မြန်မာ့ရိုးရာ မိချောင်းတူရိယာ

မြန်မာ့ရိုးရာ မိချောင်းတူရိယာ

“သံလေး ချည်ချောင်း ၊ သာသည့်စောင်းနှင့် ၊ မိကျောင်း ညှို့လှုပ် ၊ ငြင်း လက်ခုပ်လည်း”

နေမိ ဘုံခန်းပျို့

ရှင်အဂ္ဂသမာဓိ

မြန်မာ သက္ကရာဇ် ၈၄၁ – ၉၁၄)

မြန်မာ့ရိုးရာ မိချောင်းတူရိယာက ကြိုးသုံးချောင်းတပ်ထားပြီး လက်ခတ်နဲ့တီးရတဲ့ တူရိယာဖြစ်ပါတယ်။ မိကျောင်းတကိုယ်လုံးပုံကို ပိတောက်သား သစ်သားထွင်း ပန်းပုရုပ်လုံးဖြစ်စေ၊ စစ်စီးသားရိုးကိုင်ပြီး သားရေးနဲ့ကျက်ထားတဲ့ သစ်သားကိုယ်ထည်မှာ မိကျောင်းခေါင်းနဲ့ အမြီးပုံကိုတပ်လို့ဖြစ်စေ ထုလုပ်ထားပါတယ်။

သစ်သားထွင်း မိကျောင်း တူရိယာ

“သံသာမြလေး၊ သီကြွေး ညှင်းစောင်း ၊ မိကျောင်း စည်းဆုပ်”

ပုဂံမြို့ဟောင် ဓမ္မရာဇိက ဘုရားနံရံ မင်စာ လင်္ကာ

အနောက်ဖက်လွန်မင်း လက်ထက်

အင်းဝခေတ် (မြန်မာသက္ကရာဇ် ၉၆၇ – ၉၉၀) ဒီကနေ့ မွန်ရိုးရာတီးဝိုင်းတွေမှာ Kyam လို့ခေါ်တဲ့ မိကျောင်းတူရိယာကို သုံးစွဲနေဆဲဖြစ်ပေမယ့် မြန်မာရိုးရာတီးဝိုင်းတွေမှာတော့ အသုံးမရှိ တော့သလောက်ပဲမို့ မြန်မာပြည်ထဲမှာတောင် မိကျောင်းတူရိယာရဲ့အသံကို ကြားဖူးတဲ့သူ နည်းပါးလာပါပြီ။

မိကျောင်းတူရိယာ (Kyam) နဲ့ လခြမ်းပုံ ကြေးနောင် (Bat Kine)မွန်ရိုးရာ တီးဝိုင်း

မိကျောင်းတူရိယာရဲ့အသံထွက်က မြန်မာ့ရိုးရာ ကြိုးတပ်တူရိယာ စောင်းကောက်နဲ့ စောင်းဆရာကြီး စောင်းဦးဘသန်း တီထွင်တဲ့ ၁၆ ကြိုး တပ် စောင်းပြားတွေနဲ့ မတူရုံမကပဲ စောင်းတီးကွက် ဟန်ပန်တွေနဲ့လည်း ကွာခြားပါတယ်။ မိကျောင်းတူရိယာရဲ့အသံက တယောလို ပွတ်ဆွဲတဲ့ အသံရှည်မျိုးမဟုတ်ပေမယ့် လက်ခတ်ကို အသွားအပြန်ခတ်ပြီး ခပ်သွက်သွက်တီးတဲ့ လက်ကွက်တွေ ပါတာကြောင့် မြန်မာ့မွေး စား ကြိုးတပ်တူရိယာတွေဖြစ်တဲ့ ဒုံမင်း၊ မယ်ဒလင်၊ ဘင်ချို၊ ဗျပ်စောင်း၊ မြန်မာဂီတာတွေနဲ့လည်း သိသိသာသာ ကွဲပြားပါတယ်။

“စောင်း ညင်း မိကျောင်း ၊ အောင်းကလေးတခြား၊ ပတ္တလားနှင့် လက်ဖျားသံနှော၊ တယော ဟူသည် ၊ ခြောက်မည် ငြိမ့်မျိုး”

နာရဒပျို့

မုံရွေးဆရာတော်

(မြန်မာ သက္ကရာဇ် ၁၁၂၈ – ၁၁၉၆)

မြန်မာ၊ မွန် ထောင်တယော (Graw)
မြန်မာဒုံမင်း

စုမာတြ၊ ဂျားဗား၊ ဖိလစ်ပိုင်ကျွန်းစု၊ ထိုင်းလင်း၊ ကမ္ဘောဒီးယား၊ မြန်မာ အစရှိတဲ့ အာရှနိုင်ငံတွေမှာ မိကျောင်းတူရိယာ မျိုးနွယ်အုပ်စုဝင် ဆင်တူ တူရိယာပေါင်း အများကြီးရှိပါတယ်။ ကြိုးနဲ့ လက်ကွက်အရေအတွက် အမျိုးမျိုး၊ နာမည်အမျိုးမျိုးရှိကြပေမယ့် အခြေခံပုံစံကတော့ ခပ်ဆင်ဆင်တူကြတဲ့ မိကျောင်းပုံစံတွေချည်းပါပဲ။

မြန်မာ မယ်ဒလင် (Mandolin)
မြန်မာဘင်ဂျို (banjo)

မြန်မာနိုင်ငံမှာတော့ မိကျောင်းတူရိယာကို ပျူခေတ်ကတည်းက သုံးစွဲနေကြတယ်လို့ ပြောနိုင်စရာ မှတ်တမ်းရှိပါတယ်။ ခရစ်သက္ကရာဇ် ၈၀၁ – ၈၀၄ ခုနှစ်၊ ၉ ရာစုနှစ်အတွင်း တရုတ်နိုင်ငံမှာ “တန်” မင်းဆက် (T’ang Dynasty) အုပ်စိုးနေစဉ်တုန်းက ချစ်ကြည်ရေး ဂီတ ဖျော်ဖြေမှုတခုအတွက် တရုတ်နိုင်ငံကို ခရီးသွားခဲ့ကြတဲ့ ဂြီက္ခေတြ (သီရိခေတ္တရာ) ပျူ တူရိယာရှင်တွေနဲ့ တူရိယာအကြောင်း ခေတ်ပြိုင် တရုတ်မှတ်တမ်းတခု တွေ့ရှိထားပါတယ်။

အဲဒီခေတ်က မိကျောင်းတူရိယာမှာ ကြိုး ၁၈ ချောင်းပါတယ်လို့လည်း မှတ်သားရပါတယ်။ ဒီကနေ့ တရုတ်နိုင်ငံမှာ သုံးစွဲနေတဲ့ ကြိုးတပ်တူရိယာ (Guzheng) ပုံစံမျိုးပဲလားလို့ ခန့်မှန်းကြည့်ရပါတယ်။မြန်မာ့မိကျောင်း တူရိယာက ကြိုးသုံးချောင်းကို ကျစ်ထားတဲ့ ပိုးကြိုးတွေနဲ့လုပ်ပါတယ်။ လက်နှိပ်ကွက်တွေကိုတော့ သစ်သားတုံးငယ်တွေ၊ သတ္တု၊ ဆင်စွယ် ပစ္စည်းအမျိုးစုံသုံးပါတယ်။

မြန်မာဂီတာ (slide guitar)
ဗျပ်စောင်း (မူလ တရုတ်နိုင်ငံ ဇာတိ)

အများအားဖြင့်တော့ လက်နှိပ်ကွက် ၆ ကွက်ပါလေ့ရှိပါတယ်။ ကြိုးသုံးချောင်းဆိုတော့ ၁၈ ကွက်ပေါ့။ ကြိုး ၃ ကြိုးကို အလွတ်တီးသံ ၃ သံပါဆိုရင် ဆိုတော့ စုစုပေါင်း ၂၁ သံ ထွက်ပါတယ်။ လက်နှိပ်ကွက် ၁၁ ကွက်ပါရင်တော့ စုစုပေါင်း ၃၆ သံ ထွက်ပါတယ်။

ညာလက်က လက်ညှိုး၊ လက်မနဲ့ဖြစ်စေ၊ လက်ခတ်နဲ့ဖြစ်စေ၊ တီးခတ်ပြီး ဘယ်လက်က လက်ချောင်းတွေနဲ့ လက်နှိပ်ကွက်တွေအပေါ်မှာ ကြိုးတွေကို ထောက်ပြီး တီးတယ်လို့ မှတ်သားရပါတယ်။ ဒါကြောင့်ပဲ စောင်း၊ တယောတို့နဲ့ မတူတဲ့ သီးခြား ဟန်ပန် တီးကွက်တွေရှိပါတယ်။

မြန်မာ့ မိကျောင်းတူရိယာ
သော့သီးတွေကို မိကျောင်းခေါင်းဖက်မှာထားတဲ့ ပုံစံကွဲ မိကျောင်းတူရိယာ

မိကျောင်းခေါင်းကို တီးတဲ့သူရဲ့ ညာဖက်မှာထားပြီး တီးပါတယ်။ တီးတဲ့သူနဲ့ အနီးဆုံးကြိုးက ၄ ပေါက် အောက်သံ (အသံနိမ့်)၊ အလည်ကြိုးက ၁ ပေါက်သံမှန်၊ နောက်ဆုံးကြိုးက သံစဉ်တခုမြင့်တဲ့ ၄ ပေါက်သံထားပြီး တီးကြပါတယ်။ ၅ ပေါက်၊ ၁ ပေါက်သံမှန်၊ ၅ ပေါက် ညှိပြီး တီးတာလည်းရှိကြောင်း မှတ်သားရပါတယ်။

စောင်းဆရာကြီး ဒေဝဣန္ဒာ မောင်မောင်ကြီးက စောင်းကို စပြီးမတီးခင် မိကျောင်းအတီးမှာလည်း ထူးချွန်သူတဦးပါ။ မင်းတုန်းမင်းကြီး လက်ထက် ရှေ့တော်ပြေးတီးဝိုင်းမှာ စောင်းဆရာကြီး မောင်မောင်သိုက် စောင်းတီးနေစဉ်က မောင်မောင်ကြီးက မိကျောင်း တီးပါတယ်။ နောက်တော့ မောင်မောင်ကြီးက စောင်းကို ပြောင်းတီးပါတယ်။

အာရှနိုင်ငံတွေက မိကျောင်းဆင်တူ တူရိယာများ
ကြိုးတပ်တူရိယာ Guzheng (တရုတ်ပြည်)
မိကျောင်းတူရိယာက ကြိုးသုံးချောင်းနဲ့ ကြိုးညှိတဲ့ သော့သီး ဒလက်တွေ

သီပေါမင်းလက်ထက်ရောက်တော့ ဒေဝဣန္ဒာဘွွဲ့ ရပါတယ်။ သီပေါမင်းရဲ့ ရှေ့တော်ပြေးတီးဝိုင်းမှာ ဒေဝဣန္ဒာ မောင်မောင်ကြီးက စောင်၊ ကွမ်းဖိုးထိန်း ဦးမှိုက တယောတီးကြပါတယ်။ ဒေဝဣန္ဒာ မောင်မောင်ကြီးက မိကျောင်းအတီးကနေ စောင်းကိုပြောင်းတီးသူဆိုတော့ စောင်းတီးတဲ့အခါ လက်ညှိုးတီးချက်တွေ သိပ်ကောင်းပါသတဲ့။နေမျိုးဗလကျော်သူဘွဲ့ရ ရွာစားကြီး စိန်ဗေဒါက မိကျောင်းတီးနည်းပညာကို မိခင် ဒေါ်မမလေးနဲ့ အမ ဒေါ်သီတို့ဆီက ဆက်ခံတယ်လို့ ဆိုပါတယ်။

ရတနာဂီရိရောက်နေတဲ့ သီပေါမင်းရဲ့ သမီးတော်တွေ နားထွင်းမင်္ဂလာပွဲကို စောင်းဆရာကြီး ဒေဝဣန္ဒာ မောင်မောင်ကြီးနဲ့ ရွာစားကြီး စိန်ဗေဒါတို့အဖွဲ့က ခရစ်နှစ် ၁၉၁၁ အတွင်းမှာ သွားရောက် ဖျော်ဖြေခဲ့ကြတယ်။ ရတနာဂီရိမှာ စောင်းဆရာကြီး ဒေဝဣန္ဒာ မောင်မောင် ကြီး တီးတဲ့ စောင်းလက်သံရဲ့ ဖမ်းစားမှုကို ခံရပြီးကတည်းက ရွာစားကြီး စိန်ဗေဒါလည်း စောင်းပညာကို အိတ်သွန်ဖာမှောက် “ကကြီး” ကနေ “အ” အထိဆိုသလို ဒေဝဣန္ဒာ မောင်မောင်ကြီးထံမှာ တပည့်ခံပြီး သင်ကြားခဲ့တယ်။

ဒေဝဣန္ဒာ မောင်မောင်ကြီး (မြန်မာ သက္ကရာဇ် ၁၂၁၆-၁၂၉၁)

ဒေဝဣန္ဒာ မောင်မောင်ကြီးဆီက မိကျောင်းတီး နည်းပညာကိုပါ ထပ်လောင်းရရှိခဲ့ပါတယ်။စောင်းပညာကို ပိုင်ပိုင်နိုင်နိုင် တတ်ကျွမ်းလာတဲ့အခါမှာ ရွာစားကြီး စိန်ဗေဒါက တပည့်တွေကို ဆိုင်းပညာရော၊ စောင်းပညာပါ သင်ကြားပေး ခဲ့တယ်။ လက်သင်တပည့်တွေ စောင်းတီးကြတဲ့အခါ ရွာစားကြီး စိန်ဗေဒါက အဲ့ဒီတီးလုံး တီးကွက်တွေကို မိကျောင်းနဲ့ လိုက်လို့ ထိန်းကျောင်း ပြီး တီးပေးလေ့ရှိပါတယ်။

နေမျိုးဗလကျော်သူ ရွာစားကြီး စိန်ဗေဒါ (မြန်မာ သက္ကရာဇ် ၁၂၄၄-၁၃ဝ၄)

အဲဒီအချက်ကို ထောက်ထားရရင် မိကျောင်းတူရိယာရဲ့ တီးကွက်တွေက ပြည်တော်ပြန်၊ ပုလဲ၊ အောက်ပြန်၊ ညှင်းလုံး၊ မြင်စိုင်း၊ ဒူရက၊ ခြောက်သွယ်ညွှန့် စတဲ့ အသံစဉ်အမျိုးစုံနဲ့တီးတဲ့ စောင်းတီးကွက်တွေကို မယှဉ်ပြိုင်နိုင်ရင်တောင်မှ အနီးစပ်ဆုံးရောက်အောင်တော့ ထပ်ချပ်ကပ်ပြီး လိုက်နိုင်တယ်လို့ ဆိုရပါလိမ့်မယ်။

မြန်မာ့ပန်တျာကျောင်း၊ ဂီတသင်တန်းက စောင်းနဲ့ မိကျောင်း

“မှုတ်တီး ငြင်း စောင်း ၊ ရွှေနင်းနောင်းနှင့် မိကျောင်း ပြိုင်ဆော် ၊ ပြည်တော်ပုလဲ ၊ အောက်ပြန် နွှဲလျက်”

ရန်ဝင်း (တောင်တံခါး)

နိုဝင်ဘာ ၁၀၊ ၁၁

ဖလိကဝိမာန၊ နေမိ ဘုံခန်းပျို့ ၊ ရှင်အဂ္ဂသမာဓိ

(မြန်မာသက္ကရာဇ် ၈၄၁ – ၉၁၄)

အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း

(၁) နေမိ ဘုံခန်းပျို့၊ ရှင်အဂ္ဂသမာဓိ၊ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာအဖွဲ့ပုံနှိပ်တိုက် – ၁၉၇၁

(၂) မဟာဂီတ ပ၊ ဒု၊ တ -တွဲ ပေါင်းချုပ်၊ နိုင်ငံတော်မူ၊ ပဥ္စမအကြိမ်၊ ဒီဇင်ဘာလ၊ – ၁၉၉၇

(၃) ဂီတဝိသောဓနီကျမ်း၊ မောင်မောင်လတ်၊ ဆဌမအကြိမ် ပုံနှိပ်၊ မေလ ၁၉၉၄

(၄) မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း – က၊ အတွဲ – ၉၊ ၁၉၆၄

(၅) ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ မေလ – ၁၉၆၄

(၆) မြန်မာ့မဟာဂီတ၊ လူထုဒေါ်အမာ၊ ဇွန်လ – ၁၉၉၄

(၇) nmmusd

(၈) wikipedia

Likes:
0 0
Views:
597
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *