လှေကျပ်တင်ခြင်း၏ လျို့ဝှက်ချက်

လှေကျပ်တင်ခြင်း၏ လျို့ဝှက်ချက်

မြန်မာအဘိဓာန်တွင် ကျပ်တင်ခြင်းကိုကျပ်တိုက်ခြင်း။ အမဲသား၊ ငါး စသည်တို့ကို မီးကျည်းဖြင့် ခြောက်သွေ့စေသည်။ မီးကျည်းကိုလည်း အပူရှိန်ပြင်းစွာ လောင်နေသော မီးခဲ ဟူ၍ ဖွင့်ဆိုထားပေရာ လှေကျပ်တင်ခြင်း ဆိုသည်မှာ “လှေတစ်စီးအား မီးဖြင့် အပူပေး ခြောက်သွေ့စေသည်”ဟု သိနိူင်ပေလိမ့်မည်။

သစ်လုံးကို လှေဝမ်းထွင်းပြီးနောက် မူလသစ်လုံးဗျက်ထက် ပိုမိုကျယ်ပြန့်စေရန်အောက်မှ မီးအပူပေး၍ ပြန့်ကားကျယ်ပြန့်လာစေရန် ဆောင်ရွက်ခြင်းကို လှေကျပ်တင်သည်ဟုလည်း ခေါ်စမှတ် ပြုကြလေ့ ရှိသည်။ တနင်္သာရီဒေသနှင့် ရခိုင်ဒေသတို့၌ သစ်လုံးထွင်းလှေ တည်ဆောက်ကြရာတွင် အသုံးပြုကြသော နည်းစနစ်တခု အဖြစ် မြင်တွေ့ရပေသည်။~

၁၆-ရာစုက ဂျွန်ဝှိုက်ဆိုသူ၏ ဆွဲပုံအရသစ်လုံးထွင်းလှေ ပြုလုပ်ရာတွင် မီးကို အသုံးပြုခဲ့ကြကြောင်း လူအတော်များများက သိရှိခဲ့ကြသည်။ (ပုံ) သို့သော် မီးကို လက်သမားလက်နက်ကိရိယာ မပြည့်စုံသေး၍သာ အသုံးပြုရခြင်း၊ သစ်သား၏ အကြော မာကြောရှုပ်ထွေးမှုများ တို့ကြောင့် အသုံးပြုခဲ့ကြရ ဟန် အချို့က ရေးသားခဲ့ကြ၏။

အနောက်နိူင်ငံမှ လှေဆောက်ပညာရှင်များရဲ့ ရုပ်သံမှတ်တမ်း၊ စာပေမှတ်တမ်းများတွင်မူ သစ်လုံးထွင်းလှေရဲ့ အစိုဓာတ် လျော့ချရန်၊ လှေဝမ်းထွင်းရာတွင်ချောမွေ့ရန်နှင့် အလေးချိန် နည်းပါးစေရန် လှေနံ၂ဘက်ကို ရွှံမံ၍ မီးကို ထိန်းညှိ လောင်ကျွမ်းစေကြသည်။ (ပုံ)~သစ်သားမှာ ရုန်းပြန်သတ္တိ (elastic) နှင့် ပျဥ်းတွဲသတ္တိ (plastic) ဟူ၍ ရှိကြလေသည်။

သစ်ပင်တွင် အမြစ်မှ ပေးပို့သော ရေများက အပင်ထိပ်ဖျားရှိ အင်္ဂါအစိတ်အပိုင်းများသို့ ပို့ဆောင်ပေးရာ သစ်ပင်ကို ခုတ်လှဲချိန်မှ စ၍ ပြတ်တောက် သွားခဲ့ရသည်။ သစ်သား၏ ဆဲလ်တခုတွင် ဆဲလ်အခေါင်း (cellcavity) နှင့် ဆဲလ်နံရံ (cell wall) ဟူ၍ ရှိရာ သစ်ပင်ရှင်သန်နေစဥ်၌ ယင်းတို့အထဲတွင် ရေများ အပြည့်ဝ (fully Saturated) ရှိနေကြသည်။ သစ်ပင်ခုတ်လှဲလိုက်ချိန်မှ စကာ သစ်သားဆဲလ်ခေါင်းအတွင်းမှရေများမှာ စတင်ပြီး အငွေ့ပျံထွက်ကုန်ကြတော့၏။

ထိုမှ ရေများကုန်လျင်ကျန်သစ်မျှင်များရှိရာ ဆဲလ်နံရံအတွင်းမှ ရေများထပ်မံ၍ အငွေ့ပျံကာ ထွက်ကြ​ရပြန်သည်။ ထို့ကြောင့် သစ်သားတွင် ကျုံ့ခြင်း (shrink) ဟူသော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု ဖြစ်ပေါ်ရသည်။~

အရာဝတ္ထုများကို မီးဖြင့်အပူပေးလျှင် (Thermal Expansion) အရ ပြန့်ကားဆန့်ထွက်လာကြသကဲ့သို့ သစ်သားကို မီးဖြင့်အပူပေးပါကလည်း သစ်သားအတွင်းရှိ ရေများ ခမ်းခြောက်လာကာ ကျုံ့ခြင်းနှင့်အတူ အပူကြောင့် ကျယ်ပြန့်ခြင်းကိုလည်း တပြိုင်တည်း ဖြစ်ပေါ်စေပါသည်။

ကျုံ့မှုမှာ အလျားလိုက်ထက် ကန့်လန့်ဖြတ် ကျုံ့မှုကို ပိုမိုသိသာစေပေသည်။ ယင်းကို နှစ်ကွင်းအပြိုင် ကျုံ့မှု၊ နှစ်ကွင်းနှင့် ထောင့်မတ်ကျ ကျုံ့မှု ဟုလည်း ပညာရပ်ဆိုင်ရာ သတ်မှတ် ခေါ်ဆိုကြသည်။ ဤ​သို့ သစ်သား၏ ရူပဖြစ်စဥ် ဆန့်ခြင်းနှင့် ကျုံ့ခြင်း ပြောင်းလဲမူကို မြန်မာဘိုးဘေးတို့က အမိအရဆုပ်ကိုင်ပြီး လှေကျပ်တင်မှုကို ဆောင်ရွက်ကာ လူအများက မယုံကြည်နိူင်လောက်ကြသော သစ်လုံးကြီးမှ သစ်သားကိုမီးပေး၍ ဆွဲဆန့် (ဖြန့်) ခဲ့နိူင်ကြခြင်းပင် ဖြစ်သည်။~​

ပြည်ပ အနောက်နိူင်ငံများမှ သစ်လုံးထွင်းလှေ တည်ဆောက်ကြရာတွင် သစ်သားအတွင်းရှိ ရေအစိုဓာတ်လျော့ချရန်၊ ပေါ့ပါးစေရန်အတွက်သာ မီး၏အပူရှိန်ကို ရယူအသုံးချလေ့ ရှိကြသော်လည်း ကျွန်ပ်တို့၏ ဘိုးဘွားများက သစ်ပင်၊ သစ်သားနှင့်ပတ်သက်သော၊

သစ်အင်္ဂါဖွဲ့စည်းပုံ (wood anatomy) အစိုဓာတ်ပါဝင်နှုန်း(moisture content) သစ်သား၏ သိပ်သည်းခြင်း (density) ရေချိန်သိပ်သည်ဆ(specific gravity) ကျုံ့မှု့ (shrinkage) ပုံသဏ္ဏာန်တည်မြဲမှု(dimensional stability) ပေါလောပေါ်နိယာမ၊

အာခီမိဒိနိယာမများ၊အပူကြောင့် အရာဝတ္ထုများ ပြန့်ကားထွက်လာမှုတို့အကြောင်း မသင်ကြား၊ မသိရှိခဲ့ကြသော်ငြား ရိုးရာဓလေ့၊ အစဥ်အလာ၊ အမှတ်သညာ တို့ဖြင့်သာ လက်ဆင့်ကမ်းသင်ကြား၍ အဆင့်တန်းမြင့်မားစွာ အသုံးချနိူင်မှုတွင် ရှေးမြန်မာတို့ရဲ့ သစ်လုံးထွင်းလှေကြီးများက ထင်ရှားသော သက်သေသာဓကများပင် ဖြစ်ပေတော့သည်။

မော်ကင်းဆလုံလူမျိုးတို့၏ လှေတည်ဆောက်မှုနှင့်လည်း အံ့သြဘွယ် တူညီလှပေသည်။~ရှေးမြန်မာမင်းများ လက်ထက်ကပင်အသုံးပြုခဲ့သော သစ်ပင် သင်းသတ်ခြင်းနည်းပညာမှာလည်း သစ်ပင်၏ အခွံအခေါက်သား၊အကာသားများသာမက အနှစ်သားပေါ်သည်အထိ

ခုတ်ထွင်ဖယ်ရှားလိုက်ခြင်းဖြင့်ခြောက်သွေ့ကာ သေဆုံးသွားစေခြင်းကလည်း ထိုသစ်ပင်၏ ဇိဝရုပ် ဖြစ်မှုပျက်မှု (wood photosynthesis) ကို ကျွန်ုပ်တို့ဘိုးဘေးများ အဘယ်မျှ သိရှိခဲ့ကြောင်းပြသခဲ့သည့်သက်သေတခုဟုပင် မှတ်ယူလောက်ပေသည်။~သစ်အခြောက်ခံမှုနည်းပညာ။ မြန်မာနိူင်ငံမှသစ်မျိုးများအကြောင်း သိကောင်းစရာ။

တချိန်တုန်းက မြန်မာ့ကျွန်းနှင့် သစ်ပင်သစ်သားဆိုင်ရာ စာအုပ်များနှင့် ထိုစာအုပ်များကိုရေးသားသူ ဆရာကြီးဦးဝင်းကြည်ပါမောက္ခချုပ် (ငြိမ်း) သစ်တောတက္ကသိုလ်။ကလောင်အမည်- ဝင်းချစ် အမျိုးသားစာပေဆုရှင်(၂၀၀၅)ထွန်းဖောင်ဒေးရှင်းစာပေဆု(၂၀၀၇)ထံမှ ဖတ်ကြားသင်ယူ မေးမြန်းခြင်းအပေါ်တွင် အခြေပြုကာ နှိုင်းယှဥ်တင်ပြ မျှဝေအပ်ပါသည်။

fb စာမျက်နှာနှင့်ဖတ်ရှုသူများရဲ့အချိန်ကိုငဲ့ကွက်၍ အကျဥ်းမှတ်စုအဖြစ်သာတင်ပြအပ်ပါသည်။♥

ချစ်မိတ်ဆွေစာရှုသူများ သင်ဆရာမြင်ဆရာကြားဆရာအပေါင်း စိတ်ချမ်းသာကိုယ်ကျန်းမာစေပါကြောင်း ဆုချွေတောင်းလျက်မောင်နိုင်(ဒဿနိက) PhotoCredit.

Likes:
0 0
Views:
587
Article Tags:
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *