ရှေးမင်းသမီးကြီး ဒေါ်မေရှင်၏မိတ်ကောင်းဆွေကောင်းသမိုင်းစာမျက်နှာတရွက်

နာမည်ကျော်ကြားရှေးမင်းသမီးကြီး ဒေါ်မေရှင်၏မိတ်ကောင်းဆွေကောင်းသမိုင်းစာမျက်နှာတရွက်

Moun Kyee ”

ကျွန်တော်သိသမျှ ရုပ်ရှင်မင်းသမီးကြီး ဒေါ်မေရှင် နဲ့ ကျနော့အမေ

“မြန်မာ့ရုပ်ရှင် နှစ် (၁၀၀)ပြည့်သွားပါပြီ.၇၅ နှစ်ပြည့် စိန်ရတုပွဲကို မန္တလေး ဝင်းလိုက်ရုံမှာ လုပ်စဉ်က အန်တီမေရှင်ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါသည်။’ယခုအကြောင်းတိုက်ဆိုင်လာတော့အန်တီမေရှင်ကိုရော အမေ့ကိုပါ သတိရမိပါသည်။ ကျနော့အမေနဲ့အန်တီမေရှင်တို့အတော်ခင်ကြပါသည်။

အန်တီမေရှင်ကျန်းမာရေးမကောင်း၍ မန္တလေးဆေးရုံကြီး ဖျားနာဆောင် ၃ တွင်ဆေးရုံတက်ရစဉ်ကစ၍ခင်ခဲ့ကြခြင်းပါ။ထိုစဉ်က ဆေးရုံကြီးမှလူနာများကို ကျနော်တို့မိသားစုက နံနက်စာဆန်ပြုတ်များအလှူသွားလုပ်ကြရင်း အန်တီ့ကိုအပြင်မှာမြင်ဘူးကြခြင်းဖြစ်ပါသည်။ အန်တီက ရောဂါအတော်စုံပါသည်.ကုသပေးသူ သမားတော်ဆရာဝန်ကြီးဒေါက်တာဦးထွန်းသင်က ဆေးဘိုးအကုန်သက်သာအောင်ဆေးရုံမှာတက်စေပြီးကုသပေးနေခြင်းဖြစ်ပါသည်။

နောက်ပိုင်းဆေးရုံကဆင်းပြီးအိမ်ပြန်ရောက်သောအခါတွင်လဲ အမေသွားလည်ချင်တိုင်း ကျနော်ကလိုက်ပို့ပေးရပါသည်။ တချိန်ကကျော်ကြားခဲ့သည်မှန်သော်လည်း ယခုလိုဘဝနေဝင်ချိန်တွင် မေတ္တာစစ်နှင့်အားပေးချစ်ခင်သည့်အမေ့အား အန်တီကလဲအလွန်ခင်ပါသည်.

အန်တီအိမ်ရောက်လျှင်ရှေးဟောင်းနှောင်း ဖြစ်တွေပြောကြ ဘယ်ဇာတ်ကားမှာဘယ်လို ဘယ်သီချင်းကဘယ့်နှယ် စသဖြင့် မေရှင်ခရေစီ ကျနော့အမေကရှေ့ကဆိုပြလိုက် အန်တီကလဲစိတ်လိုလက်ရပြန်ဆိုလိုက်ဖြင့် အန်တီမေရှင်တယောက်အတော်စိတ်ပျော်နေပုံရပါသည်။ ထိုစဉ်က အခုခေတ်လိုဖုန်းတွေရှိခဲ့လျှင် ကျနော်ဗီဒီယိုတွေ ဓာတ်ပုံတွေအများကြီးရိုက်၍ မှတ်တမ်းတင်ထားဖြစ်ခဲ့မည်ထင်ပါသည် အမေ့ကိုပေးခဲ့သော အန်တီ့ဓာတ်ပုံများစွာရှိပါသေးသည်။

ကျနော်က အမေပြန်ကြစို့ဆိုလျှင် အန်တီကသားရယ်နေပါအုန်း a few minutesပါလို့ပြန်ပြောတတ်ပါသည်.ပြန်ကြပြီဆိုလျှင်လဲ ” တင်တင်အုန်းရေ မကြာမကြာလာခဲ့နော် သားကလဲလိုက်ပို့ပေးနော် ဟု မှာတတ်ပါသည်။ 1994ခုနှစ် ဗြဟ္မစိုရ်ဦးတိက္ခကျောင်းမှာ မိဘနှစ်ပါးကျောင်းဆောက်လှူ၍ ကျောင်းရေစက်ချစဉ်က အုန်းထမင်း ဆ်ိတ်သားဟင်း ရေခဲမုန့် ကိတ်တို့ဖြင့်ဧည့်ခံရာ မလာနိုင်မှန်းသိပေမဲ့အန်တီ့ကိုလဲဖိတ်ပါသည်.

အန်တီကနည်းနည်းဖြစ်ဖြစ်ပို့ပေးပါတင်တင်အုန်းရယ် အန်တီစားပြီးသာဓုခေါ်ချင်လို့ပါဆို၍ ပို့ပေးခဲ့ရပါသည်။

မစားရတာကြာတော့ တချို့ဟာလေးတွေစားချင်တယ် ဆရာကြီးဦးထွန်းသင်ကို “ဆရာ ဒါတော့နည်းနည်းစားလို့ရမလား” ဟုတခါတလေမေးမြန်းရာ ” အဖွားကြီး မတည့်ပါဘူးဆိုမှ မြန်မြန်သေချင်စား ” ဟုဂရုဏာဒေါသောဖြင့် ဆရာကပြန်ငေါက်ကြောင်း ရယ်မောရင်းအန်တီကပြန်ပြောပြတတ်ပါသည်။

သို့သော်လည်း သေခြင်းတရားက ဆရာဝန်သောဘာသောမျက်နှာသာမပေးပါ သမားတော်ကြီးဦးထွန်းသင်က အန်တီထက်စော၍ကွယ်လွန်ပါသည် အန်တီက ငါ့ကျေးဇူးရှင်ဆရာကြီးရဲ့အသုဘကိုကန်တော့ချင်သည်ဆို၍ အသုဘချချိန်လမ်းထိပ်ထွက်စောင့်ကာ အသုဘယာဉ်တန်းလာချိန်တွင်လက်အုပ်ချီကန်တော့ခဲ့ကြောင်းလဲ ပြန်ပြောပြ၍ သိရပါသည်။

အန်တီအိပ်သည့်ကုတင်နှင့်မျက်နှာချင်းဆိုင်တွင် မှန်ကောင်တာလေးတခုရှိရာထိုအထဲတွင် အန်တီဖတ်သည့်စာအုပ်များ တက္ကသိုလ်တင်မောင်ထွေးကပေးသည့်နတ်ရေကန်ရွှေစောင်းဆုနှင့် သရဖူလေးများထားရှိပါသည် ထိုအထဲမှ” ပြင်ဦးလွင်ကမသန်းရှင်” ‘ဟူသောအန်တီ့အကြောင်းရေးထားသည့်စာအုပ်ကိုကျနော်လဲခွင့်တောင်း၍ ယူကြည့်မိပါသည်။

ရေးသူနာမည်ကိုမမှတ်မိတော့ပါ ပြင်ဦးလွင်ကမသန်းရှင်ဆိုတော့ အန်တီ့ဇာတိကပြင်ဦးလွင်လား မေမြို့မှာမွေးတာပေါ့ဟုမေးမိရာ မဟုတ်ပါဘူးကွယ် ဒီနေရာမှာဘဲမွေးတာပါ မန္တလေးသူပါဟုပြောရင်း သူထိုင်နေရာကုတင်ကိုပုတ်ပြ၍ပြောပါသည် စာရေးဆရာက သေချာစွာမမေးမစမ်းဘဲ စာအုပ်နာမည်ကစ၍ မှားနေပုံမှာအလွန်အရုပ်ဆိုးလှပါသည်။

အခုတော့ အန်တီမေရှင်လဲမရှိတော့ ကျနော့အမေလဲမရှိတော့ပါ အမေနဲ့အန်တီ သီချင်းတွေဆိုကြ ရှေးဟောင်းနှောင်းဖြစ်ပြောကြတာတွေအသံသွင်းထားတာမရှိပေမဲ့အမေတယောက်ထဲအန်တီ့သီချင်းများ ဗိုလ်အောင်ဒင်ဇာတ်ကားထဲက မေမေဝင်းသီဆိုသော ဆယ့်နှစ်လရာသီ သီချင်းများကို အမေမကွယ်လွန်မီ ၁၀ ရက်အလိုလောက်က ကျနော်ကိုယ်တိုင်အသံသွင်းပေးထားတဲ့တိတ်ခွေတခွေရှိနေပါသေးသည်။

အမေကွယ်လွန်တာ ၉ နှစ်ပြည့်သွားပါပြီ ဒီအခွေကိုဖွင့်လျှင်အမေ့အသံလေးအလွမ်းပြေပြန်ကြားရမှာကိုလဲသိပါသည် သို့သော် ကျနော်ကြီးမှ မျက်ရည်အလွန်လွယ်တတ်နေပါသည်.အမေ့အသံကိုမကြားဝံ့နားမထောင်ဝံ့သေးပါ မျက်ရည်မခိုင်သေးပါ။ ထို့ကြောင့်အမေ့အခွေကိုအခုထိမဖွင့်ဖြစ်သေးပါ သေခြင်းတရားကိုအခုထက်ပိုနားလည်အောင်ကျနော်ကြိုးစားရပါအုန်းမည်။

အမေရော အန်တီမေရှင်ပါ ကောင်းသုဂတိလားပါစေ။

မောင်းကြီး(Moun Kyee) winhlaingoo

Likes:
0 0
Views:
750
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *