ဓနုဖြူခံတပ်အုတ်မြို့ရိုး စမ်းသပ်တူးဖော်မှု ( အပိုင်း – ၂ )

နောက်ခံသမိုင်းအကျဉ်း

ဓနုဖြူမြို့က မြစ်ဝကျွန်းပေါ်ဒေသဖြစ်တာမို့ စိမ့်စမ်းတောမြိုင် သားငှက်အပေါင်းနဲ့ ဥဒေါင်းများ ပျော်မွေ့ရာဒေသ ဖြစ်ခဲ့လို့ ဒေါင်းဖြူမြို့လို့ ခေါ်တယ်လို့ ဆိုပါတယ်။ ဘုရားလောင်းနုစဉ်ဘဝ ဥဒေါင်းမင်း ဖြစ်ခဲ့စဉ်က ကျက်စားနေထိုင်လို့လည်း ဒေါင်းဖြူမြို့လို့ ခေါ်ဝေါ်တယ်လို့ ရှေးစကားရှိခဲ့ပါတယ်။

၁၈၉၆ ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့က သမုတ်ခဲ့တဲ့ ဥတ္တမသိမ်တော် ကျောက်စာအရဆိုရင် သာသနာ သက္ကရာဇ် (၆၂၅) ခုနှစ်မှာ နန်းတက်တဲ့ ပုသိမ်သမုဒ္ဓထောသမင်းနှင့် ဥမ္မာဒန္တီမိဖုရား၏ သားတော် ဓနုမင်းသား (ခေါ်) ဓနုသင်္ခါမင်းသား တည်ထောင်ခဲ့လို့ ဓနုဖြူဟုတွင်ကြောင်း သိရပါတယ်။ ကျောက်စာက ကျိုက်ကလွန်ပွန်းစေတီတော် မြောက်ဘက် ဘုရားပရဝုဏ် အတွင်းမှာရှိပါတယ်။ ကျောက်စာကိုတော့ မဖတ်ခဲ့နိုင်ပါဘူး သာသနာသက္ကရာဇ်ဆိုတာကတော့ သံသယဖြစ်စရာပါပဲ တတ်နိုင်တဲ့သူ တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။

ကျိုက်ကလွန်ပွန်းစေတီတော်ကြီး ထီးတော် ငွေဆည်းလည်းခေါင်းလောင်း ပတ်လည်မှာ “သာသနာသက္ကရာဇ် ၉၂၇ ဒလဗျူမောင်နှမ မင်းမိဖုရား ဒလဗျူ”လို့ ရေးထိုးထားတယ်လို့လည်း သိရပါတယ်။ ဒါလဲ စာအထောက်အထားပဲရှိပြီး ဓါတ်ပုံအထောက်အထားမတွေ့လို့ သာသနာ သက္ကရာဇ်လို့ဆိုတာကို သံသယဖြစ်မိပါတယ်။

ခေါင်းလောင်းမှာရှိတဲ့ ငွေညောင်ရွက် တစ်ဖက်မှာ “ဒရေဗျည်းညား၊ မြို့မှတ်သားလော့၊ ခေါ်ညား ဒလဗျူ နည်းတူမောင်နှမ၊ တည်သည့်မြို့မ သက္ကရာဇ် ကိုးရာနှစ်ဆယ် သာ၍ကြူးက တင့်တယ်၊ ခုနှစ်သွယ်သည်၊ ဒနူဗျူ”လို့ ရေးထိုးထားတယ်လို့ သိရပါတယ်။

မောင်တော် ဒရေဗျည်းညားနှင့် နှမတော် ဒလဗျူ မင်းသမီးတို့သည် သာသနာသက္ကရာဇ် ၉၂၇ ခုနှစ်တွင် ယခု ဓနုဖြူမြို့ကို “ဓနုဖြူ”ဟူသော အမည်ဖြင့် ပြန်တည်ပြီး ကျိုက်ကလွန်ပွန်းစေတီတော်ကြီးကို ပြုပြင်ခဲ့ကြောင်း ထင်ရှားသိသာပါတယ်လို့ ဆိုပါတယ်။ ငွေညောင်ရွက်ရဲ့ အခြားတစ်ဖက်မှာ “ဓနုသင်္ဂဟ မင်းမဟာသည် မြို့တည်သက္ကရာဇ် ၉၂၇ ဘုရားကျိုက်ကလွန်ဗွန်း ပြုပြင်နှစ်တည်း” လို့လည်း ပါရှိတယ်လို့ ဆိုပါတယ်။

စာအထောက်အထားအရ ပိုစောချင်လို့ သက္ကရာဇ်ကို သာသနာသက္ကရာဇ်လို့ သမိုင်းစာအုပ်တွေမှာ ရေးသားခဲ့တာလို့ပဲ သတ်မှတ်ရပါမယ်။ ပုဂံခေတ်နရပတိစည်သူမင်း (၅၃၆-၅၇၃)လက်ထက် ရွှေတိုက်တော်စာရင်းအရဆိုရင် ပုသိမ် (၃၂) မြို့ အမှတ်စဉ်(၉)မှာ ပါဝင်ပြီး “ကျိုက်ကလွန်ပွန်းဒေါင်းဖြူ”မြို့လို့ ခေါ်တွင်ကြောင်း သိရှိရပါသည်။

(၃၀ . ၉ . ၁၅၈၀)ရက်နေ့မှာ ကောက်ခံတဲ့ ဘုရင့်နောင်မင်းတရားကြီးရဲ့ စစ်တမ်း၊ (၂၂ . ၂ . ၁၆၀၇)ရက်နေ့တွင် ကောက်ခံတဲ့ ညောင်ရမ်းမင်းတရားကြီးရဲ့စစ်တမ်း၊ ကုန်းဘောင်ခေတ် ဘိုးတော်မင်းတရားကြီး လက်ထက် (၁၇၈၁-၁၈၁၉)မှာ ကောက်ခံတဲ့စစ်တမ်း၊ သာယာဝတီမင်း လက်ထက် (၁၈၃၇-၁၈၄၆) မြန်မာသက္ကရာဇ် (၁၂၀၁)ခုနှစ်၊ နယုန်လဆုတ် (၁၃)ရက်နေ့တွင် အလ္လကပ္ပမြို့ဝန်မင်း နေမျိုးရွှေတောင် နော်ရထာသို့ တင်ဆက်သော ပုသိမ်(၃၂)မြို့ စာရင်းများမှာလည်း “ကျိုက်ကလွန်ပွန်း ဒေါင်းဖြူ” မြို့ဟူ၍ ဖော်ပြထားပါတယ်။

ဖော်ပြပါ စာပေအထောက်အထားများနဲ့ ဥတ္တမသိမ်တော်ကျောက်စာ အလိုအရဆိုရင် ခရစ်နှစ် ၈၁ ခုနှစ် (သာသနာနှစ် ၆၂၅ ခုနှစ်)တွင် ဓနုမင်းသား (ခေါ်) ဓနုသင်္ခါမင်း တည်ထောင်ပြီး ဓနုဖြူမြို့လို့ ခေါ်ဆိုကြောင်း သိရပြီး၊ ကျိုက်ကလွန်ပွန်း ထီးတော်ငွေဆည်းလည်းခေါင်းလောင်းစာအရ ခရစ်နှစ် ၃၈၄ ခုနှစ် (သာသနာနှစ် ၉၂၇ ခုနှစ်)တွင် မောင်တော် ဒရေဗျည်းညားနှင့် နှမတော် ဒလဗျူ မင်းသမီးတို့သည် ဓနုဖြူမြို့ကို “ဒနူဗျူ” ဟူသောအမည်နဲ့ ပြန်တည်ပြီး ကျိုက်ကလွန်ပွန်း စေတီတော်ကို ပြင်ဆင်ခဲ့ ကြောင်း သိရှိရပါတယ်။

ပုဂံခေတ် နရပတိစည်သူမင်း ခရစ်နှစ် ၁၁၇၄-၁၂၁၁ ခုနှစ် (မြန်မာသက္ကရာဇ် ၅၃၆-၅၇၄ ခုနှစ်)မှာ ကောက်ယူခဲ့တဲ့ ပုသိမ်(၃၂)မြို့စစ်တမ်းမှာ ကျိုက်ကလွန်ပွန်းဒေါင်းဖြူမြို့လို့ ခေါ်ဆိုခဲ့ကြောင်း သိရှိရပါတယ်။ ရာဇဝင်ဆိုင်ရာ အချက်အလက်များအရ မြို့တည်ခုနှစ်တွေနဲ့ အမည်အခေါ်အဝေါ်တွေဟာ ညီညွတ်မှုမရှိကြောင်း တွေ့ရှိရပါတယ်။ ဒါ့ကြောင့် စစ်ဆေးရာမှာ ပုသိမ်တည်ထောင်သည့် ခုနှစ်ဖြင့်လည်း တိုက်ဆိုင်စစ်ဆေးရန် လိုအပ်လာပါတယ်။

ခရစ်နှစ် ၁၁၇၄ ခုနှစ် (မြန်မာသက္ကရာဇ် ၅၃၆ ခုနှစ်)တွင် ဟံသာဝတီပြည့်ရှင် ဝိမလမင်းရဲ့ မြောက်နန်းသားတော် ဝါသုဒတ္ထမင်းက ပုသိမ်မြို့ကို အရံမြို့ (၃၂)မြို့ဖြင့် စုစည်းတည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ ထိုမင်းက စပြီး မင်း(၁၂)ပါး စိုးစံခဲ့ပါတယ်။ (၁၃)ဆက်မြောက်မင်း ဖြစ်တဲ့ သမုဒ္ဒဃောသမင်း လက်ထက်မှာ ပုသိမ်မြို့ကို သန်လျင်ဘုရင်က တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ နောက်ဆုံးမင်းဖြစ်တဲ့ သမုဒ္ဒဃောသမင်းရဲ့ မိဖုရားက ဉမ္မာဒန္တီမင်းသမီး ဖြစ်တယ်လို့ သိရပါတယ်။

ဥမ္မာဒန္တီမင်းသမီးဟာ အလှူအတန်းရက်ရောပြီး ရောက်ရာအရပ်မှာ ဘုရားတည်၊ ကျောင်းဆောက်သူအဖြစ် ထင်ရှားပါတယ်။ သန်လျင်မင်းရဲ့ ရန်ကနေ ပုန်းရှောင်ရင်း ပုသိမ်(၃၂)မြို့မှာ အပါအဝင်ဖြစ်တဲ့ ကျိုက်ကလွန်မွန် (ခေါ်) ဒေါင်းဖြူမြို့ (ယခု ဓနုဖြူ)သို့ ရောက်ရှိခဲ့ပါတယ်။ ဥမ္မဒန္တီမင်းသမီးဟာ ဓနုဖြူမြို့မှာ ဘုရားစေတီများ တည်တဲ့အပြင် ဓနုဖြူမြို့ရဲ့ အရှေ့ဘက် ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး စံကင်းရွာမှာ မြကျိုက်ပျံ အမည်နဲ့လည်း စေတီတစ်ဆူ တည်ထားခဲ့ပါတယ်။

စေတီကို မြစ်ရေတိုက်စားပြီး ပြိုပျက်လုဆဲဆဲမှာ လင်းလွန်းပင်ဆရာတော် ဦးဝါယမနှင့် ရွာသားများက စေတီကိုဖျက်ပြီး ဌာပနာတိုက်ကို ဖွင့်ပါတယ်။ ဌာပနာတိုက်ထဲမှာ ရွှေကြုတ်၊ ငွေကြုတ်၊ ရွှေဆင်းတု၊ ငွေဆင်းတု၊ ကြေးဆင်းတု ဓါတ်တော်များနဲ့အတူ “ကိုးရာနှစ်ဆယ် စွန်းကယ်ခုနှစ်၊ ထိုသက္ကရာဇ်မှာ ဥမ္မာဒန္တီ၊မဟေသီသည်၊ ရွှေညီအများ၊ ဗိုလ်ပါအားနှင့် တည်ထားပူဇော်၊ စေတီတော်တည်း” ဟူတဲ့ မော်ကွန်းကမ္ပည်း ရေးထိုးထားတဲ့ ကြေးပုရပိုက်တစ်ဆူ ရရှိခဲ့ကြောင်း သိရပါတယ်။

ဒါ့ကြောင့် မြကျိုက်ပျံ စေတီတော်ကို မြန်မာသက္ကရာဇ် ၉၂၇ ခု၊ ခရစ်နှစ် ၁၅၆၅ ခုနှစ်မှာ တည်ခဲ့ကြောင်း သိရပါတယ်။

ဆက်လက်ဖော်ပြပါဦးမည်

Credit : ယဉ်ကျေးမှုကဏ္ဍဆိုင်ရာ သုတေသနရပ်ဝန်း

Likes:
0 0
Views:
523
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *