စွယ်စုံရအနုပညာရှင်ကြီး တွံတေးသိန်းတန်

စွယ်စုံရအနုပညာရှင်ကြီး တွံတေးသိန်းတန်တွံ

တေးသိန်းတန်သည် မြန်မာနိုင်ငံသား အဆိုတော်၊ စာရေးဆရာ၊ တေးရေးဆရာ၊ ရုပ်ရှင် သရုပ်ဆောင်၊ ရုပ်ရှင် ဒါရိုက်တာ၊ ဇာတ်ဆရာတစ်ဦး ဖြစ်သည်။ သူသည် ပြည်သူ့အကျိုးကို သယ်ပိုးခဲ့သူဖြစ်သောကြောင့် ပြည်သူချစ်သော အနုပညာသမား တစ်ဦး ဖြစ်ခဲ့သည်။ ၎င်းပါဝင်သရုပ်ဆောင်ထားသော “ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်” ရုပ်ရှင်သည် လူကြိုက်များ ကျော်ကြားသော ရုပ်ရှင်တစ်ကားဖြစ်သည်။

တွံတေးသိန်းတန်ကို ရှမ်းနွယ်ဖွား မြန်မာသမားတော်ကြီး ဦးဖိုးဦးနှင့် ဒေါ်ညိုတို့မှ မြန်မာသက္ကရာဇ် ၁၃၀၃-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၇)ရက်၊ ခရစ်နှစ် ၁၉၄၁-ခု၊ စက်တင်ဘာလ (၂၆) ရက်၊ သောကြာနေ့တွင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ရှမ်းစုကြီးကျေးရွာ၌ မွေးဖွားခဲ့သည်။ မွေးချင်း ခြောက်ယောက်အနက် ပဉ္စမမြောက် ဖြစ်သည်။

မွေးချင်းများမှာ ကိုထွန်းရီ၊ မအုန်းကျင်၊ ကိုထွန်းအေး၊ မဝင်း၊ သိန်းတန်၊ မောင်ကြည်ငွေတို့ ဖြစ်သည်။ သောကြာသားဖြစ်သောကြောင့် နေ့သင့်နံသင့် မောင်သိန်းတန်ဟု အမည်ပေးခဲ့သည်။

ငယ်ဘဝ အရွယ်ရောက်လာသောအခါ ရှမ်းစုကြီးကျေးရွာ မူလတန်းကျောင်း( ဆရာကြီး ဦးချန်ထွန်းကျောင်း)တွင် တတိယတန်းအထိ ပညာသင်ယူခဲ့သည်။

စတုတ္ထတန်းမှ သတ္တမတန်းအထိ ရန်ကုန်မြို့၊ စမ်းချောင်း၊ ဟုမ်းလမ်း (ယခု ပန်းလှိုင်လမ်း) ရှိ အစ်ကိုကြီး ဆေးဆရာ ဦးထွန်းရီ၏ နေအိမ်တွင် နေထိုင်ပြီး ကျောင်းတက် ပညာသင်ယူခဲ့သည်။ ရန်ကုန်တွင် ခုနှစ်တန်းအထိနေပြီး ဟယ်ရီတန်အရေးအခင်းဖြစ်၍ ခုနှစ်တန်းစာမေးပွဲ အောင်ကာ ဇာတိမြေ ရှမ်းစုရွာသို့ ပြန်လာခဲ့သည်။

ထိုမှတဖန် တွံတေး အခြေခံပညာ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာ သင်ယူခဲ့ရာ ၁၉၅၉−ခုနှစ်တွင် နဝမတန်း စာမေးပွဲအောင်မြင်သည်။ တွံတေးသိန်းတန်သည် ငယ်စဉ်ကပင် ကဗျာရေးစပ် သီကုံးခြင်းနှင့် သီချင်းဆိုခြင်း၊ ဂီတကို ဝါသနာအထုံ ပါလာခဲ့၍ တွံတေးမယ်ဒလင် ဦးသန်းကြွယ်ထံတွင် တေးဂီတပညာကို သင်ယူသည်။

ဝန်ထမ်းဘဝ

နဝမတန်း အောင်မြင်ပြီးနောက် ရန်ကုန်မြို့၊ အစိုးရပုံနှိပ်နှင့် စာရေးကိရိယာဌာနတွင် ဝင်ရောက်လုပ်ကိုင်ပြီး ၁၉၆၁−ခုနှစ်တွင် မြန်မာ့အသံသို့ အငယ်တန်းစာရေးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။ ထိုမှ မြန်မာ့အသံ ဓာတ်ပြား၊ ပိဋကတ်တိုက်တွင် လက်ထောက်ပိဋကတ်တိုက်မှူး အဆင့်ထိ တိုးမြှင့်တာဝန်ထမ်းဆောင်ခဲ့သည်။

အနုပညာရှင်ဘဝတွံတေးသိန်းတန်သည် သီချင်းရေးသား သီဆိုခြင်း ဝါသနာအရ ဆရာဦးသန်းကြွယ်၊ တပ်မတော်(ရေ)မှ PO ဦးသန်းမြင့်၊ ဂီတာသိန်းစိုး၊ စန္ဒရားမောင်မောင်အေး၊ မောင်မောင်လေးတို့ထံမှ ဂီတပညာကို ဆည်းပူးခဲ့ပြီး ၁၉၅၆-ခုနှစ်တွင် မြန်မာ့အသံ ရေဒီယိုမှ တေးသီချင်း တစ်ပုဒ်စ၊ နှစ်ပုဒ်စ စတင်ထုတ်လွှင့်ခဲ့ရာ ၁၉၆၀-၆၁-ခုနှစ်က ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့သော မျက်ရည်စမ်းဖြင့် ခမ်းလေပြီ သီချင်းဖြင့် ဂီတနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။

ထွေးညို

၁၉၆၂−နှစ်တွင် ကိုယ်တိုင်ရေးစပ်သီကုံးကာ မြန်မာ့အသံမှ ထုတ်လွှင့်သော ထွေးညို သီချင်းဖြင့် မြန်မာနိုင်ငံ အနှံ့ ပျံ့နှံ့ကျော်ကြား လူသိများလာသည်။ “ထွေးညို”သည် တွံတေးသိန်းတန်၏ ရင်ထဲ အသည်းထဲမှလာသော သီချင်းတစ်ပုဒ်ဖြစ်ခဲ့ ရသည့်အကြောင်းရင်းနောက်ကွယ်တွင် အမှန် ပင် ရင်နင့်စရာဇာတ်လမ်းလည်း ရှိခဲ့သည်။

ငယ်စဉ်ဘဝကတည်းက အနုပညာကို ဝါသနာ ထုံခဲ့သော ကိုသိန်းတန်သည် လူငယ်၊ လူရွယ် ကာလက အခြားမည်သည့်အလုပ်ကိုမျှ လုပ်ကိုင်ခြင်းမရှိဘဲ အနုပညာသက်သက်ဖြင့်သာ ရှင်သန်နေထိုင်ခဲ့သည်။ ရပ်ထဲရွာထဲတွင် မယ်ဒလင်တစ်လက်ဖြင့် လှည့်လည် သီဆိုသွားလာ နေသော ကိုသိန်းတန်ကို တစ်ရွာလုံးက သတိထားမိကြသည်။

ထိုခေတ်ထိုအခါက အနုပညာသမားထက် အလုပ်အကိုင်သာခါးချိုး လုပ်ကိုင်သူများကိုသာ အထင်ကြီးလေ့ရှိကြချိန်ဖြစ်ရာ ကိုသိန်းတန်ဆိုလျှင် တစ်ရွာလုံးမှ သမီးရှင်များက မျက်နှာလွှဲ ထားကြပြီးဖြစ်သည်။ ထိုထိုအထဲတွင် ကိုသိန်းတန် ၏ ထွေးညိုမိဘများသည်လည်း ထိပ်ဆုံးက ပါဝင် ခဲ့သည်။ အနုပညာ လုပ်ကိုင်ရန် ရန်ကုန်သို့ တက်မလာမီ ကိုသိန်းတန်နှင့် ထွေးညိုတို့သည် အိုးဘိုရွာအထွက် ရှမ်းစုရွာအဝင် ကုက္ကိုပင်ကြီး အောက်တွင်ညနေစောင်းကာလများ၌ တွေ့ဆုံကြည်နူးကြသည်။

သို့သော် ထွေးညို၏ မိဘများက ကိုသိန်းတန် အနုပညာလောက၌ နာမည်ကြီးလာသည့်တိုင်အောင် အမြင်မကြည် သဘောမတူခဲ့သဖြင့် နှစ်ဦးသား ဝေးကွာခဲ့ကြ ရသည်။ ထွေးညိုသည် ကိုသိန်းတန်၏ နှလုံးသည်းပွတ်ဖြစ်သော်လည်း ပေါင်းဖက်ခွင့်ကား မရခဲ့။ ထိုဇာတ်လမ်းကို ယနေ့ထိတိုင် တွံတေး မြို့သူမြို့သားများ မှတ်မိနေကြဆဲ၊ ရင်နင့်နေကြဆဲပင် ဖြစ်သည်။

ထွေးညိုလေးရယ်“အဆွေးဆိုတာ ဖျောက်ဖျက်ပစ်ရမယ် ”ဟု သီချင်းသီဆိုခဲ့ သော ကိုသိန်းတန်ကြီးသည် ကိုယ်တိုင်မှာမူ အဆွေးကို ဖျောက်ဖျက်နိုင်ခဲ့စွမ်း ရှိ၊ မရှိ မည်သူ ကမျှ သိနိုင်လိမ့်မည် မဟုတ်ပေ။ အနုပညာ လောက၌ လျှမ်းလျှမ်းတောက် အောင်မြင်နေ ချိန်တွင် ကိုသိန်းတန်တစ်ယောက် တွံတေးသို့ တစ်ခေါက်ပြန်ရောက်ခဲ့သည်။

ယခုရောက်ခြင်း မှာ အလည်သက်သက်မဟုတ်၊ တွံတေးမြို့၌ ဖျော်ဖြေရန် ဇာတ်ငှားရာမှ အခြားနာမည်ကြီး အနုပညာရှင်များနှင့်အတူ ပြန်လာဖျော်ဖြေခြင်း ဖြစ်သည်။ အသက်အရွယ်အရလည်း (၄၀) ကျော်နေပေပြီ။ဇာတ်စင်မြင့်ထက်ဝယ် မြို့ပရိသတ်ကို အားပါးတရ ဖျော်ဖြေခဲ့ပြီး အပြန်ခရီးတွင် ထွေးညို ၏ နောက်ဆက်တွဲ “၄၀ကျော်အချစ်”သီချင်း ကို ဖွဲ့သီရေးသားသီဆိုခဲ့ပြန်သည်။“

မဆုံချင်တော့ရင်လည်း နေပါစေ ဒီတစ်သက် မတွေ့ချင်တော့ရင်လည်း နေပါ စေဒီဘဝအခုတော့ ဒီလိုမဟုတ်ပါဘဲ လေး ဆယ်ကျော် ငါးနှစ်အတွင်းမှ ပြန်ဆုံရတဲ့ ငယ်ချစ်ဦးရယ်သြော် –_တွေးမိရင် ငယ်ကအကြောင်းတွေက ပြန်ပြောင်းသတိရစရာပါကွယ်” စသည်ဖြင့် ကိုယ်တိုင် မဖျောက်ပစ်နိုင်သည့် ခံစားမှုကိုချစ်သူအားအမှတ်မထား ဖျောက်ဖျက်စေလိုသည်မှာထင်ရှားခဲ့ပြန်သည်။

သို့နှင့် ဓာတ်ပြားလောကတွင်ပန်းနွယ်ကစိမ်း၊ နှမလက်လျှော့နေလေတော့၊ မြသီတာအကြိုတော်ထောက်ပေမယ့်၊ အသီးတစ်ရာ အညှာတစ်ခု၊ မေတ္တာမီးအိမ်၊ ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်၊ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ မှုန်နံ့သာ ခြယ်ကာသပါလို့ စသည့်သီချင်းများနှင့် တေးသံရှင် အဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ သူ၏သီချင်းများသည် ကျေးလက်၏သဘာဝ အလှအပများနှင့် တောသူတောင်သားတို့၏ ခံစားမှုကို ကိုယ်စားပြုသည်က များသည်။

ရုပ်ရှင်ရိုက်ကူးခြင်း

ထွေးညိုသီချင်းကတွံတေးသိန်းတန်ကို နိုင်ငံကျော် ရုပ်ရှင်မင်းသားဘဝသို့ ပို့ဆောင်ပေးခဲ့သည်။ ၁၉၆၄-ခုနှစ်တွင် မြတ်ကဝိန်ရုပ်ရှင်မှ ဒါရိုက်တာဦးလှအောင်ရိုက်ကူးသော ထွေးညို ဇာတ်ကား၌ မင်းသမီး ခင်သန်းနု၊ သရုပ်ဆောင် ဌေးဝင်းတို့နှင့် အတူ ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့ရာ တေးသံရှင်သရုပ်ဆောင်အဖြစ် ထင်ရှားကျော်ကြားလာသည်။

ထို့နောက်ရုပ်ရှင်ဇာတ်ကားများဆက်လက်ရိုက်ကူးရန် မြန်မာ့အသံမှအလုပ်ထွက်ခဲ့ပြီး ချစ်သူပေးသောတေးတပုဒ်ဇာတ်ကားကို ဆက်လက် ရိုက် ကူးသည်။ တွံတေးသိန်းတန်သည် ရုပ်ရှင်ကုမ္ပဏီပေါင်းများစွာက ကမ်းလှမ်းရိုက်ကူးသော ဇာတ်ကားများတွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာ မြတ်လေး၊ ဝါဝါဝင်းရွှေနှင့် ချစ်သူပေးသော တေးတပုဒ်၊ ခင်သန်းနုနှင့် မေတ္တာဇာတ်လမ်း ဆုံရာဝယ်၊ ရှုမဝစမ်းစမ်းအေးနှင့် ပန်းနွယ်ကစိမ်း၊

ဇော်လွင်၊ ဝါဝါဝင်းရွှေတို့နှင့် အရွှေတို့ရွာ၊ တင်တင်ညိုနှင့် အညာသားလေး၊ ဒေစီကျော်ဝင်းနှင့် ပန်းကလေးများ မနွမ်းစေချင်၊ မြင့်မြင့်ခိုင်နှင့် မုန်းစရာကြီး၊ မဉ္စူသင်းနှင့် ချမ်းမြေ့သီတဂူ၊ စံရှားတင်နှင့် ချစ်ရက်ကယ်နှောင်း၊ ခင်သန်းနုနှင့် အသက်ကိုနှင်း၍၊ ကြည်ကြည်ဌေး၊ မေယုတို့နှင့် သတ္တိသွေးနှင့် တေးလုလင်၊ နှင်းဆီနှင့် နန်းကြာရိပ်မြိုင်၊ အပါအဝင် ရုပ်ရှင်ဇာတ်ကားပေါင်း (၆၇)ကား ရိုက်ကူးခဲ့သည်။

တွံတေးသိန်းတန်သည် ဝတ္တု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ်လည်း ရိုက်ကူးထုတ်လုပ်ခဲ့ရာ မင်းသမီး စန္ဒာနှင့် တွဲဖက်သရုပ်ဆောင်သည့် ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်နှင့် ချစ်မိတော့လည်း အရူးအမူး ဇာတ်ကားတို့မှာ ပရိသတ်၏ နှစ်ခြိုက်အားပေးခြင်း ခံရသည်။

ဓာတ်ပြားသီချင်း

ဓာတ်ပြားတေးသီချင်းများ အနေနှင့် ထွေးညို ထွက်ရှိပြီး နောက်ပိုင်း အဆက်မပြတ် သီဆိုထုတ်လွှင့်ခဲ့ရာ အဆိုတော် တွံတေးသိန်းတန်ကိုယ်တိုင်အရေအတွက် မှတ်မိခြင်း မရှိတော့ဟု ဆိုသည်။ တိတ်ခွေ (၂၉)ခွေ ထွက်ရှိခဲ့ပြီး သီချင်းပုဒ်ရေ ၃၂၀−ခန့်၊ ပြဇာတ်တေးများ ပါဝင်လျှင် ၃၅၀ခန့် ရှိမည်ဟုခန့်မှန်းကြသည်။

ဇာတ်သဘင်

၁၉၇၄ ခုနှစ်တွင် တွံတေးသိန်းတန် ဂီတရုပ်ရှင်ပြဇာတ် သဘင် ဇာတ်သဘင်အဖွဲ့ကို ဖွဲ့စည်းကာ ဇာတ်မင်းသားအဖြစ်နှင့်လည်း အနယ်နယ် အရပ်ရပ်သို့ လှည့်လည်ကပြခဲ့ရာ ရုံပြည့်ရုံလျှံပရိသတ်အားပေးခြင်းကို ခံခဲ့ရသည်။ မြန်မာ့ယဉ်ကျေးမှု တေးသီချင်းများကို သီဆိုလေ့ရှိသော တွံတေးသိန်းတန်သည် ဂီတပရိသတ်အားပေးမှု အများဆုံးရရှိသောတေးပြုအဆိုတော်အဖြစ် မြန်မာ့ဂီတသမိုင်းမှတ်တမ်းများတွင် ဖော်ပြသည်။

ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆို အသံလွှင့်ခဲ့သော တေးသီချင်းများစွာအနက် ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ နှမလက်လျှော့ နေလေတော့၊ ဝဏ္ဏပဘာ၊ အသီးတစ်ရာ အညှာတစ်ခု၊ အမေ့ပါးက သနပ်ခါး တို့မှာ ခေတ်အဆက်ဆက်မရိုးနိုင်သော တေးများအဖြစ်ဂန္ထဝင်တွင် ကျန်ရစ်သည်။

စာရေးဆရာ

ထို့ပြင် တွံတေးသိန်းတန်သည်ဂီတရုပ်ရှင်သာမက သီးသန့် လုံးချင်းဝတ္တုရှည်များကိုလည်း ရေးသားခဲ့ရာစာအုပ် (၂၀)ခန့်ထိ ရှိခဲ့သည်။ မခေါ်သာ တော်ရာကပြုံးပါမယ်၊ အချစ်ကစနေ ကိုယ်ကစနေစသော ဝတ္တုစာအုပ်များကထင်ရှားသည်။

မိသားစုဘဝ

အဆို‌တော်တွံတေးသိန်းတန်သည် ဒေါ်စန်းမြင့်နဲ့ လက်ထပ်ခဲ့ပြီး သားသမီးတွေဖြစ်တဲ့ စိုင်းမြတ်သူ၊ သီရိသိန်းတန်၊ဝင်းပပသိန်းတန်၊ ချယ်ရီသိန်းတန်စတဲ့ ၄ ဦးထွန်းကားခဲ့ပါတယ်။ ထို့ပြင် ဘဝအချိုးအကွေ့ အပြောင်းအလဲ၌ အိမ်ထောင်ဖက်အနေနဲ့ အဆိုတော် ချစ်စံပယ်နဲ့ လက်ထပ်ခဲ့ပြီး ရွှေရည်သိန်းတန် ဆိုတဲ့ တစ်ဦးတည်းသောသမီးတစ်ယောက်ထွန်းကားခဲ့ပါတယ်။

၎င်းသမီးသည် ယခုအခါ ဖခင်နှင့် မိခင်ကဲ့သို့ပင် ရွှေရည်သိန်းတန် အမည်ဖြင့်အဆိုတော်တစ်ဦးဖြစ်လာသည်။

ဘဝနိဂုံး

တစ်သက်တာ ကာလပတ်လုံး အနုပညာနှင့်နေထိုင်ခဲ့သော တွံတေးသိန်းတန်သည် ၁၉၉၉ခု၊ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ရန်ကုန်မြို့၌ အသည်းကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။

References*Wikipedia*ဂန္ထဝင်ဂီတဖြင့်ပရိသတ်ကို သိမ်းပိုက်ခဲ့သူ (သို့မဟုတ်) တွံတေးသိန်းတန် –

myanmar.mmtimes CRDSitNyeinLu နော်ဂဲလယ်ထူး(စာပေပရဟိတ)

Likes:
0 0
Views:
1347
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *