ရွှေမန်းတင်မောင်၏ လွန်းတစ်ရာ ချိတ်ပုဆိုးကြီး

by သုမောင်

၁၉၉၄ လောက်ဆီက မိတ္ထီလာမြို့သို့ မင်္ဂလာဆောင်သီချင်းဆိုရန် သွားရောက်ခဲ့သည်။ ထူးခြားသည်မှာ ရိုးရိုး မင်္ဂလာဧည့်ခံ သီချင်းဆိုရုံသာ မဟုတ်ဘဲ ပွဲထုတ် (အခါတော်ပေး) ပေးရန်ပါ တာဝန်ယူရပါသည်။ ဤနေရာတွင် ကြိုတင်ပြောထားရန် ထူးခြားချက် နှစ်ခုရှိပါသည်။ တစ်ခုက .. အထက်ပိုင်း မင်္ဂလာဆောင် ခင်းကျင်းပုံ အကြောင်းဖြစ်သည်။

သူရို့ဆီမှာက ကျွန်တော်တို့ ရန်ကုန် မင်္ဂလာဆောင် (အထူးသဖြင့် ဟိုတယ် မင်္ဂလာဆောင်) များကဲ့သို့ တေးဂီတ ဖျော်ဖြေသူတွေက ဧည့်ခံ၊ ပြီးတော့ အခါတော် သီချင်းဖြင့် ပွဲထုတ်၊ နောက် ဘိသိက်မြှောက်၊ နောက်ဆုံး တည်ခင်းသော စားဖွယ်များ စားသောက်နေစဉ် တေးဂီတဖြင့် တစ်ဖန် ထပ်ဖျော်ဖြေ၊ စားကြ၊ သောက်ကြ၊ ထပြန်ကြ။ အလွန်ဆုံးကြာလှ တစ်နာရီခွဲ နှစ်နာရီမျှသာ။ နယ်မှာက ထိုကဲ့သို့ မဟုတ်။

ပွဲထုတ်သည် ဖြစ်စေ၊ ပွဲမထုတ်ဘဲ ဧည့်ခံသည် ဖြစ်စေ မင်္ဂလာ ဧည့်ခံချိန် အကန့်အသတ် မထားခြင်း ဖြစ်သည်။ ဆိုကြပါစို့။ မင်္ဂလာဧည့်ခံပွဲအချိန် နံနက်(၈) နာရီ စသည်ဆိုလျှင် ထိုနံနက် (၈) နာရီမှစ၍ မင်္ဂလာမင်းပရိတ်သတ်က တဖွဲဖွဲ တသဲသဲ ကြွရောက်ကြကုန်၏။ ပြန်ချင်သည့်အချိန် ထပြန်ကြကုန်၏။ တစ်သုတ်ပြန်၊ တစ်သုတ်ဝင်ရောက်လာနှင့် လူစဲသွားသည် မရှိချေ။

တစ်ခါတစ်ရံ နံနက်စောစော စတင်ဧည့်ခံကြရာ နေ့လယ်ပိုင်း ရောက်ချင် ရောက်သွားတတ်သည်။ သတို့သား သတို့သမီးနှင့် နှစ်ဖက်မိဘများမှာ လာသမျှ ဧည့်သည်ကို တစ်ဦးတစ်ယောက် မလွတ်စေရန် လိုက်လံ နှုတ်ဆက်ကြရသည်မှာ အခမ်းအနား အစမှအဆုံးတိုင် ဖြစ်၏။ လာသမျှ လူကုန်သလောက် နီးပါးနှင့်လည်း ဓာတ်ပုံ ဗီဒီယိုတွေ တွဲရိုက်ကြ၏။

ရှိသမျှ ရွှေငွေရတနာတို့ကိုလည်း တစ်ကိုယ်လုံး ဆင်မြန်းကြကုန်၏။ သတို့သား သတို့သမီးသာမက မင်္ဂလာ ဧည့်သည်တို့ကလည်း ညွှတ်နေအောင် ဝတ်စားလာကြ၏။ ဂုဏ်တုဂုဏ်ပြိုင် သဘောမျိုးတော့ မဟုတ်ချေ။ ပွဲလမ်းရှိလျှင် သည်လိုဘဲ အကောင်းဆုံး အလှဆုံး ဆင်သကြပုံ ရပါသည်။

သည်နေရာမှာ ကျွန်တော်တို့လို မင်္ဂလာ တေးသီချင်းများနှင့် ဧည့်ခံရသော အဆိုတော်များမှာ တော်တော် ပင်ပန်းရပါသည်။ အချိန် အကန့်အသတ်၊ လူအကန့်အသတ် မရှိသဖြင့် ဧည့်သည်ရောက်လျှင် ရောက်သလို ထပ်ခါတလဲလဲ သီဆိုပေးရပါသည်။ ဉာဏ်ပူဇော်ခ ငွေကြေးကိုလည်း ထိထိရောက်ရောက် ပေးပါသည်။

သည်ကြားထဲက သူရို့အကြိုက်တွေ့သော တေးနှင့်ကြုံလျှင် ထပ်ခါတလဲလဲ သီဆိုခိုင်းပြီး ဆုတော်ငွေတော် တက်ချပါသည်။ ဧည့်ပရိတ်သတ်ထဲမှာရော မင်္ဂလာရှင်တွေထဲကပါ စင်မြင့်ပေါ်တက်၍ ကကြခုန်ကြပါသည်။ ထူးခြားသည်မှာ နယ်မင်္ဂလာဆောင်များတွင် ခေတ်ပေါ်တေးတွေ သိပ်လက်မခံချင်ပေ။ (ခုတော့ဖြင့် မသိ) မင်္ဂလာရှိသော၊ မင်္ဂလာနှင့်ဆိုင်သော (အချစ်ဘွဲ့) မြန်မာသံ တေးများကိုသာ အားပေးပါသည်။ ပျော်စရာလည်း ကောင်းပါသည်။ မောလည်း မောပါသည်။ ဆိုကြပါစို့ ။

မင်္ဂလာရှင်၊ မင်္ဂလာဧည့်သည်နှင့် မင်္ဂလာတေးဂီတ အဖွဲ့ တို့ သီးသန့်မရှိဘဲ ရောနှောဆင်ယင်သော ပွဲမျိုးဖြစ်ပါသည်။ အားလုံး တစ်သားတည်းပင်။ တစ်ခုတော့ရှိသည်။ နယ်မင်္ဂလာပွဲများသည် ကာယကံရှင်က နှစ်သက်သော တီးဝိုင်းနှင့် အဆိုရှင်များကိုသာ ရွေးချယ်ခြင်း ဖြစ်သည်။ တီးဝိုင်းနှင့် ပါလာသော အဆိုတော်တိုင်းကို လက်မခံချေ။ ထို့ကြောင့် မိမိတို့ နှစ်သက်စွဲလန်းရာ အဆိုတော်များကို တကူးတကန့် သီးသန့် ဖိတ်ကြားတတ်လေသည်။

ပြီးတော့.. သီးသန့်ဖိတ်သော အဆိုရှင်များ (အထူးသဖြင့် ကျွန်တော့်လို ရုပ်ရှင်ဘက်ပါ နွယ်သူများ)ကို သီးသန့် တစ်နေရာတွင် လူသူမမြင်စေရန် ဝှက်ထားကြသည်။ လိုလေသေး မရှိအောင် ပြုစုကြသော်လည်း မင်္ဂလာပွဲ မစခင် အတွင်းမှာတော့ လူတောသူတော အသွားမခံပေ။ သဘောမှာ သူရို့ မင်္ဂလာအတွက်သာလျှင် တထူးတခြား သီးသန့်ရုပ်လုံး (အသံလုံး) ပြစေချင်သည့် သဘော ဖြစ်သည်။ နောက်တစ်ခု ထူးခြားချက်။ စောစောကပြောသော မိတ္ထီလာ မင်္ဂလာပွဲအကြောင်း ဖြစ်သည်။

မင်္ဂလာရှင်များမှာ ကုန်သည်မျိုးရိုး ဖြစ်ပြီး အလွန်ချမ်းသာကြပါသည်။ ပြီးတော့ သူရို့က အဆိုကျော်ထဲတွင် သုမောင် တစ်ယောက်သာလျှင် ရှိသည်ဟု ထင်ကြပါသည်။ (တစ်ကယ်ပါ။ သူရို့က ကျွန်တော့်အသံကို နှစ်ခြိုက်ကြပုံကား.. ကျွန်တော့်မှာ မရှိသော သီချင်းတိပ်ခွေတွေပင် သူရို့မှာ သိမ်းဆည်းထားတာ ရှိသည်။)

ဘယ်လောက် အထိလဲဆိုလျှင် သားသမီး လေးယောက် အရွယ်ရောက်ခဲ့ရာ မိတ္ထီလာ၌ပင် တခမ်းတနား မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ကြသည်တွင် ပထမဆုံးသားမှ နောက်ဆုံးသမီးအထိ ကျွန်တော့်ကို ဖိတ်ဖြစ်သည်။ (တတိယ တစ်ပွဲသာလျှင် ကျွန်တော် ပြည်ပခရီး သွားနေသဖြင့် လွဲခဲ့ရသည်။ ဒါတောင် ပြည်ပခရီး မသွားပဲ သူရို့ မင်္ဂလာဆောင်ကို ဘယ်လောက် ပေးရပေးရ လာစေ့ချင်ကြသေးသည်။)

ဆိုခဲ့သလို နောက်ဆုံးသမီး မင်္ဂလာဆောင် ဧည့်ခံပွဲတွင်လည်း အခြား အလုပ်အကိုင်များဖျက်ပြီး ကျွန်တော် မပါမဖြစ်ဟု ခင်မင်ရင်းနှီးစွဲဖြင့် အကြပ်ကိုင် ဖိတ်ကြားပါသည်။ ပထမနှင့် ဒုတိယ သားသမီးများ အလှည့်ကတည်းက ခင်မင်ပြီးကြပြီမို့ ဆွေမျိုးသားချင်းလိုလည်း ဖြစ်နေပါပြီ။ ထိုပွဲ လက်ခံလိုက်ရသည် ဆိုပါစို့။ သည်မှာ ပြဿနာက …. ။

“ဘိုသုရဲ့ … ဒီပွဲမှာ သတို့သားရော သတို့သမီးပါ “လွန်းတစ်ရာချိတ်” ပုဆိုးနဲ့ ထမီတွေ ဝတ်ကြမှာ ..၊ ဒီတော့ မင်္ဂလာ အခါတော်ပေးမယ့် ဘိုသုကလည်း လွန်းတစ်ရာချိတ် ဝတ်မှ ဖြစ်မှာနော” ဟု ရိုးရိုးကြီးပင် အဆိုပြုပါသည်။ တကယ်တော့ သည်ခေတ်မှာ “လွန်းတစ်ရာချိတ်” ပုဆိုး ဝတ်နိုင်သူ အတော်ရှားပါးနေပြီကို သူရို့ စဉ်းစားပုံ မရချေ။ မင်းသား လွန်းတစ်ရာတော့ ရှိမှာပေါ့ ဟု ထင်ထားကြပုံ ရပါသည်။ (လွန်းတစ်ရာ ချိတ်ပုဆိုး၏ ထည်ဝါပုံ၊ တန်ဘိုးကြီးပုံကိုကား… လူကြီးသူမများထံ မေးပါလေ။) “

ဟာ …. သတို့သား သတို့သမီးနဲ့ အပြိုင်ဖြစ်နေမှာပေါ့” ဟု ကျွန်တော်က ဟန်ကိုယ့်ဖို့ လုပ်ရင်း မသိမသာ ငြင်းဆိုရာ… “ဒီလိုလေ ဘိုသုရဲ့ . အခါတော် ထုတ်တာ အရင်တုန်းကလို သမားရိုးကျ မဖြစ်ချင်ဘူး။ ဘိုသုက သတို့သားကို လက်ယာရံ… သတို့သမီးကို လက်ဝဲရံပြီး သူရို့နဲ့အတူ မင်္ဂလာစင်မြင့်ဆီ လမ်းလျှောက်ရမှာ…။ စင်မြင့်ပေါ်ကနေ .. အခါတော်သီချင်း မတ်တပ်ရပ် ဆိုတာကြီးက ရိုးလွန်းပါတယ်” “ဟာ… မိုက်ကရိုဖုန်းက ဘယ့်နှယ်လုပ်မလဲ” “ဒါအတွက် မပူနဲ့၊ ကြိုးမဲ့ မိုက်ကရိုဖုန်း စီစဉ်ထားတယ် …။

အခါတော်ဆိုရင်း သတို့သား သတို့သမီးကို ကိုယ်တိုင်ဦးဆောင် ခေါ်ရမှာ ၊ ဘယ်လောက် ကျက်သရေရှိသလဲ။ ဒါကြောင့် သတို့သား သတို့သမီးနဲ့ အပြိုင် လွန်းတစ်ရာချိတ်ပုဆိုး ဝတ်မှ သင့်လျော်မှာပေါ့” ကျွန်တော့်မှာ လွန်းတစ်ရာဝေးလို့ လွန်းတစ်မတ် ချိတ်တောင် မရှိပါဘူးဗျာဟု ထိုစဉ်က ဘာကြောင့် ပြောမထွက်ခဲ့မှန်း မသိပါ။

တကယ်တော့ ကျွန်တော့်မှာ မရှိဘူး ဆိုလျှင်တောင် သူရို့က ထုတ်ပေးကြ (ငှားကြ) မည် ထင်ပါသည်။ သို့ သော် .. ကျွန်တော်ကမူ ကြိုးစားကြည့်ပါမယ်ဟု တာဝန်ယူလိုက်မိ၏။ နောင်မှ .. ရောက်ရားပေါ့။ မသကာ.. ဟိုကျမှ သူရို့ဆီက ငှားရုံရှိမည်ဟု စိတ်ဒုံးဒုံး ချလိုက်မိသည်။ ထိုအချက်သည် ထိုမင်္ဂလာဆောင်အတွက် ထူးခြားချက်ပင်။

မင်္ဂလာရက် နီးလာလေပြီ။ ကျွန်တော့်မှာ လွန်းတစ်ရာချိတ် ရှာမရသေးချေ။ မင်္ဂလာအခမ်းအနား အပြင်အဆင် အငှားလိုက်သူများ နတ်ကတော်များထံ ချဉ်းကပ်ကြည့်တော့လည်း အချို့က ငှားရမ်းခ ဈေးကြီးလွန်းနေ၏။ အချို့ကျတော့ ပြိုးပြိုးပျက်ပျက် ရောင်စုံတလက်လက် ဖြစ်နေသောကြောင့် ကျွန်တော်နှင့် လိုက်ဖက်မည် မဟုတ်ချေ။

နောက်ဆုံး.. ဖြစ်သလို ဟိုရောက်မှ စီစဉ်တော့မည်ဟု ဆုံးဖြတ်နေဆဲ … ။ တစ်နေ့နံနက်တွင် ရုပ်ရှင်မင်းသားကြီး ညွန့်ဝင်းအိမ်သို့ အလည်ရောက်သွားရာ နတ်မတာပဲ ဆိုရမလားမသိ။ ဦးညွန့်ဝင်းက … “မောင်ရင့်ကို မွန်မွန်မြတ်မြတ် လက်ဆောင်တစ်ခုပေးမယ်” ဟု မဆီမဆိုင်ပြောပြီး အထုပ်ကြီးတစ်ထုပ် ပေးပါသည်။ “ကိုယ့်ဖခင်ကြီး ရွှေမန်းတင်မောင်ရဲ့ သီချင်းတွေ မောင်ရင်က ပြန်ဆိုလို့ ကိုယ်လည်း မေတ္တာ တုန့်ပြန်တာ” မှန်ပါသည်။

ထိုစဉ်က ‘ရွှေကြေးစည်’ အမည်တပ်ထားသော ရွှေမန်းတင်မောင်၏ သီချင်းများကို ကျွန်တော်က ပြန်ဆိုပြီး “ရာမ” က ထုတ်ဝေရာ ထိုစီးရီး အောင်မြင်သွားခဲ့ချိန်ဖြစ်သည်။ ရှေ့မှာပင် အထုပ်ကြီးကို ကိုယ်တိုင် ဖွင့်ပြပါသည်။ လား .. လား၊ ဖြူဝါဝါရောင်ပေါ်မှာ ချော့ကလက်ချိတ် သန့်သန့် တစ်မျိုးထဲ ထိုးထားသော ပိုးပုဆိုးကြီးပါကလား။ “ပိုးပုဆိုကြီးပါကလား” ဟု အာမေဋိတ် ပြုရခြင်းမှာ ထိုပိုးပုဆိုးကြီးသည် အညာဂျပ်ခုတ်စောင် တစ်ထည်မျှ လေးလံနေသောကြောင့် ဖြစ်သည်။

“ဒါ.. ကိုယ့်ဖခင်ကြီး ဇာတ်စင်ပေါ်မှာ ဝတ်သွားတဲ့ ပုဆိုးဘဲ ဟေ့ …၊ ဒီပုဆိုးက လွန်းတစ်ရာ ချိတ်နော” ကျွန်တော့်မှာလေ… ဝမ်းသာလိုက်ရသည့် ဖြစ်ခြင်း။ မိတ္ထီလာ မင်္ဂလာဆောင်အတွက် အလျှဉ်းသင့်ပင် မဟုတ်ပါလား။ ပြီးတော့ ရွှေမန်းတင်မောင်၏ ပုဆိုး။ ဓါတ်ရော လာဘ်ရော စီးလေပြီ။ ရွှေမန်းတင်မောင်၏ပုဆိုး ဆိုကထဲက ကျွန်တော် ဟန်ပင်မဆောင်နိုင်တော့ပါ။

ချက်ချင်းဖြန့်ပြီး ကိုယ်မှာ ကပ်ကြည့်မိပါသည်။ “မောင်ရင်နဲ့ လိုက်ပါတယ် ..၊ အရောင်ကလည်း နှစ်ရောင်ထဲ မကလက်ဘူး။ တစ်ခြား ရောင်စုံတွေ ရှိသေးတယ်၊ မောင်ရင် ကြိုက်ရာ ရွေးပေါ့” “ဟာ … အကိုကြီး ..၊ ဒါဘဲကောင်းတယ် ဒါဘဲယူမယ်” ဤသို့ဖြင့် ကျွန်တော်သည် အေးဘုံကိုပါ ခေါ်လျက် မိတ္ထီလာမင်္ဂလာဆောင်သို့ ရွှေမန်းတင်မောင် လွန်းတစ်ရာ ပုဆိုးကြီး ပိုက်ပြီး ရောက်ခဲ့ပါတော့သည်။

“အေးဘုံကိုပါ ခေါ်လျက်” ထိုစကားကို အထူးပြုရခြင်းမှာ အကြောင်းရှိပါသည်။ ထိုစဉ်က ကျွန်တော်သည် အရက်ဖြတ်ထားချိန် ဖြစ်သောကြောင့် နယ်ရောက်လျှင် ပြန်သောက်မိမှာ စိုးသဖြင့် ကိုယ့်ဘာသာကိုယ် တင်းကြပ် လိုက်ခြင်း ဖြစ်သည်။ တကယ်တော့ အေးဘုံပါလည်း သောက်ချင်လျှင်တော့ သောက်တာပါပဲ။

သို့သော်. အထိမ်းအကွပ် သဘောလည်း ပါစေ၊ အရွယ်ရောက်ကြပြီးမှ စုံတွဲလည်း ခရီးအတူ မသွားဖြစ်တာ ကြာပြီမို့ ဖြစ်၏။ ဟိုရောက်တော့ မိတ္ထီလာတွင် အကောင်းဆုံး ”ဟန်းနီးဟိုတယ်” မှာ ထားပေးပါသည်။ မိတ္ထီလာ ကန်စပ်တွင် မေးတင်ထားသော ရှေးသူဌေးအိမ်ကြီးကို ဟိုတယ်ပုံသဏ္ဍန် ပြန်ဖွဲ့ထားခြင်းကြောင့် မိမိအိမ်နှင့်မခြား နေရထိုင်ရ အသားကျပါသည်။

ကနဦး ပြဿနာ စတက်ဖို့ ဖန်လာပါသည်။ သို့သော် …။ မိတ္ထီလာသို့ တစ်ရက် ကြိုရောက်၍ နားနားနေနေနှင့် သီချင်းလေး ဘာလေး တိုက်လို့အပြီး ညနေစောင်း ပန်းခြံထဲ လမ်းလျှောက်နေကြစဉ် ဟိုတယ်ဝင်းထဲသို့ မာဇဒါဂျစ်တစ်စီး ဝင်လာပါသည်။ ကားနောက်ခန်းမှ ဂေါက်သီးအိတ်များကို ဟိုတယ်ဝန်ထမ်းများက သယ်ချနေတာလည်း တွေ့ရပါသည်။ ကားရှေ့ခန်းမှဆင်းသော ပုဂ္ဂိုလ်ကြီးတစ်ဦးသည် ဟိုတယ်ထဲမဝင်ခင် ကျွန်တော့်အား တစ်ချက် လှမ်းကြည့်သွားပါသည်။

ညစာစားရန် အချိန်ရောက်သဖြင့် ဟိုတယ်အောက်ထပ်သို့ ဆင်းလာသောအခါ ဟိုတယ်ပိုင်ရှင် ကတော်က “ကိုသုမောင်တို့ကို JUST GATHERING (ခဏတာ ဆုံကြရအောင်) လို့ ဖိတ်ထားတဲ့ သူတစ်ယောက် စားသောက်ခန်းမှာ စောင့်နေပါတယ်” ဟုဆိုသဖြင့် ထူးဆန်းသွားသော်လည်း ရုတ်တရက် ညနေက တွေ့လိုက်သော ပုဂ္ဂိုလ်ကြီးကို သတိရသွားပါသည်။ ဟုတ်ပါ့။ သူပါပဲ..။ “ကိုယ်တိုင် လာမဖိတ်နိုင်တာ ခွင့်လွှတ်ဗျာ၊ အနားယူနေမယ် ထင်လို့ပါ” ဟု သူက ရင်းနှီးစွာ နှုတ်ဆက်ပါသည်။

တစ်ဆက်တည်းမှာပင် ကျွန်တော့်အတွက် ရည်ရွယ်ဟန်တူသော ဖန်ခွက်ထဲသို့ ဝီစကီအရက် နဲနဲထဲ့ပါသည်။ “ကျွန်တော် နားထားပါတယ်ခင်ဗျာ” ဟု သွားရည်ယိုစွာ ငြင်းပါသည်။ “ဆရာမ ဒေါ်အေးဘုံကို ကြောက်လို့လားဗျ” ဟူသော သူ့စကားသည် ရင်းနှီးမှုရော ကျွန်တော့်ဘဝကိုပါ (စာပေထဲမှာ) သိထားပြီးသူမှန်း ပေါ်လွင်စေ၏။ မည်သို့ပင်ရှိစေ မသောက်ဘူးဟု ကြိတ်မှိတ်နေသော ကျွန်တော့်ကို အေးဘုံကပင် သနားစဖွယ် မျက်လုံးဖြင့် ကြည့်ပါသည်။

သည်လိုနှင့် တော်တော်ကလေး စကားဝိုင်း စည်ကားလာသောအခါ … “ခင်ဗျားကသာ ဒီမှာ သာမန်အဆင့် နေနေတာ၊ ခင်ဗျားစီးခဲ့တဲ့ မာစီဒီးကားကတော့ စင်္ကာပူမှာ အချမ်းသာဆုံး စာရင်းဝင် သူဌေးတစ်ယောက် စီးနေလေရဲ့ဗျား” “ဃ” အက္ခရာ မော်တော်ကားတွေ ပယ်ဖျက်လိုက်စဉ်က ကျွန်တော်၏ မာစီဒီး (ဟစ်တလာ စစ်တိုက်သည့် ကားပုံစံ ရှေးဟောင်း မာစီဒီး) ကလေး ပါသွားခဲ့ကြောင်း ကျွန်တော် ရေးခဲ့ဖူးပါသည်။ သို့သော် ခုလို ဘယ့်နှယ်က ဘယ့်နှယ် ရှေးဟောင်း အမွေအနှစ်အဖြစ် စင်္ကာပူ ရောက်သွားမှန်း ကျွန်တော် မသိခဲ့ပါ။

ထိုစဉ်က ကိုယ့်ကားကိုယ် ပြန်သိမ်းထားမည်ဟု ပြန်ဝယ်ခဲ့သော်လည်း မမှီလိုက်ပါ။ အဆင့်ဆင့် လက်လွှဲသွားပါပြီ။ သည်မျှအထိ ကျွန်တော့်ကား တန်ဖိုးရှိနေမှန်း ကျွန်တော် မသိချေ။ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင် စင်္ကာပူသွားစဉ်က တွေ့ခဲ့ရသော ထိုပုဂ္ဂိုလ်ကြီး၏ ယုတ္တိတန်သော စကားကြောင့် တော်တော် စိတ်မကောင်း ဖြစ်သွားရပါမည်။ ‘တော်တော် စိတ်မကောင်း ဖြစ်သွားခြင်း’ ကို အကြောင်းပြု၍ ကျွန်တော့်ရှေ့က ငှဲ့ပြီးသား ဝီစကီသည်လည်း (အေးဘုံ မတားဆီးလိုက်နိုင်ခင်မှာပင်) စိတ်မကောင်း ဖြေဆေး ဖြစ်သွားမည်ကိုကား စာဖတ်သူ စာနာနိုင်ပါလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ဖြတ်ခါစမှာ တစ်ခွက်မဟုတ် တစ်စက်ဝင်သွားလျှင်ပင် ဆက်တိုက် ဖြစ်သွားတတ်သည်ကိုလည်း ယမကာဆရာများ သိကြပါလိမ့်မည်။ ကျွန်တော်သည် ကိုယ်နှင့် ဘာမှ မဆိုင်တော့သော မော်တော်ကား ကိစ္စကို ရေးကြီးခွင်ကျယ် လုပ်ပြီး … “တစ်ခဏ တွေ့ဆုံခြင်း” အဖြစ်မှ ညနက်သန်းခေါင်ထိ ဝိုင်းထဲက မထွက်နိုင် ဖြစ်သွားရပါတော့သည်။ ထုံးစံအတိုင်း မိုးလင်းတော့ သွေးက တောင်းလေပြီ။ အေးဘုံ ရေချိုးနေစဉ် အောက်ထပ်ဆင်းပြီး ဟိုတယ်ဝန်ထမ်းထံမှ ”ရမ်” သုံးပက် ဝယ်သောက်လိုက်မှ တော်တော် နေကောင်းသွား၏။

တကယ်တော့ မာစီဒီးကားစုတ် ကိစ္စကို မေ့သွားပါပြီ။ သည်လိုနှင့် မင်္ဂလာဧည့်ခံရေး ကိစ္စအတွက် ကားအကြို ရောက်လာပါသည်။ ကားမောင်းသူနှင့် ယှဉ်လျှက် ဝင်ထိုင်လိုက်သောအခါ ထိုသူသည် နှာခေါင်းကို ယဉ်ကျေးစွာ တစ်ချက်ရှုံ့လိုက်ပြီး ပြုံးပါသည်။ သြော် … ကျွန်တော် ရမ်သောက်ထားတာ သူသိသွားပြီကိုး။

ပထမတွင် ရှက်သလို ဖြစ်ရ သော်လည်း နောက်ပိုင်း ထိုအဖြစ်ကပင် ကျွန်တော့်အတွက် အဆင်ပြေသွားရပါသည်။ အကြောင်းမှာ ဟိုးအစက ပြောခဲ့သလို ပွဲထုတ်အခါတော်ပေး အစီအစဉ် မလုပ်ခင် ဧည့်ခံတေး ဆိုနေခဲ့ချိန်အတွင်း (အေးဘုံက စင်အောက်ဘက် ဧည့်သည်တော်ခုံမှာ ထိုင်နေတာပါ) စောစောက လာကြိုသော ယဉ်မောင်းက “အကိုကြီး အချိုရည် .. ဟဲဟဲ” ဟု အချိုရည်တစ်ဗူး (ဖွင့်ပြီးသား) လာပေးရာ သူ့စကားသံနှင့် သူ့မျက်နှာ ကြည့်လိုက်ရုံဖြင့် ကျွန်တော်က သိလိုက်ပါပြီလေ။

အောင်မယ်.. ဝီစကီဗျ။ “အကိုကြီး နည်းနည်း သောက်တယ်လို့ သတို့သားကို ပြောပြလိုက်လို့ သူတို့ စီစဉ်ပေးတာပါ။ အားမနာနဲ့နော်၊ လိုရင် ကျွန်တော့်ကို မျက်စပစ်လိုက်” သီချင်း ဆိုရတာကလည်း ပင်ပန်း၊ ဆိုစရာ သီချင်းတွေကလည်း ရှားပါးလာပြီဖြစ်ရာ ကျွန်တော်သည် အချိုရည် စပ်ထားသော ဝီစကီလေး တမြမြဖြင့် ဟန်ကိုယ့်ဖို့ လုပ်နေခဲ့ပါသည်။

တကယ်တော့ ညကအရှိန်ကို ဖြေစေရန်အလို့ငှာ ကျွန်တော့မှာ ကြိုတင်စီစဉ်ခဲ့ပြီး ဖြစ်ပါသည်။ ဧည့်ခံပွဲသွားရန် အဝတ်အစား လဲစဉ်ကထဲက ရွှေမန်းတင်မောင်၏ လွန်းတစ်ရာ ပိုးပုဆိုးကြီးအောက်တွင် ရိုးရိုးလုံချည်တစ်ထည် ခံ ဝတ်ခဲ့ပြီး ဖြစ်၏။ ကျွန်တော့်အကြံမှာ စင်ပေါ်တက် သီချင်းဆိုလိုက် နည်းနည်း လေတက်လာလျှင် လွန်တစ်ရာပုဆိုးကြီး အသာချွတ် အတွင်းက ချည်လုံချည်ဖြင့် ပေးထားသောကားကို ယူပြီး စင်နောက်ဖေးပေါက်ကနေ လစ်၊ နည်းနည်းချ (ချည်လုံချည်ဖြင့် ဆိုတော့ တော်ရုံလူ မသိနိုင်)။

ပြန်လာ ပိုးပုဆိုး ပြန်စွပ် သီချင်းထွက်ဆို။ ဤသို့ စီစဉ်ခဲ့ခြင်း ဖြစ်သော်လည်း ဟော… ခုလို သူရို့က အလိုက်တသိ လာလာပို့နေတော့ အဆင်မပြေပေဘူးလား။ “အကိုကြီး ပွဲထုတ်ဖို့ အချိန်ရောက်ပြီ၊ ခန်းမအပြင်ဘက် ထွက်ကြရအောင်” ကျွန်တော့်ကို လာခေါ်ပါချေပြီ။ ကျွန်တော်ကလည်း မူးမူးရူးရူး အခြေအနေ မဟုတ်သဖြင့် အလိုက်သင့်ပင် လိုက်သွားသည်၊ အစီအစဉ်အတိုင်း ခန်းမပေါက်ဝမှ ကျွန်တော်က သတို့သား သတို့သမီးများကို ဝဲယာခြံရံပြီး “အခါတော်” ပေးရင်း ခန်းမ မင်းလမ်းအတိုင်း ဖြေးညှင်းစွာပင် သွားရမှာ ဖြစ်သည်။

မန္တလေးမြို့မ အသင်းကြီးကလည်း သံစုံအတီးကို စလိုက်ပါသည်၊ ကျွန်တော်ကလည်း ဟန်မပျက်သည့်အပြင် နည်းနည်း မြူးနေပြီမို့ တကယ့် မင်္ဂလာအခါတော်ပေး ဆရာကြီးစတိုင်ဖြင့် သီချင်းဆိုရင်း လမ်းလျှောက်နိုင်ခဲ့ပါသည်။ ပရိသတ်က သမင်လည်ပြန် ငေးကြည့်နေကြပါသည်။ ဗီဒီယိုတွေ ဓါတ်ပုံတွေကလည်း တဖျပ်ဖျပ်။ အောင်မယ် ကျွန်တော် ဝတ်ထားသော (ရွှေမန်းတင်မောင်၏) လွန်းတစ်ရာ ပုဆိုးကြီးကိုပင် အထူးဆန်း လက်တို့ပြကြတာ မြင်ဖြစ်အောင် မြင်လိုက်သေး၏။

သို့သော် … ဖုံကတ္တီပါသို့ စုံညီစွာ ရောက်လုဆဲဆဲတွင်… မန္တလေးမြို့မ တေးအဖွဲ့မှ ဝိုင်းခေါင်းဆောင်က ကျွန်တော့်အား အရေးပေါ် အမူအရာဖြင့် လက်ညှိုး အောက်စိုက် ထိုးပြပါသည်။ ကျွန်တော်ကလည်း ”ဘယ့်နှယ်.. ‘အခါတော်ပေးတာက နတ်ရေးငယ် ရွှေစာ’ ဆိုသည့် အပိုဒ်က နှစ်ခါပြန်ဆိုရမှာ၊ ဘာကြောင့် အောက်အပိုဒ်ဆက်ရန် အချက်ပြနေရသလဲ” ပေါ့။

ပြီးတော့ ဝိုင်းခေါင်းဆောင် တစ်ယောက်တည်းက မဟုတ်၊ ကျန်ဝိုင်းသားများအပြင် ရှေ့ဆုံးစားပွဲမှာ ထိုင်နေသော အေးဘုံကပါ လက်အောက်စိုက် ထိုးပြလေရာ .. “ဟာ.. ဒီမိန်းမ၊ ဂီတအကြောင်း နကန်းတစ်လုံး မသိဘဲ ဝင်ရှည်ရသလား” ဟုပင် ပထမ စိတ်တိုရသေးသည်။

သို့သော် သီချင်းဆက်ဆိုရင်း လမ်းလျှောက်ရင်းမှ ကျွန်တော့် ခါးပေါ်မှာ တစ်ခုခု ပေါ့ပါးသွားသလို ခံစားရသဖြင့် မသိမသာ လက်ဖြင့် စမ်းလိုက်ရာ… လားလား… တစ်ကြိမ်တစ်ခါမျှ မဝတ်ဖူးသော ရွှေမန်းတင်မောင်၏ လွန်းတစ်ရာချိတ် ပုဆိုးကြီးမှာ ခါးပုံစ ပြုတ်ထွက်၍ လုံးဝ ကျွတ်ကျရန် သီသီကလေးသာ လိုတော့ပါကလား။ ပုဆိုးကြီးကလည်း လေးလေးပင်ပင်၊ အောက်ခံ ချည်ပုဆိုးကလည်း ခံထားသည်ဆိုတော့ ခါးပုံစပြုတ်တာ ချက်ချင်း ဘယ်သိပါ့မလဲ။

တော်သေးတာက တိုက်ပုံအင်္ကျီကို လုံးဝ ရင်စေ့ခါးစေ့ ကြယ်သီးတပ်ထားသောကြောင့် ပိုးပုဆိုးကြီးမှာ ခါး၌ ညပ်နေခြင်း ဖြစ်တော့သည်။ သို့သော်… ဘယ်ရမတုန်း။ မင်းသားပေကပဲ၊ ညာလက်ဖြင့် မက်ကရိုဖုန်းကိုင်ပြီး သီချင်းဆက်ဆို၊ ဘယ်လက်ကို ဟန်ပါပါ ဝေ့ဝိုက်ကာ ခါးပုံစအောက်မှသိမ်း ဇာတ်မင်းသား စတိုင်ဖမ်းလျက် ကျွန်တော်သည် ဖုံကတ္တီပါသို့ စုံညီစွာ ရောက်ခဲ့ပါတော့သည်။ ကျွန်တော်၏ သက်ပြင်းနှင့်အတူ အေးဘုံဘို့ အုပ်စုမှ သက်ပြင်းချသံများကိုပါ ကြားလိုက်ရသလို ရှိသွား၏။

မန္တလေးမြို့မအသင်း၏ သက်ပြင်းချသံများကား ပို၍ ကျယ်လောင်သွား၏။ အကြောင်းမှာ သူရို့ မြို့မအဖွဲ့က လေမှုတ်တူရိယာ အသုံးများသဖြင့် သက်ပြင်းချသံများနှင့် တူရိယာတွေမှုတ်သံများ ရောနှောသွားသောကြောင့်ပင်တည်း။ (ဟိုးလွန်ခဲ့သော နှစ်ပေါင်း (၂၀) ကျော်လောက်ကလည်း မန္တလေးမြို့တွင် ဧည့်ခံပွဲတစ်ခု၌ ရိုးရိုးပိုးလုံချည်ဖြင့် ခါးလယ်လောက်ထိ ကျွတ်ကျဖူးသည်ကို အမှတ်ရမိပါသေးသည်။

ထိုစဉ်ကတော့ မင်းသားဇော်ဝမ်းက အပြေးလာပြီး ခါးပတ်ပတ်ပေးခဲ့သောကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားခဲ့ရပါ။ ထိုအကြောင်း ကြုံတော့ ရေးကြသေးတာပေါ့လေ။)

winhlaingoo

source :သောကြာစာစောင်

Likes:
0 0
Views:
1667
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *