မြို့ပိုင်မောင်ပြုံးချို တို့ကျေးရွာ

မြို့ပိုင်မောင်ပြုံးချိုသည် မစလရွာသို့ အခွန်တော် ကောက်ခံရင်း ရောက်လာလေသည်။ မစလရွာသည် တို့မြန်မာနိုင်ငံတစ်ဝန်းရှိ အခြား အခြားသော တောရွာများကဲ့သို့ပင် တို့မြန်မာ့လယ်သမားတွေနှင့် ပြည့်နှက်လျက်ရှိသည်။ရွာတွင်းသို့ ဝင်သွားလျှင် ခနော်နီခနော်နဲ့ လေတိုက်လျှင် အဆောင်လိုက် ယိုင်လဲတော့မည့် တဲအိမ်ငယ်အသီးသီးမှ ညည်းသံ အမျိုးမျိုးကို နားသောတ ပန်ဆင်ရလေသည်။ “ဟီ ဟီ ဟီ”“အမယ်လေးရှင့်” “အမယ်လေးတော့”“ဟဲ ဟဲ ဟဲ”“အမယ်လေးဗျ” မြို့ပိုင်သည် မျက်လုံးပြူးသွားလေသည်။“သူကြီးမင်းရဲ့၊ ဘယ့်နှယ် အသံတွေလဲ” သူ့နောက်ကပါလာသော သူကြီးမင်းကို ပုစ္ဆာထုတ်လိုက်လေသည်။“ဖျားကြတယ် ဘုရာ့၊ ဖျားကြတယ်။ ဆေးလည်းမရှိဘူး။ ဆေးရုံ သွားတောင်းလည်း မရဘူး။

အရင်တုန်းကလို အရှင်ဘုရားတို့ကလည်း ကွီနိုင်မပေးတော့ ညည်း ညည်းညူညူနဲ့ပဲ ခံနေကြရတော့တာပဲ”မြို့ပိုင်သည် စကားမပြောတော့ချေ။ ဆက်လက်၍ ကြွလှမ်းတော်မူပြန်၏။ ဗိုက်ပူနံကားနှင့် တစ်ကိုယ်လုံး ဝဲတွေဖုံးနေသည့် ကလေးတွေကို တွေ့ရလေသည်။ သူတို့သည် ပြေးလိုက်လွှားလိုက်နှင့် ကစားနေကြသည်။“အခု ကျောက်ထိုးဆရာလည်း မလာဘူး ဘုရား။ ဒီရွာမှာ ကျောက်ပေါက်လို့သေတာ ဒီလမယ် လေးငါးယောက် ရှိသွားပြီ”သူကြီးက သူ့မြို့ပိုင်အား အားကိုးကြီးတစ်ခုနှင့် လျှောက်ထားပြန်လေ၏။“ကျောက်ရည် မရှိဘူးဗျ”ဟု မြို့ပိုင်က ဖြေလိုက်ရာ သူကြီး စကားပြော တိတ်သွားလေ၏။

သို့နှင့် ခပ်လှမ်းလှမ်းမှ ညနေခင်း လက်ပံပင်ပေါ်တွင် ဆက်ရက်အုပ် ကျလာသကဲ့သို့ ဆူညံသံတွေကို ကြားရပြန်လေသည်။“သူကြီးမင်းရဲ့၊ ရှေ့ကဟာက စာသင်ကျောင်းလား” မြို့ပိုင်၏အမေးကို သူကြီးက “မှန်ပါ့ဘုရား”ဟု ဖြေလေသည်။ “ကျောင်းသား ဘယ်နှယောက်ရှိသလဲ” “သုံးဆယ်လောက် ရှိပါတယ်” “ကျောင်းလခ ဘယ်လောက်လဲ”“ဒီဆရာကတော့ ပေးသလောက် ယူတာပါပဲ။ တချို့လဲ တစ်လ စပါးတစ်ခွဲ ပေးတယ်။ တချို့ကလဲ တစ်မတ်၊ တချို့ကလဲ စပါး ပေါ်ချိန်မှ ငါးတင်းပေးမယ်လို့ ကတိထားပါတယ်။ ဆရာ့ကိုတော့ ကျောင်းသားတွေအိမ်က တစ်လှည့်စီ ထမင်းကျွေးရပါတယ်” “ကျောင်းဆရာက ဘယ်နှတန်းအောင်သလဲ” “ဘယ်နှတန်းအောင်မှန်းတော့ မသိပါဘူး။

မီးရထားလမ်းက အတော် တောင်းတောင်းပန်ပန်နဲ့ ခေါ်ခဲ့ရပါတယ်”မြို့ပိုင်သည် ဆရာ၏စေတနာကို ချီးမွမ်းရင်း ကျောင်းနားသို့ ရောက်လာလေ၏။ ကျောင်းကို ကြည့်ပါဦး။ သက်ငယ်မိုးကလေးကလည်း မလုံတလုံ၊ အကာအရံ မရှိ။ ကြမ်းခင်းထားသည်ကလည်း ကျိုးတိုးကျဲတဲ့။ ထိုခမ်းနားလှသော အဆောက်အအုံအတွင်းဝယ် အသက် ၆ နှစ်မှ ၁၂ နှစ်ခန့် အရွယ်ရှိ ယောက်ျားကလေး၊ မိန်းကလေးတို့သည် ကျွက်ကျွက်ညံအောင် စာအံလျက် ရှိကြကုန်၏။

အသံတွေကလည်း အမျိုးစုံပါဘိ။ အချို့ကျောင်းသားတို့ရှေ့တွင် ကျောက်သင်ပုန်းကွဲ။ အချို့ကျောင်းသားရှေ့တွင် စာအုပ်စုတ်။ အချို့ နှစ်ယောက် သုံးယောက်ပေါင်း၍ ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျက်ရှိသည်။ဆရာသူမြတ်ကား သင်ဖြူးတစ်ချပ်ကို ခင်းကာ စာအုပ်ထူထူကြီးတစ်ခုကို ခေါင်းအုံး၍ လဲလျောင်းလျက်ရှိသည်။ သူသည် တစ်ဖက်သို့စောင်းနေ၍ မောင်ပြုံးချိုတို့လူသိုက်ကို မြင်ဟန်မတူ။ သူ့ခေါင်းနားတွင် ၁၀ နှစ်အရွယ် လူငယ်တစ်ယောက်ထိုင်ကာ ဆံပင်ကို ဖြဲလျက်ရှိသည်။အလို ဘာလုပ်နေပါလိမ့်။ သေသေချာချာ ကြည့်စမ်းပါဦး။ ဆံပင်အဖြူ နုတ်ပေးနေပါသည်။မောင်ပြုံးချိုတို့ စကားပြောသံကြောင့် ဇိမ်ပျက်သွားလေပြီ။ နေရာမှ ထ၍ ခရီးဦးကြိုပြုလေသည်။

သူသည် ဆင်းဆင်းရဲရဲနှင့် ကလေးတို့၏ပညာရေးကို မျှော်ကိုး၍ ဤရွာသို့ လာနေရကြောင်းကို ပြောပြီးသည့်အဆုံး၌ အစိုးရဆိုင်မှ အထည်အဝတ်များ ဝယ်ခွင့်ပြုရန် မြို့ပိုင်အား တောင်းပန်လေ၏။ မြို့ပိုင်က သူ့ဆန္ဒကို ဖြည့်လိုက်ပြီးသော်“ဆရာရဲ့ ကလေးတွေကို အတွက်အချက်ကလေးလည်း သင်ပေးဦးမှပေါ့”ဟု ဆို၏။ .“သင်ပါမယ်”ဟု ဝန်ခံလိုက်လေသည်။မြို့ပိုင်သည် ထိုကျောင်းမှထွက်လာစဉ် ဆရာသူမြတ်က သူ့ကျောင်းသားတွေကို အာလုပ်သံကြီးနှင့် ဂဏန်းသင်္ချာသင်နေသည်ကို ကြားခဲ့ရလေ၏။“ဆင်တစ်ကောင်ကို တစ်ပဲပေးရသော် တစ်မတ်နဲ့ နှစ်ပြားဖိုး ဝယ်ရင် ဘယ်နှကောင်ရမည်နည်း”တဲ့။

ဆက်လက်၍ လျှောက်သွားပြန်သည်။ “ရွေးကောက်ပွဲ လုပ်တော့မယ်ထင်တယ်။ မဲစာရင်းတွေ ကောက်ကုန်ပြီ”သူကြီးနှင့်ပါလာသော ဆယ်အိမ်ခေါင်းက မြို့ပိုင်အား တောက်ကြည့်လိုက်လေသည်။“အင်း ရှေ့တန်ခူးလလောက်မယ် လုပ်ဖြစ်လိမ့်မယ် ထင်တယ်”ဟု မြို့ပိုင်က ဖြေပြီးလျှင် “ဒီနယ်မှာ ဘယ်ပါတီက လူတွေ များသလဲ”ဟု ပြန်မေးလိုက်လေ၏။“ဟာ ဒီနယ်မှာတော့ အ သ ပ တ များတယ်ဘုရား”ဟု ဆယ်အိမ်ခေါင်းက ရုတ်တရက် ဖြေ၏။ “ဘယ့်နှယ် အ သ ပ တ လဲဗျ။ ဖ ဆ ပ လ ပါ”“မဟုတ်ဘူး ဘုရာ့။ အ သ ပ တဆိုတာ အသောက်ပါတီ။ ဒီရွာမှာတော့ အသောက်သမားတွေ သိပ်ပေါတာပေါ့။ နိုင်ငံရေးတော့ ကျွန်တော်မျိုးတို့တော့ ယောင်နေတာပဲ။ တော်တော်ကြာ လယ်သမားအစည်းအရုံး၊ တော်တော်ကြာ သမဂ္ဂ၊ တော်တော်ကြာ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဘာတွေမှန်းလဲ မသိပါဘူး”“ဟေ့ တို့တော့ ပိုက်ဆံများများပေးတဲ့လူ ထည့်မှာပဲ” အခြားတစ်ယောက်က ဝင်၍ ထောက်လိုက်ပြန်၏။“အေး ဒါကြောင့် တို့မြန်မာတွေ ခက်တာ။ မဲရဲ့ တန်ဖိုးကို မသိကြဘူး”“သိတာပေါ့ကွ၊ တစ်မဲကို နှစ်ကျပ်က အရေးကြီး ကြီးသလို ငါးကျပ်၊ ခြောက်ကျပ်၊ တစ်ဆယ်အထိ ရှိတယ်”“မင်းတို့လိုလူတွေကြောင့် ခက်တာ” “အမယ် ကြီးကြီးကျယ်ကျယ် မင်းကကော ဘာသိလို့လဲ” “ငါသိတယ်၊ မင်းတို့လို မသိတဲ့သူတွေကို ငါက အများကြီးသင်ပြချင်တယ်”“အမယ် လာ လာချီသေး။

ငုံးမင်းဘဝနဲ့ ရောင်ခြည်တော် မလွှတ်ချင်စမ်းပါနဲ့ မောင်ရဲ့ ” သူတို့နှစ်ယောက် စကားများနေကြသည်။* * * မောင်ပြုံးချိုသည် ရွာထဲတွင် လမ်းသလားလျက်ရှိစဉ် မကြားဝံ့ မနာသာ ဆဲသံ ဆိုသံများကိုလည်း နားသောတ ပန်ဆင်ရလေသည်။ ခုနစ်အိမ်ကျော် ရှစ်အိမ်ကြား၊ အမေ နှမ၊ အဖေ၊ မောင်၊ ယောက်ဖ မကျန် အော်ဟစ် တိုင်းထွာလျက် “လ”အက္ခရာ၊ စ’အက္ခရာများကို ရေလဲနှင့် သုံးနေကြလေသည်။ မိန်းမနှစ်ဦး ရန်ပွဲဆင်နေသည်ကို ပထမ တွေ့ရလေသည်။ သူတို့သည် ငါးကြော်ရာမှ ထ၍ ရန်ဖြစ်ကြသည်။ တစ်ဦးက ငါးကြော်၏။ အခြားတစ်ဦးက သူ့ကလေး နေမကောင်းနေစဉ် ​ညှော်လုပ်ရပါမည်လောဟု ထ၍ဆူ၏။ ဆူရာမှ ဆဲကြသည်။ ဆဲရာမှ နပန်းလုံးကြလေသည်။ နပန်းလုံးရာမှာ သဲသဲမဲမဲ ရှိလှသဖြင့် ခါးဝတ်ပင် မကပ်ကြတော့ဟု ဆိုသည်။မောင်ပြုံးချို့တို့ကား ထိုနပန်းပွဲကြီးကို မမြင်လိုက်ရတော့ချေ။ ပြီးစ ဖြစ်သည်။ ကျွက်စီကျွက်စီနှင့်သာ စကားပြောနေကြလေသည်။ မောင်ပြုံးချိုတို့ ထိုနေရာ ရောက်သောအခါ လူတစ်ယောက်သည် မောကြီးပန်းကြီးနှင့် ပြေးလာလေသည်။“ဘယ့်နှယ်လဲ ဘယ့်နှယ်လဲ ပြီးသွားပလား” ထိုသူက အရေးတကြီး မေး၏။ “ပြီးသွားပါပြီ” အနားကလူများက အေးအေးပြောလေသည်။

“အမယ်လေးဗျာ”ဟု ထိုသူက ညည်းညူ၏။ “ခင်ဗျားက ဘာလုပ်ဦးမလို့လဲ”“ဪ မိန်းမတွေ အဝတ်မကပ်ဘူးဆိုလို့ ကြည့်မလို့” ပြေးလာသူက စိတ်ပျက်ပျက်နှင့် ဖြေလေသည်။*ရွာထဲတွင် တစ်ခုသောနေရာ၌ သပိတ်ပိုက်ကာ ဆွမ်းခံကြွလာသော ဘုန်းတော်ကြီးနှင့် မျက်နှာချင်းဆိုင် တွေ့ရလေသည်။ မြို့ပိုင်နောက်က ပါလာသော သူကြီးနှင့်တကွ လူကြီးအပေါင်းတို့သည် လမ်းဘေးသို့ဆင်း၍ ပြားပြားဝပ်ကာ ရှိခိုးကြကုန်ရာ မြို့ပိုင်လည်း ထိုကိုယ်တော်အား လက်အုပ်မိုး၍ ရှိခိုးရလေတော့သည်။ ဘုန်းတော်ကြီးသည် မောင်ပြုံးချို့တို့၏ ရှိခိုးခြင်းကို ခံယူတော်မူလျက် ရပ်တန့်တော်မူလေသည်။“ဒကာကြီးက ဘယ်သူတုံး” ဘုန်းတော်ကြီးက မေး၏။ “မြို့ပိုင်ပါဘုရား” သူကြီးက လျှောက်လေသည်။“ဪ …ဪ… အခုမှတွေ့ရ ဝမ်းသာပါတယ်ဗျာ။ ဒကာကြီးတို့ ရာရှင်ဆိုင်က သင်္ကန်းတစ်စုံလောက် မရနိုင်ဘူးလား”“မှန်ပါ၊ သင်္ကန်းစ တစ်ကိုက်ကို တစ်ကျပ်နဲ့ ရနိုင်ပါတယ် ဘုရား”“ရောင်းတာ သိပါတယ်၊ လှူစမ်းပါလို့ ပြောနေတာပဲ။ ဒကာကြီး မြို့ပိုင်ပဲ လှူနိုင်တာပေါ့။ ရော့ ရော့ ကျုပ်လက်ဖွဲ့ ကလေးလည်း ဒကာကြီး ဆောင်ထားဖို့ ပေးရဦးမယ်” ဘုန်းတော်ကြီးသည် ကြိုးနီနှင့် သီထားသော လက်ဖွဲ့ ကလေးကို မြို့ပိုင်အား ပေးလိုက်လေသည်။

“အဲဒါ သိပ်ပီယကောင်းတယ်၊ ပြီးတော့ မြွေဆေးလည်း ကျုပ်ဆီမှာ ရှိတယ်။ ကျောင်း လျှောက်ခဲ့ဦးလေ”ဘုန်းတော်ကြီးလည်း ကြွသွားလေ၏။ “သူကြီးမင်း ဒီဘုန်းကြီးက ဘယ်ကလဲ”“ကျွန်တော်မျိုးတို့ရွာဦးကျောင်းကလေ၊ ကျောင်းမယ် ဘုန်းကြီး မမြဲလွန်းလို့ တခြားနယ်က သွားပင့်ထားရတယ်။ ဒီကိုယ်တော်က အတော်တော်ပါပေတယ်။ ဆေးလည်း သိပ်စွမ်းတာပဲ။ ပယောဂလည်း နိုင်တယ်။ ဗိေန္ဒာ နိုင်တယ်။ မြို့အုပ်မင်းလာရင် သူ့ကျောင်း ခေါ်ခဲ့စမ်းပါလို့ မကြာမကြာ ပြောနေတာပေါ့။ ဟိုအရင်ပြောင်းသွားတဲ့ သစ်တောဝန်ထောက်ကြီးနဲ့ဆို သိပ်ခင်တာပေါ့။ လာရင် သူ့ကျောင်းမှာပဲ တည်းတာပဲ။ သူ့ကျောင်းမယ် အစုံရတယ်။

ဘဲဥ၊ ကြက်ဥ ဟာ… စုံလို့၊ ဘာမဆို ရတယ်။ အတော် လာဘ်သပ်ပကာရွှင်တဲ့ ကိုယ်တော်ပေါ့ ”သို့နှင့် သူကြီးအိမ်သို့ ရောက်လာကြလေ၏။ သူကြီးမင်း အိမ်သားတစ်စုတို့သည် မြို့အုပ်မင်း ကြွလာလျှင် ထိုင်ရန် ပက်လက်ကုလားထိုင်ကြီးပေါ်တွင် ကော်ဇောကြီးကို ခင်းထားလေသည်။ ရှေ့မှ စားပွဲပေါ်တွင် မြို့အုပ်မင်း အဆာပြေသုံးဆောင်ရန် ဘဲဥကြော်နှင့် လက်ဖက်ရည်ပွဲ ချလာသည်။ မြို့အုပ်မင်းသည် ခင်းထားသောနေရာ၌ ထိုင်မိလတ်သော် သူကြီးမင်းအား ဤသို့ ဆို၏။“သူကြီးမင်းရဲ့ ဖွားသေ ဖွားရှင် စာရင်းတို့ ဒဏ်စာရင်းတို့ ယူခဲ့ပါ”“မရှိပါဘုရား၊ ဒီစာအုပ်တွေ တစ်ခုမှ မရှိပါ၊ ဂျပန်ခေတ်ထဲက ကုန်ပါပြီ။ နောက်ထပ်လည်း မရပါ”“ဒါဖြင့် သေတာ မွေးတာ ဘာမှမသိဘူးပေါ့” “မသိပါ၊ အမှတ်အသားလည်း မရှိပါ” “သူကြီးမင်း ရွာမှာ အိမ်ခြေဘယ်လောက်ရှိသလဲ”“ဟေ့ ဘစောရေ၊ ဘယ်လောက်လဲကွဲ့”ဆယ်အိမ်ခေါင်းကို လှည့်၍ မေးသည်။“နှစ်ရာ ထင်ပါရဲ့”ဟု ဆယ်အိမ်ခေါင်းက ဖြေ၏။

“လူဦးရေ ဘယ်လောက်ရှိသလဲ” မြို့ပိုင်က မေးပြန်သည်။ “ဒါတော့ မွေးတဲ့လူ မွေး၊ သေတဲ့လူ သေနဲ့ ဘယ်သိမလဲ ဘုရား”မြို့ပိုင်မောင်ပြုံးချို “ဪ မှန်းခြေပေါ့ဗျာ” “ရှစ်ရာလောက် ရှိပါတယ်” “သူကြီးမင်း ရွာမှာ ခိုးမှုတိုက်မှု ဖြစ်သေးသလား” “နွေတုန်းက ဓားပြမှုတစ်မှုနဲ့ လူသတ်မှုဖြစ်ပါတယ်” “တရားခံ မိရဲ့ လား”“မမိဘူးဘုရား၊ ပုလိပ်ကတော့ မသင်္ကာတဲ့လူ ဖမ်းတာပဲ။ သို့ပေမယ့် သက်သေမရလို့ လွှတ်လိုက်ပြီ”“မသင်္ကာတဲ့လူ၊ ခြေမငြိမ်တဲ့လူတွေကို တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် လုပ်ရမယ်”“အမယ် မလုပ်ရဲဘူးဘုရား၊ သူတို့ လွတ်လာရင် ခေါင်းစမ်း အိပ်နေရမှာ”မြို့ပိုင် မောင်ပြုံးချို လေဖောင်းနေစဉ် ထမင်းပွဲ လာချလေသည်။ မြို့ပိုင်သည် စကားဖြတ်၍ လတ်ဆတ်သော သူကြီးမင်း၏ခြံပေါက် ကြက်သားဟင်းနှင့် ပွဲတော်တည်နေလေ၏။

အနားတွင် သူကြီးမင်း၊ ဆယ်အိမ်ခေါင်းမင်း၊ ရွာဆော်မင်း၊ ကော်မတီလူကြီးမင်း အစရှိသော မင်းအပေါင်း ခြံရံလျက် ရှိလေသည်။ သူတို့သည် ကွမ်းစားကာ၊ လက်ဖက်ရည်သောက်ကာနှင့်ဟောင်ဖွာဟောင်ဖွာ လုပ်နေကြလေသည်။ ဆေးငုံထားသူ လူကြီးသုံးယောက်မှာကား တဖျစ်ဖျစ်နှင့် တံတွေးကို လှပစွာ မကြာခဏ ထွေးလျက်ရှိကြရာ မြို့ပိုင်လည်း ထမင်းကိုသာ မြိန်မြိန်ရှက်ရှက်ကြီး လွေးနေလေသည်။ထမင်းသုံးဆောင်ပြီးသော် မြို့ပိုင်မောင်ပြုံးချိုသည် လူကြီးတွေနှင့် စကားဖောင်ပြန်လေသည်။ အတော်ကြာ စကားပြောမိသောအခါ ဝမ်းဗိုက်ကို နှိပ်လေ၏။“သူကြီးမင်း အိမ်သာ ဘယ်မလဲ”ဟု မေး၍ နေရာမှ ထလေ၏။ သူကြီးနှင့် ဆယ်အိမ်ခေါင်းက လိုက်ပို့လေသည်။

အိမ်သာကား တံခါးမရှိ။ အကာအရံကလည်း ဟာလာဟင်း ဖြစ်နေလေသည်။“သူကြီးမင်းရဲ့ အိမ်သာ တက်လို့ဘယ်ဖြစ်ပါ့မလဲ၊ လူလာရင် ဘယ့်နှယ်လုပ်မလဲ”“လူ မလာအောင် အိမ်သာထဲက သီချင်းဆိုနေရပါတယ် ဘုရား”“ဟာ မဖြစ်ပါဘူး၊ တခြားအိမ်သာ ပြပါ။ ကျုပ် ပါချင်လှပြီ” “တခြားအိမ်သာ မရှိပါဘူး၊ တစ်ရွာလုံးမှ ဒီတစ်လုံးပဲ ရှိပါတယ်”မြို့ပိုင်သည် သူကြီးအား ကြိမ်းမောင်းကာ ရွာပြင်ဘက်သို့ ထွက်ပြေးလေသတည်း။

မန်းတင်ပြုံးတမဲ့မဲ့ (၁၉၄၉)

ကယ်ဆယ်ရေးရေဘေးကြောင့် အလုပ်အကိုင်မလုပ်နိုင်သဖြင့် ငတ်နေသူများကို ကယ်တင်ရမည်။ငတ်နေသူများစာရင်းကို ကောက်သူများလည်း ရွာအသီးသီးသို့ ထွက်ခွာသွားကြလေသည်။မကြာမီ အရေးပိုင်ထံမှ ဆန်အိတ်တွေ ရလာလေသည်။ လုံခြည်တွေလည်း ပါလာသည်။ မြန်မြန်ထက်ထက် လိုက်လျောရှာသော အရေးပိုင်မင်းအား မောင်ပြုံးချိုတို့နယ်မှ လူထုက ကျေးဇူးမတင်ဘဲ နေနိုင်အံ့နည်း။ငတ်နေသူများစာရင်း ကောက်သည်နှင့်တစ်ပြိုက်နက် အငတ်တွေ မှိုလို ပေါက်လာလေတော့သည်။”ငတ်တဲ့လူတွေ သိပ်များပါလားဗျ”မောင်ပြုံးချိုက နိဒါန်းပျိုးလိုက်လေသည်။

“ဟုတ်ကဲ့၊ ငတ်တဲ့လူတွေ သိပ်များပါတယ်”စာရင်းကောက်သောလူကြီးမင်းက ဆို၏။”တကယ်ငတ်တဲ့လူတွေ ဟုတ်ရဲ့လားဗျာ””ဟာ တကယ်ငတ်တာပါ၊ မြို့ပိုင်မင်းကိုယ်တိုင် လိုက်ကြည့်စေချင်ပါတယ်””တစ်ရွာ တစ်ရွာမယ် အိမ်ထောင်ပေါင်း တစ်ရာလောက်တော့ မငတ်နိုင်ဘူးထင်တယ်””တကယ်ငတ်ပါတယ်၊ ဒီလူတွေအားလုံး ပစ္စည်းမဲ့လူတန်းစားတွေချည်းပါပဲ။ အခု အင်မတန်ကျပ်တည်းနေပါတယ်””ကျပ်ရုံနဲ့မဖြစ်ဘူး၊ ငတ်နေမှ ပေးနိုင်မယ်။ ကျပ်ရုံနဲ့တော့ ကျွန်တော်လည်း လကုန်ခါနီးဆိုရင် ကျပ်တာပဲ””ဒီလူတွေမှ မဝေရင်တော့ ငတ်သေကုန်တော့မှာပဲ”စာရင်းကောက်သောလူကြီးမင်းက ဝမ်းနည်းသံဖြင့် ပြောလိုက်သည်။”

မြို့အုပ်မင်း ဝေသာဝေပါ၊ ပေးထားတဲ့ဆန်အိတ် မလောက်ရင် ထပ်တောင်းတာပေါ့”တစ်ယောက်က လွယ်လွယ်ကလေးပင် ပြောလိုက်သည်။ လူထုအတွက် အတော်စေတနာကောင်းရှာသည့် ပုဂ္ဂိုလ်မြတ်ကြီးပေတကား။”ဒီအောက်ပိုင်းမှာထက် အထက်ပိုင်းက ပိုအရေးကြီးပါတယ်။ ၁၀ရက်စာ ဝေမှ ဖြစ်မယ်”ဦးဂွတိုက ဝင်၍ တောလိုက်ပြန်သည်။”ဘာဖြစ်လို့ပါလိမ့်ဗျာ””အထက်ပိုင်းကလူတွေက ပိုငတ်ပါတယ်””ဘာဖြစ်လို့ပါလိမ့်ဗျာ””ငတ်ကိုငတ်လို့ပါ””ဘာဖြစ်လို့ ပိုပြီးငတ်ကြပါလိမ့်””သူတို့မယ် ဝမ်းစာကို မရှိကြပါဘူး””မနှစ်ကကော ဝမ်းစာရှိပါသလားဗျာ”မောင်ပြုံးချိုက မေးပြန်သည်။”မရှိပါဘူး””လွန်ခဲ့တဲ့ငါးနှစ်ကကောဗျာ””မရှိပါဘူး””သြော် သြော် သြော်””မြို့ပိုင်ကလည်း သူ့အဖေပစ္စည်းကျနေတာပဲ၊ နှမြောနေလိုက်တာ။

ဝေမှာဝေတာမဟုတ်ဘူး”ဟူသော အသံကိုလည်း သဲ့သဲ့ကြားရပါသေးသည်။သည်လိုနှင့် ဆန်ဝေမည့်နေ့ ရောက်လာလေသည်။စာရင်းပါလူများ ရောက်လာကြလေသည်။ ဆန်ဝေရာတွင် ကူညီကြသည့် ရဲဘော် ရဲမေများလည်း စုံစုံညီညီ ရောက်နေလေသည်။ဆန် စ၍ဝေပြီ။ အိမ်ထောင်စုအလိုက် လူဦးရေကိုလိုက်၍ လူကြီးတစ်ဦးလျှင် တစ်နေ့ နို့ဆီဘူးနှစ်လုံးနှင့်တွက်၍ ၅ရက်စာ ဝေပေးလေသည်။ ငတ်ပါသည်ဟု စာရင်းပေးထားပြီးမှ ဝေသည့်နေရာတွင် လာရောက်မယူဘဲ ရှက်သလိုဖြစ်နေသူများလည်း အများပင်ရှိလေသည်။ အချို့လည်း လူကြီးကိုယ်တိုင်မလာဘဲ လူငယ်လူမမယ်များကို လွှတ်၍အယူခိုင်းသဖြင့် ဖိတ်ဖိတ်စဉ်စဉ် ဖြစ်ကုန်ရသည်။

ပြီးခါနီးလေ ဆူဆူညံညံဖြစ်လာလေ။ အချို့က သူတို့နာမည်ကို ဖျက်ပစ်ရမည်လောဟု လူကြီးတွေကို ကက်ကက်လန်အောင် ရန်တွေ့နေကြလေသည်။အချို့ကလည်း”ကောင်းပါပေ့တော်။ မယ်ပုတော့ ထည့်တယ်။ ကျုပ်နာမည်တော့ ဖျက်တယ်။ ကျုပ်နဲ့မယ်ပု ဘယ်သူက ဆင်းရဲသတုံးဟင်။ အရပ်ကတို့၊ ကျုပ်နဲ့မယ်ပု ဘယ်သူဆင်းရဲသတုံး”ဟု ထောင့်တစ်ထောင့်ကနေ၍ အထက်ဘဝဂ်အောက် အဝီစိရောက်အောင် အော်သူက အော်နေသေးသည်။”မြို့ပိုင်မင်း၊ ကျွန်တော်ဆင်းရဲပါတယ်။ အဲဒါ နာမည်ယူပြီးမှ ဖျက်ပစ်တယ်”ဟု လူတစ်ယောက်က လာ၍ တိုင်ပြန်သည်။”အေး၊ ဆင်းရဲရုံနဲ့ မပြီးဘူး။ ငတ်မှပေးတာ””ကျွန်တော် ငတ်ပါတယ်”ငတ်နေပါသည်ဟု ပြောနေသူ ပါးစပ်မှ တောအရက်နံ့ လှိုင်နေလေသည်။

“လှဘူးနာမည် မပါဘူးလား”ခေါင်းဆောင်တစ်ယောက်က မေးပြန်သည်။”ဖျက်ထားတယ်”အခြားခေါင်းဆောင်တစ်ယောက်က ဖြေလေသည်။”ဘာပြုလို့တုံးကွာ။ သူ့ခမျာ ငတ်နေရှာပါတယ်””မိန်းမနှစ်ယောက်နဲ့မို့တဲ့””ဟာ ဘာဆိုင်လို့လဲကွာ၊ သူ့ခမျာ နှစ်ယောက်တောင်ယူထားရှာတာ။ ပိုပြီးတာဝန်ကြီးနေတော့ သူများထက်တောင် ပိုပေးထိုက်ပါတယ်””မြို့ပိုင်က မိန်းမနှစ်ယောက်တောင် ယူနိုင်သေးတာ၊ မငတ်နိုင်ဘူးတဲ့””ဟင်၊ အဲဒါ မင်းတို့မြို့ပိုင် ပညာရှိဆိုပြီး အယူအဆလွဲတာပဲ။

ဒို့ရွာမယ် ဘယ်လောက် မုဆိုးမတွေ ပေါသလဲ။ အားကိုးရာမဲ့ဖြစ်နေလိုက်ကြတာ သားသမီးတွေ တပြုံတခေါင်းကြီးနဲ့၊ မင်း သူတို့ကိုယူပါဆိုရင် ယူမလား””ဟာ ဘယ်ယူမလဲကွ””အေး၊ လှဘူးဟာ သူများမလုပ်နိုင်တဲ့ အလုပ်ကို သူလုပ်တယ်။ ဒါကြောင့် သူ့နာမည်လေးတော့ ထည့်ပေးလိုက်ပါကွာ”ဟု တောင်းတောင်းပန်ပန် ပြောနေသည်ကို မောင်ပြုံးချိုသည် ခပ်လှမ်းလှမ်းမှမကြားချင်ပြု၍ နားထောင်နေလေသည်။အခြားတစ်ယောက်က”မြို့ပိုင်ပြော”ဟူသော သဘောနှင့် မောင်ပြုံးချိုအနားသို့ ကပ်လာလေသည်။

“လှဘူးတစ်ယောက်တော့ ပေးထိုက်ပါတယ်”ထိုခေါင်းဆောင်က မောင်ပြုံးချိုအား ပြောကြားလေသည်။သူပြောသောစကားများကို ကြား၍ သဘောပေါက်ပြီးဖြစ်သော မောင်ပြုံးချိုက “ပေးလိုက် ပေးလိုက်”ဟု တိုတိုတုတ်တုတ် အမိန့်ချမှတ်လိုက်လေ၏။သို့နှင့် ဆန်ဝေသော လုပ်ငန်းကြီး ပြီးဆုံးပါတော့သည်။

မန်းတင်ဂျာနယ်ကျော် (၁၉၄၇၊ အောက်တိုဘာ ၁၃)

Leave a Reply

Your email address will not be published. Required fields are marked *