ဓမ္မရာဇိကဘုရားကျောက်စာ အရ အရှေ့တောင်အာရှမှာ အကြီးဆုံး အင်ပါယာ ဖြစ်ခဲ့တဲ့

ဓမ္မရာဇိကဘုရားကျောက်စာ အရ အရှေ့တောင်အာရှမှာ အကြီးဆုံး အင်ပါယာ ဖြစ်ခဲ့တဲ့

ပုဂံအင်ပါယာဓမ္မရာဇိကစေတီသည် ဖွားစောရွာ သစ်မထီးကျောင်းတိုက် အနီးတွင် ရှိသည်။ စေတီတော်ကြီး၏ အလှူဒါယကာမှာ နရပတိစည်သူမင်း (၁၁၇၄-၁၂၁၁) ဖြစ်သည်။သီဟိုဠ်ဘုရင်ထံမှ မြတ်စွာဘုရား၏ သရီရ ဓာတ်တော် အဆူ ၃၀ ကို ရွှေကြုတ်နှင့်တကွ ရလျှင် ဓမ္မရာဇိက တည်မည့်နေရာ ကျောက်ဖျာထက်၌ ထား၍ ဌာပနာသည်။ ကျပ် လေးသောင်းလေးရာ နှစ်ဆယ်ခုနှစ်ကျပ် တိတိကို ရေစက်သွန်းချ လှူဒါန်းဆောက်လုပ်သည်။ စေတီတော်တည်သည်မှာ တစ်နှစ်မျှသာ ကြာသည်။

အရှေ့ဘက် ဂူအတွင်း၌ ကျောက်စာမှတ်တမ်းထားရှိခဲ့သည်။ဓမ္မရာဇိကစေတီတော်ကြီးသည် ညောင်ဦး ရွှေစည်းခုံ စေတီတော်နှင့် တူသယောင်ရှိသည်။ သို့သော် ထူးခြားသည်မှာ ပန္နက်အောက်ခြေသည် စတုရန်းပုံအစား ငါးမြှောင့်ပုံ ဖြစ်သည်။ ယင်းအထက် ပစ္စယာသုံးဆင့် တည်ဆောက်ထားသည်။ ပစ္စယာ အဆင့်ဆင့်၌ ငါးရာ့ငါဆယ်ဇာတ် စဉ့်သုတ်ရုပ်ကြွအုတ်ချပ်များ ကပ်ထားသည်။ ထိုအထက်၌ ခေါင်းလောင်းပုံ တည်ဆောက်ပြီး ရစ်ဖွဲ့ခါးပတ်၊ သပိတ်မှောက်၊ ဖောင်းရစ်စသည် တို့တက်သွားသည်။

အထွတ်ရှိ ထီး ပျက်စီးနေသည်။စေတီတော်ကြီး၏ ငါးမျက်နှာ၌ အာရုံခံအုတ်ဂူ ငါးလုံးရှိသည်။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမနှင့် ပွင့်အံ့သော အရိမေတ္တယျဘုရား တို့ကို ရည်မှတ်ကာ ကြေးဆင်းတု ငါးဆူ သွန်းလုပ်ပြီး ဂူငါးလုံးတွင် ပူဇော်ထားသည်။ အုတ်ဂူငါးလုံးသည် တညီတည်း တစ်ပုံစံတည်းဖြစ်သည်။ ထိုဂူများ၏ ပန္နက်ပုံသည် အစဉ်အလာ စတုရန်းပုံဖြစ်ပြီး အာရုံခံအထက်၌ ပစ္စယာကွမ်းတောင် စသည်တို့ ပါရှိသည်။

ဂူဘုရားငါးခုတွင်လည်း ပုဂံဆေးရေး နံရံပန်းချီများရှိသည်။ မင်စာများလည်း ရှိသည်။ ဤဓမ္မရာဇိက စေတီပုံကို စူဠာမဏိလိုက်ဂူဘုရား အောက်ထပ် မြောက်ဘက်မျက်နှာရှိ ဆင်ရုပ်ခေါင်းနေရာတွင် “သက္ကရာဇ် ၆၇၉ ခုက စတ္တာလင်က ဗိုလ်ဆရာသည် ဓမ္မရာဇိက စေတီပုံ ရေးဆွဲပူဇော်သည်” ဟူသော မင်စာနှင့်အတူ တွေ့ရသည်။ ဤပုံအရ ပုဂံခေတ် စေတီပုံစနစ်ကို လေ့လာနိုင်သည်။

ယနေ့ခေတ်ကာလ၌ ပုဂံအင်ပါယာ၏ အကျယ်အဝန်းကို တိုင်းခြားသမိုင်းဆရာတို့၏ အလိုအတိုင်း ဖော်ပြကြရာတွင် ပုဂံအင်ပါယာ၏ အကျယ်အဝန်းသည် ပုဂံနှင့်အနီးအနား ပတ်ချာလည်လောက်သာ ဖော်ပြထားပြီးမဟာပုဂံသည် အင်ပါယာမဟုတ် သာမန်မင်းဆက်အုပ်စိုးရာ နယ်မြေငယ်တစ်ခုသဖွယ် ရေးသား ပြောဆိုနေကြပေသည်။ များစွာ စိတ်ပျက်ဖွယ်ရာပင်။

အနော်ရထာလက်ထက်မှသည် နရသီဟပတေ့အထိ နှစ်ပေါင်း ၂၆၇ နှစ်ကြာ တည်တံ့ခဲ့သည်မဟာပုဂံအင်ပါယာကြီးသည် ဆက်ခံသူမင်းတို့၏အရည်အချင်းအပေါ် မူတည်၍ ပိုင်နက်နယ်ပယ်တိုးပွားသည်/ယုတ်လျော့သည် ဖြစ်ခဲ့မည်မှာမလွဲဧကန်ဖြစ်သော်ငြားလည်း တိုင်းခြားသား သမိုင်းဆရာတို့ ဖော်ပြသည်ကဲ့သို့ ပုဂံနှင့်ပတ်လည် နယ်‌မြေအနည်းငယ်လောက်သာ မဟုတ်သည် ကတော့ အမှန်ပင်ဖြစ်ပေသည်။ဓမ္မရာဇိက ဘုရားကို နရပတိစည်သူမင်းကြီးသည်နန်းတက်ပြီး ၂၂ နှစ်အကြာ၊ သက္ကရာဇ် ၅၅၈ ၌ တည်လုပ်တော်မူသည်။

ခရစ်နှစ်အားဖြင့် AD 1196 ၌ဖြစ်သည်။ ၅၆၀ ၌ ပြီးသည်ဟုဆိုရာ ၂ နှစ်ကြာတည်လုပ်ရ၏။ဘုရာပြီးသည်နောက် ကျောက်စာရေးထိုးမှတ်တမ်းတင်ခဲ့သည်ဖြစ်သည်။ ထိုကျောက်စာ၌ နရပတိစည်သူမင်းသည် ၎င်းလက်ထက် နိုင်ငံတော်အကျယ်အဝန်းကို ရေးထိုးခဲ့၏။ ထိုရေးထိုးခဲ့သည့် အထဲမှ မဟာပုဂံအင်ပါယာ၏ တောင်ဘက်နယ်နိမိတ်ကို အစဦးစွာလေ့လာတင်ပြသွားမည်ဖြစ်၏။

ကျောက်စာ၏ ကြောင်းရေ(၇) ၌ – နိုင်ငံတော်၏ တောင်ဘက် နယ်နိမိတ်ကို ထားဝယ်၊ တနင်္သာရီ၊ သလင်ကြေ မှ စသဖြင့် အဆုံးတွင် “လန္ဒက” တိုင်အောင် ဟု ရေးထိုးမှတ်တမ်းတင်ဖော်ပြထား၏။ယခုအခေါ် အင်ဒိုနီးရှား နိုင်ငံနယ်နိမိတ်အတွင်း၌ အင်ဒိုတို့က Wawo Landaka (ဝါဝို လန္ဒက) ဟု ခေါ်သည့်အရပ်ဒေသ တစ်ခုရှိသည်။ထိုဒေသသည် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီပြည်နယ်အတွင်း၌ တည်ရှိ၏။ ၎င်းအရပ်၌ အမြင့် ၃၆၈ မီတာရှိသော “လန္ဒက”တောင်သည်ထင်ရှားသည့် တောင်ဖြစ်လေသည်။

နရပတိစည်သူမင်းသည် သီရိဝိဇယ(ယခုခေတ် အင်ဒိုနီးရှား) မင်း၏သားတော်အားရဟန်းခံပေးခဲ့သည်ဟု ရာဇဝင်မှတ်တမ်း ရှိလေသည်။ကျောက်စာတွင်ပါရှိသည့် မြောက်ဘက် နယ်နိမိတ်သည် မည်သည့်ဒေသအထိ ရှိပါသနည်းဟု လေ့လာသော်- ကျောက်စာ၌- “မြောက်ကား တကောင်း ငဆောင်ချမ်း ဥဆောက်စာ” ဟု ပါရှိပေသည်။

ဤနေရာ၌ ငဆောင်ချမ်းကို မူတည်၍ ဆင်ခြင်ပါမူ ငဆောင်ချမ်းသည် ကူဗလိုင်ခန်း၏ အင်အား သန်းချီသည့် တပ်များ တာ့လီတွင်အခြေပြု၍ မြန်မာအင်ပါယာ၏ အချက်အချာ ပုဂံမင်းနေပြည်တော်သို့ ကျူးကျော်ဝင်ရောက်ရာ ဒေသ ဖြစ်ပြီးမြန်မာတို့ ရက်ပေါင်းများစွာ ခုခံ တိုက်ခိုက် ခဲ့ကြသည့် အရပ်ဒေသ ဖြစ်ပေသည်။ ထိုအရပ်ဒေသသည် ယခုအခါ ယူနန်ပြည်နယ်အတွင်း၌ တည်ရှိပြီး တရုတ်ပိုင် ဖြစ်နေပြီဖြစ်သည်။ ထိုဒေသကို “Vochang” “Bochan” “Boshan” ဟု ဖော်ပြကြသည်။

မာကိုပိုလို မှတ်တမ်းအရ ကူဗလိုင်ခန်း၏ အင်အား ၁၂၀၀၀ ပါသောရှေ့ပြေးတပ်နှင့် မြန်မာတို့၏ အင်အား ၆၀၀၀ပါသည့်ရှေ့ပြေးတပ်တို့ တိုက်ခိုက်ခဲ့ရာ အရပ်သည်ငဆောင်ချမ်း ခံတပ်နှင့် ဝေးကွာသော တောအုပ်အလယ်က ကွင်းပြင် အရပ်၌ ဖြစ်သည်ဆိုသည်။နရသီဟပတေ့လက်ထက်အထိ ငဆောင်ချမ်းသည် မြန်မာ့ပိုင်နက်နယ်မြေဖြစ်၏။ထို့ပြင် ဘုရင့်နောင်လက်ထက် စပ်ဆောင်ပန္နားဒေသသို့ မြန်မာတပ်များ သွားရောက် အခွန်ကောက်ခံစဉ်အခါ ထိုဒေသခံစော်ဘွားများမှ မကျေနပ်သဖြင့် တရုတ်ဘုရင်အား မျက်နှာလိုအားရ အားကိုးတကြီးဖြင့်မြန်မာတပ်များအား တိုက်ခိုက်နှင်ထုတ်ရန် တိုင်ကြားကြသည် ဆို၏။

ထိုသည်ကို တရုတ်ဘုရင်က ပုဂံကောင်းစားစဉ်က ထိုနယ်မြေများသည် ပုဂံပိုင်နက်ဖြစ်သည်ကြောင့် ကောက်ပါစေဟု ခွင့်ပြုခဲ့သည်။ ထို စပ်ဆောင်ပန္နားဒေသသည်ကျောက်စာပါ “ဥဆောက်စာ” လည်း ဖြစ်နိုင်ပေသည်။ သို့ဖြစ်ရာ နရပတိစည်သူလက်ထက်မဟာပုဂံပိုင်နက် မြန်မာ့နယ်မြေမှာ အနည်းဆုံးယူနန်နယ် ၃ ပုံ ၁ ပုံခန့် အထိပါဝင်သည်ဟုယူမှတ်ရန်ရှိလေသည်။

ဓမ္မရာဇိကဘုရား ကျောက်စာပါ အထောက်အထားအရ ယခု တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းက ငဆောင်ချမ်းဒေသ နယ်မြေအထိသည် နရပတိစည်သူလက်ထက် မဟာပုဂံအင်ပါယာ မြန်မာနိုင်ငံတော်၏ မြောက်ဘက် ပိုင်နက်နယ်နိမိတ် ဖြစ်သည်မှာ အမှန်ပင်ဖြစ်ပေသည်။ကျောက်စာ၌ အနောက်ဘက် နယ်နိမိတ်နှင့် ပတ်သက်၍ -“အနောက်ကား သစ္စဂီရိ၊ ……တောင်၊ ……တောင်(ထင်ရှားသည်ဟုဆိုရမည့် တောင်၂လုံးအမည်)(ပြီးနောက်) ပတိက္ကရား၊ တိက္ကစရ” ဟု ဖော်ပြထားသည်။

ပတိက္ကရားကို အချို့က တြိပူရဟု သတ်မှတ်ကြ၏။ အချို့က ဘင်္ဂလားဒေ့ရှ် ဒက္ကား၏ အရှေ့တောင်ဘက်က မတူးဖော်ရသေးသော ကုန်းနေရာသည် ပတိက္ကရားတိုင်းပြည်နေရာဖြစ်သည်ဟု ဆို၏။ဤနေရာ၌ ပတိက္ကရားသည် တြိပူရဖြစ်ကြောင်းယူဆနိုင်သည့် အထောက်အထားများလည်းရှိ၏။ တြိပူရဒေသသည် ဘင်္ဂလားနှင့်ကပ်ရက် အိန္ဒိယအပိုင်ဖြစ်သည်။ ထိုတြိပူရဒေသနေ လူများကိုmog ဟု ဘင်္ဂလီတို့က ခေါ်ကြသည်။ ထို mog ဆိုသည်မှာ မြန်မာများဖြစ်သည်ဟုဘင်္ဂလီသမိုင်းဆရာများက ဆိုကြပြီး ရွှေရောင်လွှမ်းသည့် ဗုဒ္ဓသာသနာထွန်းကားရာ တိုင်းပြည်တစ်ခုဖြစ်ခဲ့သည်ဟုဆိုသည်။

ပုဂံကို တာရက်တို့ဝင်တိုက်ပြီးနောက် တြိပူရကိုဆက်လက်အတိုက်ခံရကြောင်းနှင့် ဘုရားပုထိုးနန်းတော်များ အဖျက်အဆီးခံရကြောင်း၊ mog တို့ တြိပူရနေပြည်တော်မှ ထွက်ပြေးခဲ့ရာ ယခုအခါ တောင်တန်းဒေသနေ လူမျိုးများဖြစ်သွားပြီဖြစ်ကြောင်း ဘင်္ဂလီသမိုင်းဆရာတို့၏ mog နှင့်ပတ်သက်သည့် ရေးသားမှုများကို ရှာဖွေဖတ်ရှုနိုင်ပေသည်။ ထိုကာလ တြိပူရ/ပတိက္ကရားမှာ ထိုဒေသ၏ ပုဂံလက်အောက်ခံ မင်းတိုင်းပြည် ဒေသဖြစ်ရာ မြောက်ဘက် ဝဇ္ဇီတိုင်အတွင်းနယ်မြေများဖြစ်သည့် အာသံ မဏိပူရတို့မှာ ပတိက္ကရားတိုင်းပြည်၏ ပိုင်နက်များ ဖြစ်ဖွယ်ရှိနိုင်သလို မြန်မာတို့က တိုက်ရိုက်ပိုင်ဆိုင်သည်ဟုလည်း ယူမှတ်နိုင်ပေသည်။

တိက္ကစရကို ယခု ဘင်္ဂလားဒေ့ရှ် ဂင်္ဂါမြစ်ဝ၌ တည်ရှိသည်ဟု ဆိုကြ၏။အလောင်းစည်သူမင်းကြီးသည် ပိုင်နက်နယ်ပယ်များတလျောက် တိုင်းခန်းလှည့်လည်ရာတွင် ဘင်္ဂလားအရောက် အနော်ရထာထားခဲ့သည့်ကျောက်သူရုပ်တို့က တီးမှုတ်ကခုန်သည်ဟုဆိုသည်။(တွင်းသင်းက နရပတိစည်သူ လက်ထက်သို့ ပြောင်းရေးထားရာ မှန်နန်းက အထောက်အထားပြ၍ ပယ်သည်) ပံ့သကူမထေရ်နှင့် ဆပဒ မထေရ်တို့၏ ဖြစ်စဉ်အရ သီဟိုဠ်အထိ ဘုန်းတန်ခိုးပျံ့နှံ့ကြောင်းထင်ရှားသကဲ့သို့ ကချေသည်ကိုတပ်မက်သည့် ရာဟုလာထေရ်ကို သုဝဏ္ဏဒီပ(မလေးရှား)သို့ သွားရောက်လူထွက်စေသော ဖြစ်စဉ်များကတောင်ဘက်နယ်နိမိတ်ကို ထောက်ခံပေးနေသည်။

ထို့ပြင် ဘကြီးတော်လက်ထက် အင်္ဂလိပ်ပိုင်နက်အိန္ဒိယသို့သွားသည့် ဘုရင်ကစေလွှတ်သောအဖွဲ့၏ အစီအရင်ခံမှု ပုရပိုက် မှတ်တမ်းများအရ ဘင်္ဂလား၏ မြောက်ဘက်အရပ်၌ဗုဒ္ဓဘာသာ ဘင်္ဂလီတို့က ဗုဒ္ဓဂယာဟု ဆို၍ရှိခိုးကြသည့် ရေပေါ်တွင်မီးတောက်နေသောအရပ်သို့ ရောက်ခဲ့ကြောင်း၊ ထိုသို့ မီးတောက်သည့်နေရာ သုံးလေးနေရာခန့်ရှိကြောင်း၊ လာရောက်ဝတ်ပြုသူများရှိကြောင်း၊ ထိုအရပ်မှာ ဗုဒ္ဓဂယာ မဟုတ်ကြောင်း၊ လမ်းခရီး၌ ၁တောင်ခန့်ရှိသည့် ငှက်ပျောသီးများ မြင်ခဲ့ရကြောင်း ပြန်လည် အစီရင်ခံပေရာ ထိုဒေသမှာ “ရေပေါ်မီးလျှင်အခြားတည်းဟု ဆိုသည့်” အနော်ရထာလက်ထက်ကတည်းကပုဂံပိုင်နက်ဖြစ်ပေသည်။

သစ္စဂီရိသည် မစ္ဆဂီရိ ဟုယူရန်မှာ မဖြစ်နိုင်ဟု ထင်ပေသည်။ မစ္စဂီရိ/မစ္ဆဂီရိဟု ယူပါက- မစ္ဆဂီရိမှာ ကစ္ဆပနဒီမြစ်ညာအရပ် သက်၊ မြုံ၊ ချင်းတို့နေရာအရပ်ဟု ဆို၏။ သစ္စဂီရိသည် ထို့ထက် အနောက်ဘက် ပိုကျသည့်အရပ်ဒေသ တစ်ခု ဖြစ်သည်ဟု ယူဆနိုင်ပေသည်။

အထက်ပါ အထောက်အထားများအရ မည်သို့ပင်ဆိုစေကာမူ ထိုအရပ်ဒေသများသည် ရကိုင်/ရခိုင် ဒေသကို ကျော်လွန်၍ ယခုခေတ်အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်မြေဒေသများအတွင်း၌ တည်ရှိသည်ဖြစ်ရာ နရပတိစည်သူမင်းလက်ထက် မဟာပုဂံအင်ပါယာ မြန်မာနိုင်ငံတော်၏ အနောက်ဘက် နယ်နိမိတ်မှာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ ဂင်္ဂါမြစ်ဝှမ်း အရှေ့ခြမ်းဒေသများ အထိ ပိုက်နက်နယ်ပယ် ကျယ်ပြောခဲ့သည်မှာ အမှန်ပင်ဖြစ်ပေသည်။ကျောက်စာ၌- အရှေ့ဘက်နယ်နိမိတ်အဖြစ်-

“အရှေ့သို့လားသော် နိုင်ငံကား သံလွင်မြစ် အရှေ့ဘက်အတိုင်း” ဟု ရေးထိုးထားပြီး သံလွင်မြစ်၏ အရှေ့ဘက် မည့်သည့်အရပ်ဒေသအထိ ပိုင်နက်နယ်ပယ်ရှိခဲ့ကြောင်း ရှေ့က ဖော်ပြခဲ့သော တောင် မြောက် အနောက် အရပ်ဒေသများကဲ့သို့မပါရှိပါပေ။“သံလွင်မြစ် အရှေ့ဘက်အတိုင်း” ဟု ဖော်ပြထားသည်ကို “သံလွင်မြစ်အထိသာ” ဟုမှတ်ယူရန် မဖြစ်ပါချေ။

“အရှေ့ဘက်အတိုင်းဟုဆိုသဖြင့် သံလွင်မြစ်၏ အရှေ့ဘက် မည်မျှဝေးဝေးအထိ မဟာပုဂံအင်ပါယာ မြန်မာနိုင်ငံတော် ပိုင်နက်အဖြစ် တည်ရှိခဲ့ကြောင်း စူးစမ်းရန် လိုအပ်လာလေသည်။ ထိုစဉ်ကာလ အရှေ့တောင်အာရှဒေသတွင်သာမက ကမ္ဘာအရပ်ရပ်၌ ကျော်ကြားထင်ရှားသည်မှာအနော်ရထာလက်ထက်မှ စ၍ (ကြွမ်း=Cham) တို့ကို အောင်နိုင်ခဲ့သော မဟာပုဂံအင်ပါယာသာ ဖြစ်ပေသည်။ အင်အားကြီးသော ကြွမ်း/ဂျွမ်း တို့ ကျဆုံးပြီးနောက် ဒေသတစ်ခုလုံး အနော်ရထာ၏ ပုဂံအင်ပါယာပိုင်နက်များဖြစ်သွားကြသည်ဖြစ်ရာ ထို အရှေ့အရပ်က ဒေသခံ မင်းများသည် ပုဂံလက်အောက်ခံဖြစ်သွားကြ၏။

သို့သော် အနော်ရထာမှ နရပတိစည်သူအထိ နှစ်ပေါင်း ၁၈၀ ဝန်းကျင်ကာလအတွင်း အခြေအ‌နေအကြောင်း အမျိုးမျိုးကြောင့် နယ်မြေအချို့ လက်လွှတ်လိုက်ရသည်များလည်း ရှိမည်ဖြစ်ပေသည်။ နရပတိစည်သူလက်ထက်၌ အရှေ့ဘက် ခေတ်ပြိုင်မင်းမှာ အန်ကာမင်းအဖြစ် တြိဘုဝနာဒိတျမင်း အုပ်စိုးနေကြောင်းတွေ့ရှိရ၏။ ခမာဒေသ မင်းများထဲ၌ ၎င်းမင်းတစ်ပါးထဲသာလျှင် မြန်မာတို့ဘွဲ့ခံသည့် ဘွဲ့အမည်ကို ခံယူသူဖြစ်ကြောင်းတွေ့ရသည်။ ထိုမင်းမှာ ဗီယက်နမ်တောင်ပိုင်း ကြွမ်းလည်းမဟုတ်၊ မြောက်ပိုင်း ဒိုင်ဗိယက်လည်းမဟုတ်၊ ကမ္ဘောဒီယား ခမာလည်းမဟုတ်၊ တိုင်ရှမ်းလည်းမဟုတ်မူဘဲ မန်ဒရင်းတရုတ်လူမျိုး ဖြစ်သည်ဆို၏။

၎င်းမင်း အန်ကာ၌ ဘုရင်လုပ်နေချိန်တွင် ဗီယက်နမ်တောင်ပိုင်း၌လည်း ကြွမ်းတို့က အင်အားစုစည်းနေကြပြီး ၎င်း မြန်မာဘုရင်ဘွဲ့ခံမင်းအား ကြွမ်းတို့က ဝင်ရောက်တိုက်ခိုက်ကြလေသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ထိုကာလ၌ ခမာအင်ပါယာဟု ဖြစ်တည်မလာသေးဘဲ သူတလူ ငါတစ်မင်း တိုင်းပြည်ပြု၍စစ်ခင်းနေကြသည်ဖြစ်ကြောင်း ထင်ရှားပေသည်။ AD 1166 ၌ နန်းတက်သည့် ၎င်း တြိဘုဝနာဒိတျဝရမန်သည် နန်းသက် ၁၁ နှစ်အကြာ AD 1177 ၌ ကြွမ်းဘုရင် ဇယအိန္ဒြဝရမန်၏ ကျူးကျော် တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။

၄ နှစ်ကြာ တိုက်ခိုက်ပြီးနောက် ၎င်း မင်းအသတ်ခံရပြီး အန်ကာကိုကြွမ်းတို့ ထီးနန်းစိုက်ထူလေတော့သည်။AD 1181 တွင် ဇယဝရမန် ၇ သည် အန်ကာဘုရင်ဖြစ်လာပြီး အနီးအနားနယ်ပယ်ဒေသများကိုတိုက်ခိုက်သိမ်းယူခဲ့ပြီးအင်အားစည်းခဲ့သည်။ထိုကာလ မလ္လာယု လက်အောက်ခံနယ်မြေ ဖြစ်သည့် ကမ္ဘောဒီးယားနယ်မြေအတွင်းက Battambang ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်နောက်ပိုင်းတွင် မဲခေါင်မြစ်ဝှမ်းဒေသကို ထိန်းချုပ်လာနိုင်ခဲ့၏။

၎င်း အထောက်အထားများအရအရှေ့တောင်အာရှဒေသအတွင်း အင်အားကြီးမဟာပုဂံအင်ပါယာကို နရပတိစည်သူလက်ထက်အထိ ယှဉ်ပြိုင်နိုင်သည့် အင်ပါယာအဖြစ် တည်ရှိမနေသေးဘဲ အန်ကာသားနှင့် ကြွမ်းတို့ စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားနေချိန် ဖြစ်ပေသည်။ AD 1181 နောက်ပိုင်း ဇယဝရမန် ၇ လက်ထက်မှ သာလျှင် တဖြည်းဖြည်း အင်အားပြန်လည်ကောင်းလာပြီး ခမာအင်ပါယာအဖြစ်စတင်ထူထောင်သိမ်းသွင်းနေရသည်ဖြစ်သည်။

AD 1181 ၌ ဇယဝရမန်နန်းတက်ပြီး Battambangကို မလ္လာယုလက်အောက်မှ တိုက်ခိုက်ရယူ သိမ်းပိုက်သည်ကို ထောက်ထားလျှင် နရပတိစည်သူလက်ထက် ဓမ္မရာဇိကဘုရားတည်ချိန် AD 1169 ကာလ မလ္လာယုသည် ပုဂံအင်ပါယာလက်အောက်၌ ရှိသည်ဖြစ်ရာ မလ္လာယုလက် အောက်ခံ Battambang ဒေသသည်လည်း ပုဂံပိုင်နက်ဖြစ်သည်ဟု ယူမှတ်ရန် ရှိလေသည်။ AD 1177 ၌ တြိဘုဝနာဒိတျဝရမန်အား ကြွမ်းတို့ဝင်တိုက်စဉ် မည်သည့်အကူအညီမျှမရဘဲ စစ်ရှုံးသွားရခြင်းကို ထောက်ဆပါက အန်ကာဒေသမှာ နရပတိစည်သူလက်ထက် ပုဂံအင်ပါယာ လက်အောက်ခံဒေသ မဖြစ်နိုင်တော့ဟု ယူဆပေသည်။

ဆူခိုထိုင်းမှာ AD 1238 တွင်မှ ခမာတို့ လက်အောက်အတွင်း စတင်တည်ထောင်စပြုသည်ဖြစ်ရာ နရပတိစည်သူလက်ထက် ယိုးဒယားတို့ကား ပြောလောက်စရာ မရှိပေ။ ခမာတို့သည်လည်း AD 1181 နောက်ပိုင်းမှသာ အင်ပါယာ အစပြုရသည်ဖြစ်ရာ AD 1169 နှင့်AD 1181 ကြားကာလ အန်ကာဒေသ အနောက်ဖက်ခြမ်း မလ္လာယုနယ်မြေ Battambang အထိသည် နရပတိစည်သူ လက်ထက် မဟာပုဂံအင်ပါယာ ပိုင်နက်ဖြစ်သည်ဟု မှတ်ယူနိုင်သည်ဖြစ်၏။ponagar နှင့် Phanrang ကျောက်စာများအရထားဝယ်ဘက်မှလာသည့် ပုဂံတပ်များကို အန်ကာမင်းခုခံတိုက်ခိုက်အောင်မြင်နိုင်ခဲ့သည်ဟုဆိုရာ ထိုကာလသည် ပုဂံမင်းဆက်၏ ၅၁ ဆက်မြောက်မင်း ကျစွာမင်းလက်ထက်ခန့်ဖြစ်ရာ ပုဂံအင်ပါယာ ပြိုကွဲခါနီးကာလ ရောက်နေပြီ ဖြစ်သည်။

နရပတိစည်သူမင်းကြီးသည် ပုဂံမင်းဆက် ၄၉ ဆက်မြောက် မင်းဆက်ဖြစ်သည့်အလျာက် ပုဂံကျဆုံးခန်းရောက်ရန် ၄ ဆက်သာ ကျန်ရှိတော့သောကာလ ဖြစ်သလို အနော်ရထာလက်ထက် ကြွမ်းဒေသ(ဗီယက်နမ်တောင်ပိုင်း)အထိ ပိုင်စိုးခဲ့သည့် နယ်နိမိတ်မှာ ကြွမ်းနှင့် အန်ကာသားတို့၏ ပုန်ကန်မှုကြောင့် နယ်မြေဒေသမှာမလ္လာယုနယ်မြေ Battambang အထိ ယုတ်လျော့ရောက်ရှိလာပြီဟု ဆိုရမည်ဖြစ်သည်။အထက်ပါ ခေတ်ပြိုင် အထောက်အထားများကိုကိုးကားထောက်ထားရသည်ဖြစ်လျှင် နရပတိစည်သူ မင်းကြီးလက်ထက် မဟာပုဂံပိုင်နက် မြန်မာနိုင်ငံတော်နယ်မြေမှာ ကျောက်စာကဆိုသည့် “သံလွင်မြစ် အရှေ့ဘက်အတိုင်း” သည် သံလွင်မြစ်မှသည် မလ္လာယုနယ်မြေ Battambang အထိဟု ယူဆနိုင်ပေသည်။

သံလွင်မြစ်၏ အရှေ့ဘက်အတိုင်းဟူ၍ နယ်မြေဒေသအမည်မပါရှိသည်မှာ ၎င်း ကာလစစ်ပွဲများဖြစ်နေသည်ကြောင့်လည်း ဖြစ်နိုင်၏။ ဆိုခဲ့သည့်အတိုင်းဟူပါမူ AD 1181 မတိုင်မီကာလ အန်ကာနှင့် ကြွမ်းဒေသတို့သည်လည်း စစ်ခင်း နေကြဆဲဖြစ်ပြီး သူတလူ ငါတစ်မင်းဖြစ်နေကြချိန် မည်သူမျှ ပုဂံအင်ပါယာကို ဘက်ပြိုင်ဝံ့လောက်အောင် အင်အား မတောင့်တင်းသေးသည်ဖြစ်ရာ တြိဘုဝနာဒိတျဝရန်၏ အန်ကာဒေသ အနောက်ဘက် သံလွင်မြစ် အရှေ့ဘက်ဒေသများသည်AD 1169 နရပတိစည်သူကာလ အင်အားကြီးထွားဆဲဖြစ်သော မဟာပုဂံအင်ပါယာ မြန်မာနိုင်ငံတော်ပိုင်နက်အတွင်း၌ ရှိနေမည် ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။

ပုဂံအင်ပါယာစစ်အင်အား

ပုဂံခေတ်၏ စစ်အင်အားစုဆောင်းပုံမှာ အနော်ရထာမင်းကြီးလက်ထက်မှ စ၍သိန်းပြုမြို့၊ သောင်းပြုမြို့၊ ထောင်ပြုမြို့၊ ရာပြုမြို့ဟု စစ်အင်အားကို သတ်မှတ်မြို့များက သတ်မှတ်အရေအတွက်အတိုင်း စုဆောင်းပေးပို့ရ၏။နရပတိစည်သူမင်းကြီးနှင့် သားတော်ဇေယျသူရကောင်းမှု ဓမ္မရာဇက > ဓမ္မရာဇိက ဘုရား၏ ကျောက်စာကို ကိုးကား၍ ရှေ့က သမိုင်းရေးသားသူ ဆရာများသည် မဟာပုဂံအင်ပါယာ၏ ပိုင်နက်ကို လန္ဒက တိုင်အောင် မရှာဖွေဘဲ ၎င်းရှေ့က”သလင်ကြေ” မှာ မလ္လာယုကျွန်းဆွယ်ကcape salang ဖြစ်ကြောင်း အခိုင်အမာဆိုခဲ့ကြသော်လည်း၊ ကျောက်စာပါ နရပတိစည်သူလက်ထက် မဟာပုဂံစစ်အင်အားကိုမူ ချန်လှပ်၍ထားခဲ့ကြပေသည်။

၎င်းကျောက်စာ၌ ရေးထိုးထားသည်မှာ ကြောင်းရေ ၁၀-၁၁ -“ရန်အတားထားသော သူရဲကား _၀၀၀၀၀။ စစ်သွားသော သူရဲကား အောင်ခြင်းဝင်လျက် ၁၅၀၀၀၀၀” ဟု ရေးထိုးထားပေရာ၊ ရန်အတားထားသော (သို့မဟုတ်) မြို့စောင့်တပ် (သို့မဟုတ်) နိုင်ငံတော်ကာကွယ်ရေး အစောင့်တပ်အင်အားမှာ (ရှေ့က အက္ခရာပျက်နေသည်ကြောင့်) ဂဏန်း ၆ လုံးဖြစ်သည်ဖြစ်ရာ အနည်းဆုံး ၁ သိန်းရှိသည်ဖြစ်၏။ ထို့ထက်လည်း ပိုနိုင်၏။

စစ်သွားသော သူရဲမှာ ဂဏန်း ၇ လုံး အရေအတွက်ရှိပြီး စစ်အင်အား ၁ သန်းခွဲ ဖြစ်ကြောင်း တွေ့ရမည်ဖြစ်ပေသည်။

သို့ဖြစ်ရာ နရပတိစည်သူလက်ထက်မဟာပုဂံ၏ စစ်အင်အားမှာ အနည်းဆုံး ၂ သန်းခွဲ ရှိသည်မှာ ကျောက်စာအရ အငြင်းပွားဖွယ်ရာ မမြင်ပါချေ။

Photo – History of Myanmar Facts and Details Credit : History of Myanmar Facts and Details [ ဓမ္မရာဇိကဘုရား ကျောက်စာမှ (ဦးငြိမ်းမောင် ဖတ်ချက်) ]

Advisor.Travel

Likes:
0 0
Views:
673
Article Categories:
HistoryKNOWLEDGETravel

Leave a Reply

Your email address will not be published. Required fields are marked *