ဟင်္သာတထွန်းရင် ကွယ်လွန်ခြင်း(၅)နှစ်ပြည့်အမှတ်တရ

– ဒီနေ့ဟာ နိုင်ငံကျော် မြန်မာသံစဥ်အဆိုတော်တစ်ဦးဖြစ်တဲ့ ဟင်္သာတထွန်းရင် ကွယ်လွန်ခဲ့တာ (၅)နှစ်ပြည့်သော နေ့ဖြစ်ပါတယ်။ သူဟာ မြန်မာသံစဥ်သီချင်းများကိုသာမက ပြဇာတ်မင်းသား၊အသံဇာတ်လမ်းမင်းသား အဖြစ်လည်း လုပ်ဆောင်ခဲ့တဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးဖြစ်တာမို့ သူကွယ်လွန်ခြင်း (၅)နှစ်ပြည့်တဲ့ ဒီနေ့မှာ သူ့အကြောင်း ကိုယ်ရေးအကျဥ်းကို ရေးသားဂုဏ်ပြုပါရစေ။

ဟင်္သာတ ထွန်းရင်အကြောင်း

မွေးဖွားရာဇာတိ ဟင်္သာတထွန်းရင် ကို ၁၉၄၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် စနေနေ့မှာ အဖ ဦးဖေနဲ့ အမိ ဒေါ်ကုလားမ တို့က သားဦးအဖြစ် ဟင်္သာတမြို့၊ယုန်တလင်းကျေးရွာမှာ မွေးဖွားခဲ့ပါတယ်။မွေးချင်းသုံးယောက်အနက််မှာ အကြီးဆုံးသားဖြစ်ပါတယ်။(ဦးဖေ ကွယ်လွန်ပီး မိခင်ဖြစ်သူ ဒေါ်ကုလားမဟာ နောက်အိမ်ထောင်ဆက်ပြုတာမို့ နောက်အိမ်ထောင်နဲ့ ကလေးနှစ်ယောက်ရရှိခဲ့တာမို့ မွေးချင်းသုံးယောက်ဖြစ်လာတာပါ)။

ငယ်ဘဝ ဟင်္သာတ ထွန်းရင်ဟာ ငယ်စဥ်က ကျေးရွာဘုန်းကြီးကျောင်းမှာပဲ ပညာသင်ကြားခဲ့ပီး အရွယ်ရောက်လာချိန်မှာတော့ ဟင်္သာတမြို့၊ကံလှရပ်ကွက်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။အဲ့ဒီနောက်တော့ ဟင်္သာတမြို့၊နေရှင်နယ်ကျောင်းမှာ (၉)တန်းအထိ အတန်းပညာကို သင်ယူခဲ့တယ်။

ဂီတလောကထဲကို စတင်ဝင်ရောက်လာပုံ

အသက် (၂ဝ) အရွယ်မှတော့ ရန်ကုန်ကို ပြောင်းရွှေ့လာပီး ရွှေဒင်္ဂါးဆပ်ပြာစက်ရုံမှာ တစ်လ (၃၅)ကျပ်နဲ့အလုပ်ဝင်လုပ်ခဲ့ပါတယ်။ စက်ရုံမှာ လုပ်ကိုင်နေစဉ်အတွင်း အားလပ်တဲ့အခါမျိုးမှာ မယ်ဒလင်တစ်လက်နဲ့ သီချင်းတွေကို ဆို၊ တီးလေ့ ရှိတာမို့ အဲ့ဒီကစက်ရုံအကြီးအကဲတစ်ဦးက နှစ်သက်သဘောကျလေတော့ ဂီတနဲ့ ဖြစ်ထွန်းနိုင်ခြေရှိတဲ့သူတစ်ယောက်လို့ ယူဆပီး ဂီတစာဆို ပန်တျာ ချစ်လှိုင်နဲ့ ဆက်သွယ်ပေးခဲ့ပါတယ်။

တေးသီချင်းများစတင်သီဆိုခြင်း

၁၉၆၄ ခုနှစ်မှာ​ေတာ့ ပန်တျာချစ်လှိုင်ရေးစပ်တဲ့ “မောင်ကြီးကြိုနေမယ်”၊ “ရှာတော့မယ်”၊ “လှည်းယဉ်ကျော့ “စတဲ့ တေးသီချင်းများနဲ့ ရောင်းတမ်းဓာတ်ပြား လောကမှာ နေရာရလာခဲ့ပီး ဆက်တိုက်ဆိုသလိုပဲ အခြားတေးရေးဆရာတွေ ရေးစပ်ပေးတဲ့ သီချင်းပေါင်းများစွာကိုလည်း သီဆိုခဲ့ပြန်ပါတယ်။ ၁၉၇ဝ ခုနှစ်ဝန်းကျင်လောက််မှာတော့ ဟင်္သာတတေးအဖွဲ့ကို တည်ထောင်ပြီး ကိုယ်တိုင်လည်း တေးသီချင်းများကို သီဆိုရေးသားခဲ့ရာ မြန်မာအသံဓာတ်ပြား တေးများရရှိခဲ့ပါတယ်။

မြန်မာ့အသံဓာတ်ပြားတေး အဲ့ဒီထဲကမှ “မိသားစုကန်တော့ပွဲ” မြန်မာအသံ ဓာတ်ပြားတေးဟာ ထင်ရှားခဲ့ပါတယ်။ဟင်္သာတထွန်းရင် ကိုယ်တိုင်ရေး တေးဖြစ်ပြီး ဟင်္သာတအောင်တင်ဝင်း၊ ရီရီချိန် တို့နှင့် တွဲဖက်သီဆိုခဲ့ရာ အဲ့ဒီသီချင်းကနေစတင်ပီး ဟင်္သာတ ထွန်းရင်ဟာ အရည်အသွေးပြည့်ဝတဲ့ ဂီတသမားဖြစ်ကြောင်း ဝါရင့်ဂီတပညာရှင်ကြီးများက အသိအမှတ်ပြုခဲ့ကြပါတယ်။

ကက်ဆက်အသံမင်းသား ၁၉၇၅ ခုနှစ်မှာတော့ ဂီတစာဆို ကိုခင်မောင်ဝင်း (ပျဉ်းမငုတ်တို) ရေးသားတဲ့ ကက်ဆက်တိပ်ခွေ ဇာတ်လမ်းပေါင်း ၄ဝ ခန့်မှာ အသံမင်းသားအဖြစ် သရုပ် ဆောင်ခဲ့​ပြန်ရာ တောရောမြို့ပါ အကြိုက်တွေ့ပြီး လူတိုင်း ပါးစပ်ဖျား အထူးရေပန်းစားပါတော့တယ်။ အဲ့ဒီအသံဇာတ်လမ်းတွေထဲကမှ ထင်ရှားတဲ့ ဇာတ်လမ်းအချို့ကတော့ “ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်၊

ဗျိုင်းနားလို့ကိုင်းရတယ်” ၊ “မုန်းချောင်းလေးခြား နေတယ်” ၊ “လွမ်းဒီပါ” ၊ “မောင်ဖေငယ်လို အချစ်မျိုး” ၊ “ဇွဲကပင် ရောက် ချစ်ဧည့်သည်”၊ “ချစ်သော ရာမညဧကရီ”၊ “မေတ္တာ လှိုင်သောနေ့” ၊ “ချစ်တောင်ပြုံး” ၊ “ချစ်ပုပ္ပား” ၊ ” မုန်တိုင်းသံကြောင့် ဗျိုင်းလန့်ပျံသည်”၊ “တောင်ပံနီ လူလေး”၊ “ပုံတောင်မြေက လွမ်းမျက်ရည်” တို့ပဲဖြစ်ပါတယ်။ အဲ့ဒါအပြင် တေးဇာတ်လမ်းအဖြစ် ဂီတစာဆို မောင်ကြေးမုံရေးသားတဲ့ “ဗိဿနိုးတေးဇာတ်လမ်း”ကို လည်း မာမာအေးနှင့် တွဲဖက်သီဆိုပုံဖော်ခဲ့ပြန်ပါသေးတယ်။ အတွဲ အများဆုံး အသံမင်းသမီးတွေကတော့ ရုပ်ရှင်မင်းသမီး အကယ်ဒမီ တင်တင်နွဲ့၊ မြမြသွေးနှင့် တင်တင်ထွေးတို့ ပဲ ဖြစ်ကြပါတယ်။

ဇာတ်သဘင်တည်ထောင်ခြင်း

မြန်မာ့အသံဓာတ်ပြားတေး၊ ရောင်းတမ်းတေးနဲ့ ကတ်ဆက်တိပ်ခွေ ဇာတ်လမ်းများကြောင့် ဟင်္သာတ ထွန်းရင်ဟာ တိုင်းသိပြည်သိ နာမည်ကြီးအနုပညာသမား အဖြစ်ကို ရောက်ရှိလာခဲ့ပီး ၁၉၇၃ ခုနှစ်ဝန်းကျင်ခန့်လောက််မှာတော့ “နိုင်ငံကျော်ပြည်သူ့အဆိုတော် ဟင်္သာတထွန်းရင် ဂီတ ကပွဲသဘင်” အမည်နဲ့ ဇာတ်ထောင်ခဲ့ပါ​သေးတယ်။

အခြားသော ဇာတ်ကြီးတွေလိုပဲ အော်ပရာ၊ မြန်မာမှုတေးသံသာ၊ စတိတ်ရှိုး၊ ပြဇာတ်၊ နှစ်ပါးသွား၊ နောက်ပိုင်း ဇာတ်တော်ကြီး စတာတွေနဲ့ မိုးအလင်းပေါက် ကပြဖျော်ဖြေခဲ့ပါတယ်။ထိုအချိန်၌ အငြိမ့်မင်းသမီးဖြစ်သူ ဝဏ္ဏကျော်ထင် စိန်အောင်မင်းရဲ့ သတ္တမမြောက်သမီး ဒေါ်စီစီစိန်နဲ့ အကြောင်းပါခဲ့ပါတယ်။ နှစ်ဦးစလုံး အနုပညာကို ဝါသနာပါ ချစ်မြတ်နိုးကြတဲ့အတွက် လိုက်ဖက်ညီစွာနဲ့ တေးသီချင်းများကို သီဆိုပြီး ပရိသတ်ကို ဖျော်ဖြေပေးခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။

ဂီတအမွေဆက်ခံမယ့်သားနှစ်ယောက်

ဟင်္သာတ ထွန်းရင်မှာ သားသမီး (၅)ယောက်ရှိပီး ထိုအထဲကမှ သားနှစ်ယောက်ဖြစ်တဲ့ ကိုစိုးမိုးထွန်းနဲ့ကိုကျော်စိုးထွန်းတို့ဟာလည်း ဖခင်ဖြစ်သူရဲ့ ဂီတအမွေကို ဆက်ခံခဲ့ပါတယ်။ ကိုစိုးမိုးထွန်းကတော့ သီချင်းများသီဆိုပီး ကိုကျော်စိုးထွန်းကတော့ ကီးဘုတ်တီးပါတယ်။ ကိုကျော်စိုးထွန်းက ဖခင်ဖြစ်သူ နယ်ထွက်ပီး သီချင်းများ သီဆိုဖျော်ဖြေရင် နောက်ကလိုက်ပီး ကီးဘုတ်လိုက်တီးပေးပါတယ်။ အဆိုပိုင်းမှာလည်း ကိုစိုးမိုးထွန်းနဲ့တွဲဖက်သီဆိုတာပေါ့။ သူ့သားတွေနဲ့သာ သီဆိုပီး ကျန်တဲ့သူတွေနဲ့မဆိုကြောင်း ဇနီးဖြစ်သူ ဒေါ်စီစီစိန်က ပြောဆိုပါတယ်။

ပြည်ပ၌သီဆိုဖျော်ဖြေမှုများ

ဟင်္သာတ ထွန်းရင်ဟာ ၂ဝ၁၁ ခုနှစ်မှာတော့ မလေးရှားနိုင်ငံရဲ့ မြို့ကြီးများဖြစ်တဲ့ ကွာလာလမ်ပူ၊ ပီနန်းနဲ့ စင်ကာပူနိုင်ငံတို့ကို အခြားသော ရုပ်ရှင်ဂီတပညာရှင်များနဲ့အတူ ဖျော်ဖြေရေးသွားရောက်ခဲ့ပါသေးတယ်။

နောက်ဆုံးဖျော်ဖြေမှုနဲ့နောက်ဆုံးစီးရီးခွေ ဟင်္သာတ ထွန်းရင်ဟာ နောက်ဆုံးဖျော်ဖြေမှုအနေနဲ့ မြင်းခြံမြို့မှာ “ချမ်းသာ” ရွှေမန်းသဘင်ဇာတ်အဖဲွဲ့နဲ့အတူ သီဆို​ှေဖျာ်ဖြေခဲ့ပီးနောက် ရန်ကုန်ရောက်ပီးမကြာခင်မှာ ကျန်းမာရေးမကောင်းဖြစ်လာခဲ့တာပါ။နောက်ဆုံးစီးရီးခွေအနေနဲ့ ၂၀၁၆ ဇွန်လ လောက််မှာ ဗိုလ်ချုပ်အောင်ဆန်းကိုဂုဏ်ပြုတဲ့အနေနဲ့ “နတ်မောက်က တောက်ခေါက်သံ” ဆိုတဲ့ အခွေကို သီဆိုထုတ်ဝေခဲ့ပါသေးတယ်။

ဆေးလိပ်အရမ်းကြိုက်ခဲ့သူ

ဟင်္သာတ ထွန်းရင်ဟာ ဆေးလိပ်အရမ်းကြိုက်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လျှော့သောက်ပါလို့ အမြဲပြောလို့ လျှော့သောက်တာတောင် တစ်နေ့ကို အလိပ် (၂၀)ပါသော ဆေးလိပ်ဗူး (၄)ဗူးကုန်ကြောင်း တနယ်ထဲသားဖြစ်သူ လူရွှင်တော်ဦးမိုးကျော်ကဆိုပါတယ်။အဲ့ဒါကြောင့်မို့လည်း အဆုတ်ကင်ဆာဖြစ်ခဲ့တာပါ။

နောက်ဆုံးအချိန်

အဆုတ်ကင်ဆာရောဂါကြောင့် ၂၀၁၆ ခုနှစ်၊ဩဂုတ်လမှာ ရန်ကုန်ကုတင် (၅၀၀)ဆံ့မှာ တက်ရောက်ကုသခဲ့ပေမယ့် မသက်သာခဲ့ပါဘူး။ (၄)လလောက် ကုသခဲ့ရပီး နောက်ဆုံးမှာတော့ ၂၀၁၆ ခုနှစ်၊နိုဝင်ဘာ ၂၁ရက်နေ့ ၊ မနက် ၄ နာရီ ၄၅ မိနစ်၊ အသက် (၇၇)နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ပါတယ်။

ဟင်္သာတ ထွန်းရင်ဟာ မြန်မာသံစဉ် သီချင်းပေါင်း အပုဒ်ရေ ထောင်ကျော်နီးပါး သီဆိုခဲ့ပြီး တေးစီးရီးပေါင်း များစွာကိုလည်း ရေးစပ်သီဆိုခဲ့ကာ ပရိသတ်ထံ အရောက်ပေးပို့နိုင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ ဟင်္သာတထွန်းရင် သီဆိုခဲ့တဲ့အထဲမှာ အဖေအကြောင်း သီချင်း၊ အမေအကြောင်း သီချင်းများစွာကလည်း အောင်မြင်ပြီး လူကြိုက်များခဲ့တဲ့ တေးသီချင်းတွေ ဖြစ်ခဲ့တာမို့ ဒီနေ့ သူကွယ်လွန်သွားခဲ့တဲ့ (၅)နှစ်မြောက်နေ့မှာ အမှတ်တရအဖြစ်နဲ့ ဂုဏ်ပြုလိုက်ခြင်းဖြစ်ပါတယ်။

Zaw Moe Aung

ကိုးကား – ဧရာဝတီ၊ Cele Gabar ၊ ဘီဘီစီ စတဲ့ မီဒီယာများမှ ဒေါ်စီစီစိန်နဲ့ မေးမြန်းအင်တာဗျူးချက််များနဲ့ဝီကီပီဒီးယားတို့မှ အချက်အလက််များကို လိုက်လံစုစည်းရေးသားထားခြင်းဖြစ်ပါတယ်။

(ဓာတ်ပုံမူရင်းပိုင်ရှင်များအား လေးစားစွာ Credit ပေးပါတယ်ခင်ဗျာ)

Likes:
0 0
Views:
3022
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *