ရခိုင်တော်ဝင်မင်းသား (သို့မဟုတ်)ပေါ်တူဂီ ဗိုလ်မှူး ဒွန်မာတင်အကြောင်း

မြန်မာဘုရင်အနောက်ဖက်လွန်မင်းလက်ထက် အေဒီ ၁၆၀၅ – ၂၈ ၊ ၁၆၁၃ ခုနှစ်တွင်သန်လျင်ရှိ ပေါ်တူဂီခြေကုပ်စခန်းကို အလုံးအရင်းနှင့်ဖြိုခွင်းပြီးပေါ်တူဂီလူရမ်းကားခေါင်းဆောင် ငဇင်ကာ ( ဖီလစ်ဒီဘရစ်တို) နှင့် ကြံရာပါနတ်သျှင်နောင်တို့ကို အဆုံးစီရင်ကြောင်းနှင့်နောက် လိုက်နောက်ပါတို့အားသစ္စာပေးပြီး ရွှေဘို ၊မုံရွာ ၊အညာသို့ပြောင်းရွေ့ခြေရာချကာအမှုတော်ထမ်းစေခဲ့သောသမိုင်းအကြောင်းကိုရဟန်း ရှင်လူမြန်မာပြည်သူတို့အသိများသည် ။

သို့သော်ဤဆောင်းပါးတွင် ဖော်ပြမည့် ရခိုင်သမိုင်းဝင်ဖြစ်ရပ်ကိုမူသိသူမများသေးဟုထင်ပါသည် ။ ရှေးခေတ်ရခိုင်ပညာတတ်တိ့ကား သိကြသည် ။ယနေ့ရခိုင်တိုင်းရင်းသား မျိုးဆက်သစ်များအဖို့အမှုမဲ့အမှတ်မဲ့ ဖြစ်နေပေလိမ့်မည် ။ ထို့ကြောင့်မယုံရင်ပုံပြင်ဟုမှတ်ဆိုလောက်သော အောက်ဖော်ပြပါသမိုင်းဖြစ်ရပ်များကိုအကျဉ်းချုံးဖော်ပြလိုက်ပါသည် ။

ခရစ်နှစ် ၁၆၁၀ တွင် မြောက်ဦးမင်းဆက်မှ ခုနစ်ဆက်မြောက်မင်းဆက်ဖြစ်သောမင်းရာဇာကြီး၏သားတော်ငယ် ၊ စစ်တကောင်း မင်းမန်ကြီး သည်နောင်တောင် အိမ်ရှေ့မင်း မင်းခေမောင်းနှင့် မသင့်မတင့်သော်ကြောင့်ထိုအချိန်ကရခိုင်ရေမြေတွင် ခြေကုပ်ရနေကြသော ပေါ်တူဂီတို့နှင့်ပေါင်းကာထောင်ထားသည် ။

ထိုအချိန်ကရခိုင်ပိုင်ဘင်္ဂလားပင်လယ်တွင်းရှိဆန်ဒွိပကွန်း ( Sandwip) ပေါ်တွင် ပေါ်တူဂီ-စပိန် ကပြား ပင်လယ်ဓားပြ ဗိုလ်ဆီဘတ်(စ်)ရှန်ဂွန်ဇလ( Sebastian Gonsalves ) သည် အခွင့်ကောင်းယူကာ လက်နက် လူသူ အကူပေးပါမည်ဟု စစ်တကောင်းစားသို့ စကားကမ်းသည် ။ ထို့ပြင် နှစ်ဦးမဟာမိတ်ပြုရာတွင် ခိုင်မြဲရေးအတွက်စစ်တကောင်းစားသမီးနှင့် သူ့သားကိုထိမ်းမြားရန်တိုက်တွန်းသည် ။ စစ်တကောင်း မင်းမန်ကြီးသည် နောင်တော်အပေါ်မကျေချမ်းနိုင်သဖြင့်တိုက်တွန်းချက်ကိုလက်ခံလိုက်မိသည် ။

သ မီး တော်အား ဘုရင်ဂျီ ဘာသာသွင်းရန် ပေါ်တူဂီဘုန်းကြီးတို့တရားဟောခိုင်းသော်လည်းသမီးတော်သည်ငြင်းဆန်နေသည် ။သို့သော် အဓမ္မနည်းနှင့် ဘာသာသွင်းပြီး ဂွန်ဇလိသားနှင့် ပေါ်တူဂီမင်းခမ်းမင်းနားဖြင့်လက်ထပ်ပေးလိုက်သည်။စစ်တကောင်းစားနှင့်ဂွန်ဇလိတို့ပေါင်းပြီး ခမည်းတော်နှင့်နောင်တော်အား ပုန်ကန်ရာ မအောင်မြင်ချေ။စစ်တကောင်းမြို့ကို ချီတက်တိုက်ခိုက်လာသောနောင်တော်တပ်ကို ခုခံယင်း စစ်တကောင်းစား ကျေသင့်ကာ မေ့မြောသွားသည် ။

ဂွန်ဇလိလည်း ရခိုင်တပ်တို့ကို မခုခံနိုင်၍ပြေးသည်။ ဂွန်ဇလိသည်ခရစ်ယန်ဘုန်းကြီးရယ်ဖယ် (Father Rafel) အားစစ်တကောင်းစား၏ လူမမယ်သားတော်နှင့်သမီးတော်တို့အားကယ်ယူပြီးခရစ်ယန်ဘာသာသွင်းရန်စေလွှတ်သည်။ ရပ်ဖယ်ရောက်လာပြီးကံကုန်ခါနီးဆဲဆဲစစ်တကောင်းစားကိုခရစ်ယန်ဘာသာသွင်းရန်စိုင်းပြင်းနေစဉ်စစ်တကောင်းစားကံကုန်သွားသည်။ဤတွင်လူမမယ်သားတော်နှင့်သမီးတော်တို့အားခေါ်ဆောင်မွေးစားပြီးခရစ်ယန်ဘာသာသွင်းလိုက်သည်။

သည့်နောက်ရခိုင်မင်းနွယ်ခလေးနှစ်ဦးကို ဟူဂလီ ( Hugli) ရှိ ပေါ်တူဂီစခန်းသို့ပို့လိုက်ပြီးစိန်နီကိုလပ် ( St.Nicholas) သီလရှင်ကျောင်းသို့ အပ်နှံကာကြီးပြင်းလာသည်အထိခရစ်ယန်သာသနာပြုတို့ကကျွေးမွေးစောင့်ရှောက်ပညာသင်ကြားကြသည် ။ဘုရင်ဂျီဘာသာဝင်များဖြစ် လာရုံမကရခိုင်ဇာတိလုံးဝပျောက်သွားပြီးပေါ်တူဂီစိတ်ပေါက်ကာပေါ်တူဂီမင်းညီမင်းသားအသွင်ဆောင်လာကြသည်။သမီးတော်ကိုပေါ်တူဂီလူကုံထန်အိမ်ထောင်စုကမွေးစားလိုက်ပြီးသားတော်ကို ဂိုအာ( Gao)ရှိ ပေါ်တူဂီဘုရင်ခံကမွေးစားသည် ။

အခွင့်သာ သောအခါ သား တော်အား ရခိုင်ထီးနန်းကို အရယူခိုင်းပြီးရခိုင်တပြည်လုံးအား ပေါ်တူဂီသြဇာခံ ဖြစ်လာစေရန် ဘုရင်ခံက ရည်မှန်းသည် ။ ဘုရင်ဂျီဘုန်း ကြီး တို့ကလည်း ရခိုင်ပြည်ကြီး ပေါ်တူဂီသြဇာခံဖြစ်လာပါက တပြည်လုံး ကို ခရစ်ယန်ဘာသာသို့ သွတ်သွင်းခွင့်ရမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြသည် ။

ဂိုအာဘုရင်ခံသည် ငွေအား ၊ လူအားနှင့်ကူညီထောက်ပံ့ပေးသည် ။ သာသနာပြုဘုန်းကြီး ဖာသာအန်တီနီယိုဒီဆန်ဗင့်ဆင်( Father Antoniodesan Vincente ) ၏ သင်ကြားလေ့လာမှုဖြင့် ရခိုင်မင်းသားငယ်ကို ပေါ်တူဂီသူကောင်းမျိုး ဇာတ် သွင်းပေးပြီး ပေါ်တူဂီလူငယ်သူရဲကောင်း ပကတိဖြစ်လာစေသည်။

၁၆၁၉ ခု ၊ တနင်္ဂနွေနေ့တစ်နေ့၌ ဟူဂလီ ရှိ ပေါ်တူဂီမင်းပေါင်းစုံညီရှေ့တွင် မင်းခမ်း မင်းနားကျင်းပကာ ရခိုင်မင်းသားကို ဒွန်မာတင် ( Dom Martin ) အမည်ဖြင့်လည်းကောင်း ၊ ရခိုင်မင်းသမီးကို ပထရိုနီလာ ( Petronila) အမည်ဖြင့်လည်းကောင်း ဘာသာ ထပ်သွင်းပေးပြီး ပေါ်တူဂီမင်းသား ၊ မင်းသမီးအဖြစ်သို့ ရောက်သွားကြစေသည်။

သည့်နောက် ဒွန်မာ တင်ကို ဂိုအာ ( Gao ) မြို့တော်သို့ပို့ပြီး အိုမွတ် ( Ormuz) ပင်လယ် ရေလက်ကြား ရှိ ပေါ်တူဂီစခန်းကိုကွပ်ကွဲရသော စစ်ဗိုလ်ကြီး ဖရယ်ရီဒီအင်ဒရာဒါ (Captain Freirede Andrada ) ၏ ရေတပ်တွင် တပ်သားအဖြစ် အမှုထမ်းစေကာ စစ်ပညာများသင်ယူစေသည်။

ပါရှန်ပင် လယ်ကွေ့ရှိ ပေါ်တူဂီ ဘုရင့်ရေတပ်မတော်တွင် လေးနှစ်ကြာအမှုထမ်းရာတွင် သူရသတ္တိနှင့်တိုက်ခိုက်ရေးတွင် အလွန်တရာ ထူးချွန် ပြောင်မြောက်လှသောကြောင့် ပေါ်တူဂီစစ်ဗိုလ်မှူးလောကတွင် ဒွန်မာတင်သည် သူရဲကောင်းလူငယ်တစ်ဦးဟု သတင်းမွှေးလျက်ရှိသည် ။

ခရစ် နှစ် ၁၆၂၇ ခုတွင် မလက္ကာ( Maleccal) ပင်လယ်ရေလက်ကြားပေါ်တွင် ပေါ်တူဂီတို့က အချေဆူလတန်မင်း( Sulatan of Acheli ) ၏ တိုက် ခိုက်ခြင်း ခံရသောကြောင့် ကာကွယ်ရေးအတွက် အင်အား ဖြည့်နေကြရာ အသက် ၂၁ နှစ်အရွယ်သာရှိသေးသော ဒွန်မာတင်မင်းသားကို ပေါ်တူဂီ ဂါဗာနာမင်းကြီး ဒွန်လီဘရစ်တို (Dom Luis de Brito )က ဗိုလ်မှူးရာထူးပေးပြီး မလက္ကာသို့စေလွှတ်သည် ။

တိုက်သင်္ဘော ၃၀ ကို ကွပ်ကဲရသော ဒွန်ဖရစ်စစ်စကို ၊ တူကီနိုဒဲလ်ဆင် ( Dom Fracisco Countinodel Sem ) နှင်အတူ ချီတက် လိုက်ပါသွားပြီး ပေါ်တူဂီတို့ ရန်သူအင်အားစုကို စွမ်းစွမ်းတမံတိုက်ခိုက်ရာ ဒွန်မာတင်၏ သူရသတ္တိကြောင့် တိုက်ပွဲအောင်မြင်ပြီး လှံစွပ်ဒဏ်သင့်ခဲ့သည် ။

သည့်နောက် ဗိုလ်မှူးကြီး ဒွန်အယ်လ်ဗာဒေးဘိုတဲလို ( Dom Alvarez Bltello ) ၏ ရေတပ်တွင် အမှုထမ်းပြန်သည် ။၁၆၂၉ ခုနှစ်တွင် ဒုတိယအကြိမ် အချေတပ်များနှင့် ရင်ဆိုင်တိုက်ပွဲတွင်လည်းကောင်း ၊ ၁၆၃၀ ပြည့်နှစ်တွင် စင်ကာပူရေလက်ကြား၌ အင်္ဂ လိပ် ဒတ်ခ်ျတို့နှင့် ရင်ဆိုင် တိုက်ပွဲတွင်လည်းကောင်း ဒွန်မာတင်သည် ရဲစွမ်းပြပြီး အောင်ပွဲများရပြန်သည် ။

ဒွန်မာတင်သည် ပေါ်တူဂီရေ တပ်ဗိုလ်အဖြစ် အမှုထမ်းသက်ဆယ်နှစ်ပင်ရှိခဲ့လေပြီ ။ ခရစ်နှစ် ၁၆၄၀ ပြည့်တွင် သူသည် အသက် ၃၄ နှစ်ရှိခဲ့ပြီး ၊ ပါရှား ၊ သီဟိုဠ် သီရိလင်္ကာနှင့် ရေလက်ကြားတဝိုက်တွင် လည်းကောင်း ၊ အိုမွတ်မှသည် ဂျကာတာအထိလည်းကောင်း ပင်လယ်ပြင်တလျှောက် ကာကွယ်ရေး ၊ တိုက်ခိုက်ရေးတွင် ပေါ်တူဂီမင်း၏ အမှုတော်ကို သက်စွန့်ကြိုးပမ်း အမှုထမ်းခဲ့သည်မှာ ၁၆ နှစ်ပင် ရှိလေပြီ ။

ထိုကာလအတွင်း၌ သူ၏ ကံကြမ္မာကို တမျိုးတဖုံပြောင်းလဲသွားစေသော ဖြစ်ရပ်များ ရခိုင်နှင့် ပေါ်တူဂီ တွင် ပေါ်ပေါက်လာသည် ။ ရခိုင်ပြည်၌ ခရစ်နှစ် ၁၆၄၅ ခုနှစ်တွင် နန်းလုဘုရင် နရပတိကြီး မင်းပြုလျက် ရှိသည်။

ပေါ်တူဂီနိုင်ငံတွင် ၁၅၈၁ ခုနှစ်မှစ၍ ကြီးစိုးခဲ့သော စပိန်မင်းဆက် ကျဆင်းသွားပြီး ၁၆၄၀ ပြည့်နှစ် စတုတ္ထမြောက် ဂျွန် (John IV) မင်းမှစ၍ ပေါ်တူဂီမင်းဆက် ပြန်လည်ကြီးစိုးလာသည် ။ စပိန်မင်းဆက်များ လက်ထက်က ယိမ်းယိုင်ကျဆင်းနေသော အရှေ့ကမ္ဘာရှိ ပေါ်တူဂီတို့၏ တန်ခိုးအာဏာကို ပြန်လည်တည် ဆောက်ရန် ပေါ်တူဂီတို့ ပြန်လည် စိုင်းပြင်းလာကြသော အချိန်ဖြစ်သည် ။

ဤသို့ ကမ္ဘာ့အခြေအနေနှင့်ရခိုင်ပြည်တွင်းရေးအခြေအနေတို့ကို ဆက်စပ်သုံးသပ်မိသော ရခိုင်နန်းလျာ ဒွန်မာတင်သည် ပေါ်တူဂီမင်းအကူအညီဖြင့်ပြည်တော်ပြန်၍ ရခိုင်ထီးနန်းရရန်ကြံစည်လေသည်။ ခရစ်နှစ် ၁၆၄၂ ခုနှစ်တွင် အသက် ၃၆ နှစ်အရွယ်ဒွန်မာတင်သည်ဂွပ်ဟုတ်အငူ ( Cape of Goodhope ) မှ ပတ်သောပင်လယ်ရေကြောင်းခရီးဖြင့်ပေါ်တူဂီမြို့တော် လစ္စဘွန်း ( Lisbon )သို့ရောက်လာသည် ။

ခရစ်ယန်ဘုန်းတော်ကြီး ဖာသာကွန်တီနို ( Father Countino ) အပါအဝင် သာသနာပြုမိတ်ဆွေဟောင်း ၊ မိတ်ဆွေသစ်တို့အကူအညီဖြင့်ပေါ်တူဂီဘုရင်ဂျွန်နှင့်နီးစပ်သောသူကောင်းမျိုးသြဇာရှင်မင်းညီမင်းသားများနှင့် ဒွန်မာတင်ဆက်သွယ်မိလေသည် ။

ဘုရင်၏ဆွေတော်မျိုးတော်ထဲမှသြဇာရှိမင်းသားကြီး အယ်လင်ကပ်စတြာ ( John of Alencastre ) သည် ရခိုင်မင်းသားဒွန်မာတင်၏ အရေးတွင် မိမိပါ ကြီးပွါးနိုင်မည်လမ်း မြင်သဖြင့်ငွေအားဖြင့်ထောက်ပံ့ကူညီသည်။ ဒွန်မာတင်အား ဂျွန်ဘုရင်ရှေ့မှောက်သို့သွင်း၍ခစားရာ၌လိုအပ်သော မင်းညီမင်းသားအဝတ်အစား အဆောင်အယောင် ၊ အခမ်းအနား ၊ နောက်လိုက်ရွေတော် ၊ကျွေးကျွန်များအတွက် ကုန်ကျစရိတ်တို့ကိုသူကပင်အရင်းစိုက်ထားလိုက်သည်။

ခရစ်ယန်ဘုန်းကြီးဖာသာကွန်တီနို၏ အဆက်အသွယ်ဖြင့် ဒွန်မာတင်သည်ဂျွန်မင်းသားထံခစားခွင့် ရပြီးရခိုငထီးနန်းပြန်ရယူရေးကိစ္စကိုတင်ပြရာ ဂျွန်မင်းသားသည် ရခိုင်မင်းသားဒွန်မာတင်အပေါ် ကြည်ဖြူ သနားသည့်အပြင်အရှေ့ကမ္ဘာခြမ်းရှိပေါ်တူဂီတန်ခိုးအာဏာပြန်လည်ထူထောင်ရေးတွင် ရခိုင်ပြည်နှင်တကွဒွန်မာတင်မင်းသားကို အသုံး ချနိုင်သည့်လာဘ်ကိုမြင်သောကြောင့် ဒွန်မာတင်အာလိုသမျှအကူအညီကိုပေးမည်ဟုကတိပေးလိုက်သည် ။

ခရစ်နှစ် ၁၆၄၂ ခု ၊ ပင်လယ်ခရီးထွက်ရန်သင့်လျော်သောအချိန်တွင်ဂျွန်ဘုရင်ချီးမြှင့်ကူညီလိုက်သောငွေအား ၊ လူအား ၊ လက်နက်အင်အား ၊ သင်္ဘောအင်အားအပြည့်အစုံနှင့်ဒွန်မာတင်သည်ပင်လယ်ခရီးမှရခိုင်ပြည်သို့ ထီးနန်းပြန်သိမ်းယူရန်ချီခဲ့သည်။ သို့သော်ကံတရားကပြောင်းလဲလိုက်သည် ။

ပွဲတိုင်းကျော် အောင်ပွဲရသူရဲကောင်းကြီးဒွန်မာတင်သည် ပင်လယ်ခရီးတွင် ပြင်းထန်စွာဖျားနာပြီး ဆေးကုမရသဖြင့် ကံကုန်သွားရှာသည် ။ ဤတွင်မြန်မာနယ်မြေ ရခိုင်ပြည်ကြီးအားလက်ဝါးကြီးအုပ်ရန် ကြိုးပမ်းခဲ့သော ပေါ်တူဂီ ဘုရင်နှင့် သာသနာပြုတို့၏ ကြီးမားသောအကြံ အစည်ကြီးတစ်ရပ်တစ်စခန်းသိမ်းသွားရလေတော့သည် ။

ဒွန်မာတင်သာ မကွယ်လွန်ခဲ့ပါလျှင် ရခိုင်ရာဇဝင်သာမကမြန်မာနိုင်ငံသမိုင်းပါ တမျိုးတဖုံ ပြောင်းလဲသွားမည်လောဟု တွေးတောစရာဖြစ်သည် ။ ဒွန်မာတင်၏နှမတော်ပေါ်တူဂီမင်းသမီးပတ်ထရိုနီလာကား ပေါ်တူဂီသူ ကောင်းမျိုးတစ်ဦးနှင့် လက်ဆက်ပြီး မူလ ရခိုင်ဇာတိပျောက်ကာဇာတ်မြှုပ်သွားလေတော့သည် ။

Credit- ရခိုင်ဗဟိုပြုအတွဲအမြင်နန့်သိကောင်းစရာ

Likes:
0 0
Views:
3529
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *