“သမိုင်းထဲက …… ဦးအောင်ဇေယျ”

ကယားပြည်နယ်သည်ကား မြန်မာနိုင်ငံတွင် ဧရိယာ အကျဉ်းဆုံးနှင့် လူဦးရေ အနည်းပါးဆုံး ပြည်နယ်ဖြစ်သော်လည်း ရှာဖွေဖော်ထုတ်မည်ဆိုပါက …ရိုးရာယဉ်ကျေးမှုများ၊သမိုင်းမှတ်တမ်းကောင်းများ၊ရှေးဟောင်း စေတီပုထိုးများ၊ထူးခြားလှပသော ပတ်၀န်းကျင်များ… လွန်စွာ ပေါကြွယ်ဝသော ဒေသဟု ခေါ်ဆိုနိုင်မည်ဖြစ်သော ပြည်နယ် တစ်ခု ဖြစ်ပေသည်။

ထို့အပြင် ပြည်နယ်အတွင်းရှိ မြို့နယ် (၇) မြို့နယ်အနက်မယ်စဲ့မြို့နယ်နှင့် ရှားတော မြို့နယ်သည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ရှားတောမြို့နယ်တွင်မြန်မာ့သမိုင်း ထင်ရှားကျော်ကြားခဲ့သော အလောင်းမင်း တရား ဦးအောင်ဇေယျနှင့် ပတ်သက်သည့် သမိုင်း ကြောင်းများ ရှိနေခဲ့တာသည်ပင်လျင် ရှားတော မြို့နယ် အတွက် အဖိုးမဖြတ်နိုင်သော သမိုင်းအမွေဖြစ်သည်ဟုပင် တင်စားမိချင်ပြန်ပါသည်…

အလောင်းမင်းတရား ဦးအောင်ဇေယျ၏ သမိုင်းမှတ်တမ်းများနှင့်အတူ ရှားတောမြို့နယ်ရှိ စိတ်၀င်စားဖွယ်ရာ သမိုင်း၀င် စေတီပုထိုးများအကြောင်းအား မျက်နှာစာ ဖွင့်ရလျှင် ရှားတောမြို့နယ်သည် ကယားပြည်နယ်၊ လွိုင်ကော် ခရိုင်အတွင်း တည်ရှိပြီး တောင်များပတ်လည် ၀န်းရံ လျက် ဒယ်အိုးပုံသဏ္ဍန်အနိမ့်ပိုင်းတွင်း တည်ရှိသည့် အပြင် တောင်တန်းများ တစ်ခုနှင့် တစ်ခု ဆက်စပ်လျက်ရှိသော မြို့နယ်ဖြစ်ပါသည်။

အရှေ့ဘက်ခြမ်းတွင် သံလွင်မြစ်စီးလျက်ရှိပြီးမြို့နယ် အကျယ်အ၀န်း၏ (၅) ပုံ (၃) ပုံခန့်သည် သံလွင်မြစ်၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပါသည်။လွိုင်ကော်မြို့မှ (၃၉)မိုင် (၆)ဖာလုံ၊ ပင်လယ်ရေ မျက်နှာ့ပြင် အမြင့် (၉၆၃)ပေတွင် တည်ရှိပြီး …မြောက်ဘက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ တောင်ဘက်တွင် မယ်စဲ့မြို့နယ်၊ အနောက်ဘက်တွင် ဘောလခဲမြို့နယ်၊ လွိုင်ကော့်မြို့နယ်တို့နှင့် နယ်နိမိတ်ခြင်းဆက်စပ်လျှက်သော မြို့ ဖြစ်ပါသည်။

ရှားတော ဒေသသည် တတိယမြန်မာနိုင်ငံ တည်ထောင်ခဲ့သည့် ကုန်းဘောင်မင်းဆက် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ အယုဒ္ဓယျသို့ စစ်ချီလာသည့်အခါ စစ်လမ်းကြောင်း ပေါ်ရှိ စခန်းတစ်ထောက်နားရာ ဒေသ တစ်ခုဖြစ်ခဲ့သည်ဟု ဆိုပြီး သမိုင်းအထောက်အထား အနေဖြင့် လက်ရှိ အလယ်ပိုင်းရပ်ကွက်တွင် အလောင်း မင်းတရားကြီးမှ စစ်အောင်နိုင်ရန် ရည်ရွယ်ဆုတောင်းပြီး တည်ထားခဲ့သည့် ဆုတောင်းပြည့် စေတီတစ်ဆူ ရှိပါသည်။

၁၈၉၀ ခုနှစ်ခန့်တွင် လူဦးရေ (၂၀၀၀) ခန့် နေထိုင်ခဲ့ပြီး ရှမ်းကုန်သည်များဖြစ်ကြောင်း၊ ထိုစဉ်က ဘုန်းတော်ကြီး ကျောင်း (၅) ကျောင်း ရှိခဲ့ပြီး ရှေးယခင်က ဗုဒ္ဓဘာသာ ထွန်းကားခဲ့ သည့်နေရာတစ်ခုဖြစ်ကြောင်း လေ့လာ သိရှိ ရပါသည်။ရှားတောမြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေး၀န်ကြီး ဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ (၂၂.၇. ၁၉၇၂)ရက်စွဲဖြင့် မြောက်ပိုင်းအုပ်စု၊ တောင်ပိုင်းအုပ်စု၊ အလယ်ပိုင်းအုပ်စု၊ သံလွင်အရှေ့ခြမ်းအုပ်စု စသည့် အုပ်စု (၄) အုပ်စုဖြင့် လည်းကောင်း၊ (၁၅.၇.၁၉၇၂) ရက်စွဲ ဖြင့် မေရိယာရပ်ကွက်၊ စျေးပိုင်း ရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ အလယ်ပိုင်း ရပ်ကွက် စသည့် ရပ်ကွက် (၄) ခုဖြင့် မြို့အဖြစ် သတ်မှတ်ပေးခဲ့ ပါသည်။

ယင်းမှ (၇.၆.၂၀၁၀) ရက်စွဲဖြင့် ရှားတော မြို့နယ်အားအောင်ချမ်းသာရပ်ကွက်၊ စျေးပိုင်းရပ်ကွက်၊ အလယ်ပိုင်း ရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်း ကျေးရွာ အုပ်စု၊ အလယ်ပိုင်းကျေးရွာ အုပ်စု၊ တောင်ပိုင်း ကျေးရွာ အုပ်စုတို့ဖြင့် ရပ်ကွက် (၄) ခု၊ ကျေးရွာအုပ်စု (၃) ခု၊ ကျေးရွာ (၂၀) ရွာဖြင့် ပြောင်းလဲသတ်မှတ်ခဲ့ ပါသည်။

ရှားတောမြို့နယ်ရှိ ထင်ရှားသော ဘုရား၊ စေတီပုထိုးများ၏ မှတ်တမ်း ပြန်လည် လေ့လာကြည့်လျှင်…စျေးပိုင်းရပ်ကွက်တွင် စူဠာမုနိစေတီ၊တောင်ပိုင်းရပ်ကွက်တွင် ဆုတောင်းပြည့်စေတီနှင့် ဘီလူးမတောင်စေတီ၊စျေးပိုင်းရပ်ကွက်တွင် နှစ်ကျိတ်ရှစ်ဆူ ဘုရားစေတီနှင့် မြို့ဦးစေတီ၊အလယ်ပိုင်းကျေးရွာအုပ်စုတွင် လောကရန်အောင် ရွှေဘုန်းပွင့် ကပ်ကျော်မြို့ဦးစေတီ၊စလောင်းကျေးရွာတွင် ဇမ္ဗူဒီပါဗုဒ္ဓရာဇာစေတီတော်၊ ပွန်ချောင်းကျေးရွာတွင် မဟာဗောဓိစေတီတော်နှင့်ဒေါလဲဒူကျေးရွာတွင် ကိုးန၀င်း စင်္ကြာဆုတောင်းပြည့်စေတီတော်တို့မှာ ထင်ရှားသော ဘုရားစေတီ ပုထိုးများ ဖြစ်ကြပါသည်။

ထိုထင်ရှားသည့် ဘုရား၊ စေတီပုထိုးများအနက် အလောင်းမင်းတရားကြီးမှ စစ်အောင်နိုင်ရန် ရည်ရွယ် ဆုတောင်းပြီး တည်ထားခဲ့သည့် ဆုတောင်းပြည့် စေတီအား လေ့လာ မိရင်ဖြင့် ……ဦးအောင်ဇေယျစေတီသည် ရှားတောမြို့၏ တောင်ဘက် ရပ်ကွက်အတွင်း ဦးအောင်ဇေယျလမ်း၏ အနောက်ဘက် ကပ်လျက် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် (၁၀ ၂၆)ပေ၊ မြောက်လတ္တီတွဒ် (၁၉ ဒီဂရီ ၄၂.၉၉၂ မိနစ်) အကြားနှင့် အရှေ့လောင်ဂျီတွဒ် (၀၉၇ ဒီဂရီ ၂၉.၁၅၁ မိနစ်) အကြားတွင် တည်ရှိသည်။

စေတီတော်ကို အလောင်းမင်းတရား ဦးအောင်ဇေယျ သည် ယိုးဒယားပြည် (အယုဒ္ဓယမြို့)သို့ စစ်ချီတက် သွားစဉ်က တည်ထားကိုးကွယ်ခဲ့သည်ဟု လေ့လာ သိရှိရပြီး စေတီတော်သည် အောက်ခြေလေးထောင့် ဖိနပ် ခုံပေါ်တွင် အလျား (၁၅ ပေ၊ ၈ လက်မ )နှင့် အနံ (၁၇ ပေ ၆ လက်မ)နှင့် ဉာဏ်တော်အမြင့် (၂၈)ခန့်ရှိ အဝိုင်းပုံစံ တည်ထားသော မြေစိုက်စေတီအမျိုးအ စားဖြစ်ပါသည်။အောက်ခြေလေးထောင့်သည် နှောင်းခေတ်ဗိသုကာဟု ယူဆရပြီး ပစ္စယံတစ်ဆင့် ခံ၍ ယင်းအပေါ်တွင် စိန်တောင် ပုံစံအုတ်ကို ဒေါင်လိုက် (၃)ဆင့်တင်ပြီး ခေါင်းလောင်းပုံ စေတီ ပေါက်ထားသည်။

စေတီကို ခေါင်းလောင်းအနား၊ ခေါင်းလောင်းပုံ၊ ရင်စည်း၊ သပိတ်မှောက်၊ ဖောင်းရစ်၊ ကြာလှန်၊ ရွဲလုံး၊ ကြာမှောက်၊ ငှက်ပျောဖူးစသည်ဖြင့် ထီးတော်အထိအဆင့်ဆင့် တည်ထား သည်ကို တွေ့ရှိရပါသည်။ ဖောင်းရစ် (၁၇)ရစ်ပါရှိပြီး ခေါင်းလောင်းပုံ၏ အရှေ့ဘက်တွင် မုခ်ထွက်ဆောင်ပုံစံနှင့် ဆင်းတုတော်တစ်ဆူ၏ ဦးခေါင်းတော်ကို အပူဇော်ခံထားသည်ကို တွေ့ရှိပါသည်။ ထို့အပြင် ယင်း၏အရှေ့တွင် မုခ်တံကဲအတွင်း တိုးထွက် ပလ္လင်ပေါ်တွင် ဆင်းတုတော်တစ်ဆူနှင့် အခြားဆင်းတုတော်ငယ်များစွာကို အပူဇော်ခံထားပါသည်။

၄င်း၏ ရှေ့လက်ယာဘက်တွင် အလျား ( ၅ ပေ ၁ လက်မ) နှင့် အနံ (၃ ပေ ၄ လက်မ) ရှိသော လေးထောင့် အုတ်ခုံငယ်ပေါ်တွင် အမြင့် ( ၂ ပေ ၈ လက်မ)ခန့်ရှိသော ရွှေသင်္ကန်းကပ်လှူပူဇော်ထားသည့် ဆင်ရုပ်မှ စေတီတော် ကိုပူဇော်နေဟန်ဖြင့် လည်း လေ့လာတွေ့ရှိရပါသည်။ထို့အပြင် ရှားတောမြို့နယ်ရှိ သမိုင်း၀င် စေတီ ပုထိုးများအား ထိန်းသိမ်းစောင့်ရှောက် နိုင်ရေးအတွက် ရှေးဟောင်းသုတေသနမှ ကွင်းဆင်းလေ့လာထားသော မှတ်တမ်းများအရ….

စူဠာမုဏိစေတီတော်

“စူဠာမုဏိစေတီ” သည် ကယားပြည်နယ်၊ လွိုင်ကော် ခရိုင်၊ ရှားတောမြို့၏ မြို့လယ်တောင် ကုန်းပေါ်တွင် တည်ရှိပြီး ရှေးယခင်ကမဏိစည်သူမင်းကြီးသည် အဓိ ဌာန်ဖြင့် ရထားပျံစီး၍ လာရောက်ခဲ့စဉ် စေတီ တော် တည်ထားထိုက်သည့် မွေတော်ကုန်း (သို့) ယခုအခေါ် စူဠာမုဏိကုန်းပေါ်၌ ရထားပျံရပ်တန့် သဖြင့် မွေတော် စေတီ (သို့) စူဠာမုဏိစေတီကို တည်ထားခဲ့သည်ဟု သိရှိရသည်။

နှစ်ကာလကြာသော အခါစေတီတော်မှာ ပျက်စီး ယိုယွင်းခဲ့သဖြင့် မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ် (အေဒီ- ၁၈၄၉) ခုနှစ်တွင် ဗမာလူမျိုးသစ်ကုန်သည် ဦးမောင်သိုက်ဆိုသူက အုတ်ပုံမျှသာ ကျန်ရှိသော စေတီတော်ကိုပြန်ငုံ၍ အသစ် ပြန်လည်မွမ်းမံတည်ထားကိုးကွယ်ခဲ့သည်ဟု လေ့လာ သိရှိရပါသည်။စူဠာမုဏိစေတီတော်သည် တောင်ကုန်းပေါ်တွင် တည်ရှိ၍ သရက်ကင်းလှေကား (၅)စင်းပြု လုပ်ကာ တောင်ကုန်း ပေါ်တွင် စေတီတည်ထားသည်။

လေးထောင့်အုတ်ခုံအလျား (၈၉)ပေ၊ အနံ (၇၂)ပေဖြင့် မြောက်ဘက်တွင် မျက်နှာမူ၍ အရံစေတီငယ်လေးဆူနှင့် လေးမျက်နှာမုခ်ပေါက်ပါစေတီ (၈)ဆူ စုစုပေါင်းစေတီရံ (၁၂)ဆူဖြင့် တည်ထားပါသည်။ ယင်းအပေါ်တွင် ပစ္စယံ (၃)ဆင့်၊ ကြည်ဝန်း၊ ကြာအုံ(၃) ဆင့်၊ ခေါင်းလောင်းနား၊ ခေါင်းလောင်းပုံ၊ ရင်စည်း၊ သပိတ် မှောက်၊ ဖောင်းရစ်၊ ကြာလှန်၊ ရွဲလုံး၊ ကြာမှောက်၊ ငှက်ပျောဖူးစသည်ဖြင့် ထီးတော်အထိအဆင့်ဆင့် တည်ထားသည်ကိုတွေ့ရှိရပါသည်။

ပထမပစ္စယံ၏ထောင့်လေးထောင့်တွင် မနုဿီဟရုပ်ထွင်းထုထားပြီး၊ ဒုတိယပစ္စယံ၏ထောင့် လေးထောင့်တွင် အစောင့်အရှောက် ဘီလူးရုပ်ကို ထွင်းထုကာ တတိယပစ္စယံ၏ ထောင့်လေးထောင့်တွင် ကလသာအိုး တည်ထား သည်ကို တွေ့ရပါသည်။ ဖောင်းရစ် (၁၃)ရစ်ပါရှိပြီး ကြာအုံ(၃)ဆင့်၏ တောင်ဘက် တွင် ပြဿဒ်ပုံမုခ်တံကဲလေးပြုလုပ်ကာ ဆင်းတုတော်တစ်ဆူ အပူဇော်ခံထားသည်ကို လည်း တွေ့ရှိရပါသည်။ ယင်းဆင်းတုတော်ကြီးမှ ဆင်း၍ ပထမလှေကားအရှေ့ဘက်တွင် စေတီငယ် (၂)ဆူကို လည်း ဖူးမျှော်လေ့လာ တွေ့ရှိရပါသည်။

ငြိမ်းချမ်းရေးမြို့ဦးစေတီ

ငြိမ်းချမ်းရေးမြို့ဦးစေတီသည် ရှားတောမြို့၊ ကယားပိုင်း ၏ အရှေ့မြောက်ဘက်စာသင် ကျောင်းအနီးတွင် တည်ရှိ့ပြီး ကွင်းဆင်းလေ့လာမှုအရ အမြင့် (၅)ပေ၊ အလျား (၁၆၅)ပေ၊ အနံ (၁၁၅)ပေ၊ ထု (၃)ပေခန့်ရှိ သော အုတ်တံ တိုင်းကာရံ၍ ပရဝဏ်အတွင်း …(၁) ပုဟိန်ထောက် စေတီတော်၊ (၂) ဖကန္န စေတီတော်၊ (၃) ဖကေတု စေတီတော်၊ (၄) ဦးပြုံးချို စေတီတော်စသည်ဖြင့် စေတီစုစုပေါင်း (၄)ဆူ ရှိပါသည်။

ပုဟိန်ထောက်စေတီတော် လေးထောင့်ဖိနပ်ပေါ်တွင် ခိုနန်းချိုးပါ လေးထောင့် ပစ္စယံ နှစ်ဆင့်၊ ရှစ်မြှောင့်ပစ္စယံ တစ်ဆင့်နှင့် စိန်တောင်ခံကာ ခေါင်းလောင်းပုံစေတီတော်ကို အလျား(၃၂)ပေ၊ အနံ (၃၂)ပေ၊ ဉာဏ်တော်အမြင့် (၃၅)ပေခန့်ဖြင့် တည်ထား ပါသည်။စေတီတော်၏ အရပ်လေးမျက်နှာ ဖိနပ်ခုံပေါ်တွင် ပြဿဒ်မုခ်ဆောင် ပြုလုပ်ထားရှိပြီး အမြင့်(၄ ပေ ၈ လက်မ)၊ ဗျက် (၃ ပေ ၅ လက်မ)၊ ထု (၂)ပေခန့်ရှိသော ဆင်းတုတော်တစ်ဆူစီ အပူဇော်ခံထားပါသည်။

ထောင့်လေး ထောင့်တွင်လည်း စေတီရံတစ်ဆူစီ တည် ထားသည်။ ထို့အပြင် အရပ်လေးမျက်နှာတွင် သရက် ကင်းပုံစံလက်ရန်းဖြင့် လှေကားများပြုလုပ်ထားပါသည်။ ထောင့်လေးထောင့်တွင် ခြင်္သေ့ရုပ်များထုလုပ်ထားဟန် ရှိသော်လည်း အရှေ့တောင်ထောင့်တွင်မူ ပျက်စီးသွားသောကြောင့် အုတ်ပုံသာ ကျန်ရှိနေတော့သည်။ပထမပစ္စယံပေါ်တွင် ကလသာအိုးများ တည်ထားပြီး တတိယပစ္စယံတွင် မနုဿီဟရုပ်ကို တည်ထားသည်ကို တွေ့ရသည်။

ထို့နောက် ရှစ်မြှောင့် ပစ္စယံပေါ်တွင် စိန်တောင် ပတ်ထားပြီး ၄င်းစိန်တောင်မှ အထက်ပိုင်း တခုလုံးကို ရွှေသင်္ကန်းကပ်လှူထားသည်ကို တွေ့ရှိရပါသည်။ ခေါင်းလောင်းပုံကို ဘီလူးပန်းဆွဲများဖြင့် တန်ဆာဆင်ထားသကဲ့သို့ သပိတ်မှောက်ကိုလည်း အင်္ဂတေပန်းလက်ရာကနုတ်ဖြင့် တန်ဆာ ဆင်ထားသည်ကို တွေ့ရှိရပါသည်။ စေတီတော်၏ ဖောင်းရစ်မှာ (၁၃) ရစ် ပါရှိသည်။

ဖကႏၷေစတီ

ပုဟိန်ထောက်စေတီ၏ တောင်ဘက်ကပ်လျက် လေးထောင့် ဖိနပ်ခုံပေါ်တွင် ခိုနန်းချိုးပါလေးထောင့်ပစ္စယံ (၃)ဆင့်ပြုလုပ်ကာ ယင်းအပေါ်တွင် ရှစ်မြောင့်ပစ္စယံ၊ ကြေးခုံနှင့် ကြာခုံခံ၍ ခေါင်းလောင်းပုံစေတီကို အလျား (၂၄ ပေ ၇ လက်မ)၊ အနံ (၂၄ ပေ ၄ လက်မ)၊ ဉာဏ်တော် အမြင့် (၃)ပေခန့်ဖြင့် တည်ထားပါသည်။ ဖိနပ်ခုံ၏ အရပ်လေး မျက်နှာတွင် ပြဿဒ်ပုံစံမုခ်ကပ် ပြုလုပ်ကာ ဆင်းတုတော်တစ်ဆူစီ ပူဇော်ခံထားသည်ကို တွေ့ရသည်။ သို့သော် ဆင်းတုများမှာ ပျက်စီးနေသည်ကို တွေ့ရှိရပြီး မုခ်ကပ်ကို တိုးစီပေါင်းကူးပုံစံ ပြုလုပ်ထား ပါသည်။

အရပ်လေးမျက်နှာတွင် သရက်ကင်းပုံစံလက်ရန်းဖြင့် လှေကားများ ပြုလုပ်ထားပါသည်။ ပထမပစ္စယံနှင့် ဒုတိယပစ္စယံကို စိန်တောင်ပုံစံ ပြုလုပ်ပြီး အချို့မှာ ပျက်စီးနေ၍ တတိယပစ္စယံပေါ်တွင် မနုဿီဟရုပ်ကို ထောင့်လေးထောင့်တွင် တည်ထားဟန်ရှိသော်လည်း အရှေ့တောင်ဘက်တွင်မူ မတွေ့ရတော့ပါ။

ရှစ်မြှောင့်ပစ္စယံကို စိန်တောင်များဖြင့် တန်ဆာဆင်ထားပြီး ကြေးခုံ ကြာခုံပေါ်တွင် ခေါင်းလောင်းပုံ၊ ရင်စည်း၊ သပိတ်မှောက်၊ ဖောင်းရစ် (၁၃)ရစ်စသည်ဖြင့် အဆင့်ဆင့်တည်ထားသည်ကို လေ့လာ တွေ့ရှိရပါသည်။

ဖကေတုစေတီ ပုဟိန်ထောက်စေတီ၏ မြောက်ဘက်တွင် ခိုနန်းချိုးပါ လေးထောင့် ပစ္စယံနှစ်ဆင့် ရှစ်မြှောင့် ပစ္စယံတစ်ဆင့်နှင့် စိန်တောင်ခံကာခေါင်းလောင်းပုံစေတီကို အလျား(၁၇ ပေ ၃ လက်မ)၊ အနံ( ၁၇ ပေ ၃ လက်မ)၊ အမြင့် (၃၀)ပေခန့် ရှိသော စေတီဖြစ်ပါသည်။စေတီ၏ အရပ်လေးမျက်နှာဖိနပ်ခုံပေါ်တွင် ပြဿဒ်မုခ် ဆောင်ပြုလုပ်ထားပြီး အမြင့် (၃ ပေ ၆ လက်မ)၊ ဗျက် ( ၂ ပေ ၆ လက်မ) ၊ ထု (၁ ပေ ၇ လက်မ)ခန့်ရှိသော ဆင်းတုတော်တစ်ဆူစီ အပူဇော်ခံ ထားပါသည်။

အောက်ခြေထောင့်လေးထောင့်တွင် ခြင်္သေ့ရုပ်တစ်ရုပ်စီ ထုလုပ်ထားပါသည်။ ထို့အပြင် ပထမပစ္စယံတွင် ကလ သာ အိုးကို ပြုလုပ်ထားသည်ကို လေ့လာတွေ့ရှိရ ပါသည်။ ရှစ်မြှောင့်ပစ္စယံပေါ်တွင် စိန်တောင်ပတ်ထားပြီး ခေါင်းလောင်းပုံကိုလည်း ဘီလူးပန်းဆွဲများ ဖြင့် တန်ဆာ ဆင်ထားသည်ကို တွေ့ရပါသည်။ ထို့နောက် ရင်စည်း၊ သပိတ်မှောက်၊ ပန်းဆွဲ စသည်ဖြင့် တည်ထားပြီး ဖောင်း ရစ် (၉)ရစ်ပါရှိသည်ကိုလည်း လေ့လာတွေ့ရှိ ရပါသည်။

ဦးပြုံးချိုစေတီ ဖကေတုစေတီတော်၏ အရှေ့ဘက်ကပ်လျက်တွင် တည်ရှိ၍ ရှစ်မြှောင့်ပစ္စယံ (၄)ဆင့် ခံ၍ ခေါင်းလောင်းပုံ စေတီ အလျား(၁၃)ပေ၊ အနံ (၁၃)ပေ၊ ဉာဏ်တော်အမြင့် (၂၅)ပေခန့်ဖြင့် တည်ထားပါသည်။ ခေါင်းလောင်းနား၏ အောက်ခြေတွင် ကြာဖတ်ပုံစံအင်္ဂတေဖောင်းလိုင်းပြု လုပ်ထား၍ ဖောင်းရစ် (၇)ရစ်ပါရှိသည်ကို လေ့လာတွေ့ ရှိ ရပါသည်။

နှစ်ကျိပ်ရှစ်ဆူစေတီ နှစ်ကျိပ်ရှစ်ဆူစေတီတော်သည် ရှားတောမြို့၊ ကယားပိုင်း ရပ်ကွက်၏ အရှေ့မြောက်ဘက် ငြိမ်းချမ်းရေးမြို့ဦး စေတီတော်၏ အရှေ့ဘက်တောင်ကုန်းတွင် တည်ရှိပြီး စေတီတော်၏ အောက်ခြေလေးထောင့်ခုံပေါ်တွင် ရှစ် မြှောင့်ပစ္စယံ တည်ကာ အဝိုင်းပုံစေတီပေါက်ထား သော အလျား(၂၄ ပေ ၄ လက်မ)၊ အနံ (၂၄ ပေ ၄ လက်မ) ရှိပြီး ဉာဏ်တော်အမြင့်မှာ (၄၆)ပေခန့် ရှိသည်ကို လေ့လာ တွေ့ရှိရပါသည်။

အုတ်အရွယ်အစားမှာ (၁၂ x ၆ x ၂)လက်မ အရွယ်ရှိသော မြေမီးဖုတ်အုတ်ကို အသုံးပြု တည်ဆောက်ထားသည်ကို လေ့လာတွေ့ရှိ ရပါသည်။ အောက်ခြေ လေးထောင့်တစ်ဖက်စီတွင် မုခ်ကပ်ငယ် (၇)ခုဖြင့် တန်ဆာဆင်ထားပြီး ဆင်းတုတော်များ ပူဇော် ကိုးကွယ် ထားသည်ကို လေ့လာတွေ့ရှိရပါသည်။အောက်ခြေထောင့်လေး ထောင့်မုခ်ကပ်ငယ်ပေါ်တွင် အရံစေတီတော် (၄)ဆူကို တည်ထားကိုးကွယ်ခဲ့သည်ကို တွေ့ရှိရပါသည်။

ရှစ်မြှောင့် ပစ္စယံအထက် ထောင့်လေးထောင့်တွင် ကလ သာအိုးပြုလုပ်ထားသည်ကို တွေ့ရှိရ ပါသည်။ အနောက်တောင်ထောင့် ကလသာအိုးတစ်လုံးမှာ အောက်သို့ ပြုတ်ကျလျက် ခြေတော်ရာအဆောက်အဦ ထိပ်တွင် ထားရှိသည်ကိုတွေ့ရှိရသည်။ ယခုလက်ရှိတွင် စေတီ၏ထိပ်ပိုင်း ငှက်ပျောဖူးမှစ၍ ကြီးမားသော ညောင်ပင်ကြီး ပေါက်ရောက်နေသည်ကို တွေ့ရှိရပါသည်။ စေတီတော် မဟာရံတံတိုင်းအမြင့် (၇)ပေ၊ အလျား (၆၈)ပေ၊ အနံ (၆၄)ပေဖြင့် ကာရံထားသည်။ ၄င်းတွင် မုခ်ပေါက်ငယ်များဖြင့် တန်ဆာ ဆင်ထားပါသည်။

ထို့နောက် အပြင်မှ တံတိုင်းတစ်ခုထပ်မံကာရံ၍ တံတိုင်း (၂)ထပ်ဖြင့် တွေ့ရှိရပါသည်။ မဟာရံတံတိုင်း အတွင်း စေတီ၏အရှေ့ဘက်တွင် မြတ်စွာဘုရား၏ ခြေတော်ရာတစ်ခုကို စကျင်ကျောက်ဖြင့်ထုလုပ်ထား၍ ပျက်စီးကျိုးပဲ့နေသော အပိုင်းအစကိုတွေ့ရှိရပါသည်။ထို့အပြင် စေတီတော်၏ပရဝဏ်အတွင်း ကျောက်ဆင်းတု နှစ်ဆူနှင့် မျက်နှာချင်းဆိုင် တစ်ဆူကို လည်း တွေ့ရပါသည်။ ကွင်းဆင်းလေ့လာချိန်တွင် ကျောက်ဆင်းတုတော်များမှာ ဦးခေါင်းတော်မပါ ဆိုးရွားစွာ ပျက်စီးနေပါသည်။

စေတီ၏ မဟာတံတိုင်းအတွင်း ပရဝဏ်အကျယ်မှာ ပေ (၈၀)ခန့် ပတ်လည်ရှိသည်ကို တွေ့ရပြီး တောင်ဘက် တံတိုင်းတွင် အဝင်ပေါက်တစ်ခုရှိကာ အဆင်းလှေကား၏ ဘယ်/ညာ တစ်ဖက်စီ တွင် ခြင်္သေ့ရုပ် (၂)ရုပ် ထားရှိသည်ကိုလည်း တွေ့ရှိရပါသည်။ နှစ်ကျိပ်ရှစ်ဆူ၏ မြောက်ဘက်ယွန်းယွန်း၊ မြို့ဦးစေတီ၏ အရှေ့ဘက်တောင်ကုန်းပေါ်တွင် ပျက်စီးနေသော စေတီ (၃)ဆူထဲမှ အကြီးဆုံးစေတီတော်ကြီးပေါ်တွင် သစ်ပင် များ ပေါက်ရောက်ခြင်း၊ ခြုံနွယ်များဖုံးလွမ်းခြင်း၊ အက်ကွဲ ကြောင်းများဖြင့် ပြိုကျပျက်စီး၍ ကျန်နှစ်ဆူမှာ လည်း စေတီကြီးကဲ့ သို့ ပျက်စီးသော်လည်း အမြင့် (၁၂) ပေခန့် အရွယ်တူညီစွာ တည်ထားသည်ကို လေ့လာ တွေ့ရှိရပါသည်။

ဘီလူးမတောင် (သို့မဟုတ်) ဆင်မတောင်စေတီဘီလူးမတောင်စေတီသည် ရှားတောမြို့၏ အရှေ့တောင်ဘက်ကုန်းပေါ် တွင် တည်ရှိပြီး စေတီတော်၏ အောက်ခြေ ပန္နက်မှာ အလျား (၃၁ ပေ ၆ လက်မ)၊ အနံ (၃၁ ပေ ၄ လက်မ)ရှိပြီး ဉာဏ်တော်အမြင့်မှာ (၃၂)ပေခန့် ရှိသည်ကို လေ့လာ တိုင်းတာ တွေ့ရှိရပါသည်။ဘီလူးမတောင်စေတီကို သူကြီး၏မိန်းမ နန်းကဲ ဆိုသူက တည်ထားကိုးကွယ်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရှိရပါသည်။

ခုနှစ်သက္ကရာဇ်ကို အတိ အကျမသိရပါ။ ဘီလူးမတောင်စေတီသည် လေးထောင့် ဖိနပ်ခုံပေါ်တွင် လေး ထောင့်ပစ္စယံ လေးဆင့်ပြုလုပ်၍ အပေါ်၌ ရှစ်မြှောင့်ပစ္စယံတစ်ဆင့်ခံပြီး အဝိုင်းပုံ စေတီ တည်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။ပထမပစ္စယံ၏ အရပ်လေးမျက်နှာတွင် မုခ်ကပ်ရှိကာ ဆင်းတုတော် များပူဇော်ထားပြီး ထောင့်လေးထောင့်တွင့် ခြင်္သေ့ရုပ်(၄)ရုပ်ဖြင့် တန်ဆာဆင်တည်ဆောက်ထားပါသည်။ ဒုတိယပစ္စယံ၏ ထောင့်လေးထောင့်တွင် မနုဿီဟ ရုပ်တုကိုထုလုပ်ထားပြီး တတိယပစ္စယံတွင် အစောင့်ဘီလူးဟု ထင်ရသော အရုပ်ကိုတည်ကာ စတုတ္ထပစ္စယံတွင် ကလ သာအိုးတို့ဖြင့် တန်ဆာဆင်ထားသည်ကို တွေ့ရှိရပါသည်။

သို့သော် မနုဿီဟရုပ်မှာ …အနောက်တောင်ဘက်နှင့် အနောက်မြောက်ဘက် နှစ်ရုပ်၊အစောင့်ဘီလူးရုပ်မှာ အနောက်တောင်ဘက် တစ်ရုပ်၊ကလသာအိုးမှာ အနောက်တောင် ဘက်တစ်အိုးတို့သာ တွေ့ရှိရတော့သည်။စတုတ္ထပစ္စယံ၏ အရပ်လေးမျက်နှာတွင် ပြဿဒ်ပုံ နတ်လမ်း မုခ်ကပ်ငယ် လေးဘက်လုံးပါရှိသည်ကို တွေ့ရပါသည်။စေတီတော်၏ထိပ်ပိုင်းတွင် ဖောင်းရစ် (၇)ရစ် ရှိပြီး ငှက်ပျောဖူးနေရာမှစ၍ ပျက်စီးနေသည်ကို တွေ့ရှိရသည်။အောက်ခြေဖိနပ်ခုံကို စိန်တောင်များ ဖြင့် လှပစွာ မွမ်းမံထားပြီး အရှေ့တောင်ဘက်ထောင့်တွင် နဂါးပတ်ပုံ စေတီရံနှင့် အရှေ့မြောက်ဘက် ထောင့်တွင် အစောင့် အရှောက်ဘီလူးရုပ်ဟုထင်ရသော အရုပ်ကို ထုလုပ်ထားသည်ကို တွေ့ရှိရပါသည်။

ပထမပစ္စယံထောင့်လေးထောင့်ရှိ ခြင်္သေ့ရုပ်ထဲတွင် ထူးခြားသောခြင်္သေ့ရုပ်တစ်ခုမှာဘယ်ဘက်လက် တစ်ဖက်သည်မြှောက်၍ သတ္တဝါအကောင်ငယ် တစ်ကောင်အား ကိုင်ထားဟန်မှာ ထူးခြားစွာတွေ့ရှိရသည်။ ထို့အပြင်အရှေ့ဘက် နတ်လမ်းလှေကား၏ တစ်ဖက် တစ်ခြမ်းတွင် အစောင့်အရှောက်ဘီလူးရုပ် (သို့မဟုတ်) နတ်သားရုပ်ဟုထင်ရသောအရုပ်နှစ်ခုကိုလည်း တွေ့ရှိ ရပါသည်။ နတ်လမ်းလှေကား တွင် တိမ်ပြာ နတ်ရုပ်များ မွမ်းမံထားသည်ကိုတွေ့ရပြီး စေတီ၏အပေါ်ပိုင်းအရှေ့တောင်ထောင့် ခေါင်းလောင်းနားတွင် ဘီလူးရုပ် (သို့မဟုတ်) နတ်သားရုပ်ဟုထင်ရသော အင်္ဂတေပန်းဆွဲ တစ်ခုကို လည်း တွေ့ရှိရပါသည်။

မဟာရံတံတိုင်း အမြင့် (၈)ပေ၊ ထု (၂ ပေ ၈ လက်မ)၊ ပေ (၈၀)ပတ်လည်ခန့် ကာရံထားသည်ကို တွေ့ရှိရပါသည်။ ထိုမဟာတံတိုင်းတွင် စေတီ၏အရှေ့တောင်ဘက်၊ အနောက် တောင်ဘက်နှင့် အနောက်မြောက်ဘက်တွင်စေတီငယ်များတည်ထားသည်ကို တွေ့ရှိရပြီး မဟာတံတိုင်းမှာလည်း အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက် ဘက်သာကျန်ရှိပြီး အရှေ့မြောက်ထောင့်တွင်မူ လုံးဝ ပျက်စီးနေသည်ကို တွေ့ရှိရပါသည်။ ကျန်ရှိနေသော မဟာတံတိုင်းပေါ်တွင် စေတီငယ်များ တည်ထားသည်မှာ အဆူ (၂၀)ခန့်ရှိသည်ကို လေ့လာ တွေ့ရှိရပါသည်။

စေတီ၏အရှေ့ဘက်တွင် အမြင့် (၄ ပေ ၄လက်မ)၊ ဗျက် (၃ ပေ ၃လက်မ)၊ ထု (၂ ပေ ၈ လက်မ)ခန့်ရှိသော ပဆစ် တုပ်ထိုင်ဟန် ဘီလူးမ အရုပ်နှင့် အမြင့် (၈)ပေ၊ ဗျက် (၈)ပေ၊ထု (၃)ပေ ခန့်ရှိသောဆင်ရုပ်ကို ယှဉ်တွဲ၍ ထုလုပ်ထားသည်ကို တွေ့ရှိရပါသည်။ယင်းအရုပ်နှစ်ရုပ်ကို အကြောင်းပြု၍ ဆင်မတောင် (သို့မဟုတ်) ဘီလူးမတောင်စေတီတော်ဟု ခေါ်ဝေါ်ကြောင်းကိုလည်း လေ့လာမှတ်သားရပါသည်။စေတီ၏ တောင်ဘက်တွင် စေတီတော် ကိုပူဇော်နေဟန် ဆင်ရုပ်တစ်ရုပ်ကိုလည်း ထုလုပ်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။

အခြားအဆောက်အဦများအနေဖြင့်….#မွေတော်ကျောင်း(မြောက်ကျောင်း)မွေတော်ဘုန်းကြီးကျောင်းသည် ယခုလက်ရှိ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တနန္ဒိယမှ ကောဇာ သက္ကရာဇ် ၁၃၁၄ ခုနှစ် တွင် ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးဖြင့် တည်ဆောက်ခဲ့သည်။ဘုန်းတော်ကြီးကျောင်း၏ အရှေ့ဘက်ကပ်လျှက် ကိုးနဝင်းစေတီတစ်ဆူ တည်ရှိပါသည်။ ယခင် မူလကျောင်းမှာ မီးလောင်ပျက်စီးခဲ့၍ အသစ်တည်ဆောက်ထားသော ကျောင်း ဖြစ်သည်။ #

ခေါင်းလောင်းတော်

ခေါင်းလောင်းတော်သည် မွေတော်ကျောင်းဝင်းအတွင်း တည်ရှိသည်။ အမြင့် (၄ ပေ ၄ လက်မ)၊ အချင်း (၂ ပေ ၁ လက်မ)၊ ထု (၂)လက်မခန့်ရှိသော ကြေးခေါင်းလောင်းကိုလေ့လာတွေ့ရှိရသည်။ ခေါင်းလောင်း၌ ကောဇာ သက္ကရာဇ် ၁၂၆၄ ခုနှစ်၊ ကဆုန်လဆန်း (၂)ရက်တွင် ဘုရားဒါယကာ ဦးပွင့်၏သား မောင်းသိုင်းမှ ကြေးပိဿာ ချိန် (၂၅၀)ဖြင့် သွန်းလုပ်လှူဒါန်းထားသည့် ခေါင်းလောင်း စာပါရှိ သည်ကို လေ့လာတွေ့ရှိရပါသည်။

အလယ်ကျောင်း(တောင်ကျောင်း) အလယ်ကျောင်း ဘုန်းတော်ကြီးကျောင်းသည် ကောဇာ သက္ကရာဇ် ၁၃၂၁ ခုနှစ်၊ ကဆုန်လပြည့် ကြာသပတေးနေ့တွင် တည်ဆောက်ခဲ့သည်။ ကျွန်းတိုင်လုံးရေ (၁၀၀)ရှိပြီး ဘုံပြဿာဒ်ပါသော ပျဉ်ခင်း၊ ပျဉ်ကာ၊ အမိုးသွပ်ဖြင့် ဆောက်လုပ်ထား ပါသည်။

ယခင်က အလယ်ကျောင်း၏ တောင်ဘက်တွင် တောင်ကျောင်းရှိခဲ့ပြီး ၄င်းကျောင်းသည် ပျက်စီး သွားခဲ့သဖြင့် ယခုအခါ ရှားတောမြို့တွင် မွေတော်ကျောင်းနှင့် အလယ်ကျောင်းနှစ်ကျောင်းသာ ကျန်ရှိသဖြင့် မွေတော် ကျောင်းကို မြောက်ဘက်ကျောင်းဟု လည်းကောင်း၊ အလယ်ကျောင်းကို တောင်ဘက်ကျောင်းဟု လည်းကောင်း ခေါ်ဝေါ်လျက်ရှိသည်ကို ဒေသခံထံမှ လေ့လာ မှတ်သားရပါသည်။

မည်သို့ပင်ဖြစ်စေ …..ရှားတောမြို့နယ်အတွင်းရှိ ရှေးဟောင်းအဆောက်အအုံ၊ စေတီ၊ ပုထိုး၊ ကျောင်း ကန်ဘုရား၊ ရေတွင်းရေကန်များ အား လေ့လာခြင်းဖြင့် အနုပညာ ယဉ်ကျေးမှုနှင့်တကွ တိုင်းပြည် သာယာဝပြောပြီး လူဦးရေစည်ကား၍ သာသနာ တော်ထွန်းကားခဲ့ကြောင်း ထင်ရှားခဲ့သဖြင့် အခွင့်သင့်လျင်ဖြင့် တစ်ခေါက် တခါ အရောက်လာ သင့်ကြောင်း လက်ဆင့်ကမ်းရင်း ……

ကျမ်းကိုး။ (၁) ဒေသဆိုင်ရာ အချက်အလက်များ၊(၂) ရှေး/သု ဌာန၏ ကွင်းဆင်းဆောင်ရွက်မှု မှတ်တမ်း၊(၃) ၂၀၀၈ ခုနှစ် Gazetter၊ (၄) ကိုယ်တိုင်ရောက်ဖူးခြင်းအချို့…..မှတ်ချက်။

အတတ်နိုင်ဆုံး ရေးသားထားခြင်းဖြစ်ပြီး ချွတ်ချော်မှားယွင်းပါက ချစ်သော မျက်စိဖြင့် ဖတ်ရှုပေးပါရန် တောင်းဆိုရုံမှ တပါး…….ဘုရားများသို့ ကွင်းဆင်းချက်များအပေါ် ထုတ်နုတ်ထားသဖြင့် မှတ်တမ်းသဖွယ်ဖြစ်နေပါက နားလည် ပေးပါရန်#

မူရင်းရေးသားဖော်ထုတ်သူဆရာများ_လေ့လာစုဆောင်းသူများနှင့်တဆင့်ပြန်လည်မျှဝေသူများအားလေးစားစွာ

Credit Chitthu Min

Likes:
0 0
Views:
1342
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *