မင်းတုန်းမင်း နှင့် ဝဿကာရပုဏ္ဏား

မင်းတုန်းမင်း နှင့်ဝဿကာရပုဏ္ဏားတစ်ခါက တောင်တွင်းကြီးနတ်မှီတောရဆရာတော်ကြီး ရန်ကုန်မှာခေတ္တသီတင်းသုံးနေတဲ့အခါ ဒကာတစ်ယောက်က “ ဆရာတော်ဘုရား၊ အရှင်းရှင်နိုင်ငံကြီးတွေမှာကုပ်သွေးစုပ်အရှင်းရှင်ကြီးတွေကဆင်းရဲသားတွေအပေါ် မှာ ခေါင်းပုံဖြတ် အမြတ်ကြီးစားပြီး မတရားလုပ်နေကြတာကို ဆင်းရဲသားတွေက ဒီအတိုင်းငုံ့ခဲနေရမှလားဘုရား ” လို့မေးလျှောက်ပါတယ်။

ဆရာတော်ကြီးကမျက်လုံးမှိတ်ပြီး နားထောင်ရင်း စဉ်းစားနေတယ်။ တော်တော်နဲ့ မ‌‌ဖြေဘူး။ မေးတဲ့ဒကာကတော့ ဆရာတော်ကြီး မကြားဘူးထင်လို့ အသံကိုမြှင့်ပြီး ခပ်ကျယ်ကျယ်ထပ်ပြီးလျှောက်ထားနေတယ်။တအောင့်လောက်နေတော့မှ မျက်လုံးကိုဖွင့်ကြည့်ပြီး “ မင်းတုန်းမင်းနှင့် ရေမြှုပ်ဗုံးအကြောင်းကိုဒကာလည်းကြားဖူးမှာပေါ့ ” လို့ မိန့်ကြားပါတယ်။

“ ဘယ်လိုတုန်းဘုရား၊ ဆရာတော် အမိန့်ရှိပါဦး ” လို့ လျှောက်ထားတော့“ အင်း ဒီကိစ္စက ရာဇဝင်တွေထဲမှာ အခိုင်အမှာ ပါတာတော့ ဟုတ်မယ်မထင်ဘူး၊ ဒီလိုပဲ တစ်ယောက်စကား တစ်ယောက်နားဆိုသလို ပြောကြတာပဲ ဖြစ်မယ် ထင်တယ်၊ မင်းတုန်းမင်းကြီးက နန်းတော်ထဲမှာ ဆရာတော်ကြီးတွေကို ပင့်ပြီး ဆွမ်းကပ်နေတုန်းမှာ #ကနောင်မင်းသား နဲ့ ယောအတွင်းဝန်ဦးဖိုးလှိုင် တို့ လူစုက အောင်ပင်လယ်ကန်ထဲမှာ ရေမြှုပ်ဗုံး စမ်းသပ်ဖောက်ခွဲသတဲ့၊

ဒီအသံကို မင်းတုန်းမင်းကြီး နန်းတော်ထဲကနေ ကြားရတဲ့အခါ ရေမြှုပ်ဗုံးဆက်ပြီး လုပ်သင့်မလုပ်သင့် ဆရာတော်ကြီးများကို လျှောက်ထားသတဲ့၊ ဆရာတော်ကြီးများက ‘ ဒါဟာ သတ္တဝါတွေ သေကြေအောင် အမြဲ ထောင်ထားရတဲ့ ထာဝရပယောဂဖြစ်လို့ မလုပ်သင့်ဘူးလို့ ’ ဖြေကြတဲ့အခါ မင်းတုန်းမင်းကြီးက ရေမြှုပ်ဗုံးမလုပ်ရလို့အမိန့်ထုတ်တားမြစ်လိုက်တယ်လို့ဆိုတယ် ”“

အဲဒါကို နောင်ခေတ်လူငယ်တွေကဆရာတော်ကြီးတွေကို လောကီရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ကြတယ်ဆိုပြီး အပြစ်မြင်ချင်ကြတယ်၊ အမှန်တော့ မင်းတုန်းမင်းကြီးဟာရဟန်းတော်တို့ရဲ့ ဝိနည်းဥပဒေနဲ့ပတ်သက်လို့ ဒီလောက် ဒုံးဝေးလှမယ်မထင်ပါဘူး၊ဒီလိုလည်း တိုက်ရိုက်ကြီး မမေးလောက်ဘူးလို့ထင်ပါတယ်၊ တကယ်လို့တစ်နည်းနည်းနဲ့ မေးလျှောက်တယ်ဆိုရင်လည်း ‘ဒီလိုလောကီကိစ္စမျိုးတွေ တို့ကိုမမေးသင့်းဘူး လို့ တားမြစ်လိုက်တာ အကောင်းဆုံးပဲ၊

ဒါမှ မဟုတ်လို့ ဖြေရမယ်ဆိုရင်တော့ရဟန်းကိုမေးရင် #ရဟန်းဖြေ ပဲ ဖြေမှာပေါ့ ’ လို့ မိန့်ကြားလိုက်ပါတယ်။ မေးတဲ့ဒကာက “ မှန်ပါ၊ တပည့်တော် သဘောပေါက်ပါပြီဘုရား၊တပည့်တော်ကို ခွင့်လွှတ်တော်မူပါ ” လို့ လျှောက်ထားတော့ ဆရာတော်ကြီးက အသာအယာခေါင်းညိတ်ပြလိုက်ပါတယ်။‘

လောကီရေးလည်း မဖျင်းနဲ့၊ ဓမ္မရေးလည်း မကင်းနဲ့ ’ ဆိုတဲ့ရှေးလူကြီးအဆုံးအမစကားအတိုင်း ဘယ်လိုကိစ္စမျိုးမှာ ဓမ္မရေးမကင်းဖို့ လိုအပ်သလဲဆိုတာကတော့ သူတော်သူမြတ်တို့ကိုတွေ့ဆုံလျှောက်ထားသူတို့ကလိမ္မာပါးနပ်ရမည့်ကိစ္စဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်လို့ မြတ်စွာဘုရားရှင် လက်ထက်တော်တုန်းကလည်းလျှောက်ထားကြတာကိုပိဋကတ်တော်ထဲမှာတွေ့ရပါတယ်။

မာဂဓတိုင်း၊ ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်း က ဝဇ္ဇီဂဏနိုင်ငံ( ဝဇ္ဇီတိုင်း၊ ဝေသာလီပြည်၊ လိစ္ဆဝီမင်း တို့ ) ကို တိုက်ခိုက်သိမ်းယူဖို့ ကြံစည်တဲ့အခါ မြတ်စွာဘုရားက ဘယ်လိုများမိန့်ကြားမလဲဆိုတာ သိရအောင် မင်းတိုင်ပင်အမတ်ကြီးဖြစ်တဲ့ ဝဿကာရပုဏ္ဏားကို မြတ်စွာဘုရားထံ သွားရောက်ပြီး အလျှောက်ထားခိုင်းတယ်။

အမတ်ကြီးကအဇာတသတ်ရဲ့ ဆန္ဒကို မြတ်စွာဘုရားထံလျှောက်ထားတော့ မြတ်စွာဘုရားက တိုက်ရိုက်မဖြေသေးဘဲ အနီးအနားမှာရှိတဲ့ ညီတော်အာနန္ဒာဘက်လှည့်ပြီးဝဇ္ဇီဂဏနိုင်ငံရဲ့ ခေါင်းဆောင်များဖြစ်ကြတဲ့ လိစ္ဆဝီမင်းသားတို့ဟာမြတ်စွာဘုရားဝေသာလီပြည်မှာ သီတင်း သုံးတော်မူစဉ်ကဟောညွှန်တော်မူခဲ့တဲ့တိုင်းပြည်မဆုတ်ယုတ် မပျက်ဆီးကြောင်းတရား (၇) ပါး နှင့် အညီ ကျင့်သုံးနေထိုင်မှု ရှိမရှိ၊ မေးမြန်းတော်မူပါတယ်။

အရှင်အာနန္ဒာမထေရ်မြတ်က ဝဇ္ဇီ တို့ဟာ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမအတိုင်း နေထိုင်လျက်ရှိတယ်လို့ ပြန်ကြားလျှောက်ထားတဲ့အခါ ဝဿကာရပုဏ္ဏားဘက်လှည့်ပြီး“ ပုဏ္ဏားကြီး ငါဘုရားရှင် ဝေသာလီပြည်မှာ သီတင်းသုံးစဉ် အခါက ဝဇ္ဇီမင်းသားတို့ကို မပြတ်စည်းဝေးတိုင်ပင်ခြင်း၊ လုပ်ဆောင်စရာကိစ္စများကို အညီအညွတ် တပြိုင်တည်း လုပ်ဆောင်ခြင်း၊ ရှေးဟောင်းစည်းကမ်းဥပဒေတို့ကို မဖြုတ်မစွက် အတိအကျ လိုက်နာခြင်း၊ သက်ကြီးစကား သက်ငယ်ကြားအောင် လေးစားနာယူခြင်း၊ အမျိုးသမီးများကို ငဲ့ညှာစောင့်ရှောက်ခြင်း၊

ရှေးဟောင်းရိုးရာပူဇော်ပသမြဲဖြစ်တဲ့ ဓလေ့ထုံးတမ်းများကို မလစ်ဟင်းအောင် ပြုလုပ်ခြင်း တို့တဲ့ တိုင်းပြည်မဆုတ်ယုတ်ကြောင်း ( အပရိဟာနိယ ) တရား (၇) ကို ဟောညွှန် ဆုံးမတော် မူခဲ့တယ်၊ ဝဇ္ဇီတို့ဟာ ဒီ တရား (၇) ပါးနဲ့ ကျင့်သုံးနေထိုင်နေသမျှ တိုးတက်ကြီးပွားဖို့သာရှိတယ် ဆုတ်ယုတ်ပျက်ဆီးနိုင်စရာအကြောင်းမရှိဘူး ” လို့ မိန့်ကြားတော်မူလိုက်ပါတယ်။

မြတ်စွာဘုရားရှင် မိန့်ကြားတာကို ကြားနာရတဲ့အခါ ဝဿကာရပုဏ္ဏားကြီးက ဝဇ္ဇီတို့ကို အခုလိုချိန်မှာ တိုက်ခိုက်သိမ်းယူလို့ မသင့်ဘူး။ သူတို့ကျင့်သုံးနေတဲ့ တရားတွေ ပျက်ဆီးသွားအောင် သူတို့ကို အယုံးသွင်း ပူးပေါင်းပြီးမှ အချင်းချင်းသွေးကွဲအောင်လုပ်ပြီး သိမ်းယူသင့်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအတိုင်း ကုန်းတိုက်သွေးခွဲလို့ (၃) နှစ်လောက် ကြာတဲ့အခါ အချင်းချင်းညီညွတ်မှု မရှိတော့တဲ့ ဝဇ္ဇီတို့ကို အလွယ်တကူအနိုင်ယူနိုင်ပြီး ဝဇ္ဇီဂဏနိုင်ငံကို သိမ်းယူနိုင်ခဲ့ပါတယ်။

ဒီကိစ္စမှာ ဝဿကာရပုဏ္ဏားကြီးဟာ မြတ်စွာဘုရားရှင်ရဲ့ မိန့်ကြားချက်ကို ကြားနာရတဲ့အတွက် သွေးခွဲဖျက်ဆီးရေးဆိုတဲ့ နည်းပရိယာယ်ကို သဘောပေါက်သွားတာဖြစ်လို့ မြတ်စွာဘုရားရှင်က သွယ်ဝိုက်နည်းပေးရာ မကျဘူးလားလို့ စောဒကတက်စရာ ရှိပါတယ်။ မြတ်စွာဘုရားရှင် ဟောတာက တိုင်းပြည်စည်းကားတိုးပွားကြောင်းတရားသာ ဖြစ်ပါတယ်။

ဒီတရားကိုလည်း ဝဇ္ဇီမင်းတို့ကို ပထမဦးဆုံး ဟောတော်မူခဲ့တာပါ။ ဝဇ္ဇီမင်းတို့ ကိုယ်တိုင်လည်း ဒီ တရား (၇) ပါးနဲ့အညီ ကျင့်သုံးနေထိုင်လို့ #ကောသလ၊ မာဂဓ စတဲ့ ပဒေသရာဇ်နိုင်ငံကြီးများအကြားမှာ တမူထူးခြားတဲ့ ဝဇ္ဇီဂဏနိုင်ငံအဖြစ် ရပ်တည်နေနိုင်ခဲ့တာကို သိထားကြပြီး ဖြစ်ပါတယ်။

ဝဿကာရပုဏ္ဏားကြီး မေးလျှောက်တဲ့ အခါမှာလည်း “ ဒီတရား (၇) နဲ့အညီကျင့်သုံးနေထိုင်နေသမျှဝဇ္ဇီနိုင်ငံဟာ တိုးတက်ဖို့သာရှိတယ်၊ ပျက်ဆီးစရာ အကြောင်းမရှိဘူး ” လို့အခိုင်အမာမိန့်ကြားလိုက်တာဟာဝဇ္ဇီတို့အတွက်တိုင်းပြည်မပျက်ဆီးရေးကို ထပ်မံသတိပေးလိုက်သလိုလည်း အဓိပ္ပါယ်သက်ရောက်ပါတယ်။

တည်ဆောင်သူတို့အတွက် တည်ဆောက်ရေးတရားဟောခဲ့တာကို တည်ဆောက်သူတို့က မသုံးမပြုဘဲ စွန့်လွှတ်ခဲ့ကြလို့သာ ဖျက်ဆီးလိုသူအတွက် ဖျက်ဆီးရေး နည်းပရိယာယ်အဖြစ် ကျရောက်သွားခဲ့တာလို့ပဲ မှတ်ယူရမှာပါ။ကျွမ်းကျင်တဲ့သမားတော်က အသက်ရှည်ရာအနာမဲ့ကြောင်း ဆေးဝါးဓါတ်စာကောင်းကိုညွှန်ပြပေးထားပါရက်နဲ့ မိမိတို့စားသုံးမြဲဖြစ်တဲ့ ဆေးဝါးဓါတ်စာကို မစားသုံးဘဲ သူတပါးလှည့်ဖြားတိုက်ကျွေးတဲ့ ရောဂါဖြစ်စေတဲ့အစားအစာကို စားလို့ရောဂါဖြစ်ပြီး ဆုံးရှုံးရတာဟာသမားတော်ရဲ့အပြစ်လို့ ဆိုစရာအကြောင်းမရှိတန်ရာပါဘူး။

အသိရအောင် သတိပေးနှိုးဆော်တဲ့ ကလတက်အုံးမောင်းဆိုတာ ရန်သူတွေ လန့်ဖြန့်သွားစေမဲ့ အမြှောက်သံ၊ ဗုံးသံမျိုး မထွက်သလို သာယာယစ်မူးစရာ စောင်းညှင်းသံမျိုးလည်း မထွက်ပေဘူး။ သတိပေးနှိုဆော်တဲ့ သူ့သဘာဝအချက်ပေးသံပဲ ထွက်ပေလိမ့်မယ်။ အသိရှိ၊ အသိမဲ့ ဆိုတာကတော့ နားထောင်သူတို့ရဲ့ သတိရှိမှု၊ မရှိမှု အပေါ်မှာသာ တည်နေပါလိမ့်မယ်။

သတိထားပြီး အသိပွားနိုင်ကြပါစေသော်။“ ရဟန်းကိုမေးရင် ရဟန်းဖြေပဲ ဖြေမှာပေါ့၊ ဒါမှမဟုတ်ရင် ဒီလိုကိစ္စမျိုး တို့ကို မမေးသင့်ဘူးလို့ တားမြစ်ရုံပဲပေါ့ ”#

ဓမ္မဘေရီ_အရှင်ဝီရိယ (တောင်စွန်း)#Ref;▪️ ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၊မထေရ်မြတ်တို့ စကားဝိုင်း အပိုင်း (၃)၊ မင်းတုန်းမင်း နှင့် ဝဿကာရပုဏ္ဏား#SitNyeinLu

Likes:
0 0
Views:
1033
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *