ပုဆိုး ( လုံချည် )

ငါးတန်းနှစ်ကဆရာကန်တော့ပွဲမှာပုဆိုးဖင်ပြဲသွားဖူးတယ်။ရှိုးထုတ်ချင်လို့အဖေ့ဘီဒိုထဲကဘန်ကောက်ပိုးပုဆိုးခိုးဝတ်လာတာ။ပုဆိုးကရှည်နေလို့ဝတ်လို့ရအောင်တစ်ဝက်ခေါက်ရသေးတယ်။ဒါပေမယ့်ဒီပုဆိုးကနှစ်တွေကြာပြီးဆွေးနေတာကိုယ်မသိဘူး။ကျောင်းရောက်လို့ဟိုခုန်ဒီခုန်ပဲလုပ်ရသေးတယ်ပုဆိုးဖင်ပြဲသွားတယ်။လူလည်းဇောချွေးပြန်သွားတယ်။

လူအလစ်မသိမသာပုဆိုးလှည့်ဝတ်ပြီးအိမ်ရောက်တဲ့အထိမလှုပ်ပဲငြိမ်ငြိမ်လေးပြန်လာခဲ့ရတယ်။အရင်ကမင်္ဂလာအခန်းအနားမှာဘန်ကောက်ပုဆိုး၊ပိုးပုဆိုး၊ရခိုင်ပုဆိုးအဝတ်များကြတယ်။နဝတ၊နအဖစစ်ဗိုလ်တွေကိုစစ်အုပ်ချူပ်ရေးခေတ်အခမ်းအနားမှာချိတ်ပုဆိုးနဲ့တွေ့ရတတ်တယ်။ရုပ်ရှင်အကယ်ဒမီမှာချိပ်ပုဆိုးဝတ်မင်းသားအချို့ကိုတွေ့ရတယ်။

ယေဘူယျနားလည်းတာချိတ်ဆိုတာမိန်းမဝတ်ပါ။ကြိုးကြီးချိတ်၊ဇင်းမယ်ချိတ်၊ချိတ်ထမိန်အမျိုးမျိုးရှိတယ်ကြားဖူးတယ်။လုံချည် (ပုဆိုး)ကို ၁၉ ရာစုထဲက ပုဆိုးကိုဗမာ၊ယိုးဒယားနဲ့တောင်အာရှနိုင်ငံအချို့မှာစဝတ်ဆင်ခဲ့ကြတယ်။မချူပ်ရသေးတဲ့လုံချည်တထည် (အချို့ကလုံချည်တကွင်းလို့သုံးတယ်) ချူပ်ထားပြီးသားလုံချည်တကွင်းဟာစလင်ဒါပုံစံရှိတယ်။

မြန်မာ၊ ထိုင်း၊ နီပေါ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျ ၊ သိရိလင်္ကာ ၊ တောင်အာရှ၊အရှေ့အာဖရိကနိုင်ငံဖြစ်တဲ့ဆိုမာလီ၊ဂျီဘူတီ၊အာရေဗျကျွန်းဆွယ်၊ မလေးကျွန်းစု နဲ့ အိန္ဒိယတိုက်ငယ်နိုင်ငံမှာပုဆိုးဝတ်ကြတယ်။ပုဆိုးကိုအင်ဒိုနီးရှန်းကဆာရန် (Sarung) ၊ အိန္ဒိယကလုံချည် (Lungi) ခေါ်ပြီး အာရေးဗီးယားကျွန်းဆွယ်ဒေသမှာ Izaar ခေါ်တယ်။

လုံချည်ကအိန္ဒိယအနွယ်ဝတ်တဲ့ ဒိုတီ (Dhotis) လိုဖျင်စအရှည်မဟုတ်ဘူး။အစနှစ်ဘက်ကိုပြန်ချူပ်ထားတာပါ။မချူပ်ရသေးတဲ့ ပုံမှန်လုံချည်တထည်ဟာဗြတ် ၂.၆ ပေ နဲ့ အရှည် ၆.၆ ပေ ရှိတယ်။အရှည်ပေ ၃၀ ထိရှိတဲ့ပုဆိုးကို တောင်ရှည်ပုဆိုခေါ်ပြီးရှေးဗမာမင်းတွေခေတ်ကဝတ်ခဲ့ကြတယ်။

အခုပြဇတ်ထဲမှာပဲတောင်ရှည်ပုဆိုးရှိတော့တယ်။ရှေးခေတ်ဗမာယိုးဒယားဘုရင်ခေတ်စစ်သားတွေဟာ ဘောင်းဘီတိုဝတ်ထားပြီးအပေါ်မှာပုဆိုးပိုင်းပတ်ထားတာဓါတ်ပုံဟောင်းမှာတွေ့နိုင်တယ်၊ဗမာကယောင်္ကျားဝတ်ကိုလုံချည်(ပုဆိုး)ခေါ်ပြီးမိန်းမဝတ်ကိုထမိန်ခေါ်တယ်။ယိုးဒယားကယောက်ျားဝတ်ကို ပခိုးမ၊မိန်းမဝတ်ကို ပတွန်း ခေါ်တယ်။ပုံမှန်အရပ်သားရှေးဗမာကအပေါ်ပိုင်းအဝတ်မရှိပဲခါးအောက်ပိုင်းကိုသာအဝတ်စပိုင်းလေးတစ်ခုနဲ့ပတ်ထားလေ့ရှိတယ်။

ပုဆိုးရှေ့မှာခါးပုံစခေါ်တဲ့ အထုံးလေးရှိတယ်လို့ရန်ကုန်ကို ၁၉ ရာစုရောက်ခဲ့တဲ့ဥရောပဧည့်သည်တွေရဲ့ခရီးသွားမှတ်တမ်းထဲမှတ်မှတ်သားသားရေးခဲ့တယ်။ပုဆိုးမှာရှုံ့ကြိုးဇစ်မပါပေမယ့်ခါးမှာမြဲအောင်ပတ်ထားနိုင်တာ အတော်အံဩဖို့ကောင်းတယ်ရေးထားတယ်။ယေဘူယျအားဖြင့်ထမိန်နဲ့ပုဆိုးကို Pattern အဆင်ဒီဇိုင်းနဲ့အထက်ဆင်ပါမပါပေါ်မူတည်ပြီးခွဲခြားနိုင်ပါတယ်။

ရခိုင်ပုဆိုး၊မွန်ပုဆိုး၊ကချင်ပုဆိုး၊အင်းလေးပုဆိုး၊ဇင်းမယ်(ထိုင်း)ပုဆိုး၊ယောပုဆိုး၊ဆိပ်ခွန်ပုဆိုး၊ထားဝယ်လုံချည် ၊ဘန်ကောက်ပုဆိုး ၊ချိတ်ပုဆိုးအမျိုးမျိုးရှိကြတယ်။အိန္ဒိယကလာတဲ့ မာစရိုက်(Mercerised) နဲ့ ပလေကဒ် ပုဆိုးလည်းမြန်မာဝတ်ကြပါတယ်။ဗမာပုဆိုးဝတ်တာနဲ့ပတ်သက်ပြီး အနောက်နိုင်ငံကလူတွေစိတ်အဝင်စားဆုံးကပုဆိုးခါးတောင်းကျိုက် ပါ။

သူတို့အတွက် “ပုဆိုးခါးတောင်းကျိုက်” ကအတော်ထူးဆန်းပြီးကြည့်လို့ကောင်းအမြင်လည်းဆန်းပါတယ်။နိုင်ငံရပ်ခြားရောက်နေတဲ့သူငယ်ချင်းအချို့ပြောတယ်။“ ကျွန်တော်တော့ အိမ်ပြန်ရောက်ရင်ပုဆိုးလေးဝတ်လိုက်ရမှနေသာထိုင်သာရှိတယ် ” ဒီနေ့လူငယ်ပုဆိုးအဝတ်နည်းသွားတာစိတ်မကောင်းစရာပါ။ဘောင်းဘီတိုရှည်ကိုနေရာတိုင်းတွေ့နေရတယ်။

ထမိန်ဝတ်ထားတဲ့မိန်းကလေးပိုလှတယ်ဆိုတဲ့အမြင်ကမြန်မာယောင်္ကျားလေးတိုင်းမှာဒီနေ့အထိရှိပါတယ်။အချို့အလုပ်ခွင်ကန့်သန့်ချက်ကြောင့်ဘောင်းဘီဝတ်နေရတာရှိပါတယ်။ကိုယ့်အမျိုးသားပုဆိုး (တောင်ရှည်ကိုပြောတာမဟုတ်) ကိုမမေ့မလျှော့၊နှစ်နှစ်သက်သက်အစဉ်အမြဲဝတ်စေချင်တယ်။

၁၈၀၀ ခုနှစ်ကရိုက်ထားတဲ့ဓါတ်ပုံကတောင်ရှည်ပုဆိုးဝတ်ထားတဲ့ရှေးဗမာကြီးတစ်ယောက်ပါ။

Ref:Googleလွင်ဦး(ရန်ကင်း)#lwinooyankin

Likes:
0 0
Views:
512
Article Tags:
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *