သင့်စိတ်ထဲမှာအမှိုက်လာသွန်ခြင်း ( ဗန်းမော်သိန်းဖေ )

သိပ်ဖတ်လို့ ကောင်းတယ်။ အချိန်တစ်မိနစ်ပဲပေးပါ။ စိတ်ထဲအမှိုက်လာသွန်မခံကြရပါစေနဲ့။

တစ်နေ့မှာ လူတစ်ယောက်ဟာ အထုပ်ကြီးတခုကို ပုခုံးမှာထမ်းပြီး အိမ်ထဲဝင်လာတယ်။.ပြီးတော့ ဘာမပြော ညာမပြောနဲ့ အထုပ်ကြီးထဲက ပစ္စည်းတွေကို ညေ့်ခန်ကကြမ်းပြင်ပေါ်ကို သွန်ချလိုက်တယ်။ ထွက်ကျလာတာတွေက ဘာတွေလဲဆိုတော့ အမှိုက်သရိုက်တွေပါ။ ဒီတော့ သင်ဘာလုပ်မလဲ။

“ဟေ့ လူ ဒါဘာလုပ်တာလဲ။ အဲဒီအမှိုက်တွေကို ချက်ခြင်းပြန်ကောက်လိုက်။ မကောက်ဘူးဆိုရင်တော့ မင်းကိုငါ သတ်ပစ်မယ်”ဆိုပြီး ဓါးဖြစ်ဖြစ် သေနတ်ဖြစ်ဖြစ် သွားယူပါလိမ့်မယ်။အဲဒီလူကလဲ ချက်ခြင်းပဲ အမှိုက်တွေကို အိပ်ထဲပြန်ထဲ့တယ်။ အမှိုက်တစ မကျန်အောင် သေချာကောက်ပြီးထဲ့တယ်။ ဒါတင် မကသေးပဲ သူ့ဘောင်းဘီအိပ်ထဲက အဝတ်စတခုကို ဆွဲထုတ်ပြီး ကြမ်းကို သေချာပြောင်အောင် ပြန်သုတ်ပေးလိုက်တယ်။

ပြီးတော့ ဘာစကားမှ မပြောပဲ အိမ်ပြင်ကို သူ့အမှိုက်ထုပ်ကြီးတမ်းပြီး ပြန်ထွက်သွားတယ်။ ကြမ်းပေါ်မှာအမှိုက်သရိုက် အစအနလေး တစက်တောင်မကျန်ခဲ့ဘူး။ကြမ်းဟာ အရင်အတိုင်း ပြန်ဖြစ်သွားပေမဲ့ သင့်ရဲ့စိတ်အခြေအနေကတော့ အရင်လိုမဟုတ်တော့ပါဘူး။ ဒီအကြောင်းကို တနူံ့နူံ့နဲ့ ပြန်စဉ်းစားပြီး ဒေါသထွက်နေလိမ့်မယ်။

နောက်တစ်နေ့မှာ သင့်ရဲ့သူငယ်ချင်းတွေကို အရူးတစ်ယောက်ဟာ သင့်အိမ်ထဲ ဝင်လာပြီး အမှိုက်တွေ သွန်ချသွားတယ်ဆိုတာ အတန်ကြာအောင် ပြောပြနေပါလိမ့်မယ်။ဒီအဖြစ်မျိုးကြုံဖူးသလားလို့ မေးရင် အားလုံးကမကြုံဖူးပါဘူးလို့ ဖြေကြပါလိမ့်မယ်။ မှန်ပါတယ်။ သင့်အိမ်ထဲ အမှိုက်လာပုံသွားတာ မကြုံဖူးကြပေမဲ့ သင့်စိတ်ထဲကို နေ့စဉ်အမှိုက်လာသွန်နေတာတွေကိုတော့ သင်သတိထားမိမှာ မဟုတ်ပါဘူး။

ဘယ်လို အမှိုက်မျိုးတွေလဲ။ သင့်ကို သူများအကြောင်း အတင်းအဖျင်းတွေ၊ အရေမရအဖတ်မရ အကျိုူမဲ့တဲ့စကားတွေ လာပြောကြလိ်မ့်မယ်။ သင်လဲ အကျိုးမဲ့တဲ့စာတွေဖတ်မယ်။ ညစ်ညမ်းပြီး မကြည့်သင့်မကြည့်အပ်တာတွေကြည့်မယ်။ဒါတွေဟာ သင့်စိတ်ထဲမှာ နေ့စဉ်လာပုံနေတဲ့အမှိုက်တွေပါ။

ဒါပေမဲ့ စိတ်ထဲမှာအမှိုက်လာသွန်တာဟာ အိမ်ထဲမှာ အမှိုက်လာသွန်တာနဲ့ မတူပါဘူး။ ပိုဆိုးပါတယ်။ အိမ်ထဲလာသွန်လိုက်တဲ့ အမှိုက်ကို သေချာပြန်ကောက်ထဲ့ပြီး သန့်ရှင်းရေးလုပ်ပေးလိုက်ရင် ကြမ်းဟာ ပြောင်သွားပေမဲ့ သင့်စိတ်ထဲက အမှိုက်ကတော့ ပြန်ရှင်းဖို့မလွယ်တော့ဘူး။

ဘာကြောင့်လဲ။

သင့်ကို လူတယောက်က တခြားလူတယောက်ရဲ့မကောင်းကြောင်းတွေ လာပြောတယ်။ သင်လဲ နားထောင်လိုက်တယ်။ အဲဒီလူလဲ ပြောပြီး ပြန်သွားတယ်။ ဒါပေမဲ့ သူထားခဲ့တဲ့အမှိုက်ဟာ သင့်ခေါင်းထဲမှာကျန်ခဲ့ပြီ။ဘယ်လိုကျန်ခဲ့သလဲ။ အဲဒီလူပြန်သွားပေမဲ့ သင့်စိတ်ထဲမှာဆက်တွေးနေမိလိမ့်မယ်။ သူပြောတာ ဟုတ်မှာပဲ။ သူပြောလဲ ပြောစရာပဲ။ အဲဒီလူက သိတ်မိုက်တာကိုး။.

သူ့မိန်းမနဲ့ကလေးတွေတော့ ဒုက္ခရောက်တော့မှာပဲစသဖြင့် သင့်စိတ်က ဆင့်ကဲဆင့်ကဲဆက်တွေးနေတော့မယ်။ ဒါက တကြိမ်ပဲ ရှိသေးတယ်။ နေ့စဉ် ဒီလိုသာ ကြုံနေရင် သင့်စိတ်မှာ အမှိုက်တွေ တောင်လိုပုံနေလောက်ပြီ။

ဒီတော့ စိတ်ထဲမှာ အမှိုက်ပုံကြီးနဲ့ပြည့်နေတဲ့ လူတယောက်ရဲ့စိတ်ဟာ ကြည်လင်ပါအုံးမလား။ အကြံသစ်ဉာဏ်သစ်တွေ ထွက်နိုင်ပါ့အုံးမလား။ အလုပ်ထဲမှာရော စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်လုပ်လို့ရပါ့မလား။ သင့်မိသားစုနဲ့ကော ပျော်ပျော်ရွှင်နေနိုင်ပါ့မလား။ ကျောင်းက စာတွေကိုကော အာရုံစူးစိုက် သင်ယူနိုင်ပါ့မလား။

သေချာစဉ်းစားကြည့်ပါ။

ဒါတွေမဖြစ်ချင်ဘူးဆိုရင် သင့်စိတ်ထဲကို အမှိုက်လာသွန်တာတွေကို လက်မခံပါနဲ့။ အမှိုက်သွန်မဲ့လူတွေကို ဝေးဝေးရှောင်ပါ။အချိန်ပြည့် ဖေ့ဘုတ်ကို ပွတ်ပြီး လူတွေစိတ်ကူးပေါ်သလို ရေးချင်ရာတွေ ရေးထားတာကို ဖတ်နေတာလဲ မိမိစိတ်ထဲကို အမှိုက်တွေထဲ့နေတယ်ဆိုတာကိုလဲ သဘောပေါက်စေချင်ပါတယ်။

(ဗဟုသုတရအောင်၊ သတင်းသိရအောင် ဖတ်တာကိုမဆိုလိုပါ)။

အဆိုးဆုံးက ကွန်မင့်မှာရေးထားတဲ့ဆဲစာတွေကို ဖတ်နေခြင်းပါပဲ။

ဗန်းမော်သိန်းဖေ

Likes:
0 0
Views:
627
Article Tags:
Article Categories:
BooksKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *