ဆူးလေဘုရားလမ်းပေါ်က ဗြိတိသျှခေတ် ရေခဲစက်ရုံ

ဆူးလေဘုရားလမ်းပေါ်က_ဗြိတိသျှခေတ်_ရေခဲစက်ရုံ

ဆူးလေဘုရားလမ်းပေါ်က နာမည်ကျော် မီးသတ်ဌာနနဲ့မျက်နှာချင်းဆိုင်ကထုံးဖြူဖြူသုတ်ထားတဲ့ သုံးထပ်အဆောက်အအုံဟာ စပ်စပ်စုစုမြင်တတ်သူခရီးသွားဧည့်သည်တွေရဲ့ စူးစမ်းချင်စိတ်ကို မကြာခဏဆိုသလိုနှိုးဆွနေပါတယ်။ အဆောက်အအုံရဲ့ အပြင်ပန်းကို သေသေ ချာချာ ကြည့်လိုက်ရင် ဝင်ပေါက်ရဲ့အပေါ်မှာကပ်ထားတဲ့ ‘ရဲတိုက်’ စာလုံးနှစ်လုံးပါတဲ့စကျင်ကျောက်ပြားကို မြင်တွေ့ရမှာပါ။

ဒါကတော့ ဗြိတိသျှခေတ်က မြန်မာနိုင်ငံမှာ ပထမဆုံးတည်ဆောက်ခဲ့တဲ့ရေခဲစက်ရုံဟောင်း တည်နေရာဖြစ်ပါတယ်။ ဒီအဆောက်အအုံကို ၁၉၈၀ ပြည့်နှစ်များဝန်းကျင်မှာ မြန်မာအာမခံကော်ပိုရေးရှင်းက ‘ရဲတိုက်မျှော်စင်’ လို့ သုံးနှုန်းခဲ့ကြတာကိုတော်တော်များများ သိခဲ့ကြပေမဲ့ အဆောက်အအုံရဲ့ ရေခဲစက်သမိုင်းကိုတော့သိရှိခဲ့သူသိပ်မရှိပါဘူး။

ယနေ့ခေတ်မှာတော့ ဒီအဆောက်အအုံမှာ Strategy First ကျောင်းနဲ့ AA Pharmacy တို့ ဖွင့်လှစ်ထားပါတယ်။ရန်ကုန် ရေခဲစက်ရုံဆိုတာ Jules Emile Du Bern နာမည်နဲ့ အဓိပ္ပာယ်အတူတူဖြစ်ပါတယ်။ ၁၈၅၇ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Du Bern ဟာ ပြင်သစ်တောင်ပိုင်း Bayone ဇာတိဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်များကာလအတွင်း မြန်မာနိုင်ငံကိုမရောက်ခင်မှာစိတ်လှုပ်ရှားစရာဘဝကို ရွေးချယ်ခဲ့ပါတယ်။ Jesuit College of Calcutta ကို မတက်ခင် သူဟာ ပြင်သစ်မှာ ပညာသင်ကြားခဲ့ပါတယ်။

ဘွဲ့ရပြီးတဲ့နောက်ပြင်သစ်ရွက်သင်္ဘောမှာ အလုပ်သင်အဖြစ် တစ်နှစ်ကျော်လောက်အထိ လုပ်ကိုင်ခဲ့ပါတယ်။ ဘင်္ဂလားပင်လယ်အော်အတွင်း အိန္ဒိယအနောက်ပိုင်းကမ်းရိုးတန်းက Vizagapatam အနီးမှာ ရွက်သင်္ဘော ပျက်သွားခဲ့ချိန်အထိပါ။

သင်္ဘောလိုက်တဲ့အလုပ်ဟာ သူ့အတွက် အသင့်တော်ဆုံး အသက်မွေးဝမ်းကျောင်းအလုပ်မဟုတ်ဘူးလို့တွေးပြီး Du Bern ဟာ နောက်ထပ် အလုပ်သင်ရာထူးတစ်နေရာ ထပ်ရှာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကာလကတ္တားကကြေးနန်းအလုပ်ရုံတစ်ခုမှာ အလုပ်ရပါတယ်။

စက်ပြင်တာနဲ့ လျှပ်စစ်ပိုင်းဆိုင်ရာအလုပ်တွေ လုပ်ရင်း လေးနှစ်အကြာမှာ သူဟာ Marine Cable Factory တာဝန်ခံဖြစ်လာပါတယ်။ သူဟာ ၁၈၈၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို ပထမဆုံးကြိမ် ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ငါးနှစ်အကြာမှာတော့ Oriental Telephone Company မှာ လက်ထောက်မန်နေဂျာဝင်လုပ်ဖို့ ကာလကတ္တားကို သူပြန်ခဲ့ပါတယ်။

နောက်နှစ်မှာပဲကုမ္ပဏီရဲ့ ဆက်သွယ်ရေးကွန်ရက် အဆင့်မြှင့်တင်ဖို့ သူ့ကိုမဒရပ်စ်ရုံးရဲ့ မန်နေဂျာအဖြစ် ခန့်လိုက်ပါတယ်။ရန်ကုန်မှာ တယ်လီဖုန်းစနစ်တပ်ဆင်ဖို့ကိစ္စ လက်မခံခင်မှာပဲနောင်နှစ်အနည်းငယ်အကြာမှာသီရိလင်္ကာနိုင်ငံ Oriental Telephone Company ရဲ့ အထွေထွေမန်နေဂျာအဖြစ်ခန့်အပ်ခြင်းခံရပြန်ပါတယ်။

သူ့မှာ မန်နေဂျာလုပ်ငန်းအတွေ့အကြုံအပြင်နည်းပညာရပ် ကျွမ်းကျင်မှုရှိပေမဲ့လည်း သူဟာမြန်မာနှင့် အိန္ဒိယကဗျူရိုကရေစီဆန်တဲ့အစိုးရပိုင်လုပ်ငန်းတွေဆီက ဆုတ်ခွာပြီးကိုင်ပိုင်လုပ်ငန်းလုပ်ကိုင်ဖို့ တော်တော်လည်းစိတ်အားထက်သန်ခဲ့ပါတယ်။သူ့အစ်ကို Calcutta Ice Associationရဲ့ ကြီးကြပ်သူအင်ဂျင်နီယာ G. Du Bern နဲ့ စပ်တူလုပ်ကိုင်ဖို့ J.E Du Bern က Crystal Mineral Water Factory ကိုဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူက ကုမ္ပဏီနာမည်ကို ကာလကတ္တားရဲ့ Premier Aerated Water Factory လို့ ပြောင်းလဲခဲ့ပါတယ်။ ၁၈၉၂ ခုနှစ်မှာတော့ သူ့ရဲ့ ကိုယ်ပိုင် ရေခဲနဲ့ ရေသန့် ထုတ်လုပ်တဲ့ကုမ္ပဏီကို Du Bern Co နာမည်နဲ့ ရန်ကုန်မြို့မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ၁၈၉၃ ခုနှစ် အစောပိုင်းမှာ တူဖြစ်သူ Mr. A.G Du Bern က သူနဲ့အတူ လုပ်ငန်းကို ပူးတွဲဆောင်ရွက်ခဲ့ပါတယ်။

Du Bern မိသားစုစီးပွားရေးက နာမည်ဂုဏ်သတင်း တစ်ရှိန်ထိုး ကျော်ကြားလာခဲ့ပြီး Boston ရဲ့ Ice King လို့ လူသိများတဲ့ အမေရိကန်စီးပွားရေးသမားနဲ့ ကုန်သည်တစ်ယောက်ဖြစ်တဲ့ Fredrick Tudor ရဲ့ အလားတူလုပ်ငန်းတွေကို ယှဉ်ပြိုင်လာနိုင်ခဲ့ပါတယ်။ သူကတော့ Tudor Ice Company ကို တည်ထောင်သူဖြစ်ပြီး နောက်ပိုင်းမှာ Du Bern နဲ့အတူ ပူးပေါင်းကာ ၁၉ ရာစုအစောပိုင်း နိုင်ငံတကာ ရေခဲကုန်သွယ်မှုရဲ့ အဦးဆုံး လုပ်ငန်းတည်ထောင်သူ ဖြစ်လာပါတယ်။

Tudor ကကာလကတ္တားမှာဆောင်ရွက်နေပေမဲ့ Du Bern ကတော့ ဒေသခံမြန်မာဈေးကွက်ကိုရရှိထားခဲ့ပါတယ်။ရန်ကုန်မြို့နေ လူချမ်းသာ တွေအတွက် ရေခဲဟာ အပူဒဏ်က ခဏတာ သက်သာစေမယ့်အရာ အနည်းအကျဉ်းထဲက တစ်ခုဖြစ်သလို ရေခဲသေတ္တာတွေ မပေါ်ခင်အချိန်မှာအစားအစာတွေကို ကြာရှည် သိမ်းဆည်းထားဖို့နဲ့ဖျော်ရည်အေးအေးသောက်နိုင်ဖို့အတွက် အားထားခဲ့ကြရပါတယ်။

စီးပွားရေးမှာ စွန့်စားလိုစိတ်ရှိရုံသာမက ပရဟိတစိတ်ဓာတ်လည်းရှိတဲ့ J.E Du Bern ဟာရန်ကုန်မြို့ကို တည်ထောင်ရာတွင် ငွေကြေးအားဖြင့် ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။သူဟာ ၁၈၉၉ ခုနှစ်မှာ မြူနီစပယ်ကောင်စီဝင်အဖြစ်ရွေးကောက်ခံရပြီး ၁၉၀၅ ခုနှစ် ဇန်နဝါရီမှာတော့ ဒုဥက္ကဋ္ဌရုံးခန်းထဲကို ရောက်ခဲ့ပါတယ်။

ဒီနေရာမှာ သူဟာ ၁၅ နှစ်ကြာ လုပ်ကိုင်ခဲ့ပါတယ်။ သူဟာ ဗမာ့ဆောက်လုပ်ရေးနှင့် ချေးငွေအသင်း ဥက္ကဋ္ဌလည်းဖြစ်ခဲ့ပြီး ကုန်သွယ်အသင်း စတည်ထောင်ကတည်းက ကော်မတီမှာပါခဲ့သူလည်း ဖြစ်ပါတယ်။အာဂလူဖြစ်တဲ့ Du Bern ဟာရန်ကုန်ဆိပ်ကမ်းမင်းကြီးလည်း ဖြစ်ခဲ့ပြီး ဗစ်တိုးရီးယားအမှတ်တရပန်းခြံနဲ့ သတ္တဗေဒအဖွဲ့ရဲ့ ဂေါပကအဖြစ်လည်း နှစ်ပေါင်းတော်တော်ကြာအောင် ဆောင်ရွက်ခဲ့ပါသေးတယ်။ ၁၉၁၁ ခုနှစ်မှာ သူ့ကို ဗမာအစိုးရကနိုင်ငံသားအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

ကမ္ဘာစစ်ကြီး ဖြစ်တဲ့အခါမှာတော့ သူဟာ စစ်သားတွေစုဆောင်းရာမှာ အကူအညီပေးခဲ့တဲ့အပြင် တစ်ခုလပ်တွေနဲ့ မှီခိုသူတွေအတွက်လည်း ရန်ပုံငွေတစ်ခု တည်ထောင်ပေးပြီး စစ်စရိတ်ရှာပေးခဲ့ပါတယ်။ ဒီလို တာဝန်ထမ်းဆောင်မှုတွေကြောင့် အစိုးရက သူ့ကို Order of the British Empire (O.B.E) ဆုကို ၁၉၁၉ ဒီဇင်ဘာမှာ ချီးမြင့်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ကုမ္ပဏီဟာ စီးပွားရေးကောင်းနေခဲ့ပြီး ၁၉၁၀ နှောင်းပိုင်းအချိန်တွေမှာ ရေသန့်နဲ့ ရေခဲဝယ်လိုအားကို ဖြည့်ဆည်းပေးဖို့ ဆူးလေဘုရားလမ်းက အဆောက်အအုံနဲ့တင် မလုံလောက်တော့ပါဘူး။ ဒါကြောင့် လုပ်ငန်းကို အောက်ကီလီလမ်း (ယခု ဝါးတန်းလမ်း) ဘက်ကို ပြောင်းရွှေ့ခဲ့ပြီး တစ်ရက်ကို ရေခဲတန်ချိန် ၃၀ဝ ကျော် ထုတ်ခဲ့ပါတယ်။

အထက်ကီလီလမ်းမှာ တစ်နေ့ဘူး ၆ဝ၀ဝ ထုတ်နိုင်တဲ့ ရေသန့်စက်ရုံအသစ် ရှိနေပါတယ်။ သူ့စီးပွားရေး အောင်မြင်မှုဟာ အဖွဲ့အစည်းအတွက် Du Bern ရဲ့ စွမ်းအား ရလဒ်တစ်ခုပါ။လုပ်ငန်းအသေးလေးက စတင်ခဲ့ပြီး ရေခဲနဲ့ မောင်းနှင်တဲ့ အင်ပါယာကြီးတစ်ခု တည်ဆောက်နိုင်ခဲ့တာ တွေ့ရပါမယ်။

တခြားသူတွေအတွက် ထည့်သွင်းစဉ်းစားပြီးတစ်မြို့လုံးကိုအလှူအတန်း ရက်ရက်ရောရော သူ ပေးခဲ့ပါတယ်။ရန်ကုန်သားတွေသာမက ၁၈၈၉ ခုနှစ်တုန်းက ရန်ကုန်မှာနေထိုင်သွားတဲ့ Rudyard Kipling ကပါ ရေခဲလိုအပ်ချက်ကို သတိပြုမိခဲ့ပါတယ်။ Rudyard Kipling ဟာ သတင်းစာသမားတစ်ဦးအနေနဲ့ ရန်ကုန်ကိုရောက်ခဲ့ပြီး မြို့ရဲ့ လူကုံထံ ကလပ်တွေမှာ အထက်တန်းလွှာဘဝကို ခံစားနေတဲ့ အမျိုးကောင်းသားတို့ ပြည့်နေတာလည်း သူ မြင်ခဲ့ရတယ်။

ရွှေတိဂုံဘုရားနဲ့ပဲခူးကလပ်ကို သူကအံ့ဖွယ်နေရာတွေအဖြစ် ချီးမွမ်းပါတယ်။ ကလပ်တွေမှာ စစ်ပွဲအကြောင်း၊ လူသတ်မှု၊ အပူပိုင်းဒေသမှာ ဖြစ်ပွားတက်တဲ့ရောဂါကြောင့်သေဆုံးမှုစတဲ့ လေးနက်တဲ့သတင်းအစုံအလင်ကိုအမျှင်မပြတ်ပြောကြတာသူ သတိထားမိပါတယ်။”တောတွင်းစစ်ပွဲဆိုတာအားလုံး အညီအမျှပါပဲ။

ဟေ့ … ရေခဲပေးပါဦး” ဆိုတဲ့ ကလပ်ထဲက စကားလုံးမျိုးနဲ့ နယ်ချဲ့ကိုလိုနီစနစ်ဆိုတာကို သူ နားလည်လာခဲ့ပါတယ်။J.E Du Bern ဟာ ကာလကတ္တားက Miss Martinilli နဲ့ အိမ်ထောင်ကျပြီး သားနှစ်ယောက်၊ သမီးနှစ်ယောက် ထွန်းကားခဲ့ပါတယ်။

ခိုင်သဇင်ဟန် နှင့် ဇော်လင်းနိုင် ဘာသာပြန်ဆိုသည်။

(ဆန်းလင်းထွန်းသည် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် အက်ဆေး၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားသည့် စာရေးဆရာတစ်ဦး ဖြစ်သည်)

Credit ; Myanmar Times#CRDSaryarSai Min Thant #နော်ဂဲလယ်ထူး (စာပေပရဟိတ)

Likes:
0 0
Views:
937
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *