊ အောင်ပွဲသို့ချီရာဝယ် ဝတ္ထုများထွက်ရှိ (အောင်ပွဲသို့ချီရာဝယ်-ဝတ္ထုရှည်ဖြင့် ယင်းနှစ်အတွက် အမျိုးသားစာပေဝတ္ထုရှည်ဆုရ) (၁၉၇၃) – လွန်လေပြီးသောအခါ၊ လောဘမြစ်ပင်လယ်၊ ချစ်ငြိုးရစ်ချည်၊ ငြိုးမာန်လျှော့ပြေ၊ ဝမ်းရေးထက်ပင် ခက်ပါသည် စသောဝတ္ထုများ ထွက်။

(၁၉၇၄) ဆင်လုပ်သား၊ အမှောင်လမ်းက သူတို့အပြန် စာအုပ်များ ထွက်။(၁၉၈၁) – မျှော်ရသူတို့ ဗျာပါ​ဝေ၊ ခပ်သိမ်းသောမြစ်တို့ကဲ့သို့ စာအုပ်များထွက်။ (၁၉၈၂) – ပြန်မပြောချင်ဘူး ဝတ္ထုထွက်။ (၁၉၈၃) – ဟူးကောင်းတောင်ကြား၊ အလွမ်းကန္တာ- တောကန္တာ၊ ဆင်မိုးလုံးနှင့် နောက်ဆုံးအဖြေ စာအုပ်များ ထွက်။

(၁၉၈၅) – သမုဒယဤပင်လယ် ဝတ္ထုထွက်။(၁၉၉၀) – အင်တွဲပွဲလျက် အရှာထွက် ဝတ္ထုရှည်စာမူဖြင့် စာပေဗိမာန်စာမူဝတ္ထုရှည် ဒုတိယဆုရ။ (၁၉၉၁) – သေရွာပြန်တို့၏ အဏ္ဏဝါခရီး စာမူဖြင့် စာပေဗိမာန်ဝတ္ထုရှည် ဒုတိယဆုရ။ (၁၉၉၃) – အင်တွဲပွဲလျက်အရှာထွက် စာအုပ်ထွက်။ မြန်မာ့မုဆိုး ဝတ္ထုဖြင့် စာပေဗိမာန်ဝတ္ထုရှည် ဒုတိယဆုရ။

(၂၀၀၁) – သေရွာပြန်တို့၏အဏ္ဏဝါခရီး စာအုပ်ထွက်။ (၂၀၀၂) – ကမ္မဇဒ္ဓိ ဝတ္ထုထွက်။ (၂၀၀၃) – ဆင်သင်္ချိုင်းရှာပုံတော်၊ ဆင်သေကုန်း၊ ရာဇဌာနီ၊ မြန်မာပြည်မြောက်ဖျားမှ စသော စာအုပ်များ ထွက်။ နောက်ပိုင်းတွင် ဆက်လက်၍ နန်းရပ်ထီးဖြူ လုယူမယ် မြင်သည်၊ မြေထုမြင်းမို ပြိုပါလေလျှင်၊ ဆောင်းရက်ရှည်တဲ့ နွေဒေသ ဝတ္ထုများ ထွက်။

(၂၀၀၆) – မဟာလီဒို ဝတ္ထုထွက်။ (၂၀၁၇) ခုနှစ်အတွက် အမျိုးသားစာပေ (တစ်သက်တာဆု)ကို ချီးမြှင့်ခြင်းခံရ။ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်သော ၁၀ ကြိမ်မြောက် မဲခေါင်စာပေဆု ချီးမြှင့်ပွဲအခမ်းအနားမှ မြေဆီမည်းမည်း သွေးရဲရဲစာအုပ်ဖြင့် မဲခေါင်စာပေဆု ချီးမြှင့်ခဲ့ပါသည်။

ဆရာဖိုးကျော့သည် ယခုအချိန်ထိ ဝတ္ထုတို (၇၀) ကျော်၊ မဂ္ဂဇင်းဝတ္ထုရှည် အပုဒ် (၂၀) ကျော်၊ လုံးချင်း (၃၀) ခန့် ရေးသားပြီးဖြစ်သည်။ ယခင်က ပြည်သူ့ဂုံနီစက်ရုံတွင် စာကြည့်တိုက်မှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ စာပေများ ဆက်လက်ရေးသားလျက် အမှတ်(၂)၊ စပယ်(၂) လမ်း၊ ၃-ရပ်ကွက်၊ ကမာရွတ်မြို့နယ်တွင် ဇနီး-ဒေါ်ကြူကြူဝင်း၊ သားသမီး(၂)ဦးတို့နှင့်အတူ နေထိုင်လျက်ရှိသည်။

သောကြာကြိုက်သောစာစုများ

Likes:
0 0
Views:
553

Leave a Reply

Your email address will not be published. Required fields are marked *