ကမ္ဘာ့အကြီးဆုံး စာအုပ်က မြန်မာနိုင်ငံမှာရှိတယ်တဲ့

ကမ္ဘာ့အကြီးဆုံး စာအုပ်က မြန်မာနိုင်ငံမှာရှိတယ်တဲ့

အဝေးကြီးတော့မဟုတ်ဘူး ချစ်သောမန်းမြေက ပဉ္စမ သင်္ဂါယနာတင်ခဲ့ဖူးတဲ့ ကုသိုလ်တော်ဘုရားမှာပဲဖြစ်ပါတယ်

ကမ္ဘာ့စာအုပ်ကြီးက ဘယ်လိုကြောင့်ဖြစ်လာတာလဲ ဆိုတာကတော့ သင်္ဂါယနတင်ပွဲ ကျင်းပဖို့ စရာကနေ ဖြစ်လာတာပဲ ဖြစ်ပါတယ်သင်္ဂါယနဆိုတာက

ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်ရဲ့ တရားတော်များ မပျက်စီး မပျောက်ပျက်ရလေအောင် ဘုရားရှင်၏ တရားဓမ္မများအား ကျွမ်းကျင် တတ်ကျွမ်းသော သံဃာတော်များ စုပေါင်းပြီး ဗုဒ္ဓရဲ့ဓမ္မအား သန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ဖို့ စစ်မှန်တဲ့ ဓမ္မကိုသာ သံဃာများ၏ သဘောတူညီမှုရယူကာ ရွတ်ဖတ်မှတ်တမ်းတင် အတည်ပြုကြခြင်းကို သင်္ဂါယနာတင်ခြင်း လို့ခေါ်ပါတယ် မြန်မာနိုင်ငံမှာတော့ ကုန်းဘောင်ခေတ် မင်းတုန်းမင်းလက်ထက်မှာ ပဉ္စမသင်္ဂါယန တင်ခဲ့ပြီး ဉီးနုလက်ထက်မှာ ဆဠမသင်္ဂါယန တင်ခဲ့ပါတယ်ပဉ္စမသင်္ဂယနာ တင်ဖို့ဖြစ်လာတဲ့အကြောင်းကတော့…..

စတုတ္ထနှင့်ပဉ္စမအကြိမ် နှစ်ပေါင်း ၂၀ဝ၀ ခန့် ကြာမြင့်ခဲ့တဲ့အတွက် မန္တလေးမြို့ (ရတနာပုံ နေပြည်တော်)မှာ ပေရွက်ပေါ်တင်ထားတဲ့ ပိဋကတ် ၃ ပုံတို့ဟာ ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့မူကွဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အရှင်ဇာဂရ မထေရ် ဦးဆောင်တဲ့ ရဟန်း ၂၄၀ဝ ပါဝင်သော သံဃာထုတို့ဟာ “ရှေးက ဘယ်မင်းမှ မလှူဖူးတဲ့ အလှူမျိုး” ကို လှူမယ်ဆိုတဲ့ မင်းတုန်းမင်းရဲ့မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စတဲ့ ထု ၃ ထု ပူးပေါင်းပြီး မန္တလေးမြို့ ရတနာပုံနေပြည်တော်တွင် ပဉ္စမသင်္ဂါယနာ တင်ခဲ့ကြပါတယ်ကျောက်ထက်အက္ခရာတင်ပုံ

မင်းတုန်းမင်းကြီးက ဘုရားနှုတ်ကပါဌ်တော်တွေကို ကမ္ဘာတည်တာနဲ့အမျှ မပျောက်မပျက် တည်ရှိနေအောင်၊ သာသနာ ပတဲ့အချိန်ထိ တည်စေဖို့ ကျောက်ပေါ်မှာရေးထိုးထားခဲ့ချင်တာဆိုတော့ ပိဋကတ်တော် ကျောက်စာဟာ အမှား အယွင်းကင်းတဲ့မူ ဖြစ်ရမယ်။ ကင်းအောင်လည်း လူ့လုံ့လ လူ့အစွမ်းနဲ့ ဖြစ်နိုင်တာကို အားလုံး လုပ်ဆောင်မယ်ဆိုပြီး ဆရာတော် သံဃာတော်တွေနဲ့ စည်းဝေးတိုင်ပင်ပြီး သူ့ခေတ်သူ့အခါက ဖြစ်နိုင်တဲ့ အကောင်းဆုံးတွေကို ကြီးမားလှတဲ့စေတနာ ပြည့်ဝတဲ့ ယုံကြည်ချက်နဲ့ လုပ်ဆောင်သွားခဲ့ပါတယ်။

ဗုဒ္ဓသာသနာတော် စင်စင်ကြယ်ကြယ် သန့်သန့်ရှင်းရှင်းနဲ့ ကာလများစွာ တည်ထွန်းရစ်စေချင်တယ်ဆိုတာ မင်းတုန်းမင်းကြီးရဲ့ ပကတူးကဆန္ဒပဲ။ ဒါကြောင့် သူမင်းအဖြစ်ကိုရောက်လို့ ၄ နှစ်ပဲ ရှိသေးတယ်၊ မန္တလေးမြို့ကို မတည်ရသေးဘူး၊ ဘုရားဟောကြားတော်မူတဲ့ သုတ်၊ ဝိနည်း၊ အဘိဓမ္မာဆိုတဲ့ ပိဋကတ်သုံးပုံဟာ မြန်မာမင်းအဆက်ဆက် ထပ်ကာထပ်ကာ လက်နဲ့ရေးကူးလာခဲ့ကြတာမို့ ကူးပါများတော့ မှားတာတွေ ပါရှိနေလိမ့်မယ်၊

သူတတ်နိုင်သလောက် မတိမ်းမယိမ်း မှန်ကန်သေချာအောင် လုပ်ဆောင်လိုတယ်ဆိုပြီး ပိဋကတ်သုံးပုံကို ၁၂၁၈ ခုနှစ်မှာ အသစ်တဖန် ရွှေရေး၊မင်ရေး၊ကညစ်ရေး သုံးမျိုးသုံးစားနဲ့ ‘ပေထက်အက္ခရာတင်တယ်’ လို့ခေါ်တဲ့ ပေပေါ်မှာ ရေးကူးတာတွေ လုပ်စေပါတယ်။ဒီလိုမတင်ခင် အမှန်ကန်ဆုံးဖြစ်အောင် ‘သာသနာပြု ဆရာတော်ကြီး’ လို့ခေါ်တဲ့ သာသနာပိုင် အမှူးပြုတဲ့ တံဆိပ်ရ ပိဋကတ်မ ဆရာတော် (၄) ပါး၊

စာကြည့်ဆရာတော် (၃၀)၊ စာတည်းဆရာတော် (၅၀)၊ ပရိယတ်တတ်တဲ့ သံဃာ (၅၀) တို့က ရေးကူးမယ့်စာတွေ မှန်မမှန် စေ့စပ်သေချာစွာစစ်ဆေးကြည့်ကြတယ်။ မှန်ကန်ပြီဆိုမှ ပိဋကတ်တိုက်စိုး၊ သွေးသောက်ကြီး၊ တိုက်စောင့်၊ အကြပ်၊ အစုရေး၊ ပိဋကတ်ရေး စတဲ့ အမှုထမ်း (၁၀၀) ကျော်က ကညစ်နဲ့ စုတ်နဲ့ ရေးကြတယ်။

ဒီလိုရေးနေခိုက်မှာ အမြဲမပြတ် ကြပ်မတ်ပြင်ဆင်ကြည့်ရှု့ဖို့ ၁။ ဒက္ခိဏာရာမဆရာတော်၂၊ စီးတော်မြင်းဝန်တိုက် ဆရာတော်၃။ ဆီးဘန်းနီ ဆရာတော်တို့က တာဝန်ယူကြပြန်တယ်။ရေးပြီးတဲ့အခါ သူတို့ခေတ်က စာအရေးကောင်းတဲ့ လူတွေဖြစ်တဲ့ လွတ်စာရေး ရုံးစာရေးတို့က ဒီဃ၊ ရဿ၊ ဣဝဏ်၊ နိဂ္ဂဟိတ်၊ အကျအန၊ မူပျက်မူပို၊ အကျအပေါက် အမှားအယွင်း မရှိစေရအောင် တည်းဖြတ်စေပါသတဲ့.။ကညစ်တို့ စုတ်တို့ကိုကိုင်ပြီး စာကို လက်နဲ့ကူရေးတဲ့အခါ ရေးချထည့်ရမှာ မထည့်မိ၊ မထည့်ရမှာ ထည့်မိတတ်တယ်။

လုံးကြီးတင်နဲ့ လုံးကြီးတင်ဆန်ခတ်လည်းမှားရေးတတ်တယ်။ သိရီလို့ရေးရမှာကို သီရိလို့ ရေးတာမျိုးပေါ့။ တစ်ချောင်းငင်နဲ့ နှစ်ချောင်းငင် မှားရေးတတ်တယ်။ ပုရိသ ရေးရမှာကို ပူရိသလို့ ရေးတာမျိုးပေါ့။ သေးသေးတင်ထည့်ဖို့ မေ့တတ်တာမျိုးလည်း ရှိတတ်တာကိုး။ဒါကြောင့် လွှတ်စာရေးတွေကိုထပ်ပြီး အစစ်ခိုင်းရတာဖြစ်တယ်။

အဲဒါပြီးမှ တံဆိပ်တော်ရ စာတည်းဆရာတော်၊ စာကြည့်ဆရာတော်တွေက တည်းကြ ကြည့်ကြပြန်တယ်။ ပေစာရေးတယ်ဆိုတာ အဲဒီခေတ်က ရေးခ ပေ ၁ အင်္ဂါကို ကျပ်သုံးဒင်္ဂါး ၁ ပြားရသတဲ့။ ၁ အင်္ဂါဆိုတာ ၁၂ ချပ်၊ က ကာ ကိ ကီ ကံ ကား အထိပေါ့။ စာမျက်နှာ ၂၄ မျက်နှာ၊ တစ်မျက်နှာမှာ ပျမ်းမျှ စာ ၈ ကြောင်း၊ ဒါကြောင့် ၁ အင်္ဂါမှာ စာ ၁၉၂ ကြောင်းလောက် ရှိပါတယ်။ စာရေးကောင်းသူတိုင်း တစ်နေ့ကို ၁ အင်္ဂါ မပြီးဘူး။ စာကို ငုံမိတဲ့သူမှ ပြီးတယ်။

ဥပမာ ရှေးသရောအခါ ဗာရာဏသီပြည်၌ ဆိုတာကို ရှေးသရောအခါမှာ တစ်ခါလှမ်းကြည့်.. ဗာရာဏသီ တစ်ခါကြည့် ပြည်၌ တစ်ခါကြည့်နေရင် အရေးနှေးတာပဲ။ ပြီးတော့ ပေရေးမှာ စာမှားရေးမိရင် ရေးမိတဲ့ အမှားစာလုံးရဲ့ အလယ်မှာ ဗိန္ဒုဆိုတဲ့ အပြောက်ကလေး ကညစ်နဲ့ ထိုးဖောက်ပစ်ထားခဲ့ရတယ်။

အပြောက်ပါတဲ့စာလုံးကို ဖတ်တဲ့သူက စာမှားမို့ ထည့်မဖတ်တော့ဘူး။ စာတစ်မျက်နှာမှာ ၃ ကြိမ်တော့ အမှားခံတယ်။ ၄ ကြိမ်အထိ မှားနေရင် ရေးလက်စကိုရပ်၊ ပေသစ်ယူပြီး အစကနေ အသစ်ပြန်ရေးပေးရတယ်။ ရှေးက ဓမ္မဒါနပြုချင်ရင် ဘုန်းကြီးကို ဒကာက ဝတ္ထုလှူတယ်၊ ဘုန်းကြီးက “စာရေးဟတ္ထကံ” ခေါ်တဲ့ ပေစာရေးသမားကို ကျောင်းခေါ်ပြီး ၁ အင်္ဂါ တစ်ကျပ်နှုန်းနဲ့ အရေးငှားပေးပြီး ပူဇော်စေပါတယ်။

လွှတ်စာရေးတွေ စစ်ပြီးတဲ့စာကို တံဆိပ်တော်ရ ဆရာတော်တွေက တစ်ကြိမ်ထပ်ပြီးတည်းသေးတယ်၊ ကြည့်သေးတယ်၊ ပြီးမှ အဆုံးသတ်လက်ခံတယ်။ အဲဒီ ရွှေရေး၊ မင်ရေး၊ ကညစ်ရေး ပိဋကတ်သုံးပုံ စာထုပ်ပေါင်း ၂၀၀ ကျော်၊ စာအင်္ဂါ နှစ်သောင်းကျော်ကို ရေးထိုးပြီး ၆ နှစ်ကြာတဲ့အခါ အမရပူရ ပိဋကတ်တိုက်တော်ကနေပြီး မန္တလေးတောင်ခြေက ပိဋကတ်တိုက်တော်မှာ ဒီစာထုပ်တွေကို ပြောင်းရွှေ့ထားရှိပါတယ်။

(ပိဋကတ်တိုက်တော်ဟာ ကျောက်တော်ကြီးဘုရားမြောက်ဘက် မန္တလေးတောင်ခြေမှာ ရှိခဲ့တယ်။ အခုနေရာသာ ကျန်တော့တယ်။)ပိဋကတ်သုံးပုံကို ရွှေရေး၊ မင်ရေး၊ ကညစ်ရေးသုံးမျိုးနဲ့ သန့်သန့်ရှင်းရှင်းရေးတင်ပြီးတဲ့နောက် ၄ နှစ်အကြာမှာ ကျောက်ထက် အက္ခရာတင်ဖို့၊ ကျောက်ဖျာကြီးတွေပေါ်မှာ ရေးထွင်းဖို့ ဆန္ဒဖြစ်ပြန်တယ်။

ဒါကြောင့် စကျင်တောင်က ကျောက်ပြားတွေကို နန်းတော်ထဲ သယ်ခဲ့ပြီး အရင်က သန့်စင်ထားတဲ့ ပိဋကတ်တော်တွေကို ကျောက်ဖျာထက်မှာ ရေးထိုးစေပါတယ်။ အဲဒီအခါ ဆရာတော် သံဃာတော်တွေဘက်က ကြပ်မတ်ရတာက-

၁။ တောင်ဆောင်တော်မိဘုရားဆရာ

၂။ မြတောင်မြို့စား သေနတ်ဝန်ကြီးဆရာ

၃။ စီးတော် မြင်းဝန်တိုက် ဆရာတော်တို့ ဖြစ်ကြတယ်။

လူပုဂ္ဂိုလ်ဘက်ကတော့-

၁။ အတွင်းဝန် ခန်းပတ်မြို့စားကြီး မဟာသီရိဥဇနာ

၂။ အတွင်းဝန် ယောမြို့စားမင်းကြီး မဟာမင်းလှစည်သူ

၃။ သံတော်ဆင့် ခင်မမင်းဝန် မိုင်းခိုင်းမြို့စား မဟာသီရိဇေယျသူခေါ် ပိဋကတ်တော်အုပ်ဦးယံ

၄။ သံတော်ဆင့် နေမျိုးရာဇစည်သူ

၅။ အမိန့်တော်ရေး မင်းထင်ဇေယျသူ

၆။ အသုံးစာရေး နေမျိုးသိရိကျော်သူတို့ ဖြစ်ကြပါတယ်။

ပိဋကတ်တော်တွေကို ကျောက်ပြားတွေပေါ်မှာ ရေးထွင်းစေတဲ့အခါ-ဝိနည်း ၅ ကျမ်း ပါဠိတော်က ချပ်ရေ ၁၁၁ ချပ်အဘိဓမ္မာ ၇ ကျမ်း ပါဠိတော်က ချပ်ရေ ၂၀၈ ချပ်နိကာယ် ၅ ကျမ်း၊ သုတ် ၃ ကျမ်း ပါဠိတော်က ချပ်ရေ ၄၁၀ ချပ်စုစုပေါင်း ၇၂၉ ချပ် ထွက်လာပါတယ်။

ဒီကျောက်စာတွေကို ကူသိုလ်တော် ဘုရားကြီးရဲ့ ပထမ မဟာရံတံတိုင်းအတွင်းမှာ ၄၂ ချပ်၊ ဒုတိယ မဟာရံတံတိုင်းအတွင်းမှာ ၁၆၈ ချပ်၊ တတိယ မဟာရံတံတိုင်းအတွင်းမှာ ၅၁၉ ချပ်၊ ကျောက်စာတစ်ချပ်ကို သီဟိုဠ် စွယ်တော်ကြုတ်ပုံ အုတ်ပြသာဒ် တစ်ခုစီအတွင်းမှာ မြေဝင်တစ်တောင်ထားပြီး အခိုင်အမာ စိုက်ထူထားစေပါတယ်။

ပထမ မဟာရံတံတိုင်းအတွင်းက အင်္ဂါထောင့်မှာတော့ ပိဋကတ်တော်သုံးပုံ ပါဠိတော်တွေကို ကျောက်ထက် အက္ခရာ တင်တဲ့အကြောင်း သမိုင်းမော်ကွန်းနိဂုံး ကျောက်စာကြီးတစ်ချပ်ရေးထိုးစိုက်ထူထားပါတယ်။ ဒါကြောင့် ကျောက်စာပေါင်း ၇၃၀ ပါ။ အဲဒီစာရင်းမှာ မပါတဲ့ နောက်တိုးကျောက်စာ ၃ ချပ်လည်း ရှိပါတယ်။ အဲဒါက ပထမတံတိုင်းအတွင်း တနင်္ဂနွေထောင့်မှာပါ။

မင်းတုန်းမင်းကြီး လှူသွားခဲ့တဲ့ အလှူတော်တွေက ကုန်ငွေတွေကို စာရင်းတင်ပြီး ငွေသင့်ပေါင်း ၂၂ ကုဋေနဲ့ ၆ သန်းဖိုးမျှ ရှိတယ်လို့ တင်ပြတဲ့ အလှူတော်စာရင်းကျောက်စာ ၃ ချပ် ဂူကြီး ၂ ဂူအတွင်းမှာ စိုက်ထူထားတာပါ။ ဒီကျောက်စာတွေကတော့ ကြေးမြင်မိဘုရားကြီးက တိုက်တွန်းလို့ ဝက်မစွတ်ဝန်ထောက်ကရေးပြီး ၁၂၈၃ ခုနှစ်ကမှ စိုက်ထူထားတာ ဖြစ်ပါတယ်။ပဉ္စမသင်္ဂါယနအောင်မြင်ပြီးမြောက်ခြင်း

ပိဋကတ်တော်များကို ပေ၊ ပုရပိုက်များပေါ်တွင် ရေးသားထားခြင်းအားဖြင့် ကြာရှည်စွာ မခိုင်မြဲ၊ မတည်တံ့နိုင်ခြင်း၊ မူအမျိုးမျိုးကွဲနေခြင်း စတဲ့ အန္တရာယ်များမှ ကာကွယ်ဖို့ ကျောက်ထက်အက္ခရာတင်ခြင်းကို မြန်မာသက္ကရာဇ် ၁၂၂၂ တန်ဆောင်မုန်းလဆန်း ၁ရက် (၁၄-၁၀-၁၈၆၀)တွင် ကျောက်သားပေါ်မှာစတင်ထွင်းထုပြီး ၁၂၃၀ ကဆုန်လဆန်း ၁၄ရက်(၄-၅-၁၈၆၈)မှာ ကျောက်ထက်အက္ခရာပြီးစီးခဲ့ပါတယ် ကျောက်ထက်အက္ခရာတင်ခြင်းအပြီး သုံးနှစ်လွန်မှ ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်းကို မန္တလေးမြို့၊

ဒက္ခိဏာရာမဘုရားကြီးတိုက်ဆရာတော် တိပိဋကရေမဟာဓမ္မဥရာဇာဒိ ရာဇဂုရု ဘွဲ့တံဆိပ်တော်ရဘဒ္ဒန္တဇာဂရာဘိဝံသမထေရ် အမှူးပြုသော (တစ်ခြားနိုင်ငံသံဃာတော်များပါဝင်ခြင်းမရှိ) မြန်မာနိုင်ငံမှသံဃာတော် အပါး ၂၄၀၀ တို့ကသင်္ဂါယနာ တင်ခဲ့ကြပါတယ်ထိုသို့တင်ရာတွင် မန္တလေးတောင်ခြေရှိ လောကမာရဇိန်(ကုသိုလ်တော်) ဘုရားဝင်းအတွင်း၌ စကျင်ကျောက်ဖြူ ၇၂၉ ချပ်ပေါ်တွင် အက္ခရာရေးထွင်း၍ သင်္ဂါယနာတင်ကြရာ ၇ နှစ်၊ ၆ လ၊ ၁၄ ရက် ကြာခဲ့သည်။

ယင်းကျောက်ထပ်အက္ခရာတင်ပြီးနောက် နှုတ်ဖြင့်ရွတ်ဆို၍ သင်္ဂါယနာတင်ကြရာ ၅ လ နှင့် ၃ ရက်အကြာတွင် ပြီးစီးအောင်မြင်ခဲ့သည်။

ကိုးကား-ကမ္ဘာ့အကြီးဆုံးစာအုပ် လူထုဒေါ်အမာ၊အောက်တိုဘာလ ၁၉၇၃။

-ကိုယ်ပိုင်မှတ်စ

Mingalar Buddha

Likes:
0 0
Views:
597
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *