ဆရာကြီးအောင်သင်းပြောတဲ့ ပုံပြင်လေးတစ်ပုဒ်

တစ်ခါက ရှင်ဘုရင်တစ်ပါးနှင့် သူ၏မိဖုရားကြီးတို့ အတူစံမြန်းနေကြစဉ် လမ်းပေါ်တွင် ပင်ပန်းကြီးစွာ ထင်းထမ်းပြီး လှည့်လည်ရောင်းချနေ သော အဖိုးတစ်ယောက်ကို မြင်သည်။ ရှင်ဘုရင်က ကရုဏာသက်လှသည့်ပြင် စိတ်၀င်စားသောကြောင့် ခေါ်ငင်မေးမြန်းသည် ၊ ပင်ပန်းလွန်းသောကြောင့် အိုစာလှသည်မှန်သော်လည်း အသက်မှာ ရှင်ဘုရင်နှင့် သက်တူဖြစ်ကြောင်းသိလိုက်ရသည် ။

ဆက်လက် မေးမြန်းလိုက်သောအခါ အသက်တူရုံမျှသာမက မွေးနေ့မွေးရက်မှစ၍ အားလုံး တူနေကြောင်း သိလိုက်ရသဖြင့် အံ့အားသင့်မိသည်။ ဤသို့ မွေးနေ့ ၊ ခုနှစ် ၊ သက္ကရာဇ်ပါတူနေပါလျက် တစ်ဦးက ရှင်ဘုရင်တစ်ဦးမှာ ဘာကြောင့် ဤမျှဆင်းရဲနေရသည်ကို အံ့သြမိကြောင်း ရှင်ဘုရင်က ပြောလိုက်သောအခါ မိဖုရားကြီးက အသက်အရွယ် ငယ်သေးသည့် အားလျော်စွာ ဇနီးဖြစ်သူ လိမ်လိမ်မာမာ မရှိသောကြောင့်လည်းဤမျှ ဆင်း ရဲဟန်ရှိကြောင်း မှတ်ချက်ချလိုက်မိသည် ။

ဤတွင် ရှင်ဘုရင်က ပြင်းစွာ အမျက်ထွက် သွားသည် ဤကဲ့သို့ မင်းစည်းစိမ်ခံစားနေနိုင်ခြင်း သည် ပင်လျှင် မိဖုရားလိမ္မာသောကြောင့်ဟု ယူလိုက ယူနိုင်သည့် စကားဖြစ်နေသည်ကိုး ။ ထို့ကြောင့် မယားကောင်းကြောင့် လင်ဖြစ်သူက ချမ်းသာကြီးပွါးနိုင်ပါသည်ဆိုလျှင် သင်မိဖုရားအား ယခုပင် ထင်းထမ်းအဖိုးအိုနှင့် ပေးစားလိုက်ပြီး အဖိုးအိုနှင့် လိုက်သွားပေရော့ဟု နန်း တော်မှနှင်ထုတ်လိုက်သည် ။

မိဖုရားလည်း မနေသာတော့ပြီ ၊ ထင်းထမ်းအဖိုးအို နောက်ကလိုက်သွားရသည် ။ ထင်းထမ်းအဖိုးအို၏ အိမ်သို့ ရောက်သော်အခါ ဇနီးသည် အဖွားအိုကပါ မိဖုရားကြီးအား သနားလှသောကြောင့်(သူတို့မှာ လည်း သား သမီးမရှိကြသည် နှင့်) သမီးအဖြစ်သဘောထားကြောင်း ၊ စိတ်ချမ်းသာစွာနေဖို့ အကြောင်းအားပေးစကားပြောကြသည် ။

မိဖုရားလည်း အဖိုးအိုနှင့် အဖွားအိုကို မိအိုဖအိုသဖွယ် သဘောထားလိုက်သည် ။ သူတို့မောင်နှံနေထိုင်စားသောက်ပုံတို့ကို သေချာလေ့လာကြည့်လိုက်သောအခါ ဟင်းသီး ဟင်းရွက်ကအစ ၀ယ်ယူစားသောက်နေကြကြောင်းကိုတွေ့လာရသည်၊ ထို့ကြောင့် မိဖုရားက အိမ်နောက်ဖေးစျေးဆိုင်တည် သလို ခြံထဲတွင် ဗူး ၊ဖရုံ ၊သခွား ၊ စသည်တို့အားဖြင့် ဟင်းသီး ဟင်းရွက်တို့ကို အဖိုးအို၏ အကူအညီနှင့် စိုက်ပျိုးသည် ။ နီးနား၀န်းကျင်တွင်ရှိသော ကလေးငယ်များအားခေါ်ငင်ပြီး စာသင်ပေးသည် ။

ဤသို့အားဖြင့်ကလေးငယ်များက စိုက်ခင်းကိုရေလောင်းပေါင်းသင်လုပ်ပေးကြသည် ။ အိမ်အတွက်စား ရန်လုံလောက်သည့်ပြင်ပိုမိုလာသော ဟင်းသီးဟင်းရွက်များကို သေချာပြင်ဆင်၍အဖွားအိုအား စျေးသို့သွားပြီးရောင်းစေသည်။ ထို့ကြောင့်ရရှိလာသော ငွေကြေးလေးများကို ကျစ်ကျစ်ပါအောင်စုဆောင်းစေသည် ။ အစစတွင် စနစ်တကျ စီမံခန့်ခွဲ လုပ်ဆောင်လေရာ အ တန်ကြာသော် လှည်းနွားတို့ကို ၀ယ်ယူနိုင်လာသည် ။ ထိုအခါတွင်မူကား ထင်းကိုပိုမိုများပြားစွာ ရောင်းနိုင်သောကြောင့် ပိုပြီး စီးပွါးဖြစ်လာသည်။

ထင်းကို ရောင်းခြင်းထက် မီးသွေးဖုတ်ပြီးရောင်းနိုင်လျှင် ပိုပြီးအကျိုးအမြတ်ထွန်းကြောင်းကို သိလာသောအခါ အဖိုးအိုအား မီးသွေးဖုတ်ပြီးရောင်းပြန်စေသည် ။ဤသို့နှင့်ပင် တစ်နေ့သော် တောင်စောင်းတစ်ခု၌ထင်းများကို မီးသွေးဖုတ်ပြီး မီးသွေးကောက်သောအခါ ပြောင်ပြောင်လက်လက် အတုံး အ ခဲလေးများကိုတွေ့ရသည်နှင့် အဖိုးအိုကယူလာပြီး သမီးဖြစ်သူ မိဖုရားအားပြသည်။

မိဖုရားကရွှေဖြစ်ကြောင်းကို သိသည်နှင့် ထိုတောင်စောင်းကို အထပ်ထပ် မီးတိုက်စေသည်။ ဤသို့အားဖြင့် ရွှေတုံးအတော်များလာသည့်အခါ လှည်းနှင့်တိုက်ပြီး ဘုရင်မင်းမြတ်အားသွား ရောက် ဆက်သစေသည် ။ အဖိုးအို၏ လျှောက်ထားချက်အရ အကြောင်းစုံကို သိရသောအခါ ဘုရင်မင်းမြတ်လည်း မိဖုရား၏ အလိမ္မာတရားကို နှစ်သက်မိသည်ဖြစ်၍ မိဖုရားကြီး အဖြစ်ရှေးကအတိုင်းမြှောက်စားတော်မူသည် ။ဤပုံပြင်ကို ကျွန်တော် မကြာခဏ သတိရမိပါသည်။

စကားစပ်မိလာလျှင်လည်း တပည့်များအား ပြောပြမိတတ်သည်။သူတို့ကိုပြောပြသည့်အကြောင်းများ (ပထမ) မိဖုရား၏ သတ္တိပင်ဖြစ်သည်။မိမိကြုံလိုက်ရသည့်လောကဓံကြီးမှာ ကြောက်ခမမ်းလိလိဖြစ်ပါသည် ။ အတော်အတန်မိန်းမမျိုးဆိုလျှင် ရူးသွားလောက်သည့် အပြောင်းအလဲဖြစ်ပါသည်။ ဖြစ်လာသည့် အခြေအနေကို မတုန်မလှုပ်လက်ခံပြီး ရင်ဆိုင် လိုက်နိုင်ခြင်းဖြစ်သည်။

တိမ်းရှောင်လို့ မရနိုင်သည့် လောကဓံကို သွေးအေးအေးနှင့် လက်ခံတတ်ဖို့ သတ္တိမှာလွယ်လှသည်တော့မဟုတ် ၊ သို့သော် မိမိစိတ်ကို ကိုးစားအားတင်းရမည် သာဖြစ်ပါသည် ။(ဒုတိယ) အဖိုးအဖွားလင်မယားတို့၏ ယိုကွက်ဟာကွက်များကို သေချာလေ့လာပြီး ယိုပေါက်ဟာပေါက် မရှိရအောင်ပြု ပြင်လိုက်ခြင်းဖြစ်သည် ။

(တတိယ) ယိုပေါက်ဟာပေါက်များကို ပိတ်ဆို့ပြီးသည်နှင့် နောက်တစ်ဆင့်ပြီး တစ်ဆင့် တက်လမ်းကို ရှာနိုင်ခြင်းဖြစ်သည် ။(စတုတ္ထ) ရွှေကိုတွေ့လိုက်ခြင်းမှာ ကံလို့ပဲဆိုဆို၊ တိုက်ဆိုင်မှု့လို့ပဲဆိုဆို ၊ ဘ၀အတွက်ကြီးမားသောအပြောင်းအလဲဖြစ်သွားစေ သည် ။ ပုံပြင်မို့ ရွှေကိုတွေ့အောင် ဖန်တီးလိုက်သည်ဟု ဆိုချင်ဆိုကြပေမည် ။

သို့သော် တကယ့် ကျွန်တော်တို့ဘ၀တွင်လည်း ပုံပြင်ထဲကလို ရွှေတောင်ကို တွေ့နည်းမျိုးကြုံကြရတတ်ပါသည် ။ ဆိုလိုသည်မှာ အခွင့်အရေး ကောင်းတစ်ခုကို လူတိုင်းကြုံနိုင်ပါသည်။ ကြုံလာလိုက်သည့် အခွင့်အရေးကို ဖမ်းပြီးအသုံးချလိုက်နိုင်သော စွမ်းရည်ကတော့ လူတိုင်းမှာ ရှိချင်မှရှိပါလိမ့်မည် ။

ကျွန်တော်တို့ မျက်စိအောက်၌ပင်လျှင် ရွှေတောင်ကြီးကို တွေ့လိုက်သလို နေ့ချင်းညချင်းကြီးပွါးချမ်းသာသွားသူ အများကြီးရှိပါသည် ။ အခွင့်အရေးကောင်းကို ဖမ်းပြီးယူနိုင်ရန် ၊အသုံးချလိုက်နိုင်ရန် အသင့်ရှိနေသူများဖြစ်ပါသည် ။ ထိုသူများကြီးပွါးသွားလိုက်ပုံမှာလည်း ပုံပြင်ထဲက ရွှေတောင်ကြီးကို တွေ့လိုက်သည်နှင့် မခြားကြောင်း သတိပြုမိပါလိမ့်မည် ။

ကျွန်တော်တို့က သူတို့နေ့ချင်းညချင်း (ပုံပြင်ထဲကလို) ကြီးပွါးသွားသည်ကိုသာ သတိပြုလိုက် မိကြသည်၊ မိဖုရားကြီး သစ်ပင်စိုက်သလို ၊ မိဖုရားကြီးစီမံခန့်ခွဲသလို သူတို့တတွေလုပ်ခဲ့ကြသည်ကို ကျွန်တော်တို့ မသိကြ ။

ကျွန် တော်ကတော့ ကျောင်းဆရာတစ်ယောက်ဖြစ်နေသည့်အတိုင်း ကျောင်းသားများကို မိမိတို့ ပညာသင်နေခိုက်တွင် ကြိုးစားကြခြင်းမှာ အခွင့်ကောင်းတစ်ခုကို (ရွှေတောင်ကြီးတွေ့သလို) တစ်နေ့တွင်မုချတွေ့ရမည်ဖြစ်ကြောင်း ထိုအခါမျိုးတွင် မိမိကပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ကြရန် ကြိုတင်ပြင်ဆင်ထားကြရန်လိုကြောင်း ပညာသင်ခြင်းဆိုသည်မှာ ကြိုတင်ပြင်ဆင်နေခြင်းဖြစ်ကြောင်း သတိပေးဆုံးမမိပါသည် ။

ဤပုံပြင်ကို ကျွန်တော့်ထက် ဥာဏ်ခံကြီးသူများက ပိုပြီးချဲ့ထွင် နားလည်နိုင်ကြပါလိမ့်မည် ။ မည်သို့ပင်ဖြစ်စေ ကျွန်တော်မကြာခဏ သတိရမိသော ပုံပြင်ကလေးကို လူငယ်များအား လက်ဆင့်ကမ်းလိုက်ရပါသည် ။ အသုံး၀င်ကောင်းပါရဲ့ ။

တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းနိုင်ကြပါစေ..။

ဆရာအောင်သင်း အနာဂတ်ကို မကြောက်နဲ့ စာအုပ်မှ ကူးယူဖော်ပြပါသည် ။

Likes:
0 0
Views:
1493
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *