ကွန်မြူနစ်ဆိုတာ

ရေးသူ – ဆရာကြီး ဒဂုန်တာရာ

လူငယ်လည်း ဖြစ်ရမည်၊အဝတ်အစားခပ်စုတ်စုတ် ခပ်နွမ်းနွမ်းနှင့်၊ (ဒါမှပစ္စည်းမဲ့သရုပ်ပေါ်ပေမည်ကိုး) မော်တော်ကားခန့်ခန့်၊ ဆိုဖာ၊ အိုက်စကရင်နှင့်ကိတ်မုန့်၊ စန္ဒယား စသည်တို့နှင့် မနီးစပ်ရ။ (တောအောင်းနေနိုင်က ပိုကောင်းမည်) အကြမ်းပတမ်းလက်နက်ကိုင်ထကြွမှုကို လိုလားသူ။ ယေဘူယျ လူအများက ကွန်မြူနစ်ဆိုလျှင် ဤသို့ဘဲဟု အောက်မေ့လျက် ရှိကြသည်။

ကွန်မြူနစ်ဆိုသူမှာလည်း စင်စစ်၊ သွေးနှင့်သားနှင့် ပြုလုပ်ထားသောသတ္တဗေဒအကောင်အထည် လူပင်ဖြစ်ပါသည်။ လူဆိုသည်မှာတဏှာပေမကိုမပယ်နိုင်သူ၊ ဆန့်ကျင်ဘက်လိင်ကို တောင့်တသောသွေးစိတ်သားစိတ်၊ မိမိသာလျှင် တွင်ကျယ်ချင်သော အတ္တစိတ်၊ တခါတရံ အမှောင်ကဲ့သို့ မိုက်မဲတတ်သော မောဟစိတ်စသည်တို့နှင့် ပြည့်စုံသောလူပင်ဖြစ်သည်။

အဘိဓမ္မာဆရာကြီးဒေါက်တာဂျုတ်ပြောသကဲ့သို့ ‘လူသည် မိမိသာလူတွင်ကျယ်ဖြစ်ကြောင်း ပြလိုသည်’ ဆိုသော လူပင်ဖြစ်သည်။ လူဆိုသည်မှာဘယ်သူပဲဖြစ်ဖြစ်၊အတူတူချည်းပဲဖြစ်သည်။သို့သော်…. လူတွေထဲမှာဘဲလူညံ့၊ လူတော်၊ ပညာတတ်၊ ပညာမဲ့ စသော အသွေးအရောင် ကွဲပြား ခြားနားတာတွေကား ရောထွေးရှက်လိမ်လျက် ရှိနေပေသည်။

ကျွန်တော့်အဖို့ရာကား၊မိုက်မဲတတ်၊ လိမ္မာတတ်၊ ညံ့တတ်၊ တော်တတ်သောလူများကိုသာ တွေ့မြင်နေသည်။ သည်အထဲကွန်မြူနစ်ဆိုသူလည်း လူ၊အခြားသူတွေလည်း လူပင်မဟုတ်လော။ ဒါကိုဘဲမြင်သည်။သို့ရာတွင်၊ ကွန်မြူနစ်ဆိုသူသည်ကား တခုကိုယုံကြည်ကိုးကွယ်သူဖြစ်သည်။ ကွန်မြူနစ်ဝါဒကို ကိုးကွယ်ယုံကြည်နိုင်ရန် လူ့အတ္ထုပ္ပတ္တိ ရာဇဝင်၊ လူ့အတွေးအခေါ် အဘိဓမ္မာ၊ လူ့နေမှုထိုင်မှုနိုင်ငံရေး ဘောဂဗေဒ စသည်တို့ကို ကမ္ဘာဦးရာဇဝင်ပေါ်စမှ ယနေ့အနုမြူခေတ်အထိအဖြစ်အပျက်များကိုသိရှိနားလည်ရပေမည်။

ကွန်မြူနစ်ဝါဒကို ကားလ်မာက်စ်က ဖော်စပ်ခဲ့၏။ ကားလ်မာက်စ်သည် အင်္ဂလိပ်နိုင်ငံရေးဘောဂဗေဒပညာ၊ ပြင်သစ်တော်လှန်ရေး နိသျှပညာ၊ ဂျာမန်ရုပ်ပိုင်း အဘိဓမ္မာစသည်များကို သူ့အမြင်ဖြင့်ပေါင်းစပ်၍ကွန်မြူနစ်ဝါဒဆိုတာကို ဖော်ပေးလိုက်ခြင်း ဖြစ်သည်။ သူ့ အရင်ခေတ်ကလည်းလူ့အဖြစ်အပျက်များ ကိုမှီး၍ အတွေးအမြင်များရှိခဲ့ပေမည်။

သို့သော် သူကအားလုံးကို ရှာဖွေစူးစမ်းကာ ယထာဘူတ စနစ်တကျ သိပ္ပံပညာရပ်အဖြစ်ပြုလုပ်လိုက်ခြင်းပင် ဖြစ်သည်။နောက်လီနင်က မာက့်စ်၏ဝါဒကိုလေ့လာကာ တဖန် စူးစမ်းပြီး လက်တွေ့လုပ်လိုက်၏။ ရုရှားပြည်ကြီး ကိုဆိုရှယ်လစ်နိုင်ငံတော်အဖြစ်တည်ထောင်လိုက်၏။ သူ၏ နိသျှကို ကြည့်ရှုဆင်ခြင်ပြီး လီနင်ဝါဒဟု ခေါ်ကြ၏။

နောက်တဖန် စတာလင်က ဆိုရှယ်လစ်နိုင်ငံတော် တည်တံ့ခိုင်မြဲအောင် လက်တွေ့ လုပ်ကိုင်၏။ ထိုနည်းကိုပင် ‘စတာလင်ဝါဒ’ ဟု ခေါ်စပြုပေပြီ။ကမ္ဘာဦး သမတခေတ်က အနုမြူခေတ်အထိ၊ လူ့နေထိုင်မှု စသည်တို့၏ အဖြစ်အပျက်များ ပြောင်းလဲလာခြင်းများကို စနစ်ကျကျ မှန်ကန်စွာ လေ့လာရှုကြည့်ပြီးမှ ရှေ့ကို ဘယ်လိုနည်းဖြင့် ဘယ်လိုလုပ်လျှင် ဘယ်လိုခေတ်ကိုရောက်မည်ဟု ကြံဆတွေးခေါ်ကာ ယုံကြည်ချက်အတိုင်း လုပ်ခြင်းသည် ကွန်မြူနစ် ဖြစ်လေသည်။

လောကတွင် ထမင်းရက်ချန် စားနေရသူနှင့် ဧည့်သည်များဖိတ်၍ နေ့လည်စားပွဲဖြင့်တည်ခင်းကျွေးမွေးနေနိုင်သူ၊ လက်ထဲတွင် နှစ်ပြားမျှ ပြည့်အောင်မရှိသူနှင့် အပိုရွှေဒင်္ဂါး ကုဋေတရာကို ဘဏ်တွင်အပ်ထားသူ စသဖြင့်ကွာလှမ်းလှသောအဆင့်အတန်းကိုအဘယ်ပုံသမအောင် လုပ်မည်လဲ။

လောကဓါတ်ပညာထွန်းကားနေသည့်အကျိုးကို လူတိုင်းခံစားနိုင်အောင် အဘယ်ပုံ လုပ်မည်လဲ စသော လူ့ လောကကြီးဝယ် မညီမျှမှု၊ အလွန်တရာ ကွာလှမ်းမှုတို့ကို ဖြေစွမ်းနိုင်မည့် အဖြေကို ရှာသူတို့သည်ကွန်မြူနစ်နိသျှနှင့် သွားတွေ့ကြပေသည်။

ဥပမာ-တိုင်းပြည်တွင် လူ ၁၀၀ ရှိသည်ဆိုကြပါစို့။ ထိုပြည်၏တနေ့ဝင်ငွေသည် ၁၀၀ ကျပ် ဆိုကြပါစို့။ လူ ၁၀ ယောက်မှာဓနရှင်များဖြစ်၍ သူ၏ အလုပ်သမား လယ်သမားများကိုလုပ်ခိုင်းရာမှ ၈၀ ကျပ် ရ၏။ (ပျမ်းမျှကြေးတဦးလျှင် ၈ ကျပ်) ကျန်လူ ၉၀ ၏ ဝင်ငွေမှာ ၂၀ ကျပ် ဖြစ်ပေမည်။

(ပျမ်းမျှကြေး ၄ ပဲ ဖြစ်၏) ဤကဲ့သို့ မညီမျှသော ဂ ကျပ်နှင့် ၄ ပဲကို အဘယ်ပုံ သမအောင်လုပ်မည်လဲ။ လူ ၁၀၀ လုံး အလုပ် လုပ်၍ ဝင်ငွေ ၁၀၀ ရသည်ဆိုလျှင်၊ တဦးလျှင် ပျမ်းမျှကြေး ၁ ကျပ် ရကြပေမည်။အကြမ်းအားဖြင့် ဤသဘောသို့ရောက်အောင်ကျိုးစားသူသည် ဆိုရှယ်လစ်ဘောဂဗေဒသဘောကိုယုံကြည်နိုင်ပေမည်။

ဆိုရှယ်လစ်နှင့် ကွန်မြူနစ်မှာပဌမအဆင့်နှင့် ဒုတိယအဆင့် ဖြစ်လေသည်။ ဖူးပြီးမှ သီးပွင့်ရသကဲ့သို့၊ ၁ ပြီးမှ ၂ လာရသကဲ့သို့၊ဆိုရှယ်လစ်ခေတ်မှကွန်မြူနစ်ခေတ်သို့ကူးမြောက်ရပေမည်။တန်းတူညီမျှခြင်းကား မဖြစ်နိုင်ပေ။လီနင်ကလည်းဤသို့ပြောခဲ့ပေသည်။တခါက အင်္ဂလိပ်အဘိဓမ္မာဆရာကြီးတဦးကပြောခဲ့ပေသည်။

‘ဆိုရှယ်လစ်လုပ်ခြင်း ဆိုသည်မှာ မညီမညာရှိနေတဲ့ မြေပြင်ကို ညှိပေးရတာပဲ။ တောင်ကမူစာကလေးကို နဲနဲနှိမ့် ဖြိုချ၊ ချိုင့်ဝှမ်းကို မြေနဲ့ ဖို့တင်၊ အဲဒါပါပဲ။ တပြေးညီနေအောင် လုပ်တာ မဟုတ်ပါဘူး’သူပြောသကဲ့သို့ပင် ကမ္ဘာရှိ လူ့နေမှု ထိုင်မှု စနစ်ကြီးကို သမအောင် ညီအောင် ညှိပေးခြင်းသည် ဆိုရှယ်လစ်လုပ်ခြင်းပင် ဖြစ်ပေသည်။ဆိုဗီယက်ရှိ ကွန်မြူနစ်ဆောင်ပုဒ်တခုမှာ “သူ့ထံမှ သူ့အရည်အချင်းအလျောက် အလုပ်ကို ရ၍၊ သူလိုတာ (နေမှုထိုင်မှု) ကို သူ့အား ပေးရမည်” ဟု ဖြစ်သည်။

အချုပ်မှာလူတိုင်းအလုပ်လုပ်ရ၍၊လုပ်သလောက်စားရပေမည်။ တံမြက်စည်း လှဲတတ်သူကလည်းလမ်းအမှိုက် ရှင်းလင်းပေး၍၊ ဆရာဝန်ကလည်းပြည်သူအတွက်ဆေးစပ်ပေးပြီး နှစ်ယောက်စလုံး ဝဝလင်လင် စားနိုင်နေနိုင်သောနေမှုထိုင်မှုကိုရရှိကြပေသည်။ဤကားအကြမ်းအားဖြင့်ဆိုရှယ်လစ်၊ ကွန်မြူနစ်သဘောများ ဖြစ်၏။

ကွန်မြူနစ်ဝါဒ၏ အနုပဋိလောမ၊ရုပ်ပိုင်းရာဇဝင်၊ ရုပ်ဝါဒစသော သဘောတရာများ ရှိသေး၏။ ဤအတွေးအခေါ်များကို-သိရှိနားလည် ယုံကြည်နိုင်ရန်၊ လူ့ရာဇဝင်၊ အဘိဓမ္မာ၊ ဘောဂဗေဒစသောပညာအခြေခံများရှိရပေမည်။

ဤအခြေခံရဘို့တော်တော်တတ်သိ နားလည်ရပေမည်။ထို့ကြောင့်ပင်၊အထက်တန်းပညာတတ်သူများသည်အများအားဖြင့်ကွန်မြူနစ်ဆံကြပေ၏။ တက္ကသိုလ်မှ ကမ္ဘာကျော်ပါမောက္ခများ၊ စာရေးဆရာကြီးများသည် ကွန်မြူနစ်ဆံကြပေ၏။

ဆရာကြီး ဒဂုန်တာရာ ရေးသော သခင်သန်းထွန်း – အနီကို လေ့လာကြည့်ရှုချက်မှ ကောက်နုတ်ဖော်ပြသည်။

Source : People’s Democracy

Likes:
0 0
Views:
2020
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *