မုံရွာမြို့၊ သလ္လာဝတီမြို့၊ တမာမြို့ လို့ ခေါ်ကြတဲ့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော်

မုံရွာမြို့၊ သလ္လာဝတီမြို့၊ တမာမြို့ လို့ ခေါ်ကြတဲ့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော်အကြောင်းမုံရွာမြို့နယ်သည် မြောက်လဒ်တီတွဒ် ၂၁ ဒီဂရီ ၅ မိနစ်မှ ၂၁ ‌‌ဒီဂရီ ၁၈ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ ‌ဒီငရီ ၄ မိနစ်မှ ၉၅ ဒီဂရီ ၂၃ မိနစ်အကြားတွင် တည်ရှိပါသည်။ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ ဆုံရာအရပ်မှ ၅၀ မိုင်အကွာတွင် တည်ရှိသည်။

မုံရွာမြို့နယ်၏ အရှေ့ဘက်တွင် အရာတော်မြို့နယ်၊ အရှေ့တောင်ဘက်တွင် မြင်းမူမြို့နယ်၊ တောင်ဘက်တွင် ချောင်းဦးမြို့နယ်၊ အနောက်ဘက်တွင် ချင်းတွင်းမြစ်နှင့် ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ မြောက်ဘက်တွင် ဘုတလင်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ မုံရွာမြို့သည် မန္တလေးမြို့၏အနောက်မြောက်ဖက် ၁၃၆ကီလိုမီတာအကွာ ချင်းတွင်းမြစ်၏ အရှေ့ဖက်ကမ်းတွင် တည်ရှိသည်။

စစ်ကိုင်းမြို့မှ အနောက်ဖက် ၆၅ မိုင် ကွာဝေးသည်။ မြို့နယ်ဧရိယာစတုရန်းမိုင် ၂၂၆ ရှိသည်။မုံရွာမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်ဖြစ်၍ အထက်မြန်မာပြည်တွင် မန္တလေးမြို့ပြီးလျင် အကြီးဆုံး မြို့ဖြစ်သည်။ ထို့ပြင် ၂၀၁၄ သန်းခေါင်စာရင်းအရ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ တောင်ကြီး မြို့တို့ ပြီးလျင် မြန်မာနိုင်ငံ၏ ဆဌမအကြီးဆုံး မြို့ဖြစ်သည်။

မုံရွာမြို့နယ်သည် မြို့ပေါ်ရပ်ကွက် (၃၁) ရပ်ကွက် ရှိ၍ ကျေးရွာအုပ်စု (၅၄) အုပ်စု၊ ကျေးရွာ (၁၇၁) ရွာ ရှိသည်။

မြို့သမိုင်း

ဂေါတမရှင်တော်မြတ်ဘုရားမပွင့်မီ (၃၅၀၀)ဘီစီ (၄၀၀၀)ခန့်က မုံပင်ကြီးအရိပ်ဝယ် ရသေ့တစ်ပါးနေထိုင်စဉ် ဗျာဒိတ်ထားချက်အရ “သာသနာတော် ထွန်းကားမည့် အရပ်တည်း” ဟုဆိုသည်။ မုံပင်မှ မုံရွာ ဖြစ်လာရသည်ဟု ဆိုသည်။ မုံရွာနှင့်ပတ်သက်၍ ဝိဂြိုလ်ပြုသည်မှာ “မုန ယောရမန္တီ၊ ဧတ္တာတိ၊ မုံရွာဧတာ” ဤမြို့ပြဒေသ၌ မုနလောသာသနာ့၀န်ထမ်း ရှင်ရဟန်းတို့သည် ရမိန္တိယ၊ ပရိပတ်နှစ်ရပ်သာသနာ ဆန္ဒဖြာ၍ ပျော်ပိုက်မွေ့လျော် နေထိုင်တော်မူကြကုန်၏။

ဣတိတသ္မာတို့ကြောင့် ပျော်မွေ့ရာဖြစ်သောသတ္တိကြောင့် မုံရွာ၊ မုံရွာမည်၏ဟု ဆိုသဖြင့် မုံရွာသည် အကျဉ်အားဖြင့် သာသနာစည်ပင်ရာအရပ်အား မုံရွာဟု ဆိုခဲ့လေ၏။သမိုင်းမှတ်တမ်းများအရ ပုဂံခေတ်ကျောက်စာတွင် “မုန်ရွာ” ဟု တွေ့ရှိရပါသည်။ သာလွန်မင်းစစ်တမ်းတွင် “မုန်ရွာ”ဖော်ပြ၍ ကုန်းဘောင်ခေတ်တွင် အလုံမြို့ အရပ်စုတွင်ရှိ ကျေးရွာတစ်ရွာဟု ဖော်ပြပါရှိပါသည်။

ရှေးဟောင်းသုတေသနပညာရှင်များ၏ တွေ့ရှိချက်အရ မုံရွာဒေသတွင် လွန်ခဲ့သော နှစ်တစ်သန်းခန့်ကပင် လူသားများနေထိုင်ခဲ့ကြောင်းကို မုံရွာမြို့နယ်၊ မုံရွေးရွာ၏ အရှေ့ဘက် ရွှေမြင်တင်တောင်ကုန်းမှ ရှေးဦးလူ၏ မေးရိုးရုပ်ကြွင်းကို တွေ့ရှိခဲ့၍ အရွယ်ရောက်ပြီးသော ရှေးလူ၏ရုပ်ကြွင်းဖြစ်ကြောင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွာ လှည်းလမ်းကြောင်း ရေတိုက်စား၍ ဖြစ်ပေါ်လာသော အိုးများဝိုင်းရံကာ မြှုပ်နှံထားသည့် အလောင်းတစ်လောင်း၊ မုံရွာမြို့နယ်၊ ကွေ့ကြီးရပ်ကွက် ဆူးဖြူပင်ကျောင်းဝင်းအတွင်း အလောင်းနှစ်လောင်းတူးဖော်ရရှိခြင်း၊ ကျောက်ပုဆိန်(၄)ခု၊ ကျောက်ကွင်း (၄)ခုနှင့် ‌မြေပုတီးစေ့များ တွေ့ရှိရ၍ မုံရွာဒေသသည် ရှေးလူသားများ ဖြစ်ကတည်းကပင် လူသားများ နေထိုင်ခဲ့ကြကြောင်းတွေ့ရှိရပါသည်။

ပါးစပ်မှတ်တမ်းများအရ အနော်ရထာ (အနုရုဒ္ဓ)၏ ခွင့်ပြုအမိန့် အရ ပဋိက္ခယား ကုလားမျိုးဘသူကြွယ်သည် မြို့သစ်တည်ရန် ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာစဉ် ကူးတို့ရွာမှ မုန့်သည်မတစ်ဦးတွေ့ရှိ၍ မိဖုရားကောက်ယူပြီးလျှင် ၎င်းရွာကို မုန့်သည်မရွာဟုသမုတ်ခဲ့ရာ ကာလကြာသော် မုံရွာဖြစ်လာသည်။ဒုတိယပါးစပ်မှတ်တမ်းမှာ ကုန်းဘောင်ခေတ် မြန်မာမင်းများလက်ထက်တွင် မုံရွာ၏ တစ်ဖက်ကမ်းရှိ ကျောက်မျက်ရွာတွင် လှေလှော်သားများ ဖွဲ့စည်းလေ့ရှိသဖြင့် မုန်းရွာဟု ခေါ်ဆိုရာမှ မုံရွာဖြစ်လာသည်ဟုဆိုပါသည်။

တတိယပါးစပ်မှတ်တမ်းမှာ မုံရွာအရပ်တွင် မုန်ပင်များ အများအပြား ပေါက်ခဲ့ရာ ၎င်းမုန်ပင်များကို အစွဲပြု၍ မုံရွာဖြစ်လာသည်ဟု ဆိုပါသည်။၁၈၈၆ခုနှစ်၊ မတ်လ(၂၆)ရက်နေ့တွင် ကပ္ပတိန်ရိတ်(စ်)သည် အရေးပိုင်အဖြစ် အလုံသို့ရောက်ရှိလာခဲ့ပြီး၊ ၁၈၈၈ခုနှစ်၊ ဇန်နဝါရီလတွင် အရေးပိုင်ရုံးကို အလုံမြို့မှ မုံရွာသို့ ပြောင်းရွေ့ရုံးစိုက်ကာ ခရိုင်ရုံးစိုက်ရာ မြို့တစ်မြို့ ဖြစ်လာခဲ့ပြီး မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒိုင်အာခီခေတ်တွင် မြူနီစပါယ်ကော်မတီဝင်များကို ရွေးကောက်တင်မြှောက်ခဲ့သည်။

ထို့ကြောင့် မုံရွာမှ မုံရွာမြို့အဖြစ်သို့ ၁၈၈၆ခုနှစ်တွင် ဖြစ်ပေါ်လာသည်။ မုံရွာမြို့သည် မြေနိမ့်ပိုင်းတွင်တည်ရှိသဖြင့် မြစ်ရေတိုးလာသောအခါ အကာအကွယ်ဖြစ်စေရန် မြစ်ကမ်းတွင် တာတမံများ ဆောက်လုပ်ထားသည်။ မုံရွာမြို့တွင် ၁၉၅၆ ခုနှစ် တပေါင်းလက မီးအကြီးအကျယ်လောင်သွားသဖြင့် လက်ရှိမုံရွာမြို့ကို ပြန်လည်တည်ဆောက်သော မြို့သစ်ဟု ခေါ်ဆိုရပေမည်။

စီးပွားရေး

မုံရွာမြို့သည် ၁၉၆၀ နောက်ပိုင်းကာလများတွင် တိုင်းဒေသကြီး၏ အချက်အချာဖြစ်ခြင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် အောက်ပိုင်းတို့ပေါင်းဆုံရာ ဗဟိုအချက်အခြာဖြစ်ခြင်း၊ တိုင်းဒေသကြီး၏ စီပွားရေး ဗဟိုချက်ဖြစ်နေခြင်း၊ အထက်အညာကျေးရွာများ၏ မှီခိုအားထားရာဖြစ်ခြင်း၊ အိန္ဒိယနိုင်ငံ၏ ကုန်စည်စီးဆင်းရာ အရပ်ဒေသဖြစ်နေခြင်းတို့ကြောင့် မုံရွာမြို့ သည် လူဉီးရေးနှင့် စီပွားရေး တဟုန်ထိုး တိုးတက်လာသည်။

မုံရွာနယ်မှထွက်ကုန်များမှာ ချည်လုံချည်၊ စောင်များ၊ ကျောက္ကာအရပ်မှ ယွန်းထည်များ၊ ဆန်စပါး၊ဂျုံ၊နှမ်း၊ ပဲ၊ပြောင်း၊ဝါ နှင့်အပူပိုင်းဒေသထွက် သစ်သီးများဖြစ်၏။ မုံရွာမြို့တွင် ရက္ကန်းစက်၊ စောင်စက်၊ဆန်စက်၊ သစ်စက်၊ ဂျုံစက်၊ ဆီစက်၊ ဆပ်ပြာစက်စသော စက်များရှိသည်။ မြို့နှင့် နယ်မှထွက်သော ပစ္စည်းများကို မုံရွာမြို့မှ ထုတ်လုပ် ဖြန့်ဖြူးသည်။

မုံရွာ မှထွက်သော စောင်မှာ မြန်မာနိုင်ငံ အနှံ့ကျော်ကြားလှပေသည်။ မုံရွာမြို့က ထွက်ရှိသော ဝက်အူချောင်းသည် အလွန်နာမည်ကြီးလှပါသည်။ မုံရွာစက်မှု့ဇုန်သည် တိုင်းဒေသကြီးတွင် အကြီးဆုံးဖြစ်သည်။ မုံရွာစက်မှု့ဇုန်တွင် တွင်သံ၊ ချည်ထည်၊ သစ်အချော၊ ထည်၊ စားသုံးဆီအမျိုးမျိုး၊ သံဂဟေ၊ ပန်းဘဲ၊ သံအရည်ကျို၊ မော်တော်ကား(ပြုပြင်)၊ ဝါ၊ ပဲခွဲ၊ ခေါက်ဆွဲ၊ ဂျုံ၊ ကြာဇံ၊ သားရေ၊ ဆေးဝါး လုပ်ငန်းများ ရှိသည်။ မုံရွာမြို့သည် ချင်းတွင်းမြစ်ကမ်းဘေးတွင် တည်ရှိ၍ မြစ်သဲကျောက်ထုတ်လုပ်မှု လုပ်ငန်းများလည်း ရှိသည်။

မြို့နယ်အတွင်းတွင် ဓာတ်ဆီ/ ဒီဇယ် ပန့်ဆိုင် (၂၃) ဆိုင်၊ ကုမ္ပဏီ (၂၅၃) ခု၊ ပွဲရုံ (၁၃၉) ရုံ၊ ဈေး (၁၀)ဈေး၊ ကုန်တိုက် (၁) ခု၊ အစိုးရဘဏ် (၁) ခု၊ ပုဂ္ဂလိကဘဏ် (၂၄) ခု ရှိသည်။ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ ကဏ္ဍအလိုက် စွမ်း ဆောင်ရည်ဆုများ ချီးမြှင့်ပွဲမှာ မုံရွာမြို့နယ်ဟာ ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးမြို့နယ်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။

ဒီဆုအတွက် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်၊ တိုင်းများက ၁၄ မြို့နဲ့ နေပြည်တော်က တစ်မြို့ စုစုပေါင်း ၁၅ မြို့ ပါဝင်ယှဉ်ပြိုင် ခြင်းဖြစ်တဲ့အတွက် တိုင်းဒေသအသီးသီး ကိုယ်စားပြုမြို့နယ် အားလုံးဟာ သတ်မှတ်စည်း မျဉ်းများအပေါ် စွမ်းဆောင်နိုင်မှုရလဒ် တွေနဲ့ ယှဉ်ပြိုင်ကြရပါတယ်။ မြို့နယ်တစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကဏ္ဍကြီး ၁၂ ရပ်ရဲ့စံရမှတ်နဲ့ တိုင်းတာခဲ့ကြပါတယ်။

စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် မှု၊ မြို့ပြအသေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၊ အသေးစားချေးငွေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၊သမဝါယမလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ အုပ်ချုပ်ရေးနှင့် လူမှုရေးရာလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ စတဲ့ကဏ္ဍ ၁၂ ရပ်အတွက် ပေးမှတ် ၁၄၅၀ သတ်မှတ် ထားခဲ့ရာ မုံရွာမြို့နယ်အနေနဲ့ အများဆုံးအမှတ်ရရှိအောင် စွမ်း ဆောင်နိုင်ခဲ့တဲ့အတွက် ခုလိုဆုမျိုးချီးမြှင့်ခံရခြင်း ဖြစ်ပါတယ်။

ဆက်သွယ်ရေး

မုံရွာမြို့နယ်သည် မန္တလေး၊ ကလေး၊ ပခုက္ကူဒေသများသို့ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများ ဆုံရာဒေသဖြစ်၍ လမ်းပန်းဆက်သွယ် ရေး ကောင်းမွန်သော မြို့နယ်ဖြစ်သည်။ မုံရွာသည် ချင်းတွင်းမြစ် အရှေ့ဖက်ကမ်းတွင် တည်ရှိသောကြောင့် ရေလမ်းဆက်သွယ်မှု ကောင်းစွာရှိသည်။ သွားလမ်းလာလမ်း လွယ်ကူပေသောကြောင့် အရေးပါအရာရောက်သော မြို့တစ်မြို့ဖြစ်၏။ ချင်းတွင်းမြစ်ပေါ် ဥဒဟို သွားလာသော လှေသင်္ဘောများသည် မုံရွာမြို့တွင် ဆိုက်ကပ်မြဲဖြစ်၏။

ချင်းတွင်းမြစ်အထက်ပိုင်းရှိ မြို့များသို့ သင်္ဘောများ မပြတ် မှန်မှန် ခုတ်မောင်းသည်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် မုံရွာမြို့အား မြန်မာနိုင်ငံအရပ်ရပ်မှ ကုန်လမ်း၊ ရေလမ်း၊ လေကြောင်းမှ လွယ်ကူချောမွေ့စွာ သွားလာနိုင်နေပြီဖြစ်သည်။ ၂၀၀၂ ခုနှစ် မုံရွာမြို့ အနီးတွင် ဖွင့်လှစ်လိုက်သော ချင်းတွင်းတံတားသည် အနောက်ဘက်ချင်းတွင်းဒေသမှ ကုန်စည်စီးဆင်းများ ပိုမိုအားကောင်းသွားစေခဲ့သည်။

ပညာရေး

မုံရွာမြို့နယ်တွင် မုံရွာတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မုံရွာနည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်၊ နည်းပညာအထက်တန်းကျောင်းတို့ ရှိသည်။ မုံရွာစီးပွားရေးတက္ကသိုလ်သည် ရန်ကုန် နှင့် မိတ္ထီလာ စီးပွားရေးတက္ကသိုလ်များ အပါအဝင် မြန်မာနိုင်ငံတွင် သုံးကျောင်းတာ ရှိသည်။

အထကကျောင်း (၁၅) ကျောင်း၊ အထကကျောင်းခွဲ (၁၅) ကျောင်း၊ အလကကျောင်း (၁၅) ကျောင်း၊ အလကကျောင်းခွဲ (၂၄) ကျောင်း၊ မူလတန်းလွန်ကျောင်း (၂၇) ကျောင်း၊ အမကကျောင်း (၈၁) ကျောင်း ရှိသည်။

#ကျန်းမာရေးမုံရွာမြို့နယ်တွင် အစိုးရဆေးရုံ (၅) ရုံ၊ ပုဂ္ဂလိကဆေးရုံ (၁၀) ရုံ ရှိသည်။ ဆေးပေးခန်း အနေဖြင့် အစိုးရဆေးပေးခန်း (၁) ခု၊ ပုဂ္ဂလိက ဆေးပေးခန်း (၅၅) ခု ရှိသည်။ ကျေးလက်ကျန်းမာရေး ဌာန/ဌာနခွဲ (၃၁) ခု ရှိသည်။

အားကစားနှင့်ဖျော်ဖြေရေးမုံရွာ အားကစားကွင်းသည် ဘက်စုံသုံး အားကစားကွင်း တစ်ခုဖြစ်ပြီး မုံရွာမြို့တွင် တည်ရှိသည်။ ဘောလုံးပွဲများအတွက် အများဆုံးအသုံးပြုလေ့ရှိပြီး အရင်က မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် စစ်ကိုင်း ယူနိုက်တက် ဘောလုံးအသင်း၏ အိမ်ကွင်းလည်း ဖြစ်သည်။ ဘော်လီဘော (၁)၊ တင်းနစ် (၁)၊ ဂေါက်ကွင်း (၁)၊ သေနတ်ပစ်ရုံ (၁)၊ မိုးလုံလေလုံအားကစားခန်းမ (၁)၊ ရိုးရာခြင်းလုံးရုံ (၁)၊ ကာယဗလရုံ (၁)၊ ဖူဆယ်အားကစားရုံ (၁)၊ အလေးမရုံ (၁)၊ မြန်မာ့သိုင်းအားကစားရုံ (၁) တို့ ရှိသည်။

ဖျော်ဖြေရေး အနေဖြင့် ရုပ်ရှင်ရုံ (၃) ရုံ နှင့် ပန်းခြံ (၁) ခု ရှိသည်။

ပွဲတော်များ

မုံရွာနယ်တွင်ရှိသော ကျောင်းကန်ဘုရား စေတီပုထိုးတို့သည် မြန်မာနိုင်ငံတစ်ဝှန်းတွင် ထင်ရှားကျော်ကြားသောကြောင့် အနယ် နယ် အရပ်ရပ်မှ ဘုရားဖူးသွားရောက်ကြသူများမှာ မနည်းချေ။◾ဆုတောင်းပြည့်ဘုရားကြီးပွဲ ၂၂၁ ခုမှစတင်၍ အသောက မှကျင်းပသော ဘုရားကြီးရပ်ကွက်ရှိ ဆုတောင်းပြည့် ဘုရားကြီးပွဲ သည် မုံရွာတွင် အကြီးကျယ်ဆုံး ပွဲတော် ဖြစ်သည်။

သီတင်းကျွတ်လပြည့်ကျော် ငါးရက်နေ့မှ ရှစ်ရက်နေ့အထိဖြစ်သည်။ သို့သော် သီတင်းကျွတ်သည်မှပင် ပွဲများ စတင်သည်။ဘုရားနှစ်ဆူဆက်သွယ်သော ဘုရားကြီးလမ်းတစ်လျှောက် ဈေးဆိုင်ခန်းများ နှင့် ကြည့်ချင်ပွဲများဖြင့် အထူးစည်ကား လှပေသည်။မုံရွာနယ် တစ်ခုလုံး ဈေးဝယ်သော ဘုရားဈေးပွဲအဖြစ် ထင်ရှားသည်။

ဗောဓိတစ်ထောင်ဘုရားပွဲ နောက်ပွဲတော်တစ်ခုကတော့ ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်သော ဗောဓိတစ်ထောင် ရပ်တော်မူ ဘုရားကြီး ပွဲတော် တန်ဆောင်မုန်းလ၌ ထင်ရှားစည်ကားသော ပွဲတော်ကြီး တစ်ခုဖြစ်သည်။ အမြို့မြို့ အနယ်နယ်မှ လာရောက် ဖူးမျှော် ကြည့်ရှုကြသည်။

ကျောက္ကာရွှေဂူနီဘုရားပွဲကျောက္ကာရွာသည် မုံရွာမြို့အရှေ့ဘက် ၁၀မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ရွာဦးတွင် တန်ခိုးကြီး ရွှေဂူနီဘုရားကြီး တည်ရှိပါသည်။ ရွှေဂူနီဘုရားသည် ရှေးခေတ်ကတည်းက တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်ပါသည်။ ရွှေဂူနီဘုရားသည် သီရိဓမ္မသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ဘုရားနှင့်ကျောင်းကန်များမှ တစ်ခုအပါအဝင် ဖြစ်ပါသည်။ အဲဒီအချိန်ကာလတုန်းက မြို့ဦးအသောက ဘုရားရယ်လို့ တွင်ခဲ့ပါသည်။

ဘုရားအတွင်းရှိ ရုပ်ပွားတော်များမှာလည်း အလှူရှင်များ၏ စေတနာသဒ္ဓါတရားဖြင့် ရွှေသင်္ကန်းများ ကပ်လှူထားသည်မှာ ဘုရားဆင်းတုတော်ပင် ရွှေတုန်းကြီးပမာ ဖြစ်နေပါတော့သည်။ဘုရားပွဲအားလည်း နှစ်စဉ်နှစ်တိုင်း မေလ ၂၂ ရက် မှ ၃၀ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။ မုံရွာနယ်မှ ဘုရားဖူးများအပြင်၊ အရာတော်နယ်၊ မြင်းမူနယ် မှ ဘုရားဖူးများ၊ နိုင်ငံခြား ဧည့်သည်များဖြင့် အထူးစည်ကားသည့် ဘုရားပွဲတော် တစ်ခုဖြစ်ပါသည်။

မြန်မာ့ရိုးရာ လက်မှုပညာများ ပေါများစွာ ထွက်ရှိရာဒေသဖြစ်သည့်အပြင်၊ ကျောက္ကာတောင် နှင့် ထန်းဇလုပ်ချောင်းတို့မှာလည်း အထူးစည်ကားရာ၊ လည်ပတ်စရာ ဒေသတစ်ခုဖြစ်ပါသည်။ ကျောက္ကာမှ ထင်ရှားသည့် အနုပညာလက်ရာမှာတော့ ကျောက္ကာယွန်းအစ်များ၊ အိမ်အသုံးအဆောင်ပစ္စည်းများ ဖြစ်ပါသည်။

မိုးညှင်းသမ္ဗုဒ္ဓေဘုရားပွဲသမ္ဗုဒ္ဓေစေတီတော်ကြီးကို ကျေးဇူးရှင် မိုးညှင်းဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၃ဝ၁ ခုနှစ်ဝါဆိုလဆန်း ၅ ရက်နေ့မှစတင်၍ မုံရွာမြို့နယ် မြေနဲ၊ အောင်သာ၊ ဆည်ကြီး၊ မင်ရွာတို့အလယ်ရှိ ၃၇ ဧကကျယ်ဝန်းသော မိုးညှင်းတောရတိုက်တော်ကြီးအတွင်း၌ တည်ဆောက်လာ ခဲ့ရာ ၁၃၁၄ ခုနှစ်တပေါင်းလဆုတ် ၃ ရက်နေ့တွင်လုံးဝပြီးစီးအောင်မြင်ခဲ့လေသည်။

စေတီတော်ကြီး၏ ဗိသုကာဟန်ကြောင့် မြန်မာတွင်မက ကမ္ဘာမှာပါ ကျော်ကြားသည်။ ဘုရားပွဲတော်ကိုနှစ်စဉ် တန်ဆောင်မုန်းလဆန်းတွင်ကျင်းပသည်။ ပွဲတော်ကိုအတီးအမှုတ်၊ အကအခုန်ပွဲလမ်း သဘင်မပါရှိဘဲမြသပိတ်မည်းဖြင့် ဘုရားဒါယကာရွေးကာဆွမ်းတော်ကြီးတင်ပွဲ၊ တရားပွဲသံဃာတော် ၁ဝဝ ကျော်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို တန်ဆောင်းမုန်းလပြည့်နံနက်ပိုင်းတွင်ကျင်းပပြုလုပ်လေသည်။

အလုံဘိုးတော်ကြီးနတ်ပွဲအလုံဘိုးတော်ကြီး ရိုးရာနတ်ပွဲတော်ကို မုံရွာမြို့နယ်၊ အလုံရပ်ကွက်တွင် နှစ်စဉ် တပေါင်းလပြည့်ကျော်(၇)ရက်မှ လကွယ်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လေ့ရှိပြီး မြန်မာနိုင်ငံတဝန်းလုံးမှ လာရောက်ဆင်နွှဲကြသဖြင့် မုံရွာမြို့နယ်တွင် အလွန်စည်ကားသည့်ပွဲတော်ကြီး ဖြစ်သည်။

မအူနတ်ပွဲမအူနတ်ပွဲကို နှစ်စဉ် တန်ခူးလဆန်း-၁၂ ရက်မှ လပြည့်ကျော်၂ ရက်ထိ မုံရွာမြို့အထွက် မအူကြီးကျေးရွာတွင် ကျင်းပလေ့ရှိပြီး လပြည့်နေ့သည် အစည်ကားဆုံး နေ့တစ်နေ့ဖြစ်သည်။ မအူနတ်ပွဲကို ရပ်ဝေးရပ်နီးမှ နန်းတက်ပန်းဆက်ကြတဲ့ ပရိတ်သတ်များ လာရောက်လေ့ရှိကြပြီး အနောက်အမေကြီးပွဲ၊ အလုံဘိုးဘိုးကြီးပွဲများကဲ့သို့ပင် ဒေသတွင်းမှာထင်ရှားတဲ့ ရိုးရာနတ်ပွဲတခုလည်း ဖြစ်ပါတယ်။

မအူနတ်ပွဲဟာလည်း အနောက်အမေကြီးပွဲ၊ အလုံဘိုးတော်ကြီးပွဲများကဲ့သို့ပင် ရိုးရာယုံကြည်မှုဓလေ့အရ ကျင်းပ ရုံတင်မဟုတ်ဘဲ ဆိုင်ခန်းများခင်းကျင်းသိုင်းဝန်းလျက် ဒေသထွက်ကုန်များ၊ ဒေသတွင်းလယ်ယာ လုပ်ငန်းသုံးပစ္စည်းများ၊ မြန်မာ့ရိုးရာအိမ်သုံးပစ္စည်း များ ရောင်းချဖလှယ်ရာဝေးပွဲကြီးလည်းဖြစ်သည်။

အထင်ကရနေရာများ

မဟာဗောဓိတစ်ထောင်▪️မိုးညှင်းသမ္ဗုဒ္ဓေ▪️ကျောက္ကာ ရွှေဂူနီ▪️ရွှေစည်းခုံစေတီတော်▪️ဆုတောင်းပြည့်ဘုရား▪️မဟာလယ်တီကျောက်စာတိုက်▪️ရွှေတောင်ဦး▪️ကန်သာယာပန်းခြံ▪️မုံရွာ အားကစားကွင်း

မုံရွာဒေသအနီးရှိအထင်ကရနေရာများ

အလောင်းတော် ကဿပ▪️ဖိုးဝင်းတောင်(ဖိုလ်ဝင်တောင်)▪️တွင်းတောင်▪️အမြင့်မြို့ဟောင်း

အထင်ကရပုဂ္ဂိုလ်များ

မုံရွေးဇေတဝန်ဆရာတော်▪️လောကမှန်ကင်းဆရာတော်▪️မိုင်းခိုင်းဆရာတော်▪️လက်ဝဲနော်ရထာ▪️လှေသင်းအတွင်းဝန်ဦးချိန်▪️လယ်တီပဏ္ဍိတဦးမောင်ကြီး▪️ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ▪️လင်းယုန် မောင်မောင်▪️မင်းရှင်နောင်▪️ဆိုင်းဆရာဆရာသက်▪️စိန်ကြာပေါ်▪️ဆရာကြီးဦးဂုဏ်ဘဏ်▪️ဂုဏ်ထူးဦးသိန်းနိုင်▪️မုံရွာဦးလေးခန့်▪️ကဗျာဆရာဦးအံ့မောင်▪️လယ်တီဦးလှသိန်း▪️မုံရွာတင်ရွှေ▪️ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် ဆရာဦးဘမော် ▪️မုံရွာဝင်းဖေ▪️သန်းထွန်းလေး▪️စာရေးဆရာဦးကျော်ဝင်း▪️တေးရေး ‌တေးဆို KAT

မုံရွာဒေသအနီးမှအထင်ကရပုဂ္ဂိုလ်များ▪️ပထမမောင်းထောင်ဆရာတော် (မုံရွာခရိုင်၊ ဘုတလမြို့နယ် )▪️တတိယမောင်းထောင် ဆရာတော် ( မုံရွာခိုင်၊ ဘုတလင်မြို့နယ် )▪️ညောင်ကန်ဆရာတော်ရှင်ကဝိန္ဒ(ဦးရောင်) ( မုံရွာခရိုင်၊ ဘုတလင်မြို့နယ် )▪️ညောင်ကန်ဆရာတော်ရှင်ပုညရံသီ(ဦးပိုး) ( မုံရွာခရိုင်၊ ဘုတလင်မြို့နယ် )▪️ ညောင်ကန်ဆရာတော်ရှင်ဇမ္ဗူဓဇ(ဦးပုတ်) ( မုံရွာခရိုင်၊ ဘုတလင်မြို့နယ် )

ညောင်ကန်ဆရာတော်ရှင်မေဓာလင်္ကာရ(ဦးကျီး) ( မုံရွာခရိုင်၊ ဘုတလင်မြို့နယ် )▪️မြင်းဝန်မင်းကြီးဆရာတော် အရှင်ပညာ ( မုံရွာခရိုင်၊ ဘုတလင်မြို့နယ် )▪️ပထမမြသိန်းတန်ဆရာတော်အရှင်ပရမသီရိ ( မုံရွာမြို့ခရိုင်၊ ဘုတလင်မြို့နယ် )▪️ကတိုးဆရာတော် အရှင်ပညာ ( မုံရွာခရိုင်၊ ဘုတလင်မြို့နယ် )▪️ဆားတုံဆရာတော်ဘုရားကြီး အရှင်ကဝိန္ဒ ( မုံရွာခရိုင်၊ ဘုတလင်မြို့နယ် )▪️

စတုတ္တ ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီး အရှင်တိဿထေရ် ( မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် )▪️တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး ဦးဥတ္တမသာရ ( မုံရွာခရိုင်၊ အရာတော်မြို့နယ် )▪️ဆရာတော် ဦးဝိစာရ ( မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် )▪️အမြင့်ဆရာတော်ဘုရားကြီး အရှင်နန္ဒာသီရိ ( မုံရွာခရိုက်၊ ချောင်းဦးမြို့နယ် )▪️တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘုတလင်ဆရာတော် အရှင်ဣန္ဒာစရိယ ( မုံရွာခရိုင်၊ ဘုတလင်မြို့နယ် )▪️တွင်းသင်းတိုက်ဝန် မဟာစည်သူ ဦးထွန်းညို ( မုံရွာခရိုင်၊ ဘုတလင်မြို့နယ် )▪️စိန္တကျော်သူဦးဩ ( မုံရွာခရိုင်၊ ဘုတလင်မြို့နယ် )

စစ်သူကြီး မဟာ ဗန္ဓုလ ( မုံရွာခရိုင်၊ ဘုတလင်မြို့နယ် )▪️မောင်းထောင်ဦးကျော်လှ ( မုံရွာခရိုင်၊ ဘုတလင်မြို့နယ် )▪️ခုံမင်းကြီးဦးပြည့်ကျော် ( မုံရွာခရိုင်၊ ဘုတလင်မြို့နယ် )▪️ညိုမြ ( မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် )▪️သိန်းဖေမြင့် ( မုံရွာခရိုင်၊ ဘုတလင်မြို့နယ် )▪️ဆရာညိုထွန်းလူ ( မုံရွာခရိုင်၊ အရာတော်မြို့နယ် )▪️ပန်းချီဆရာကြီးဦးသန်းကြွယ် ( မုံရွာခရိုင်၊ အရာတော်မြို့နယ်)▪️စာရေးဆရာဘိုးလှိုင် ( မုံရွာခရိုင်၊ အရာတော်မြို့နယ် )

#PhotoCredit#SitNyeinLu

Likes:
0 0
Views:
1115
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *