ဖူးခဲ့ရသော ဒဏ္ဍာရီထဲမှသီလရှင်ဆရာကြီး သမီးချစ် (ခေါ်) ဒေါ်သုဓမ္မ၀တီ

ဖူးခဲ့ရသော ဒဏ္ဍာရီထဲမှသီလရှင်ဆရာကြီး သမီးချစ် (ခေါ်) ဒေါ်သုဓမ္မ၀တီ

သရ၀ဏ်(ပြည်) သူ့ဘ၀က ဒဏ္ဍာရီဆန်သည် ။ မယုံနိုင်စရာပုံပြင်တစ်ပုဒ်ပမာဖြစ်သည် ။အချိန်မှာ ၁၉၅၁ ခုနှစ်ခန့်ဖြစ်သည် ။ သူသည်နီပေါနိုင်ငံမှ ဂဏေသ ကုမာရီ ဟုအမည်ရသည့််ကောင်မလေးဖြစ်သည် ။ သူသည် အသက် ၁၂ နှစ်အရွယ်မှာပဲ ထေရဝါဒဗုဒ္စဘာသာ၀င်တစ်ယောက်ဖြစ်လာသည် ။ သူ့အသက်ဆယ့်လေးနှစ်ပြည့်ပြီးသောတစ်နေ့တွင် နီပေါနိုင်ငံ လာလိပူရ(ခေါ်)ပါတန်အရပ်သို့ရောက်ရှိလာသော မြန်မာဗုဒ္စဘာသာ ဘုန်းတော်ကြီး ဦးဓမ္မာဝုဓ ၏နိဗ္ဖာန်ရောက်ကြောင်းတရားတော်ကိုနာယူရရာမှ ဗုဒ္စစာပေသင်ကြားလိုသောစိတ်မှာ အလွန်ပြင်းထန်လာခဲ့သည် ။

အဆင်းရဲတကာ့အဆင်းရဲဆုံးတွင် ဗုဒ္စဘာသာကျမ်းဂန်စာပေများကိုသင်ကြားချင်ပါလျက်သင်ကြားခွင့်မရသော အဖြစ်သည် အဆင်းရဲဆုံးဖြစ်ပါသည်ဟု ဘုန်းတော်ကြီးကိုလျှောက်ထားလိုက်သည် ။ မြန်မာဘုန်းကြီးက ဂဏေသအားသနားသွားပြီး ပါဋ္ဌိစာပေများ ၊ ဗုဒ္စစာပေများသုံးလခန့်သင်ကြားပေးသည် ။ သို့သော် ဘုန်းတော်ကြီးဓမ္မာဝုဓမှာ နီပေါနိုင်ငံတွင်ထို့ထက်ကြာကြာမနေနိုင် ၊ အိန္ဒိယသို့ပြန်ကြွရမည် ။

ထိုမှတစ်ဖန် မြန်မာနိုင်ငံ သို့ပြန်ကြွရမည်ဖြစ်သည် ။ထိုအကြောင်းကိုတပည့်ဖြစ်သူအားပြောပြကာ “ အကယ်၍ ဗုဒ္စစာပေသင်ကြားမှုကို တကယ်တန်း ပေါက်ရောက်စွာ အားထုတ်လိုပါက ငါတို့မြန်မာနိုင်ငံသို့ပို့ပေးနိုင်ကြောင်း ၊ မြန်မာနိုင်ငံတွင် မိန်းကလေးများအတွက် ဗုဒ္စစာပေ ပေါက်ရောက်စွာသင်ကြားပေးနေသော သီလရှင်ကျောင်းတိုက် ကြီးများရှိကြောင်း “ ဟုပြောပြပြီး ကြွလာခဲ့ရင်းဖြစ်သော အိန္ဒိယပြည် ကုသိနာရုံသို့ပြန်လည်ထွက်ခွာသွားပေသည် ။

ထိုအချိန်မှစကာ ဂဏေသကုမာရီသည် မြန်မာပြည်သို့သွား၍ ဗုဒ္စစာပေများသင်ကြားခွင့်ပြုဖို့ကို မိဘများအား တစာစာနှင့်တောင်းဆိုတော့သည် ။ သူ့မိခင်က ပြီးပြီးရောသဘောနှင့် အဖော်ပါပါက လွှတ်မည်ဟုပြောလိုက်ရာ ဂဏေသသည် သူ၏အခင်ဆုံးသူငယ်ချင်ချင်းနှစ်ဦးဖြစ်သည့် မနောဟရဒေဝီ နှင့် သုဘလက္ချမီ တို့ညီအစ်မအား သွားရောက်အဖော်စပ်လေသည် ။ထိုညီအစ်မကလည်း ဗုဒ္စစာပေများကိုသင်ယူလိုစိတ်ပြင်းထန်ကြသူများဖြစ်ရာ သူမနှင့်အတူ မြန်မာပြည်သို့သွား၍ ထေရဝါဒဗုဒ္စစာပေများသင်ကြားဖို့ကို သဘောတူကြလေသည် ။

သူ့သမီးတကယ်စိတ်ပါနေမှန်းသိသွားသောမိခင်ကြီးသည် သမီးဖြစ်သူ၏ စိတ်ဓာတ်ခိုင်မာပြတ်သားမှုကိုသိပြီးဖြစ်သောကြောင့် မြန်မာပြည်သွားမည့်ကိစ္စကိုမတားဆီးတော့ချေ ။သို့သော် ခင်ပွန်းဖြစ်သူအားပြောပြရာ ဂဏေသလေး၏ဖခင်ဖြစ်သူ သီရိမန်ဟရသမာန ခါးခါးသီးသီးဆန့်ကျင်ကန့်ကွက်သည် ။ ယခုငယ်သေးသည်ကြီးလာမှသွားဟု သောင်မတင်ရေမကျပြောသည် ။ ထိုအဖြစ်ကို ဂဏေသ က လက်မခံ ။မရေရာတာကိုထိုင်မစောင့်ချင် ။ သူ့အဖေမသိအောင်ခိုးသွားဖို့ကြံသည် ။

မအေဖြစ်သူကလည်း သူ့သမီးအလွန်စိတ်အားထက်သန်နေမှန်းသိ၍ကူညီသည် ။ ထို့ကြောင့်မိခင်အရင်းဖြစ်သူ သည် ဘုန်းတော်ကြီးထံသို့သမီးကိုအပ်နှံပါကြောင်း သမီးကိုစောင့်ရှောက်လိုက်ပါ သမီးသင်ချင်သော ဗုဒ္စစာပေသင်ကြားခွင့်ရအောင်ကူညီပါဟူသောစာတစ်စောင်ကို မြန်မာဘုန်းတော်ကြီးဦးဓမ္မာဝုဓ ထံသို့လိပ်မူပြီး စာရေးပေးလိုက်သည် ။ သားအငယ်ဖြစ်သူကိုဦးဆောင်စေလျက် သမီးနှင့်မိန်းကလေးသူငယ်ချင်းနှစ်ယောက် စုစုပေါင်းမိန်းကလေးသုံးယောက်တို့အတူ မိုးတွေရွာနေသောတစ်နေ့ နံနက်စောစောတွင် အိမ်မှ တိတ်တိတ်လေးထွက်ခွာစေတော့သည် ။

(အကျယ်သိလိုလျှင် ရဝေထွန်းရေးသော သမီးချစ်ဟူသောစာအုပ်တွင်ဖတ်ရှုပါ) ။ သူ့ကို သူ့ဖခင်နှင့်မိခင်တို့ချစ်လွန်းသဖြင့် နာမည်ပင်မခေါ်ပဲ သမီးချစ်ဟုသာခေါ်ခဲ့ကြသည် ။ သို့သော် ဗုဒ္စစာပေကိုသင်ကြားလိုသောစိတ်ထက်သန်လွန်းလှသဖြင့် အိမ်မှတိတ်တိတ်ထွက်လာခြင်းဖြစ်သည် ။

သူတို့ ဦးတည်ရာကား မြန်မာဘုန်းတော်ကြီးခေတ္တသီတင်းသုံးနေသည့် အိန္ဒိယနိုင်ငံ ကုသိနာရုံဖြစ်သည် ။ ဘုန်းတော်ကြီးကိုတွေ့သည် ။ဘုန်းတော်ကြီးကို သူ့မိခင်ကအပ်လိုက်သောစာများပြသည် ။ မိန်းကလေးသုံးယောက် မမြင်ဖူးမရောက်ဖူးသောနိုင်ငံသို့သွားဖို့စွန့်စားခဲ့ပြီ ။ အိန္ဒိယနိုင်ငံမှာ သူတို့အတွက်နိုင်ငံကူးလက်မှတ် ပါတ်စပို့ရဖို့ဘုန်းတော်ကြီးဓမ္မာဝုဓ အပြင်းအထန်ကြိုးစားသည် ။သို့သော် ကောင်မလေးသုံးယောက်မှာ အသက်မပြည့်သေးသဖြင့် ပါတ်စပို့လုပ်လို့မရ ။

ဤသို့ဖြင့် ကုသိနာရုံတွင်ခုနစ်လကြာမြင့်သွားသည် ။ သူတို့သုံးဦးလည်းအိမ်မှလိုက်ခေါ်မှာစိုးသဖြင့် သီလရှင်၀တ်နေကြသည် ။ထင်သည့်အတိုင်းတစ်နေ့တွင် နီပေါမှ လူများလိုက်လာကြသည် ။ သူငယ်ချင်းညီအစ်မ ( မနောဟရဒေဝီ နှင့် သုဘလက္ချမီ) အား သူ့မိခင်ကလာရောက်ခေါ်ဆောင်သည် ။

ဂဏေသအားလည်း သူ၏ဖခင်ဖြစ်သူကိုယ်စား ဖခင်၏ မိတ်ဆွေကလာရောက်ခေါ်ငင်သည် ။ မလွဲမရှောင်သာသောအခြေအနေကိုရောက်လာသဖြင့် သူငယ်ချင်းဖြစ်သူ ညီအစ်မနှစ်ဦးမှာ နီပေါသို့ပြန်လိုက်သွားရသည် ။ ဂဏေသကတော့ ဒီအခြေရောက်မှလုံးဝြပန်မလိုက်နိုင်ကြောင်းပြောကာ သူ့မိဘနှစ်ပါးထံသို့ပြန်မလိုက်လိုကြောင်း ကာလကတ္တားသို့ထွက်သွားပြီဖြစ်ကြောင်း၊ထိုမှ မြန်မာပြည်သွားဖို့ကြံမည်ဖြစ်ကြောင်း စာရေးအကြောင်းပြန်လိုက်သည် ။

ထို့နောက် မြန်မာဘုန်းတော်ကြီးနှင့်ကာလကတ္တားသို့သွားသည် ။သူ့သမီးပြန်လိုက်မလာကြောင်းသိရသော ဖခင်ကြီး သည် သားအကြီးကိုစေလွှတ်ပြီးကာလကတ္တားကိုလိုက်စေသည် ။ ညီမဖြစ်သူ ဂဏေသကိုတွေ့လျှင်မရမနေပါအောင်ပြန်ခေါ်လာဖို့ပြောသည် ။သားကြီးကဖခင်စေခိုင်းသည့်အတိုင်းလိုက်သည် ။

ဂဏေသအတွက် ကာလကတ္တားတွင်လည်း ပါတ်စပို့လုပ်ရသည်မှာမလွယ်ပါ ။တစ်နေ့တွင် ပန်ချာပီနှစ်ဦးသည် ကာလကတ္တားမှအာသံသို့ ရထားဖြင့် ထိုမှတဆင့်အာသံမှ မြန်မာနိုင်ငံသို့ ခြေလျှင်ခရီးဖြင့်သွားရန်ကြံစည်နေကြသည်ကို ဂဏေသ ကြားခဲ့ရသည် ။ထို့ကြောင့် သူ့ကိုမြန်မာနိုင်ငံသို့တရား၀င်ပို့မပေးနိုင်လျှင် ပန်ချာပီကုန်သယ်နှစ်ယောက်နှင့်အတူ မြန်မာပြည်သို့လိုက်သွားတော့မည်ဖြစ်ကြောင်း ဂဏေသလေးက ဘုန်းတော်ကြီးဓမ္မာဝုဓ ကိုပြောလေသည် ။ ဘုန်းတော်ကြီးကအသည်းအသန်ကန့်ကွက်သည် ။

မိန်းကလေးတစ်ယောက်အနေဖြင့် တစိမ်းယောက်ျားလေးနှစ်ယောက်နှင့် တောကြီးတောင်ကြီးခရီးကြမ်းကိုလိုက်မသွားသင့်ကြောင်းပြောပြသည် ။ ပြော၍မရ ။ဖြစ်ချင်ရာဖြစ် ၊ မြန်မာပြည်ရောက်ဖို့ဆိုလျှင် ဘယ်လိုနည်းနဲ့ပဲသွားရသွားရဟု သူကအကြောင်းပြန်သည် ။ ထိုအခါ ဂဏေသ၏ဇွဲကို လက်ဖျားခါသော ဘုန်းတော်ကြီးက ဒါဆိုလျှင် သူကိုယ်တိုင် အာသံပြည်နယ်ကိုဖြတ်၍ တောလမ်းကခြေလျှင်သွားရသောခရီးကိုလိုက်ပို့ပါမည်ဟု အာမခံလိုက်သည်။ ။တကယ်တော့ဘုန်းဘုန်းလည်းထိုခရီးထိုအရင်ကမသွားဖူးချေ ။

ဤသို့ဖြင့် သူတို့နှစ်ယောက်၏စွန့်စားခန်းစတင်သည် သူတော်ကောင်းကိုနတ်ကောင်းမသည်ဟုပြောရမည်လားမသိ ။ သူ့ကိုလာရှာသော အစ်ကိုဖြစ်သူနှင့်တေ့လွဲကလေးတွေလွဲရသည့်အပြင် ၊ မြန်မာပြည်မှလာ၍ မြန်မာပြည်သို့ပြန်မည်ဖြစ်သော ရှမ်းလူမျိုး ဆင်မုဆိုးတစ်သိုက်နှင့်လည်းလမ်းကြုံသဖြင့် ဆင်မုဆိုးများနှင့်အဖော်ပြုကာ အိန္ဒိယနိုင်ငံအာသံပြည်နယ်မှ မြန်မာပြည်သို့ တောအထပ်ထပ်တောင်အသွယ်သွယ် ကျားမကြောက် ဆင်မကြောက် မြွေမကြောက် ဘေးအန္တရာယ်အသွယ်သွယ်ကိုဖြတ်ကျော်ကာ ဆယ့်ငါးရက်ခန့် လမ်းလျှောက်ခဲ့ရလေသည် ။

လမ်းတွင်သူနှင့်ဆရာတော်ကို ဆင်မုဆိုးရှမ်းတိုင်းရင်းသားများက ဆွမ်းမှအစ အဘက်ဘက်မှစောင့်ရှောက်ခေါ်ငင်ခဲ့ပေသည် ။နောက်ဆုံးတွင်သူတို့သည် မြန်မာနိုင်ငံမြစ်ကြီးနားမြို့သို့ရောက်ခဲ့၏ ။ မြန်မာပြည်သို့ရောက်ပါမှ အထောက်အထားမပါပဲနိုင်ငံတွင်းသို့၀င်ရောက်မှုဖြင့်မြန်မာလူ၀င်မှုကြီးကြပ်ရေးက ကောင်မလေးအားဖမ်းထားတော့သည် ။ ထိုစဉ်ကသူ့အသက်မှာ ၁၄ နှစ်သာသာခန့်ဖြစ်သည် ။ မြစ်ကြီးနားတွင် နှစ်လခွဲခန့်အဖမ်းခံနေရ၏ ။

ဘုန်းတော်ကြီးက ကြား၀င်ညှိနှိုင်းပေးသော်လည်းမရပေ ။ဘုန်းတော်ကြီးပင်အရွယ်မရောက်သေးသူမိန်းကလေးကိုခေါ်ဆောင်လာမှုဖြင့် မြစ်ကြီးနားမှဂေါ်ရခါးများကတရားစွဲသည်ကိုရင်ဆိုင်ရသည် ။ သူ့မိခင်ထံမှ အပ်နှံလိုက်သောစာကိုထုတ်ပြနိုင်၍ ဘုန်းကြီးမှာ အမှုမှကင်းလွတ်သွားသည် ။ နီပေါမလေးအမှုကတော့မပြီးသေး။ နောက်ဆုံးတွင်သူ့အမှုကို ရန်ကုန်သို့လွှဲလိုက်၏ ။ ရန်ကုန်ဘားလမ်းအချုပ်ခန်းတွင် ဘုမသိဘမသိနှင့် တစ်ညအချုပ်ခံရသေးသည် ။

နောက်တော့ စာရင်းစစ်မင်းကြီးဦးစံလွင်နှင့် မင်းကြီးကတော်တို့ကောင်းမှုဖြင့် အချုပ်အနှောင်မှလွတ်သွားသည် ။ မော်လမြိုင်မြို့ ကျိုက်သလ္လန်စေတီတော်ကြီးအနီး ခေမာရာမသီလရှင်ကျောင်းတိုက်ကြီးဆီသို့ ဂဏေသဆိုသောနီပေါမကလေးရောက်သွားသည် ။ သူ့နာမည်လည်း မသုဓမ္မ၀တီဖြစ်သွားသည် ။

မနီပေါဟုလည်း ခင်မင်သူတွေကခေါ်ကြသည် ။ သူအလွန်လေ့လာချင်သောဗုဒ္စစာပေများကိုလည်းအဆင့်မြင့်မြင့်လေ့လာလိုက်သည်မှာ စာမေးပွဲများအဆင့်ဆင့်အောင်၍ ၁၉၆၂ ဒီဇင်ဘာလ ၂ ရက် (၁၃၂၄ နတ်တော်လဆန်း ၆ ရက်နေ့ ) သူ့အသက် ၂၅ နှစ်တွင်” သာသနဓဇ ဓမ္မာစရိယ “ ဘွဲ့ကိုရရှိခဲ့သည်အထိ သာသနာရေးတွင်ထူးချွန်ပေါက်မြောက်ခဲ့သည် ။

ရန်ကုန်မြို့ကမ္ဘာအေးကုန်းမြေ ၊ မဟာပါသာဏ လိုဏ်ဂူတော်ကြီးတွင် ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံ၊တော်လှန်ရေးအစိုးရ ပါဋ္ဌိတက္ကသိုလ်ဗဟိုအဖွဲ့မှကြီးမှူးကျင်းပသော ပါဋ္ဌိတက္ကသိုလ်စာချတန်းစာမေးပွဲ ဘွဲ့နှင်းသဘင်မှ ထိုဘွဲ့ကိုဆက်ကပ်ခဲ့ခြင်းဖြစ်သည် ။ ဤသည်ကား ဂဏေသကုမာရီ (ခေါ်) သမီးချစ်(ခေါ်) မသုဓမ္မ၀တီ ၏ဘ၀ဇာတ်ကြောင်းအကျဉ်းချုပ်ပေတည်း ။သူသည်အသက် ၁၄ နှစ်သာသာ ၁၅ နှစ်ထဲသို့၀င်စတွင်မြန်မာနိုင်ငံသို့ရောက်လာခဲ့သည် ။

မြန်မာနိုင်ငံတွင် ဆယ့်လေးနှစ်ခန့်နေထိုင်ကာ ဗုဒ္စစာပေများသင်ကြားတတ်မြောက်ပြီး အသက် ၂၈ နှစ်တွင်မိခင် နီပေါနိုင်ငံသို့ပြန်သွားကာ ထေရဝါဒဗုဒ္စသာသနာထွန်းကားပြန့်ပွားရေးအတွက် သီလရှင်စာသင်တိုက်များထူထောင်ကာ သာသနာပြုလုပ်ငန်းများလုပ်နေပါသည် ။ငယ်စဉ်က မြန်မာပြည်သွားဖို့ ခွင့်တောင်းစဉ်ခါးခါးသီးသီးငြင်းပယ်ခဲ့သောဖခင်ဖြစ်သူကပင် ယခုအခါ သူ့သမီးသီတင်းသုံးရန်သီလရှင်ကျောင်းမြေနေရာကို ခတ္တမန္ဒူမြို့လည်အရပ်၌ ၀ယ်ယူလှူဒါန်းခဲ့ပေသည် ။

ထိုသီလရှင်ဆရာကြီးအကြောင်းကိုကြားဖူးခဲ့သည်မှာကြာချေပြီ ။ထိုအဖြစ်အပျက်များမှာ ဒဏ္ဍာရီပုံပြင်တပုဒ်လိုယုံတမ်းစကားတခုလိုဖြစ်နေပါသည် ။ ထိုမယ်သီလရှင်မှာလည်းယခုလောက်ဆိုလျှင်လောကကြီး၀ယ် ရှိလောက်တော့မှာမဟုတ်ဘူးဟု ယူဆခဲ့ပါသည် ။စာရေးသူ နီပေါနိုင်ငံသို့ရောက်ခဲ့စဉ် ကံစွတ်ကံငြားသဘောဖြင့် ထိုသီလရှင် ဆရာမကြီး ရှိသေးလားဟု နီပေါမြန်မာချစ်ကြည်ရေးအသင်း၀င်များကိုစုံစမ်းကြည့်မိသည် ။

ထိုအခါ ၀မ်းမြောက်ဖွယ်သိလာရသည်မှာ ထိုသီလရှင်ဆ၇ာမကြီးသည် နီပေါ မြို့တော် ခတ္တမန္ဒူ တွင် သီလရှင်စာသင်တိုက်တည်ထောင်ကာ စာပေပရိယတ္တိများပို့ချလျှက် ယခုထက်တိုင် သက်ရှိထင်ရှားရှိနေသေးပါကြောင်း။သွားရောက်ဖူးမျှော်လိုလျှင် လိုက်ပို့ပေးမည်ဖြစ်ကြောင်း ၊သီလရှင်ဆရာမကြီးမှာ မြန်မာပြည်မှဧည့်သယ်များလာရောက်လျှင်အလွန်တွေ့ဆုံလိုကြောင်း ပြောပြကြပါသည် ။ ထို့နောက်ကျွန်တော်၏မိတ်ဆွေများဖြစ်သော ရာဒေ့ဗ်ဂူတန် ၊ နီပေါမြန်မာချစ်ကြည်ရေးအသင်း ဥက္ကဌ မစ္စတာရှန်ကာ ( Shanker Gimire ) ၊ ဒုဥက္ကဌဖြစ်သူ ဒေဝိနြ္ဒာ တို့ကဖုန်းကြိုဆက်ပေးပြီး သီလရှင်ဆရာကြီးသတင်းသုံးသောကျောင်းတိုက် ဓမ္မကိတ္တိဝိဟာ ( DHAMMA KIRTI BIHAR ) သို့လိုက်ပါပို့ဆောင်ပေးကြပါသည် ။

ထိုနေ့မှာ ၂၀၁၇ မေလ ၃၁ ရက်နေ့ဖြစ်ပါသည် ။ ရက်စွဲကိုမှတ်မိနေခြင်းမှာ ထိုနေ့တွင်ကျွန်တော်သည် မနက်စောစော ဓမ္မကတ္တိဝိဟာ သို့မလာခင် ဧ၀ရက်တောင်ကို လေယာဉ်ဖြင့် လှည့်ပါတ်ကြည့်ရှုခဲ့ရသော Mountain Flight ကိုစီးခဲ့ရသောကြောင့်ဖြစ်သည် ။ မောင်တိန်ဖလိုက်စီးအပြီး ဟိုတယ်သို့ နံနက်စာပြန်စားကာ သီလရှင်ဆရာတော်ကြီးကျောင်းသို့ တဆက်တည်းထွက်လာခဲ့ခြင်းဖြစ်သည် ။ပုံပြင်လိုလို ဒဏ္ဍာရီလိုလို မယုံနိုင်ဖွယ်ဖြစ်ရပ်များကိုလုပ်ပြခဲ့သော စိတ်ကူးထဲမှ နီပေါသာသနာပြုအမျိုးသမီးကြီးကိုတွေ့ရလေပြီ ။

သူသည်သီလရှင်အ၀တ်ကိုပင်၀တ်ထားသည် ။ နီပေါသီလရှင်များ၀တ်လေ့ရှိသောအ၀တ်အစားမျိုးမဟုတ်မူပဲ မြန်မာနိုင်ငံမှ သီလရှင်များ၀တ်ပုံနေပုံအတိုင်းပင်အတိအကျ၀တ်ဆင်ထားပေရာ မြန်မာသီလရှင်ဆရာကြီးတပါးကိုဖူးတွေ့နေရသလိုပင်ရှိသည် ။ဆရာကြီးသည် သက်တော်ရှစ်ဆယ်ကျော်ပြီဖြစ်သည် ။ သို့သော် ကျန်းကျန်းမာမာစကားပြောနိုင်သေးသည် ။ သူနေထိုင်ရာ အလွန်ရိုးရှင်းသည့် ဘုရားခန်းထဲမှ ကုတင်ညောင်စောင်းပေါ်မှာထိုင်ပြီးစာရေးသူတို့ကိုလက်ခံစကားပြောသည် ။

ယခင်နှစ်များက ကင်ဆာရောဂါဖြစ်သလိုလိုယူဆခဲ့သော်လည်းတရားတန်ခိုးတော်ကြောင့်ယခုအခါ ကျန်းမာပျောက်ကင်းနေပြီဖြစ်ကြောင်းဆရာကြီးကစတင်မိန့်ကြားသည် ။ ကျွန်တော်တို့ကိုတွေ့ရသဖြင့်၀မ်းသာကြောင်း ထမင်းစားပြီးမှ ပြန်စေလိုကြောင်း မြန်မာဘာသာဖြင့်မိန့်ကြားသည် ။ သူမြန်မာစကားပြောသည်မှာ မြန်မာတယောက်လိုပင်ဖြစ်သည် ။ ဥပတိရုပ်မှာ အထူးအေးချမ်း၌တည်ကြည်ခန့်ညားသည် ။ဒေါ်အောင်ဆန်းစုကြည်နှင့် ခင်ပွန်းဖြစ်သူဒေါက်တာမိုက်ကယ်အဲရစ် နီပေါတွင်နေစဉ် သီလရှင်ဆရာကြီးနှင့်အထူးခင်မင်ကိုးကွယ်မှုရှိသည်ဟုသိရသည် ။ ကျွန်တော်က ခွင့်တောင်းကာ ဓာတ်ပုံရိုက်ပြီး ဗီဒီယိုလည်းရိုက်ထားလိုက်သည် ။

ကျွန်တော်နှင့်နီပေါသီလရှင်ဆရာကြီးဒေါ်သုဓမ္မ၀တီပြောကြားခဲ့သည့်စကားအချို့မှာအောက်ပါတိုင်းဖြစ်သည် ။ – ဒေါ်အောင်ဆန်းစုကြည်နဲ့ကျတော့ဘယ်လိုသိတာလဲဘုရား၊စပြီးတော့ • ဒေါ်အောင်ဆန်းစုကြည်က သူ့အမေက ဒေလီသံအမတ်ဖြစ်နေတယ် ။အဲဒိကနေပြီးတော့ ဒီ နီပေါကိုပါအုပ်ချုပ်တယ် (နီပေါနိုင်ငံဆိုင်ရာမြန်မာသံအမတ်အဖြစ်ပူးတွဲထမ်းဆောင်ခြင်းကိုဆိုလိုဟန်ရှိသည် ) ။ ဒေါ်ခင်ကြည်ကနီပေါကိုခနခနလာတယ် ။လာတော့ အဲဒိတုန်းက သူက ၊ဒေါ်အောင်ဆန်းစုကြည်က ဒါဂျီလင်မှာ ကျောင်းထားတာ ၊ ပြီးတော့အဲဒိကနေနောက်တော့ သူလဲ အိမ်ထောင်ကျသွားတယ် ။

ရပြီးတော့ ကလေးလေးတစ်ယောက်ရတယ် ။ကလေးသုံးလလောက်ရတော့ ဒီမှာ၊ သူ့ယောက်ကျားက တိဗက်ဘုန်းကြီးကျောင်းတွေလျှောက်သွားပြီးတော့ ပီအိပ်ခ်ျဒီဘွဲ့ လုပ်ဖို့ သွားတော့ အောင်ဆန်းစုကြည်နဲ့ကလေးကိုဒီမှာခနထားခဲ့တာ ။- သားအငယ်လား အရှင်ဘုရား • သားအကြီးပါ ။ သားအငယ်ကနောက်မှရတာ ။- နောက်တော့ရော ဆရာကြီး• နောက်တော့ သူ့အမေက မြန်မာပြည်ပြန်သွားတယ် ။ ကလေးနှစ်ယောက်ကိုရှင်ပြုချင်တယ်ဆိုတော့ သူတို့မြန်မာပြည်လိုက်သွားကြတယ် ။သားနှစ်ယောက်ကို ရှင်ပြုပေးတယ် ။သူ့ယောက်ကျား မိုက်ကယ်အဲရစ်ကို ပဉ္ဖင်းခံပေးတယ် ။

ပြီးတော့ ဒီကိုလာသေးတယ် ။ –

တယ်ဟုတ်ပါလား• နှစ်ခါ သုံးခါလာတယ် ။ နောက်တော့ ဗမာပြည်မှာ အချုပ်ကျတာပေါ့ ။- တင်ပါ့ ၊အကျယ်ချုပ်ကျတာကိုပြောတာထင်တယ် ။• ဟုတ်တယ် ။အကျယ်ချုပ်ကျနေတုန်းမှာ ဆရာကြီးကိုခေါ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကဆွမ်းကျွေးသေးတယ် ။ – အကျယ်ချုပ်ကျနေတဲ့အချိန်ဆိုတော့ သွားပြီးတော့ ဆွမ်းဘုန်းပေးလို့ရသလားဘုရား ၊သွားခွင့်ပြုသလားဘုရား အဲဒိတုန်းက• ဆွမ်းကပ်ခွင့်ပြုတယ် ။ဒါပေမယ့် ဆွမ်းစားနေတုန်း စုံထောက်တွေရော ၊ထောက်လှမ်းရေးတွေရော အကုန်အနားမှာထိုင်ပြီးကြည့်နေကြတယ် ။ – အရှင်ဘုရားတပါးတည်းလားဘုရား အဲဒိတုန်းက• တပါးတည်းမဟုတ်ဘူး ၊ နီပေါဆရာလေးတွေလေးငါးခြောက်ပါးပါတယ် ။ အဲဒိတုန်းက ဆရာကြီးက မြန်မာပြည်ကိုရောက်နေတာ ။

အဲဒိတုန်းက ဒေါ်အောင်ဆန်းစုကြည်ကဆွမ်းကပ်တာ ။-

အခုအကျယ်ချုပ်ကလွတ်ပြီးမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်နှစ်ခါတွေ့ပြီးပြီလဲ ဘုရား • တစ်ခါပဲတွေ့သေးတယ် ။ သူနီပေါကိုလာတုန်းက ဒီကျောင်းကိုလာတွေ့ပြီး ဖူးတာပေါ့ ။အဲဒိတုန်းက သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မဖြစ်သေးဘူး – သူအခုနိုင်ငံတော်ခေါင်းဆောင်ဖြစ်ပြီးမှ ဆရာကြီးနဲ့ တွေ့ဖြစ်သေးလားဘုရား• မတွေ့ဖြစ်ဘူး ။ သူလဲ မအားဘူး ။ ထို့နောက်ကျွန်တော်တို့သည်ရောက်တတ်ရာရာများကိုစကားဆက်ပြောကြပါသည် ။

အထူးသဖြင့် သူငယ်စဉ် အသက်ဆယ့်လေးနှစ်ခန့်က အာသံမှ မြစ်ကြီးနားသို့ခြေလျှင်ခရီးထွက်လာခဲ့သည့်စွန့်စားခန်းများကိုပြန်မေးကြည့်ဖြစ်ပါသည် ။ သူကအားလုံးကိုအသေးစိတ်မှတ်မိနေသည် ။ အထူးသဖြင့် သူ့ကို မြစ်ကြီးနားတွင်နှစ်လခွဲခန့်ဖမ်းဆီးချုပ်နှောင်ထားစဉ် ထောင်ထဲတွင်မထားပဲ ရဲအရာရှိကြီးတဦး၏အိမ်တွင်လိုက်နေရကြောင်း။နုနယ်သောမိန်းကလေးလည်းဖြစ် ၊ သီလရှင်လည်းဖြစ်သဖြင့် အချုပ်ခန်း၌ မထားပဲ ရဲအရာရှိကြီးက သူ့အိမ်တွင်ထားမည်ဟုဆုံးဖြတ်ခဲ့ကြောင်း ၊ ရဲအရာရှိကြီးတွင် မသုဓမ္မ၀တီ နှင့် ရွယ်တူသမီးတယောက်ရှိသဖြင့် အဆင်ပြေကြောင်း ။

နောက်တော့ ရန်ကုန်မြို့မှငွေစာရင်းမင်းကြီးဦးစံလွင် ၊ဇနီးဒေါ်အေးကြွယ်တို့ကူညီသဖြင့် အမှုပြီးသွားကာ သာသနာ့ဘောင်၀င်ခွင့်ရကြောင်း ဦးစံလွင် နှင့် ဒေါ်အေးကြွယ် တို့အလွန်ကူညီသဖြင့် မမေ့နိုင်ကြောင်း ပြန်ပြောင်းပြောပြပါသည် ။ ယခုအခါ ဂဏေသကုမာရီ(ခေါ်) ဒေါ်နီပေါ (ခေါ်) ဒေါ်သုဓမ္မ၀တီသည် နီပေါနိုင်ငံ ၊ ခတ္တမန္ဒူ နှင့် လုံမ္မိနီတို့တွင် သီလရှင်တိုက်ခွဲများတည်ထောင်ခြင်း ၊ ရန်ကုန်မြို့ မြောက်ဥက္ကလာ သုနန္ဒာလမ်းပေါ်တွင် နီပေါသီလရှင်စာသင်တိုက်ထူထောင်ခြင်းတို့ကို ပြုလုပ်ကာ ထေရဝါဒဗုဒ္စသာသနာ နီပေါနိုင်ငံတွင်ပြန်လည်ထွန်းလင်းရန် ဘ၀ကိုမြှုပ်နှံ၍လုပ်ဆောင်နေပါသည် ။

သူ့ဘ၀အတိတ်ဇာတ်လမ်းသည် ထူးခြားသလို သူ၏လက်ရှိမျက်မှောက်ဘ၀မှာလည်း အားကျစရာများဖြင့် ပြည့်နှက်နေပါသည် ။ထိုသီလရှင်ဆရာတော်ကြီးအား စာရေးသူ နီပေါမြေရောက်ခိုက်သက်ရှိထင်ရှားတွေ့မြင်ဖူးမျှော်ခဲ့ရခြင်းကို စောင့်ကြည့်ဂျာနယ်စာဖတ်ပရိသတ်များအားအတွေ့အကြုံမျှဝေလိုက်ရပါကြောင်း။

သရ၀ဏ်(ပြည်) စောင့်ကြည့် News Watch ဂျာနယ်၁၄.၇.၂၀၁၇သရဝဏ် ပြည်မှကူးယူဖော်ပြသည်

crdoriginalwriter

နော်ဂဲလယ်ထူး(စာပေပရဟိတ)

Likes:
0 0
Views:
487
Article Tags:
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *