ကုန်းဘောင်ခေတ်မှသည် ယနေ့တိုင်ထင်ရှားတဲ့ ဇော်ဝင်းထွဋ်တို့ အနုပညာမျိုးဆက်…

မြန်မာ့သုခုမ အနုပညာသမိုင်းမှာ ဘိုးဘေးဘီဘင်ကနေမြေး၊ မြစ်၊ တီ၊ တွတ် အထိ အနုပညာအမွေ ဆက်ခံခဲ့တဲ့ မျိုးရိုးတစ်ခုကို ပြပါဆိုရင် ကုန်းဘောင်ခေတ်နှောင်းပိုင်းမှသည်သည်ဘက် ဒီမိုကရေစီခေတ်တိုင်အောင် အနုပညာအမွေဆက်ခံပေးဝေဆဲဖြစ်တဲ့ရော့ခ်စတား အဆို တော်ကြီးဇော်ဝင်းထွဋ်ရဲ့မျိုးဆက်ကိုပဲပြရမှာဖြစ်ပါတယ်။

ဆရာလန်းရဲ့ မျိုးဆက်ဦးကျင်ခဲဦးကျင်ခဲ (ဦးကြင်ခဲ) ဆိုတာက မြန်မာ့သဘင် လောကမှာအလွန်ထင်ရှားခဲ့တဲ့လူရွှင်တော်ကြီးတစ်ဦးပါ။ သူဟာသီချင်းရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက သူရေးပြီးအဆိုတော်ကြီးဥဩဘသောင်သီဆိုတဲ့ “နွားကျောင်းသား” ၊ “ဘဲကျောင်းသား” စတဲ့ သီချင်းများဟာ နာမည်ကြီးထင်ရှားတဲ့လက်ရာများပဲဖြစ်ပါတယ်။

ဦးကျင်ခဲ ကို ပြည်မြို့ သံတချောင်းလမ်းမှာ ဆရာလန်းနဲ့ ဒေါ်သာတို့က ၁၂၄၈ ခုနှစ်မှာ ဖွားမြင်ခဲ့ပါတယ်။ဆရာလန်းဟာ သီချင်းကြီး သီချင်းခံ့များကို စံနစ်တကျ သီဆိုနိုင်တဲ့အတွက် မင်းတုန်းမင်းနဲ့ သီပေါမင်းတို့လက်ထက်များမှာ အမှုတော်ထမ်းခဲ့သူ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။ ဦးကျင်ခဲ ၁၂ နှစ်အရွယ်မှာ ဆရာလန်းဟာရန်ကုန်မြို့ကိုပြောင်းရွှေ့လာခဲ့ပြီးကြည့်မြင်တိုင်ထီးတန်းရပ်မှာ နေခဲ့ပါတယ်။ ဦးကျင်ခဲဟာ ဖခင်ရဲ့ဇာတ်အဖွဲ့နဲ့အငြိမ့်အဖွဲ့များမှာ လူရွှင်တော်အဖြစ်ဝင်ရောက်ကပြခဲ့ပါတယ်။

အသက် ၁၇ နှစ်မှာကြည့်မြင်တိုင်အရပ်သူမအေးမျှင်နှင့်အကြောင်းပါခဲ့ပြီး မောင်အုန်းလှိုင်နဲ့မောင်အုန်းဆိုင်ဆိုတဲ့သားနှစ်ယောက် ထွန်းကားခဲ့ ပါတယ်။နောင်မှာ မောင်အုန်းလှိုင်က မင်းသား ကျော်အုန်းလှိုင်ရယ်လို့ ဖြစ်လာခဲ့ပြီး မောင်အုန်းဆိုင်ကတော့စာရေးဆရာ ရွှေတိုင်ညွန့်အမည်နဲ့ထင်ရှားခဲ့သူပါ။ဦးကျင်ခဲဟာမြန်မာအက၊ ယိုးဒယား အကတွေကိုကပြနိုင်တဲ့ အပြင်ပတ္တလား၊ ပတ်ဝိုင်း၊ ဘာဂျာနဲ့ နှဲများကိုလည်းတီးမှုတ်တတ်ရုံသာမက ပန်းချီ၊ ပန်းပုပညာများကိုလည်း လိုက်စားခဲ့သူပါ။

ဦးကျင်ခဲဟာ အသံအောင်ရုံမျှမက အသံ အမျိုးမျိုးနဲ့လည်း သီဆိုနိုင်သူလို့ သိရပါတယ်။ ဦးကျင်ခဲရဲ့ ပြက်လုံးတွေ၊ ဇာတ်ထုပ်တွေကို ဓာတ်ပြား သွင်းထားခဲ့ပြီး သီချင်းပေါင်း ၁ဝဝ ကျော်ကိုလည်း ဓာတ်ပြားသွင်းခဲ့ရာ ပဲပြုတ်သည် သီချင်းမှာ ပထမဆုံးသွင်းသော ဓာတ်ပြား ဖြစ်ပါတယ်။ သူ့ရဲ့ ဓာတ်ပြား ဇာတ်ထုပ်များကတော့ ဦးရှင်ကြီး၊ ဗျတ်ဝိ ဗျတ္တ၊ ဗုဒ္ဓဝင်၊ မောင်မစ္စက၊ ရေနံချောင်းက ဖေကံကောင်း စတဲ့ ဇာတ်ထုပ်များ ဖြစ်ပါတယ်။

၁၃ဝဝ ပြည့်နှစ် အသက် ၅၂ နှစ်မှာ “မင်းညီနောင်” ဇာတ်ထုပ်ကို ဓာတ်ပြားသွင်းနေဆဲ မပြီးဆုံးသေးမီမှာပဲ ဦးကျင်ခဲ ကွယ်လွန်ခဲ့ပါတယ်။ ။*ဦးကျင်ခဲရဲ့ မျိုးဆက် ရွှေတိုင်ညွန့်ဆရာ ရွှေတိုင်ညွန့်ကို လူရွှင်တော် ဂီတစာဆိုကြီး ဦးကျင်ခဲနဲ့ ဒေါ်အေးမျှင်တို့ က ရန်ကုန်မြို့ ကြည့်မြင်တိုင် ထီးတန်း စျေးကလေးရပ်မှာ ၁၉၀၈ ခုနှစ်၊ ဧပြီလက ဖွားမြင်ခဲ့ပါတယ်။ အစ်ကိုဖြစ် သူ မောင်အုန်းလှိုင်ကို လိုက်ပြီး ညီဖြစ်သူကို မောင်အုန်းဆိုင်လို့ အမည်ပေးခဲ့ပါတယ်။

ငယ်စဉ်က ကြည့်မြင်တိုင် စက်မြေ မြူနီစီပယ် ကျောင်းမှာ စတုတ္ထတန်းအောင်မြင်တဲ့အထိ ပညာသင်ကြားခဲ့ပါတယ်။ အသက် ၁၀ နှစ် မပြည့်မီ ဂီတပညာကို လိုက်စား သင်ယူခဲ့ပြီး ဆိုင်းဆရာကြီး ဦးမိုးညှင်းရဲ့ သင်လက်နဲ့ မောင်းဆိုင်းကို အရွယ်နဲ့ မလိုက်အောင်တီးခတ်နိုင်စွမ်း ရှိသူလို့ ဆိုပါတယ်။

သူရဲ့ ဖခင်ဖြစ်သူ တည်ထောင်တဲ့ အငြိမ့်မှာ တယောနဲ့ ပတ္တလားကို တီးခတ်ပေးခဲ့တယ်။ မောင်အုန်းဆိုင် အသက် ၂၂ နှစ်အရွယ် ကိုလံဘီယာ ဓာတ်ပြား ကုမ္ပဏီ မြန်မာပြည်ကို ရောက်တဲ့ ၁၉၃၀ ပြည့်နှစ်မှာ “ရွှေတိုင်ညွန့်” အမည်နဲ့ ဓမ္မပူဇာတေးများ၊ လူမှုရေး၊ အချစ်တေး၊ စုံတွဲတေး သီချင်းများနဲ့ နိုင်ငံရေး တေးသီချင်း စတဲ့ ဓာတ်ပြားသီချင်း အများအပြားကိုရေးဖြစ်ခဲ့ပါတယ်။

ရွှေတိုင်ညွန့်ကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည် ပြန်လည်ထူထောင်ရေး ကာလမှာ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုတဲ့ အချက် ပါဝင်တဲ့ သီချင်းတစ်ပုဒ် စပ်ဆိုပေးဖို့ တောင်းဆိုမှုကြောင့် စပ်ဆိုပေးခဲ့ရပြီး အဲဒီသီချင်းဟာ တပ်မတော်အတွက် မှတ်တမ်းဝင် သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ အကူအညီ တောင်းမှုနဲ့ စပ်ဆိုခဲ့တဲ့ နဂါးနီ သီချင်းဟာလည်း ဆရာရွှေတိုင်ညွန့်ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။*

ရွှေတိုင်ညွန့်ရဲ့ မျိုးဆက် အဆိုတော် ထားအဆိုတော် “ထား” ကို ၁၉၄၁ ခုနှစ် ဇန်နဝါရီလက ရွှေတိုင်ညွန့်နဲ့ ဒေါ်တင်စိန်တို့က ကြည့်မြင်တိုင်၊ ထီးတန်း ဈေးကလေးရပ်မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းလေးဦး ရှိပြီး အကိုကြီး ဂီတစာဆို ကိုမျိုးဆက်၊ လူရွှင်တော် ကိုတိုင်းကျော်၊ မမြရင်နဲ့ မခင်မျိုးနွယ် (အဆိုတော် ‘ထား’) တို့ပဲ ဖြစ်ပါတယ်။

၁၉၅၈ ခုနှစ်မှာ ဂီတနယ်ကို ရောက်ရှိခဲ့ပြီး တေးနုဝေ တူရိယာအဖွဲ့နဲ့ စတင် အသံလွှင့်ခဲ့သူပါ။ “ထား” ဆိုတဲ့ နာမည်ကို ဗိုလ်ကလေးတင့်အောင်နဲ့ ကိုမင်းနောင်တို့က ပေးခဲ့တာလို့လည်း သိရပါတယ်။ အဆိုတော် “ထား”ရဲ့ အောင်မြင် ကျော်ကြားတဲ့ တေးတချို့ကို ဖော်ပြရရင် “မွန်တို့ဌာနီ” ၊ “နက်ဖန်သို့မဟုတ် ဘယ်သောအခါ” ၊ “မုန်းဆက်ဆက်မရွယ်”၊ “သံသရာတကွေ့ဝယ်” စတဲ့ တေးသီချင်းတွေပဲ ဖြစ်ပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာ ဆရာဝန်ကြီး ဒေါက်တာ ကြည်ခင်နဲ့ အိမ်ထောင်ကျပြီး ဇော်မျိုးထွဋ်နဲ့ ဇော်ဝင်းထွဋ်တို့ကို မွေးဖွားခဲ့ပါတယ်။ ။

အဆိုတော် ထားရဲ့ မျိုးဆက် ဇော်ဝင်းထွဋ်အဆိုတော်ဇော်ဝင်းထွဋ်ဟာ ဒီကနေ့ခေတ် အထိ စတီရီယို လောကမှာ နာမည်ကြီး အဆိုတော်အဖြစ် အောင်မြင် ထင်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။ ဇော်ဝင်းထွဋ်ကို ဒေါက်တာကြည်ခင်နဲ့ ထား တို့က ၁၉၆၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က မွေးဖွားခဲ့ပြီး ညီထွဋ် ဆိုတဲ့ အမည်နဲ့လည်း လူသိများသူ ဖြစ်ပါတယ်။

မိခင်နဲ့ သူ့မျိုးရိုးက မြန်မာခေတ်ဟောင်း ဂန္ထဝင်တေးရေး ဆရာ၊ အဆိုတော်တွေ ဖြစ်သော်လည်းပဲဇော်မျိုးထွဋ်နဲ့ ဇော်ဝင်းထွဋ်တို့ကတော့ ရော့ခ်တေးဂီတကို မြတ်နိုးသူများ ဖြစ်ခဲ့ကြပါတယ်။ဇော်ဝင်းထွဋ်ဟာ Drummer အဖြစ် Oasis တီးဝိုင်းမှာ စတင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်မှာ အင်ပါယာ (Emperor) တေးဂီတအဖွဲ့ကို ထူထောင်ခဲ့ပါတယ်။

သူ့ရဲ့ အစ်ကိုအရင်းဖြစ်သူ ဇော်မျိုးထွဋ်က လိဒ်ဂစ်တာ၊ကျင်ခမ်းဖုန်း က ဘေ့စ်ဂစ်တာ၊ ဝေထွန်းက ဒရမ်တီးခတ်ပြီး မောင်မောင်လွင်ကကီးဘုတ်တီးခတ်သူတို့ ပါဝင်ပါတယ်။ ၁၉၈၃ ခုနှစ်မှာ “မာကျူရီညများ” အခွေကို စတင် သီဆိုခဲ့ပြီး ကော်ပီသီချင်းများ အပြင် ကိုယ်ပိုင် သံစဉ်များကိုလည်းဖန်တီး အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

ဇော်ဝင်းထွဋ်ဟာ မာကျူရီညများ၊ အချစ်စွမ်းအင်၊ ကြယ်တံခွန်၊ လမ်းသစ်၊ ရော့ခ်တစ္ဆေ၊ ရှေ့ပြေး၊ ရှင်သန်ခြင်း၊ ရာဇဝင်၊ နေရာသစ်၊ ခရီးသွား မီးခိုးတန်းများ၊ ဆေးဆိုးပန်းရိုက် မျက်နှာ၊ မဟာ၊ ဂျစ်ပစီ မိုးတိမ်၊ ဆေးပေါင်းခတဲ့ည စတဲ့ သီချင်းခွေပေါင်း မြောက်မြားစွာကို သီဆို အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

ဇော်ဝင်းထွဋ်ဟာမမေခိုင်အုန်းနဲ့ လက်ထပ်ခဲ့ပြီးသားဖြစ်သူ ဝင်းထွဋ်သော်တာ (အီတိုး) နဲ့ ဝင်းထွဋ်တာရာ (ချမ်းချမ်း) တို့ကိုမွေးဖွားခဲ့ပါတယ်။ အဆိုတော်အီတိုးကလည်းဖခင်ဖြစ်သူ ဇော်ဝင်းထွဋ်နဲ့အတူ သီဆိုဖျော်ဖြေရင်း အနုပညာအမွေဆက်ခံနေဆဲဖြစ်ပါတယ်။

ဆိုရရင် ကုန်းဘောင်ခေတ်နှောင်းအငြိမ့်သဘင်ခေတ် လူရွှင်တော်ကြီး ဦးကျင်ခဲမှသည် ဒီကနေ့ ရော့ခ်၊ ပေါ့ပ်ဂီတခေတ်တိုင်အောင် အနုပညာ မျိုးဆက်တစ်ခုကိုအောင်မြင်စွာ စိုက်ထူနိုင်ခဲ့တဲ့ ရော့ခ်စတားကြီး ဇော်ဝင်းထွဋ်တို့အနုပညာ မျိုးဆက်ကိုဂုဏ်ပြုမှတ်တမ်းတင် ဖော်ပြလိုက်ရပါတယ်။ ။

သိန်းအေး Ref_WikipediaPhoto_InternetRP_SocialLife# CRDSaryarSai Min Thant# နော်ဂဲလယ်ထူး (စာပေပရဟိတ)

Likes:
3 2
Views:
19896
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *