စကားပြောဆိုခြင်း၊ မြန်မာ့ရိုးရာဆိုရိုးစကားများ နှင့် စကားကြီး_၁၀_မျိုး

စကားပြောဆိုခြင်း၊ မြန်မာ့ရိုးရာဆိုရိုးစကားများ နှင့် စကားကြီး_၁၀_မျိုးလူမှုပတ်ဝန်းကျင်းတွင် ဆက်ဆံရေးအတွက် အချင်းချင်း နားလည်စေရန် နုတ်ဖြင့် ပြောဆိုဆက်ဆံရာမှာ ထွက်ပေါ်သော အသံကို စကားဟုခေါ်သည်။လူတစ်ဦး၏အတွေးအခေါ်ကို အခြားတစ်ဦးကသိရှိ နားလည် စေရန်အလို့ငှာ စကားသည်အရေးပါအရာရောက်သော

ဆက်သွယ်ရေးပစ္စည်းတရပ်ဖြစ်သည်။ လူတစ်ဦးကအခြားလူတစ်ဦးအား မိမိစိတ်၌ ဖြစ်ပေါ်သော အကြောင်းကိစ္စကို ဖွင့်ဟ ထုတ်ဖော်လိုလျှင်၊ စကားဖြင့် ထုတ်ဖော်ပြောကြားနိုင်သည်။ နားထောင်ရသောသူကလည်း ပြောဆိုသူ၏စကားကို ကြားရ လျှင်၊ ဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်သည်။ မိမိကပြန် လည်ပြောဆိုလိုသည့် ကိစ္စရှိကလည်း၊ စကားဖြင့်ပင် ပြန်လည် ပြောကြားနိုင်သည်။

စကားကို ကျွန်ုပ်တို့ နေ့တိုင်းပြောဆိုနေကြ ငြားသော်လည်း၊ အမှုမဲ့ အမှတ်မဲ့ကြောင့်သာ စကား၏ စူးရှ ထက်မြက်လှသော ဆက်သွယ်ရေး တန်ခိုးအာနိသင်ကို ဂရု မပြုမိကြခြင်း ဖြစ်၏။ တကယ့် စေ့စေ့စပ်စပ် သုံးသပ်လျှင်မူ ကား၊ စကားသည် လူ့ဘောင်အဖွဲ့အစည်းတွင် မည်မျှကျေးဇူးပြု လျက်ရှိသည်ကို သိမြင်လာနိုင် ကြပေသည်။ အကယ်၍ လူ့ လောကတွင် စကားဟူ၍ မရှိပါက၊ လူတို့၏ ပေါင်းသင်း ဆက်ဆံရေးသည်၎င်း၊ ယဉ်ကျေးမှုသည်၎င်း၊ မည်မျှဆုတ်ယုတ် နိမ့်ကျသွားမည်ကို တွေးဆချင့်ချိန် နိုင်ပေသည်။

ပါဠိပိဋကတ်တော်လားစကား“စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်”၁။ ဟုတ်မှန်၍ အကျိုးရှိရမည်။ သူလည်းနာလို၊ ကြားလိုသောစကား။၂။ ဟုတ်မှန်၍ အကျိုးရှိသော်လည်း သူ မနာလို၊ မကြားလိုသောစကား။၃။ ဟုတ်မှန်၏။ သို့သော် အကျိုးလည်းမရှိ။ သူလည်း မနာလို၊ မကြားလိုသောစကား။၄။ မဟုတ်မမှန်သော်လည်း အကျိုးရှိ၍ သူ နာလိုနှစ်သက်သောစကား။၅။ မဟုတ်မမှန်၊ အကျိုးမရှိ။ သူ နာလိုနှစ်သက်သောစကား။၆။ မဟုတ်မမှန်၊ အကျိုးလည်းမရှိ။

သူလည်း မနာလို၊ မကြားလိုသောစကားအဲဒီ (၆)မျိုးထဲက နံပါတ် (၁) နဲ့ (၂) နှစ်မျိုးကိုပဲ နေ့စဉ်ဘဝမှာအသုံးပြုရမယ်လို့ ဆုံးမညွှန်ပြ ထားပါတယ်။“သမ္မာဝါစာ”သမ္မာဝါစာသည် “မှန်ကန်သော စကားကို ပြောဆိုခြင်း” ဟု အဓိပ္ပါယ်ရသည်။ သမ္မာဝါစာ (၄) ပါးရှိ၏။(၁)မုသာဝါဒဝရတိ မုသာဝါဒဝိရတိဆိုသည်မှာမဟုတ်သည်ကို အဟုတ်ဟူ၍ ယူမှတ်အောင် ပြောဆိုခြင်း၊ ဟုတ်သည်ကိုမဟုတ်ဟူ၍ ယူမှတ်အောင် ပြောဆိုခြင်းသည်မုသာဝါ၏မည်၏။

ထိုမုသာဝါဒမှ လွတ်ကင်းအောင် ကြဉ်ရှောင်ခြင်းသည် “မုသာဝါဒဝိရတိ” မည်၏။(၂) ပိသုဏဝါစာဝိရတိ ၊ ပိသုဏဝါစာ ဝိရတိ ဆိုသည်မှာ အချင်းချင်း ယုံကြည်လေးမြတ်၍ နေကုန်ကြသော နှစ်ဦးသောသူတို့ကို အယုံအကြည်အလေးအမြတ်ပျက်အောင် ပြောဆိုခြင်း၊ စိတ်ဝမ်းကွဲပြားအောင် ပြောဆိုခြင်း၊ နှစ်ဦးသောသူတို့အကြား၌ ကုန်းတိုက်ခြင်းသည် ပိသုဏဝါစာ မည်၏။ ထိုပိသုဏဝါစာမှ ကြဉ်ရှောင်ခြင်းသည် “ပိသုဏဝါစာဝိရတိ” မည်၏။

(၃) ဖရုသဝါစာဝိရတိ ဖရုသဝါစာဝိရတိ ဆိုသည်မှာ ဆဲရေးလိုသော ဒေါသစိတ်ဖြင့် သူတစ်ပါးအား အမျိုးကို ထိခိုက်အောင် ဆိုခြင်း၊ အနွယ်ကို ထိခိုက်အောင်ဆိုခြင်း၊ သဏ္ဌာန်ကို ထိခိုက်အောင် ဆိုခြင်း၊ အလုပ်အကိုင်ကို ထိခိုက်အောင်ဆိုခြင်း အစရှိသည်တို့သည် ဖရုသဝါစာ မည်၏။ ထိုဖရုသဝါစာမှ ကြဉ်ရှောင်ခြင်းသည် “ဖရုသဝါစာဝိရတိ” မည်၏။

(၄) သမ်ဖပ်ပလာပဝိရတိ သမ္ဖပ္ပလာပဝိရတိ ဆိုသည်မှာ“အတ္ထ, ဓမ္မ, ဝိနယ” တို့နှင့် စပ်ယှဉ်သော စကားမျိုး မပါရှိကုန်သော ဒဏ္ဍာရီဇာတ်ဝတ္ထုများကို သူတစ်ပါးတို့အား ပြောဟောခြင်းသည် သမ္ဇပ္ပလာပမည်၏။ ထိုသမ္ဖပ္ပလာစကားမျိုးမှ လွတ်ကင်းအောင် ကြဉ်ရှောင်ခြင်းသည် “သမ္ဖပလ္လာပဝိရတိ” မည်၏။စကားပြောဆိုခြင်းနဲ့ ပတ်သက်သော ပိဋကတ်တော်လာ တရားများကို လိုက်နာကျင့်သုံးသူများသည် လက်ရှိပစ္စုပ္ပန်အတွက် လူမှု့စီးပွားရေးနယ်ပယ်များမှာ အောင်မြင်ပြီးတော့ အကျင့်သီလသမာဓိနှင့် ပြည့်စုံစေ‌သော အများလေးစားခံပုဂ္ဂိုလ် ဖြစ်စေသကဲ့သို့၊ ရှည်လျားလွန်းလှသည့် နောင်သံသရာအတွက်လည်း အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေပါတယ်။

စကားကြီးဆယ်မျို းမြန်မာမှု နယ်ပယ်၊ စကားပြောသည့်အရာတွင် ကျွမ်းကျင်လိမ္မာစေရန် နည်း အမျိုးမျိုးတို့ကို စကားကြီးဆယ်မျိုးဟူ၍ မြန်မာစာ၌ ခွဲခြားသတ်မှတ်ထားသည်။(၁)ရေကူးညာတင်စကားလိုရာဆိပ်ကမ်းကို ရေညာကတင်၍ကူးမှရောက်သကဲ့သို့ မိမိလိုရာရောက်အောင်ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း။

(၂)ကောက်ပင်ရိတ်လှီးစကား ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံစွာဆုပ်၍ တံစဉ်ဖြင့်အရင်းကရိတ်ဖြတ်လျှင်လက်တွင်ရှိသမျှစပါးကိုရသကဲ့သို့ သူဆိုသောစကား မိအောင်ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း။

(၃)ရေစီးဖေါင်ဆန်စကား လိုအင်ဆန္ဒ ရှိသမျှသောအရာဝတ္ထုတို့ကို ဖေါင်တွင်တင်၍ ဖြည်းညှင်းစွာဆန်တက် သွားလျှင် လိုအင်ကိစ္စပြီးသကဲ့သို့ ခြေသိမ်း ခေါင်းပိုက် ပမာ ပမည်းဟပ်စပ်၍ ပြီးပြတ်အောင်ပြောဆိုခြင်း။(၄)အိုးတန်ဆန်ခတ်စကား အိုးနှင့်ဆန် တန်ရုံထည့်၍ချက်လျှင် ကောင်းစွာကျက်နပ်သကဲ့သို့ ကိုယ်နှင့်ဂုဏ်အင်တန်ရုံ မယုတ်မလွန်ပြောဆိုခြင်း။

(၅)ဆီပွတ်ကျည်ပွေ့စကား ကျည်ပွေ့ဖြင့် အကြိမ်ကြိမ်အထပ်ထပ်ဆီပွတ်လျှင် ဆီထွက်၍ မိမိလိုဘတ်ကိစ္စပြီးသကဲ့သို့ လိုရာကိစ္စပြီးစေခြင်းငှာ ထိုစကားကိုပင်အထပ်ထပ်ပြောဆိုခြင်း။(၆)ဆင်ဝှေ့ရန်ရှောင်စကား ဆင်ထိုးဝှေ့မည်လိုက်လျှင် တိမ်းရှောင်ဖယ်သွေလွတ်ရာ၌ ပြေးလွှဲကာနေရသကဲ့သို့ကိုယ့်ထံသို့ရောက်မည့်စကားကို ရှောင်လွှဲ၍ပြောဆိုခြင်း။

(၇)တောင်သူယာခုတ်စကား တောင်သူလယ်သမားတို့သည် မိမိတို့တည်ခုတ်မည့် လယ်ယာမြေကွက်၌ရှေးဦးစွာခြုံပိတ်ပေါင်းနွယ် သစ်ပင်ငယ်တို့ကို ခုတ်ထွင်ရှင်းလင်းပြီးမှသာ သစ်ပင်ကြီးတို့ကို ခုတ်ထွင်ဖိလှဲသကဲ့သို့ စကားငယ်ကိုပြောဆိုပြီးမှ စကားကြီးကိုဖိစီး၍ပြောဆိုခြင်း။

(၈)ကြက်ဆုတ် ခွပ်ပစ်စကား ကြက်ခွပ်ရာ၌ နောက်ဆုတ်ဟန်ပြု၍ခွပ်မှသာ ခွပ်ပစ်သကဲ့သို့ သူ့စကားအလိုသို့ လိုက်တန်ကလိုက်၍ စီးသာမှစီးလျက် ပြီးပြတ်အောင်ပြောဆိုခြင်း။(၉)ရေစစ်ပမာစကား ဓမ္မကရိုဏ်ခေါ် ရေစစ်ကိုရေတွင်နှစ်ကာ ပြည့်မှအပေါက်ကို ပိတ်၍ဆွဲယူလိုက်လျှင် ရေမထွက်နိုင်သကဲ့သို့ သူတစ်ပါးပြောဆိုခွင့်မရအောင် ပိတ်ဆို့၍ပြောဆိုခြင်း။

(၁၀)ခက်တင် မောင်းနင်းစကား မောင်းနင်းသောသူသည် တစ်ဘက်လိုက်ပါတိမ်းစောင်းလွန်းလျှင် အတင်ခက်၍ မတိမ်းမစောင်းနင်းရသကဲ့သို့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မတင်မကျပြောဆိုခြင်း။စကားကြီးဆယ်မျိုးကို မြန်မာ့လူမှုစီးပွားနေထိုင်ရေးနယ်ပယ်များတွင် အ‌ဆင်ပြေ ချောမွေ့စေရန် အခြေအနေနှင့် အချိန်အခါပေါ် မူတည်ပြီး ကျွမ်းကျင်လိမ္မာပါးနပ်စွာ အသုံးပြုရမှာ ဖြစ်ပါတယ်။

စကားပြောခြင်းနဲ့ဆိုင်သောမြန်မာဆိုရိုးစကားများ ကစားသမား စကားမတည် ကလေးပါးစပ်မှာ အစား၊ ဈေးပါးစပ်မှာ စကား ကြမ်းကျွံလျှင် နုတ်၍ရသည်၊ စကားလွန်လျှင် နုတ်၍မရ စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည် စကားစကား ပြောဖန်များ စကားထဲက ဇာတိပြ စကားဆိုထွေ သူလိုစေ ၊ စကားနည်း ရန်စဲ ၊စကားနောက် တရားပါ ၊ စကားများ အမှားပါ ၊ စကားအပေါင်းအုပ်သည် ကတိ၊ တရားအပေါင်းချုပ်သည် သတိ ၊ စကားအရာ အင်္ဂါလေးတန် ၊ စပါးလုံးများတော့ အစားခက်၊ စကားလုံးများတော့ အကြားခက် ၊ ဆိုခဲစေ မြဲစေ ၊ ဆိုရေးရှိက ဆိုအပ်လှ ၊ ဆံထုံးထုံး အမြိတ်နှင့်၊ စကားပြော အရိပ်နှင့် ၊ တိုးတိုးပြောတော့ ပြည်ပျက် ၊ တောစကားကို အိမ်သို့ မရောက်စေရာ၊

အိမ်စကားကို ကျောင်းသို့ မရောက်စေရာ ၊ ထင်တိုင်းလည်း မဆိုနှင့်၊ ဝင်တိုင်းလည်း မမျိုနှင့် ၊ ထောင်တန်သည့်စကား ရယ်ပေါ့ ၊ နေ့ပြော နောက်ကြည့်၊ ညဉ့်ပြော အောက်ကြည့် ၊ နှုတ်ကတော့ ပျားသကာ၊ စိတ်ကတော့ ခါးတမာ ၊ နှုတ်ကြီးလျှင် သူခွာ၊ လက်ကြီးလျှင် သူလာ ၊ နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ ၊ နှုတ်ချို သျှိုတစ်ပါး ၊ နှုတ်ချိုလျှင် လက်တို ၊ နှုတ်တစ်ရာ စာတစ်လုံး ၊ ပါးစပ်ပါ ရွာရောက် ၊ ပြောဖန်များ မယားစကားအောင် ၊ ပြောမယုံ ကြုံဖူးမှသိ ၊ ပြောလေကဲလေ မန်းလေပြဲလေ ၊ ဘယ်လိုပင်ကျိန်ဆဲ ကြောင်းကုန်မှကွဲ ၊ ဘူးတစ်ရာအပေါက်ကို ပိတ်လို့ရတယ်၊

ပါးစပ်တစ်ပေါက်ကို ပိတ်လို့မရ ၊ မင်းတို့စကား မိုးကြိုးသွား ၊ မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား ၊ မပေးဘဲ မလိုသင့်၊ မမေးဘဲ မဆိုသင့် ၊ မမြင်အပ်သည့် လူကန်းလား၊ မပြောအပ်သည့် လျှာမဲ့ငါး ၊ မသိလျှင် မေး၊ မစင်လျှင် ဆေး ၊ မိဘစကား နားမထောင်၊ သားတစ်ကောင်နှင့် တိုးလိုးတွဲလွဲ ၊ မိဘစကား၊ နားထောင်ငြား၊ သံပြားကျောက်စောင်း၊ ကြိုသော်ပျောင်း ၊ မုန်းတင်းပြောလျှင် တိုက်၊ ချစ်တင်းပြောလျှင် ငိုက် ၊ မေးဖန်များ စကားရ ၊ မှန်သာပြော သစ္စာ ၊ လူပုံက ပတ်ကလားနဲ့၊

နတ်စကားထွက် ၊ လူပြော မသန်၊ လူသန် မပြော ၊ လူဖြောင့် စိတ်တို၊ လူချို စိတ်ကောက် ၊ လူမပြောဘူး ဝိုင်းပြော သိလိမ့်မည် ၊ လောဘကြီးသူ စကားချို၊ ဒေါသကြီးသူ စကားတို၊ မောဟကြီးသူ စကားယို ၊ သက်ကြီးစကား သက်ငယ်ကြား ၊ သစ္စာနှုတ်သီး မန္တန်ကြီး ၊ သောကြာလူမျိုး စကားအိုး ၊ ဟုတ်တာဆို နာလိုခံခက် အမျက်ထွက် ၊ အကျည်းတန် စကားတန်ထွက် ၊ အပြော ကိုဖူးညို၊ အဆို ကိုပု ၊ အပြောမတတ် အပတ်မပြေကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း အစဉ်အလာပြောဆိုလာကြသော သက်ဆိုင်ရာ ရိုးရာဆိုရိုးစကားများ ရှိကြပါတယ်။

ဆိုရိုးစကားများသည် မိမိနိုင်ငံ၏ ပြီးဆုံးခဲ့သော ခေတ်ကာလများကို ပြန်လည် အမှတ်ရ‌စေသကဲ့သို့၊ ဘာသာစကားကိုလည်း ရိုးရှင်းလှပစေခြင်း၊ စာပေအသုံးအနှုန်း အဆင့်အတန်းမြင့်မားစေခြင်း၊ ရိုးရာယဉ်ကျေးမှုကို ထင်ဟပ် ပေါ်လွင်စေခြင်းများ ဖြစ်ပေါ်စေပြီးတော့ ဗဟုသုတများစွာလည်း ရရှိစေပါတယ်။

Credit : SitNyeinLu

Likes:
0 0
Views:
694
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *