ဝ.. မရှိရင်ဝိမဖြစ်ဘူးကို ကံပေါ်၏ ထမင်းတစ်နပ်အလှူဩဝါဒ

ဝ..မရှိရင်ဝိမဖြစ်ဘူးကိုကံပေါ်၏ ထမင်းတစ်နပ်အလှူဩဝါဒ

ဝက်သားက အီတီတီ.. အခေါက်ထူ အသားနည်း.. ငရုတ်ရည် အစပ်ကဲ… ထမင်းက မာတာတာ ငါ့သွားနာ ပါးချောင်ထဲ ဝါးရခက်ခဲ၊ ဘိုးမင်းခေါင်ဟု ထင်ရှားကျော် လူသိများရင် ဖတ်ဖတ်မောပဲ၊ ပူသမျှအပူ မျှဝေကာ ဝိဇ္ဇာကူ အပူသောကကား ဗာရာဏသီ အစနဲ့အဆုံး နိဂုံးမရှိ လူပီသဖို့တော့ လိုလာပြီ။

အခါးပေါ် အငံဆင့် အစပ်နဲ့အချဥ် အဆင်ပြေပေမဲ့ အချိုပျောက်ပြီးဟင်းကဟုန်.. အရသာရယ် မပြည့်စုံဘူး။ တောင်မသိ မြောက်မသိနဲ့ အသိပါးပါးကို ပုဝါခြုံ ဘယ်လိုလုပ်ပြီး ကံလုံမှာလဲ။ ဗောင်တောင်တောင် ဗေဗေ့ချိ ရပ်သိရွှာကျော် ကံပေါ်တို့လုပ်လိုက်ရင်အလွဲချည်းပဲ ငရဲကြီးရင် ပိဿချိန်နဲ့ ရောင်းစားမယ်ဆိုသေး။

ဝမရှိပဲ ဝိလုပ်ချင်ဝေ့လည်ကြောင်ပါတ်နဲ့ လူဆိုတာဒုန်းမဝေးရဘူး ကံအကျိုးပေးဆိုတာ ပြေးပုန်းလို့မလွတ်ပေ၊ ဝဋ်နာကံနာဆိုတာ ဘုရားရှင်သော်မှ မလွတ်သာဘူး၊ ဆွမ်းတစ်ပွဲကပ်ပြီး အလုံးစုံကောင်းမယ်မမှတ်နဲ့၊ ဘဝအဆက်က ကံအကျိုးကို ဖြတ်လို့မရဘူး၊ တူဖြစ်ရင်နှံ ပေဖြစ်ရင်ခံ၊ တူရာတူရာပဲအကျိုးပေးမယ်၊ ဝိဇ္ဇာတွေ ပေါသည့်တိုင်းပြည် ကောင်းပြီဆိုရင် ခံရပြီသာမှတ်၊ ဆင်သတ်ပြီးအရပ်ဝေသူလည်း အဆင်မသင့်တော့ ခါးပြတ်တာအဖက်တင်။

ပြောမဆုံးပေါင် တောသုံးတောင်ဘုရားသာသနာတည်သောတိုင်းပြည် ပါးစိပါးစပ်ကအလွန်များ လူမှန်ရင်လူလိုသိဖို့ အဓိကအမြီးအမောက်မတည့်တာတွေနဲ့ အချိန်ကုန် လူပမ်းအရူးမီးဝိုင်းသည့် သံသရာကမထွက်ရင်လူမဟုတ်တော့ဘူးဆိုတာ မှတ်ထား။

အညွန့်တလူလူနဲ့ ဘဝခရီးမှာလူရာဝင်ဖို့ ကိုယ်ချင်းစာနာစိတ်ကိုမွေး၊ ကိုယ်ခံနိုင်မှ သူခံနိုင်မယ်၊ကိုယ်မကြိုက်ရင်သူလည်းမကြိုက်ဘူး၊ ကိုယ်လည်းသေမှာကြောက်ရင် သူလည်းသေမှာ ကြောက်မှာပဲ၊ ကိုယ်ကောင်းချည်းပဲပြောရင် သူလည်းသူကောင်းပဲပြောမည်မှတ်၊ ကိုယ်ကောင်းမှလည်း သူတော်လိမ့်မည်မှတ်။

ကိုယ်ကောင်းသူတော်တွေပွါးစီးမှ လောကကြီး ငြိမ်းချမ်းမည်၊ ကိုယ်တိုင်လည်းမကောင်းပဲ သူများကို တော်ခိုင်းလို့ မရဘူး။ လောကမျက်လုံးဆိုတာ မျက်တောင်မွှေးတစ်ဆုံးကြည့်ယုံနဲ့အမှန်တရားကိုမတွေ့နိုင်ဘူး။မျက်စိတစ်ဆုံးကိုကြည့်မှ အမှန်တရားကို သိမြင်နိုင်မယ်။ ကိုယ်တစ်ဦး ချမ်းသာမှု့အတွက် အများ၏မျက်ရည်စက်နဲ့ လက်ဖက်သုတ်ပြီးဝိုင်းဖွဲ့မစားနဲ့။

အများရှေ့မှာ ဂရုဏာ ကွယ်ရာမှတော့ တံထွေးထွေး ။ ကိုယ်တိုင်က အနစ်နာခံစိတ်ရှိမှ အများအကျိုးကို ဆောင်ရွက်နိုင်မယ်။ ကိုယ်ကျိုးမဖက်သည့် တန်ခိုးရှင်ကိုသာ လောကကြီးမှာလိုအပ်ချက်တခုအဖြစ်နဲ့ လူသားတွေ တောင့်တနေပြီ။ ဒီလိုပုံနဲ့ မိုးချုပ်ရင်ဘာသာမဲ့တွေ ပွါးစီးလာတာအဖက်တင်မည်။ လူအချင်းချင်းဇာတ်တူခြင်းကို လူတွေယုံကြည်မှု့ကင်းဆိတ်လေပြီ။

သူ့ကိုယ်ငါမယုံ ငါ့ကိုယ်သူမယုံ ကြာလာလေလေ ပိုဆိုးလေလေ။ အချိုးတွေမှ မပြင်ရင် လူတွေလည်း လူစဥ်ကိုမှီမှာမဟုတ်ဘူး။ ကိုယ်ကျိုးသာကြည့်သူတို့၏ ပုံစံခွက်ထဲမှရေသည် အသုံးမတည့်သည့်အဆိပ်ရည်အဖြစ်နဲ့လူသားတို့သည် ခါးသီးစွာငြင်းဆိုနေပြီဖြစ်၏၊အဆိပ်ကိုလူတို့ မမြိုလိုတော့ပြီ၊ အတိတ်တွေကို အဝေးမှာထား အဆိပ်တွေကို မကျွေးပါနဲ့လား ။

ဝိဇ္ဇာနှင့်ပေါင်းလျှင် ဝိဇ္ဇာပါး ဝရမည်။ လူနဲ့ပေါင်းလျှင်လူပါးဝရမည်။ လူပါးဝပြီး လူပေါင်းမှားရင် လူသည်ဘယ်သောအခါမှလူပီသလိမ့်မည် မဟုတ်တော့ပေ။ ညစ်တီးညစ်ပတ် စိတ်ဓါတ်နဲ့ဘိုးမင်းခေါင်ကို ဆွမ်းမကပ်နဲ့၊ ဆွမ်းတစ်နပ်၏ တန်ဘိုးနဲ့ညီမျှသောစိတ်စေတနာသည်သာ အခရာ။ လူတွေ…အပေါ်မီးအောက်မီးနဲ့ ကပ်တီးကပ်သပ် ဘီးမုန့်ဘဝဖြစ်နေပြီ။

ကိုယ်ချင်းစာမျက်လုံး မကွယ်စေနဲ့။ ဂရုဏာမျက်လုံး မကွယ်စေနဲ့။ မေတ္တာကမ်းလက်နဲ့ မနက်ဖန်အတွက်ခရီးဆက်။ ဆရာကြီးဦးအောင်မြတ်၏ဩဝါဒကိုမျှဝေပါ၏။ လူထဲမှလူတို့သည် လူပီသစွာဖြင့်လောကအကျိုးကိုသယ်ပိုးနိုင်ပါစေ။

ဆရာဦးဘုန်းမြတ်

Likes:
0 0
Views:
350
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *