Dr Mhem Tin Mon ဒေါက်တာမင်းတင်မွန်(ပါရဂူမင်းနန္ဒာ)ပါမောက္ခ

ဒေါက်တာမင်းတင်မွန်(ပါရဂူမင်းနန္ဒာ)ပါမောက္ခ၊ မဟာသဒ္ဓမ္မဇောတိကဓဇမွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာ၀က်ရွာတွင် ၁၃.၁.၁၉၃၄ စနေနေ့နံနက် ၅နာရီ တွင်ဖွားမြင်သည်။ မိဘနှစ်ပါးမှာ ဦးရော်အင်၊ ဒေါ်စိန်တန် တို့ဖြစ်ကြသည်။

မွန်-ဗုဒ္ဓဘာသာ လယ်သမားများဖြစ်ကြ၏။၁၉၅၁ ခုနှစ်တွင်မုဒုံအထကမှ အစိုးရကျောင်းထွက် လက်မှတ်ရ စာမေးပွဲနှင့် တက္ကသိုလ်၀င် စာမေးပွဲတို့ ကို သင်္ချာ, အထွေထွေသိပ္ပံဂုဏ်ထူးဖြင့် ပထမဆင့်မှ အောင်မြင်သည်။၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ဥပစာတန်း စာမေးပွဲ ၌ သင်္ချာပထမ ၊ ဓာတုဗေဒပထမ ၊ တက္ကသိုလ်ဟိုးဝါးကိန်းရွှေတံဆိပ်ဆုနှင့် တက္ကသိုလ်စကောလရှစ်ပညာချွန်ဆုတို့ကိုရရှိသည်။

၁၉၅၅ ခုနှစ် ရန်ကုန်တက္ကသိုလ်သိပ္ပံစာမေးပွဲ ၌ သင်္ချာ၊ဓာတုဗေဒ၊ရူပဗေဒ သုံးဘာသာဂုဏ်ထူးများနှင့် တစ်တန်းလုံးတွင်ပထမရသဖြင့် တက္ကသိုလ်ဟာဂျီဘိုင်များရွှေတံဆိပ်ဆုနှင့် နိုင်ငံခြားပညာတော်သင်ဆုတို့ကိုရရှိသည်။ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနတွင် အချိန်ပိုင်း သရုပ်ပြဆရာအဖြင့်ခန့်ထားခြင်းခံရသည်။၁၉၅၆ ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်သိပ္ပံဂုဏ်ထူးဘွဲ့ စာမေးပွဲ ၌ ဓာတုဗေဒဂုဏ်ထူးတန်းတွင် ပထမအဆင့်မှအောင်မြင်ပြီးပထမရသဖြင့် တက္ကသိုလ်ဦးရွှေလေးရွှေတံဆိပ်ကိုရ၏။

ရန်ကုန်တက္ကသိုလ်တွင် လက်ထောက် ကထိကအဖြစ်ခန့်ထားခြင်းခံရသည်။အမေရိကန် အီလီနွိုက်တက္ကသိုလ်တွင်ပညာသင်ကြားရန်အတွက် ပညာသင်ဆုစကောလားရှစ်ရခဲ့သာ့်အတွက်ထွက်ခွာရန်ပြင်ဆင်ရာအမည်ရင်း “မင်းတင်မွန်” ဖြစ်နေသဖြင့် အမည်ပြောင်းရန်၊ မပြောင်းပါက ထွက်ခွာခွင့်မပေးဟုဆိုကာ ဖိအားပေးခံရသည်။

၁၉၅၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အီလီနွီုက်တက္ကသိုလ်သို့သွား၍ အဆင့်မြင့်ပညာကိုဆည်းပူးရာ ၁၉၅၈ ခုနှစ်တွင် မဟာသိပ္ပံဘွဲ့၊ ၁၉၆၀ ခုနှစ်တွင် သိပ္ပံံပါရဂူဘွဲ့တို့ကို ရရှိခဲ့သည်။ ထို့အပြင်တက္ကသိုလ်သဟာယပညာချွန်ဆု (University Fellowship) ကို ၂နှစ်ဆက်တိုက် ရရှိရာ အမေရိကန်ကျောင်းသူကျောင်းသားများထက်ပညာပိုထူးချွန်ကြောင်းကိုပြသ နိုင်ခဲ့သည်။

Sigma Xi ဂုဏ်ထူးဆောင်အသင်းကိုလည်း ၀င်ခွင့်ရသည်။ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ဆေးတက္ကသိုလ်(၁) ၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ် တို့တွင် ၁၉၅၅ ခုနှစ်ဇွန်လ ၁ရက်မှစ၍ ၁၉၉၂ ခုနှစ် နို၀င်ဘာလကုန်အထိ သရုပ်ပြ၊ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက် ပါမောက္ခ္ခ၊ ပါမောက္ခတာ၀န်အဆင့်ဆင့် ကို ၃၇ နှစ်ကျော် ထမ်း ရွက်ပြီးနောက် ပါမောက္ခ ဘ၀မှ အငြိမ်းစားယူသည်။

၁၉၉၃ ခုနှစ်သြဂုတ်၁ရက်နေ့မှစ၍ ၂၀၀၈ ခုနှစ် ဇူလိုင် ၃၁ရက်တိုင်အောင် သာသနာရေး ၀န်ကြီးဌာန အကြံပေးပုဂ္ဂိုလ်၊ ထို့နောက်အကြံပေးပညာရှင်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသာသနာပြု တက္ကသိုလ် ပဋိပတ္တိပါမောက္ခတာ၀န်များကိုထမ်းဆောင်သည်။ နိုင်ငံ့တာ၀န်ကို ၅၂ နှစ် ထမ်း ရွက်ခဲ့သည်။

ပရိယတ္တိစာပေကို ဆရာကောင်းများထံနည်းနာခံ၍ မိမိဘာသာ ဆည်းပူးလေ့လာပြီး စာမေးပွဲများဖြေဆိုခဲ့ရာ – ၁၉၈၁ ခုနှစ် ဗုဒ္ဓအဘိဓမ္မာ (ရိုးရိုးတန်း) စာမေးပွဲ၌ တစ်ပြည်လုံးတွင် ပထမရွှေတံဆိပ်ဆု၊ ၁၉၈၃ ခုနှစ် ဗုဒ္ဓအဘိဓမ္မာ (ဂုဏ်ထူးတန်း) စာမေးပွဲ၌ ပထမရွှေတံဆိပ်ဆု ၊ ၁၉၈၄ ခုနှစ် ဝိသုဒ္ဓိမဂ္ဂ ( သုံးကျမ်းပြည့် ) စာမေးပွဲ၌ တစ်ပြည်လုံး ပထမရွှေတံဆိပ်ဆု တို့ကို ရရှိသည်။

တက္ကသိုလ်ကျောင်းသားဘ၀မှစတင်ကာ ကဗျာ၊ စာညွန့်၊ ဆောင်းပါးများကိုရေးသားခဲ့ရာယခုအခါပညာပေးစာအုပ် ၂၀၊ ဘာသာရေးစာအုပ် ၅၀၊ ဆောင်းပါး ၂၀၀ကျော်တို့ကိုရေးသားခဲ့ပြီး ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင်ဓမ္မဗိမာန်တစ်သက်တာ စာပေဆု ဖြင့် ချီးမြှင့်ခံရသည်။

ရန်ကုန်ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ် တို့တွင် ဗုဒ္ဓဘာသာ အသင်းဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်သည်။ ရန်ကုန်တက္ကသိုလ်များ ဗုဒ္ဓဘာသာ အသင်းကြီးတွင် ၁၉၈၃ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ အတွင်းရေးမှူးတာ၀န်၊ ထို့နောက် ဥက္ကဋ္ဌ တာ၀န် တို့ ကိုထမ်း ရွက်ပြီး တက္ကသိုလ်နယ်မြေတွင် ဗုဒ္ဓဘာသာထွန်းတောက်ရန် စွမ်းစွမ်းတမံဆောင်ရွတ်ခဲ့သည်။

မော်လမြိုင်တက္ကသိုလ် ခေတ်မီနှစ်ထပ်ဓမ္မာရုံကြီးနှင့်မော်လမြိုင်တက္ကသိုလ်စေတီတို့ကို ဦးဆောင် တည်ဆောက်ခဲ့သည်။၁၉၈၃ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ်များဓမ္မာရုံတွင်ဗုဒ္ဓအဘိဓမ္မာသင်တန်းကိုစတင်ပို့ချသည်။ ထို့နောက်မြန်မာနိုင်ငံတစ်၀န်းလုံးနှင့် နိုင်ငံခြားတိုင်းပြည်များ ၌ အဘိဓမ္မာသင်တန်း၊ ဝိသုဒ္ဓိမဂ်နှင့် တရားရှုနည်းသင်တန်း၊ ဗုဒ္ဓဓမ္မဟောပြောပွဲများကို မြန်မာ-မွန်-အင်္ဂလိပ် သုံးဘာသာဖြင့် စွမ်းစွမ်းတမံ သင်ပြဟောပြောသည်။

အဘိဓမ္မာသင်တန်း ၃၁၀ကြိမ်၊ ဝိသုဒ္ဓိမဂ်နှင့် တရားရှုနည်းသင်တန်း ၁၉ ကြိမ်၊ ယဉ်ကျေးမှုနှင့်စာရိတ္တပညာဟောပြောပွဲ ၇၈၂ ကြိမ်၊ တရားပွဲ ၁၃၄၇ ကြိမ်၊ နာရီပေါင်း ၁၄၃၈၀ ကျော်ဟောပြောပို့ချခဲ့ပြီး ဖြစ်သည်။၁၉၉၄ ခုနှစ် ၌ သဒ္ဓမ္မဇောတိကဓဇဘွဲ့၊ ၂၀၀၃ ခုနှစ်တွင် မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ တို့ကို နိင်ငံတော်မှ ချီးမြှင့်သည်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ကျိုက်ခေါက် စေတီအနီးတွင် အပြည်ပြည်ဆိုင်ရာဖားအောက်တောရ ဗုဒ္ဓသာသနာရိပ်သာကိုဦးဆောင်တည်ထောင်ပြီး ၁၉၉၈ ခုနှစ် ဇွန်လ ၂၄ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ တစ်နှစ်ပတ်လုံးအမြဲတမ်းဖွင့်လှစ်ထားသောရိပ်သာကြီးတစ်ခုဖြစ်လာသည်။

၂၀၀၀ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာဖားအောက်တောရဗုဒ္ဓသာသနာရိပ်သာများ၏ အနုဂ္ဂဟ အဖွဲ့ချုပ်ကို ဖွဲ့စည်းပြီးသည့်အခါ ဥက္ကဋ္ဌတာ၀န်ကို လက်ခံယူပြီး ပြည်တွင်းပြည်ပ ဗုဒ္ဓသာသနာတော် ပြန့်ပွားထွန်းတောက်ရေးအတွက်တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ဒေါက်တာမင်းတင်မွန်သည်ပြည်သူများ ချစ်ခင်လေးစားသော စာပေပညာရှင်၊သိပ္ပံပါမောက္ခ၊ ပဋိပတ္တိပါမောက္ခ၊ ဓမ္မကထိက၊ စာရေးဆရာနှင့် ပြည်တွင်းပြည်ပသာသနာပြု ပုဂ္ဂိုလ်ထူးဖြစ်ပေသည်။

ဒေါက်တာမင်းတင်မွန် ( ဆေးမကူဘဲ ငြိမ်းအေးနည်း ) Books PDF Download Here

Crd : Minn Latt

Likes:
0 0
Views:
829
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *