လွမ်းရတဲ့သူတွေ ၁၇ လွှမ်းမိုး

၁၉၈၀ ဆောင်းတစ်ည။မရှယ်လီ မရှယ်လီမရှယ်လီဗျို့ မရှယ်လီခြံထိပ်ဆီမှ ငယ်သံပါအောင် အော်ခေါ်နေကြသောအသံများကြောင့် အိပ်မှုန်စုံမွှားဖြင့် ကျွန်တော်တို့ လင်မယားအိပ်ယာမှ ထလိုက်ကြရသည်။ကျွန်တော်ခြံမှာလှိုင်မြို့နယ် ၅၈ လမ်းမှ မိတာ ၁၀၀ ခန့်ရှည်သော ကိုယ်ပိုင်လမ်းဖြင့်ဝင်ရသည့် ခြံဖြစ်သောကြောင့် ညဘက်ခြံထိပ်ဂိတ်တံခါးပိတ်ထားလျှင်ဝင်ရန်မလွယ်တော့ပါ။

အသံကုန်အော်နိုင်မှသာ ခြံထဲက ကျွန်တော်တို့ကြားနိုင်ရုံမျှသာ ရှိပါသည်။ ထို့ကြောင့်ညဘက်တွင် ကျွန်တော်တို့အိမ်သို့ ဧည့်သည်များလာလေ့မရှိပါ။မိတ်ဆွေအပေါင်းအသင်း ကဗျာဆရာ စာရေးဆရာများကတော့ ခြံတံခါးပေါ် ကျော်တက်ပြီး သံဆူးကြိုးကိုဖြဲပြီးဝင်တတ်ကြပါသည်။သို့သော် ခြစ်ရာ ရှရာ ဒဏ်ရာဗရပွနှင့် မောင်မင်းကြီးသားများကို ဆေးထည့်ပေးရခြင်း။

မဝသေးဘူး ။ မဝသေးဘူး ဟု ဂျီကျနေသောသကောင့်သားများအတွက် အရက်နှင့်ထမင်း စီစဉ်ပေးရခြင်းတည်းဟူသော ဒုက္ခတို့ကို ကျွန်တော့် ဇနီးက ဒိုင်ခံဖြေရှင်းပေးရှာပါသည်။ယခုဘယ်သူတွေနည်း။ သေချာသည် ဇနီးသည်၏ဧည့်သည်များသာ ဖြစ်ပါလိမ့်မည်။သို့ဖြင့် လင်မယား နှစ်ယောက် ခြံထိပ်အထိ လျှောက်ခဲ့ရသည်။

တံခါးဝတွင် The Professionais တီးဝိုင်းခေါင်းဆောင် ကိုဇာနည်စံထွန်းနှင့် လူငယ်တစ်ဦးမော်လမြိုင် စတိတ်ရှိုူးတစ်ခုသို့ သူတို့၏ Professionais တီးဝိုင်းနှင့် အင်္ဂလိပ်သီချင်းများလိုက်ပါ သီဆိုပေးရန် ကျွန်တော့်ဇနီးအား လာရောက်ခေါ်ကြခြင်းဖြစ်ပါသည်။နောက်နေ့မနက် မော်လမြိုင်သို့ သွားရမည်ဖြစ်သောကြောင့် ညဉ့်နက်သန်းကောင်ကြီးမှာ အရေးပေါ်ရောက်လာခြင်းဖြစ်သည်။

ဇာနည်စံထွန်း မိတ်ဆက်ပေးသဖြင့် သူနှင့်အတူပါလာသော လူငယ်ကို လွှမ်းမိုးဟု သိလိုက်ရသည်။ထိုစဉ်က သူကလည်း အဆိုတော်ဖြစ်ခါစ သိပ်မကျော်ကြားမအောင်မြင်သေး။သို့သော် သူ၏သီချင်းတစ်ပုဒ်ကိုမူ ကျွန်တော်ကြားဖူး နှစ်သက်ဖူးနေပါပြီ။

အို …ဗုဒ္ဓဘုရား ….. ဟောလေသည်မှာ ….လူတိုင်းဟာ ….အရှုး ….သည်နောက်ပိုင်းတွင်တော့သူနှင့်ကျွန်တော်တို့မိသားစုမှာ ထဲထဲဝင်ဝင်ရင်းနှီး ချစ်ခင်ဖြစ်ကြတော့သည်။တီးဝိုင်း အလုပ်များ အားလပ်သည့်ရက်များတွင် ကျွန်တော်တို့ ခြံထဲသို့ တစ်နေ့လုံးလာပြီး သစ်ပင်ကြီးတွေအောက်မှာ ဖျာတစ်ချပ်ခင်းလျက် ဂစ်တာတစ်လုံးနှင့်သီချင်း ရေးနေတတ်သည်။ သူ့ဘေးတွင် ကျွန်တော့်သားသမီးလေးများ ။

တူ တူမငယ်ကလေးများဝိုင်းဝိုင်းလည်လျက်။ကလေးများ၏ တစ်ယောက်တစ်ပေါက်တောင်းဆိုမှုများကို အလိုလိုက်ပြီး သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုပြရှာသည်။ကလေးတွေကလည်း သူ့ကို ကျွန်တော်တို့ခေါ်သည့် နာမည်ရင်းအတိုင်း ဦးစိုးစိုး ။ ဦးစိုးစိုးဖြစ်နေကြပါပြီ။ကျွန်တော့်ဇနီးက အားနာစွာဖြင့် ဝင်ဟန့်သည်။

ဟဲ့ ဟိုမှာ သီချင်းရေးနေတာ မနှောင့်ယှက်ကြနဲ့။သွားကြစမ်း ။ ဝေးဝေးသွားနေကြစမ်း။မ …. မလုပ်ပါနဲ့။ မ ….မ …. မရှယ်လီရာကိတ် ကိစ္စမရှိပါဘူး။စိတ်လှုပ်ရှားလာလျှင် စကားထစ်တတ်သောသူ့ကြောင့်ကျွန်တော်တို့ မကြာခဏရယ်ကြရသည်။ကျွန်တော့်ဇနီးကမေးလေ့ရှိသည်။ဟဲ့ …..စိုးစိုး ရဲ့ သီချင်းဆိုတဲ့အခါကျတော့ နင်ကဘာကြောင့်မထစ်တာလဲ။ဟာဗျ ….အစ်မ…ရှယ်….ရှယ်လီကလည်းထပ်ရယ်ကြရပြန်သည်။

လွမ်းတယ်စိုးစိုးရေလွှမ်းမိုးသည် ကလေးများကိုချစ်တတ်သလို မိန်းမများကိုလည်း အလွန်ချစ်တတ်ပါ၏။သူ့တွင် အချစ်တွေဘယ်တော့မှ ကုန်ခမ်းဟန်မတူ။ရည်းစားအလွန်များသောသူ့ကို ကျွန်တော့်ဇနီးကတစ်ခါမေးဖူးသည်။စိုးစိုး ရယ် ။ တစ်ခါတစ်လေ နင့်ရည်းစားတွေကိုလူမှားပြီး မခေါ်မိဘူးလား။မမှားဘူး အစ်မ ။

သူတို့ အားလုံးကို အချစ် လို့ပဲခေါ်တယ်။နင့်ကိုယ်နင်ကျတော့ရောကိုကိုခွေးကောင်လေး။ကျွန်တော့်ဇနီးခင်ဗျာ ဤမျှသာ ထောမနာပြုနိုင်ရှာတော့သည်။သူကတော့ မချိုမချဉ်ပြုံးလျှက်။ ပိုင်ပါပေ့ကွယ်။အားကျလိုက်တာ။ရည်းစားတစ်ယောက်ရတိုင်း သီချင်းတစ်ပုဒ်ရေးသည်။မနှင်းဆီရေ ××မနှင်းဆီရေ ×နီနီညိုညိုခေါ်တယ် ×××ကောင်မလေး×နှစ်ယောက်ရှိတယ်×ကျွန်တော်သီဆိုပါတယ်×ဂီတပွဲတစ်ခုမှာတွေ့တယ်×

ဘာကြောင့်လဲဟယ်×××မအေးရယ်×××ချစ်လို့ပါကွယ်သိပ်ချစ်ရတဲ့ပင်န်စီရယ်×××စိတ်ညစ်ရတဲ့ပင်န်စီရယ်×××အိပ်ပျက်ရတဲ့ပင်န်စီရယ်×××ကွယ်ဟုတ်နေတာပါပဲလား။သည်တော့လည်း၁၉၆၅ ခုနှစ်ကမန္တလေးတက္ကသိုလ်တွင် ကျွန်တော်ရေးခဲ့သော ဒွေးချိုးတစ်ပိုင်းတစ်စကိုသွားသတိရမိသည်။

ချစ်ချစ် မုန်းမုန်းလုံးလုံးဆုံးတယ် မထင်နဲ့ဦးရင်မှာခံစားလာသမျှကိုလက်က ဖန်ဆင်းနိုင်တာမို့အနုပညာသမားဆိုတာလေဘယ်ခါမှ အရှုံးမရှိဘူး။မှတ်မှတ်ရရ ၁၉၈၂ ခုနှစ်သူတို့၏ Professionals တီးဝိုင်းက မကွေးတိုင်းမီးသတ်ရန်ပုံငွေ စတိတ်ရှိုးလုပ်နေသည်ဆို၍ မန္တလေးသို့ ခရီးယာယီ ရောက်နေသော ကျွန်တော်က မကွေးသို့လိုက်သွားသည်။

မကွေးလေယာဉ်ကွင်းထဲတွင် နွားအုပ်များဝင်နေသည်ကို မောင်းထုတ်နေရသောကြောင့် လေယာဉ်က မြို့ကိုပတ်ဝဲနေရသဖြင့် စိတ်လည်းညစ်ရ ရယ်လည်းရယ်ခဲ့ရသည်ကိုလည်း မှတ်မိနေသေးသည်။သူတို့ တည်းခိုရာကိုရောက်တော့ ကိုဇာနည်စံထွန်းခေါင်းဆောင်သော အုပ်စုကိုတွေ့လိုက်ရသည်။လွှမ်းမိုး။ ကိုင်ဇာ ။ စိုင်းနေဝန်း ။ ဂျော်နီ ။

အသံတုရဲမင်းထိုက် စသော အမျိုးသားအဆိုတော်များနှင့်လူရွှင်တော်များ ကျွန်တော်ဇနီးနှင့်အတူ နော်လီဇာ။ ရုပ်ရှင်မင်းသမီးမွှေး ။ ဟာသမယ်မသန်းရွှေ တို့နှင့် ဇွတ်အဆိုတော်နာမည်တပ်ပြီး လွှမ်းမိုးခေါ်လာသော ရုပ်ရှင်မင်းသမီးပေါက်စလေး တစ်ယောက်ကိုပါတွေ့လိုက်ရသည်။မကွေးပွဲက ၂ ညဖြစ်ပါသည်။တစ်ညတွင်မြို့ခံအဆိုတော်ကလေးမလေး တစ်ယောက်က ဧည့်သည်အဆိုတော်အဖြစ် ဝင်ဆိုသည်။ထူးခြားလိုက်သည့်အသံ။ နောင်တွင်ထိုဂါဝန်လေးနှင့်ကလေးမသည် နီနီဝင်းရွှေ ဟူ၍ဖြစ်လာသောအခါကျွန်တော်မအံ့သြတော့ပါ။

မကွေးပွဲစဉ် တစ်လျှောက်လုံး လွှမ်းမိုးကား ရုပ်ရှင်မင်းသမီးငယ်လေး၏အနားမှ တစ်ဖဝါးမခွာတော့ပါ။ကြိတ်လိုက်ကွဲ့ ။ ညီလေးရေ ။ထိုမကွေးပွဲကာလတွင်းမှာပင် ကျွန်တော်တို့လင်မယားမွဲဆေး ဖော်မိခဲ့ကြပါသည်။ဤ Professionals အဖွဲ့နှင့် အဆိုတော်များကိုမြစ်ကြီးနားတွင် စတိတ်ရှိုးပွဲ သွင်းမည်ဟု အကြံဆိုးရကြပါသည်။

ဤသည်ကြောင့်ပင် နောင်သောအခါ၌ လွှမ်းမိုး၏ဘဝထဲတွင် ကျွန်တော်တို့လင်မယားက အရေးပါသောဇတ်ပို့များ ဖြစ်လာခဲ့ကြရပါ၏။မကွေးမှ မန္တလေးသို့ ရောက်ခဲ့ကြပြီး ။မန္တလေး မှ မြစ်ကြီးနားသို့ ခရီးဆက်ရာတွင်အဆိုတော်များကို လေယာဉ်နှင့်ပို့ရပြီး တီးဝိုင်းသမားများ။စက်ပစ္စည်းများနှင့် ကျွန်တော်တို့ကမူ စရိတ်သက်သာစေရန် မီးရထားဖြင့် ချီတက်ခဲ့ရသည်။ကျပ်ညပ်သိပ်လျက်မောပန်းနွမ်းနယ်လျက် ကိုယ့်ကိုယ်ကိုယ်ဒေါသထွက်၍မဆုံး။မြစ်ကြီးနားတွင် အမျိုးသားသီးသန့်။

အမျိုးသမီးသီးသန့်တည်းခိုခန်းများတွင် ခွဲထားရ၏။သို့သော် လွှမ်းမိုးကား မင်းသမီးငယ်နှင့်သာအတူနေတော့၏။သည်တော့လည်း သီချင်းတိုက်ရန်အချိန်ကျလျှင်ကိုယ်တော်မြတ်လေးကိုသွားပင့်ရ၏။မင်းသမီးငယ်လေးကတော့ ကျွန်တော့်အသံကြားလျှင်ခေါင်းမြီးခြုံ၍ အိပ်နေလေ့ရှိ၏။ကျွန်တော်ကလည်း ထိုမင်းသမီးငယ်ထက်ပို၍သရုပ်ဆောင်ကောင်းပါသည်။သိသိကြီးနဲ့ မသိချင်ယောင်ဆောင်ရသော အက်တင်တွင် ကျွန်တော်လည်း အကယ်ဒမီရလောက်ပါသည်ခင်ဗျား။

သီချင်းတိုက်ချိန်မမှန်မှုကြောင့် တစ်ရက်တွင်ပြဿနာတက်တော့၏။နော်လီဇာ ရှိနေချိန်တွင် လွှမ်းမိုးကရောက်မလာ။လွှမ်းမိုးရောက်လာသောအခါတွင်မူ နော်လီဇာကပျောက်သွားတတ်သည်။သို့ဖြင့် လွှမ်းမိုးနှင့် နော်လီဇာတို့ ရန်ဖြစ်ကြ၏။ပွဲသွင်းကန်ထရိုက် ကျွန်တော်တို့ လင်မယားကားဖျန်ဖြေရ။ ချော့မော့ရနှင့် ဖတ်ဖတ်မော။

ဒေါသကြီးနေကြသော အဆိုတော်နှစ်ယောက်ကြားတွင်ဟာသမယ်မသန်းရွှေကြီးက ကြားထဲကခံလိုက်ရသည်။နော်လီဇာပစ်ပေါက်လိုက်သော မီးချောင်းထွန်းသည့်ဘက်ထရီအိုးက လွှမ်းမိုးကိုမထိဘဲ နံရံကိုသွားမှန်ပြီးအက်စစ်တွေဖိတ်စဉ်ကုန်သည်။ထိုနေ့မနက်ကမှမြစ်ကြီးနားဈေးထဲက ဝယ်လာသော မသန်းရွှေ၏ဦးထုပ်အသစ်စက်စက်ကြီး ဆန်ခါပေါက်ကျသွားသည်။စာရင်းချုပ်ရသော ထိုမြစ်ကြီးနားစတိတ်ရှိုးတွင်မင်းသစ်တို့လင်မယားနှင့် ရှယ်ယာဝင်သူမြစ်ကြီးနားမှကိုထင်ပေါ်။

မခင်သန်းတို့လင်မယား ခွက်ခွက်လန်အောင် ရှုံးကြပါလေ၏။လွှမ်းမိုးကတော့ မြစ်ကြီးနားတွင် မိန်းမထပ်ရပြန်လေပြီ။အရှုံးထဲက အမြတ်ပေါ့ကွယ်။ ဟွန့် ။အောင်သွယ်မလုပ်ရပါဘဲနှင့်အောင်သွယ်စာရင်းဝင်သွားသော ကျွန်တော်တို့ လင်မယားသည်လွှမ်းမိုးတို့ မောင်နှံ ခေတ္တကွန်းခိုနေသော ဝင်ဒါမီယာထဲမှ တိုက်ခန်းသို့ မကြာခဏ ရောက်သွားလေ့ရှိပါသည်။

ရောက်သွားတိုင်း မိန်းကလေးက သူ၏မသိသားဆိုးရွားမှုများကို တိုင်ရှာသည်။ကျွန်တော်တို့ ဒေါသဖြစ်ရ၏။သူ့ကိုလည်း ပစ်ပစ်ခါခါပြောဖြစ်ကြ၏။ဂရုဏာဒေါသနှင့်လည်း ဆုံးမမိကြ၏။သူကား မတုန်မလှုပ်။ကျွန်တော်တို့၏ ဆုံးမစကားတို့သည် သူ၏ ဘယ်ဘက်နားမှဝင်၍ ညာဘက်နားမှ ထွက်သွားသည်ဟုသာကျွန်တော်ထင်ပါ၏။

နောက်ပိုင်းတွင် သူတို့ နှစ်ယောက်စလုံးနှင့် ကျွန်တော်တို့ဖြည်းဖြည်းချင်း ဝေးသွားကြရသည်။မကြာမီ သူတို့နှစ်ယောက် ကွဲကြပြီဟု သတင်းရသည်။မင်းသမီးငယ်က တစ်နေ့တခြား အောင်မြင်လာသည်။လွှမ်းမိုးကလည်း ရုပ်ရှင်မင်းသား လုပ်နေပြီဟု သတင်းရသည်။ထို ပန်းသီတဲ့ကြိုး ဇတ်ကားကို ရိုက်နေစဉ် ဗိုလ်ချုပ်လမ်းပေါ်တွင် ဟိုင်းလပ်ကား ပက်လက်ပေါ်မှနေ၍အစ်ကိုမင်းသစ် ဟု ကျွန်တော့်ကို အော်ဟစ်နှုတ်ဆက်သွားသည်။လူချင်းကား အေးအေး ဆေးဆေး မတွေ့ရသေး။

ထိုဇတ်ကားအောင်မြင်သည်ဟု ကြားရ၍ ကျွန်တော်တို့မုဒိတာပွားရသည်။အချိန်အတန်ကြာမှ လူချင်းဆုံဖြစ်ကြသည်။ဆုံကြရပုံက သိပ်မလှ။အနော်ရထာလမ်းတစ်လျှောက် ဧရာမဆိုင်ကယ်ကြီးတစ်စီးကို သူစီးလာသည်။လမ်းဘေးမှ လူငယ်တစ်ယောက်က လှမ်းနောက်သည်။ဝုန်းခနဲ ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းပြီး ထိုလူငယ်နောက်တစ်ဟုန်ထိုးပြေးလိုက်သည်။သူက ကရာတေးခါးပတ်နက် ။ ကျွန်တော်မနေသာတော့။စိုးစိုး မလုပျနဲ့။တုံ့ခနဲ သူရပ်သွားသည်။

ကျွန်တော့်ကို မြင်သောအခါ တွေသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ဒီလိုလုပ်လို့မရဘူး စိုးစိုး။ မင်းကအဆိုတော် ။ ရုပ်ရှင်မင်းသား။ ပရိသတ်ဆိုတာ Celebrity တွေကို ချစ်ရင်လည်းစတတ်တယ်။ မုန်းရင်လည်းနောက်တတ်တယ်။အဲဒါကို လမ်းဘေးအထိ လိုက်ရှင်းတဲ့အလုပ်မျိုးမင်းလုပ်လို့ မရတော့ဘူး။ဟုတ်ကဲ့ပါ အစ်ကို ။

ကျေးဇူးတင်ပါတယ်ဗျာ။၃၃ လမ်းရှိ ကျွန်တော်၏ ကျုရှင်ခန်းအပေါ်ထပ်တွင်ကျယ်ဝန်းလှသော ထပ်ခိုးကြီး တစ်ခု ရှိပါသည်။ကဗျာဆရာ။ စာရေးဆရာ ။ ပန်းချီဆရာများအထူးသဖြင့် အညာသားများ နားခိုရာ တည်းခိုခန်းကြီးတစ်ခုသဖွယ် ဖြစ်နေပါသည်။ထိုစဉ်က အနုပညာလောကကို တိုးဝင်စသာရှိသေးသော ကဗျာဆရာ ဒါရိုက်တာပိုင်သပန်းချီ ရွှေစိုးဟန် တို့၏အနုပညာဘုံရိပ်သာလေး တစ်ခုဖြစ်ပါချေ၏။

တစ်ခါတစ်ရံ ပိုင်သ၏ ညီငယ်ဖြစ်သူ မန္တလေးမှ ဆူး ဆိုသော လူငယ်လေးလည်း ရောက် ရောက်လာတတ်ပါ၏။ထိုကလေးနှင့် လွှမ်းမိုးတို့ ချိတ်ဆက်မိသွားသောအခါဂန္တဝင် ခေတ်ပေါ်သီချင်းတစ်ပုဒ်မွေးဖွားလာ၏။မိုးစက်တင်လေထိုအတောအတွင်း ကွယ်လွန်ချိန်အထိ သူသစ္စာရှိစွာပေါင်းသွားသော နောက်ဆုံးမိန်းကလေးနှင့် အိမ်ထောင်ကျသွားကြောင်း သတင်းရသည်။

လွှမ်းမိုးခြေငြိမ်သွားပြီဟု အားလုံးစိတ်ချမ်းသာကြရသည်။ကျွန်တော်တို့ မိသားစု ပြင်ဦးလွင်သို့ ပြောင်းသွားသောအခါတွင်မူ မြန်မာသံစဉ်လိုင်းဘက်သို့ ကူးလာသောသူ့သီချင်းများကိုအလွမ်းပြေနားထောင်ကြရ၏။သို့သော် …..ကားအက်ဆီးဒင့်ဖြစ်ပြီး လွှမ်းမိုးဆုံးပြီ ဟူသောသတင်းကို ကြားရသောအခါတွင်ကား ကျွန်တော်တို့မိသားစုအံ့သြခြင်းကြီးစွာဖြင့် ကြေကွဲကြရသည်။သင်္ခါရတွင် ဂီယာပါဟန်မတူ။

သေမင်းသည်စုံလုံးကန်းနေ၏။အသက်အရွယ်အရ တန်းစီပြနေကြသူများကိုပင်ရှေ့နှင့်နောက်မှား၍ ရွေးချယ်တတ်သေးသည်။လွှမ်းမိုးသေပြီး မင်းသစ်ကျန်ရစ်ခဲ့၏။မကြာမီသော အချိန်တိုလေးတစ်ခု အတွင်းမှာပင်ကျွန်တော့်ထက် ငယ်ရွယ်သူများ ဆုံးပါးကုန်ကြသည်။ဝသုန်။ သုမောင် ။ မောင်ဝဏ္ဏ။ မောင်မောင်သိုက်နှင့်ကိုသန်းအုန်း( မိုးဝေ )။ကျန်ရစ်ခဲ့သော ကျွန်တော့မှာ သူတို့ကို အားနာ၍မဆုံး။

အခုတော့ သံသရာခရီးဆက်သွားသော လွှမ်းမိုး နှင့် ဆူးတို့ကိုလည်း သူတို့၏ သီချင်းနှင့်သာ ကျွန်တော်လွမ်းနေရတော့သည်။ကြုံရင်ပြောလိုက်ပါ ×ငှက်ငယ်တွေရယ်×ငါ့ဘဝရဲ့ ညတွေ××× အာရုဏ်ကျင်းလင်းစေ×သံသာလေကမ်းက×မိုးစက်တင်လေ ×မင်းသစ်မဟေသီ

K.T.OCredit > Bro Kyaw Than Oo Facebook မှပြန်လည်ကူးယူဖော်ပြသည်။

Likes:
0 0
Views:
1210
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *