ဓနုဖြူခံတပ်အုတ်မြို့ရိုး စမ်းသပ်တူးဖော်မှု အပိုင်း – ၁

ဓနုဖြူခံတပ်အုတ်မြို့ရိုး စမ်းသပ်တူးဖော်မှုအပိုင်း – ၁

တည်နေရာ

ဓနုဖြူခံတပ်သည် ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့မြောက်ဘက်ပိုင်းမှာ တည်ရှိပါတယ်။ ဓနုဖြူမြို့သည် (၁၈၅၁၈၄)ဧက ကျယ်ဝန်းပြီး အရှေ့မှ အနောက် မိုင်(၂၀)၊ တောင်မှမြောက် (၂၁)မိုင် ရှည်လျားပါတယ်။ ဓနုဖြူမြို့ရဲ့ တောင်ဘက် (၄၃)ကီလိုမီတာအကွာမှာ ပန်းတနော်မြို့၊ မြောက်ဘက် (၃၀.၂)ကီလိုမီတာအကွာမှာ ဇလွန်မြို့၊ အနောက်ဘက် (၄၉.၆)ကီလိုမီတာအကွာမှာ ကျုံပျော်မြို့တို့ တည်ရှိပါတယ်။

ဓနုဖြူမြို့ဟာ ဧရာဝတီမြစ် အနောက်ဘက်မြစ်ကမ်းပေါ်မှာ တည်ရှိတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဓနုဖြူမြို့ကို နယ်နိမိတ်မှတ်သားရာမှာ “အရှေ့မှာနဂါး၊ အနောက်မှာ တရား၊ တောင်မှာဘုရား၊ မြောက်မှာဓါး”ဆိုတဲ့ အဆိုနဲ့ သတ်မှတ်ထားပါတယ်။

အရှေ့မှာ နဂါးဆိုတာ ဧရာဝတီမြစ်ကို ရည်ညွှန်းခြင်းဖြစ်ပြီး၊ အနောက်မှာ တရားဆိုတာ သုတ် သုံးကျမ်း၊ ဝိနည်း ငါးကျမ်း၊ အဘိဓမ္မာ ခုနှစ်ကျမ်းကို ကျောက်ထပ်အက္ခရာ ရေးထွင်းထားသော ကျောက်စာ (၃၉၉)ချပ်ထားရှိရာ ပိဋကတ်ကျောက်စာတိုက်ကို ရည်ညွှန်းခြင်းပဲ ဖြစ်ပါတယ်။

မြောက်မှာဓားဆိုသည့် ဓနုဖြူခံတပ် အုတ်မြို့ရိုး

ကျောက်စာ အရေအတွက်အားဖြင့် သုတ္တံ (၄၁)ချပ်၊ ဝိနည်း (၁၂၈)ချပ်နှင့် အဘိဓမ္မာ (၂၃၀)ချပ် ရှိပါတယ်။ အဲ့ဒီကျောက်စာတွေ ထိန်းသိမ်း ပြသထားတဲ့ ကျောက်စာတိုက်များကို ပြည်လုံးချမ်းသာဘုရား ပတ်ပတ်လည်၌ တည်ဆောက်ထားခြင်းပဲ ဖြစ်ပါတယ်။

တောင်မှာ ဘုရား ဆိုတာကတော့ ဓနုဖြူမြို့ တောင်ဘက်စွန်းမှာရှိတဲ့ ကျိုက်ကလွန်ပွန်း စေတီတော်မြတ်ကြီးကို ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။

မြောက်မှာဓါးဆိုတာကတော့ စစ်သူကြီးမဟာဗန္ဓုလရဲ့ ဓနုဖြူခံတပ်ကို ရည်ညွှန်းခြင်းပဲဖြစ်ပါတယ်။ GPS ညွန်းမှတ်အရဆိုရင် ဓနုဖြူခံတပ်က မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ၊ ၁၆ မိနစ်၊ ၅ စက္ကန့် အရှေ့လောင်ဂျီကျူ ၉၅ ဒီဂရီ၊ ၃၅ မိနစ်၊ ၁၇ စက္ကန့်နှင့် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ၊ ၁၅ မိနစ်၊ ၁၉ စက္ကန့် အရှေ့လောင်ဂျီကျူ ၉၅ ဒီဂရီ၊ ၃၅ မိနစ်၊ ၃၅ စက္ကန့်အကြား ပင်လယ်ရေမျက်နှာပြင် အမြင့် (၂၈.၀၅)ပေအထက်မှာ ရှိပါတယ်။

ဓနုဖြူမြို့အဝင်

ရာသီဥတု နှင့် သဘာဝပေါက်ပင် ဓနုဖြူမြို့နယ်က မြစ်ဝဒေသကျွန်းပေါ်ဒေသမှာ တည်ရှိတာမို့ ပူနွေးတဲ့ ရာသီဥတုရှိပြီး အခြားဒေသတွေလို အပူချိန်အလွန်မြင့်မားခြင်း‌ (ဒါမှမဟုတ်) အပူချိန် အလွန်နည်းပါးခြင်းမျိုး မရှိပါဘူး။ ရက်ပေါင်းများစွာ မိုးကြီးများရွာသွန်းလျှင်တောင် အပူချိန် သိသိသာသာ ကျဆင်းခြင်းမျိုးမရှိပါဘူး။

ကျောက်စာချပ်များ

မြန်မာနိုင်ငံအောက်ပိုင်းရဲ့ အပူချိန်လက္ခဏာက မိုးရွာသွန်းခြင်း ရပ်တန့်တာနဲ့ တပြိုင်နက် စိုစွတ်တဲ့ အပူရှိန်ပြင်းထန်မှု တိုးလာခြင်းပဲဖြစ်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုမှာတော့ လေများက အပူချိန်ကို ကောင်းစွာလျော့ကျစေရန် ထိန်းသိမ်းထားနိုင်ပါတယ်။

ဓနုဖြူမြို့မှာ မိုးရွာသွန်းမှုကလည်း မနည်းလွန်း၊ မများလွန်းပဲ ပျမ်းမျှမိုးရေချိန် (၉၀)လက်မဝန်းကျင် ရရှိတာမို့ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် ကိုက်ညီတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဓနုဖြူ ဒေသခံပြည်သူလူထုက စိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင် ဆောင်ရွက်ကြပြီး ပဲ၊ ပြောင်းလုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြ ကြောင်း သိရပါတယ်။ ဓနုဖြူမြို့နယ်အတွင်းမှာ ပေါက်ရောက်တဲ့ သဘာဝပေါက်ပင်တွေက ကုက္ကိုပင်၊ စစ်ပင်၊ မအူပင်၊ သရက်ပင်၊ ဝါးပင်၊ အုန်းပင်နှင့် ကွမ်းသီးပင်များပဲဖြစ်ပါတယ်။

အနောက်မှာတရားဆိုသည့် ကျောက်စာတိုက်များရှိရာ ပြည်လုံးချမ်းသာစေတီ

ဓနုဖြူမြို့နယ်ဟာ တောင်ကုန်း တောင်တန်းများ ကင်းရှင်းတဲ့ မြေပြန့်ဒေသတစ်ခုပဲ ဖြစ်ပါတယ်။ မြေလွှာအမျိုးအစားကတော့ နှုံးတင်မြေနုလွှာ(Alluvial soil)ဖြစ်ပြီး ဘူမိသွင်ပြင်အားဖြင့် ရန်ကုန်မြို့ အနောက်ဘက်ပိုင်းဒေသများ၊ ပုသိမ်မြို့ အရှေ့ဘက်ဒေသများနှင့် ဆင်တူပါတယ်။

တောင်မှာဘုရားဆိုသည့် ကျိုက်ကလွန်ပွန်းစေတီ

ဆက်လက်ဖော်ပြပါဦးမည်။

အာကာအေး

အရှေ့မှာနဂါးဆိုသည့် ဧရာဝတီမြစ်

Credit : ယဉ်ကျေးမှုကဏ္ဍဆိုင်ရာ သုတေသနရပ်ဝန်း

Likes:
0 0
Views:
651
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *