သာမညဖလ အခါတော်နေ့ (သို့မဟုတ်) တန်ဆောင်မုန်းလပြည့်

ဆောင်မုန်းလသည် မြန်မာလများတွင် ရှစ်လမြောက်ဖြစ်ပြီး မိုး နှောင်းဆောင်းဦးသာယာ ကြည်နူး ဖွယ်ကောင်းသော လရာသီဖြစ်သည်။ ရာသီဥတုသာယာကြည်လင်သည့် အလျောက် ပွဲတော်များသည့်လလည်း ဖြစ်ပေသည်။

လောကအကြောင်းနွယ်သောလောကီပွဲများ၊ ဗုဒ္ဓဘာသာမှ မီးရှုူးသန့်စင်ဖွားမြင်ပေးလိုက်သော ဘာသာရေးပွဲတော်များဖြစ်သည်။ ကထိန်အလှူပွဲ၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ကြာသင်္ကန်း ကပ်လှူပွဲ၊ တန်ဆောင်တိုင် မီးထွန်းပွဲတော် မဲဇလီဖူးသုပ် ဝေမျှသည့် ဓလေ့၊ ကျီးမနိုးပွဲ၊ ရှင်မာလဲပွဲ၊ အမျိုးသားအောင်ပွဲနေ့များကို ကျင်းပလေ့ ရှိကြသည်။

တန်ဆောင်မုန်းလပြည့်နေ့သည် ဘာသာရေးနေ့အားဖြင့် ‘သာမညဖလ အခါတော်နေ့’ဖြစ်သည်။ မြတ်စွာဘုရားသခင်သည် တန်ဆောင်မုန်း လပြည့်နေ့တွင် အဇာတသတ်မင်းအား ‘ရဟန်းပြုရခြင်း၏ အကျိုး’ဟူသော သာမညဖလ သုတ္တန်တရားကိုဟောကြားတော်မူခဲ့ခြင်းကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို ‘သာမည ဖလအခါတော်နေ့’ အဖြစ်သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို ‘သံဃာတော်များနေ့’ဟူ၍လည်းခေါ်ဆိုကြသည်။

ဘုရားရှင်သည် အဇာတသတ်မင်းအား ဟောကြားခဲ့သော သာမညဖလ ရဟန်းပြုခြင်း၏ မျက်မှောက် အကျိုး ၁၃ ရပ်ဖြစ်သည်။ ယင်းအကျိုးတို့မှာ (၁)မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်းအကျိုး၊ (၂) အခွန်ထမ်းဆောင်မှု လွတ်ကင်း ခြင်းအကျိုး၊ (၃)ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်းအကျိုး၊ (၄) ဒုစရိုက် ကို ရှောင်သဖြင့်ဒုစရိုက်ဒုက္ခမှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း အကျိုး၊ (၅) ပွဲသဘင်အမျိုးမျိုး မ ကောင်းသောစကားအမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့်ထိုဒုက္ခများမှလွတ်၍မဇ္ဈိမသီလနှင့် ပြည့်စုံခြင်း

အကျိုး၊ (၆) နက္ခဗေဒင်ယတြာက္ခဏာ ဆေးကုခြင်းစသည်တို့မှ ရှောင်ကြဉ် သဖြင့် အာဇီဝပါရိ သုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း အကျိုး၊ (၇)ဣန္ဒြေ ၆ ပါး၌ အကု သိုလ်မဖြစ်အောင် စောင့်စည်းနိုင် ခြင်းအကျိုး၊ (၈)သတိနှင့် ပြည့်စုံ ခြင်းအကျိုး၊ (၉)သမ္ပဇဉ် (ဆင်ခြင်တုံ)တရားနှင့် ပြည့်စုံခြင်းအကျိုး၊ (၁ဝ) သန္တောသ(ရောင့်ရဲခြင်း)အကျိုး၊ (၁၁)နီဝရဏငါးပါးမှ လွတ်ကင်း ခြင်းအကျိုး၊ (၁၂)ဈာန်တရားရနိုင် ခြင်းအကျိုး၊ (၁၃) ဝိဇ္ဇာရှစ်ပါးနှင့် ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင်ခြင်းအကျိုးတို့ ဖြစ်ပေသည်။

အဇာတသတ်မင်းသားသည် အသိဉာဏ် နုနယ်စဉ်အချိန် အရှင် ဒေဝဒတ်၏ စည်းရုံးမှုကို အထင်ကြီးကာ ဖခင်ဘုရင် ဗိမ္မိသာရမင်းကို အကျဉ်းချသတ်မိသည်ထိကြီးစွာသောအမှားကို ကျူးလွန်ခဲ့သည်။ အဇာတသတ်သည် ဖခင်ဘုရင် ဗိမ္မိသာရကို သတ်မိသည့်အချိန်မှစပြီး ညစဉ် အိပ်မပျော်သောရောဂါ ဝေဒနာစွဲကပ်တော့သည်။ သူ၏မျက်လုံးများကိုလှံချက်ပေါင်း ရာထောင်မက ထိုးဆွခြင်းခံရသကဲ့သို့ ဝေဒနာကို ခံစားနေရသည်။ မည်သည့် သမားတော်မှ မည်သည့် ဆွေးစွမ်းကောင်းဖြင့် ကုသနိုင်စွမ်း မရှိကြပေ။

တန်ဆောင်မုန်းလပြည့်ညတစ်ညတွင်အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီဖြင့် ညီလာခံသဘင် ကျင်းပနေစဉ် ဆီးနှင်း၊ မြူတိမ်တို့ ဖြင့် ကြည်နူးသာယာဖွယ်ကောင်းလှသည့်တန်ဆောင်မုန်းလပြည့်နေ့ညအလှကို ကြည့်ရှုခံစားမိသည်။

အဇာတသတ်မင်းသည် ဤသို့ သာယာလှပသော ညချမ်း၌ မည်သည့်ပညာရှိ ရဟန်းပုဏ္ဏားထံ ချဉ်းကပ်ရလျှင် စိတ်ကြည်လင်မှုအပြည့် ရရှိနိုင်မည်ကိုမှူးကြီးမတ်ကြီးတို့ အား မေးမြန်းသည်။ မှူးကြီးမတ်ကြီးတို့သည်၎င်းတို့နှင့် နီးစပ်ရာတိတ္ထိဆရာကြီးခြောက်ယောက်တို့ထံမေးရန် တင်လျှောက်ကြသည်။

(၁) ပုရာဏဿပ ဆရာကြီးသည် အကိရိယဝါဒ – ဘာမှလုပ်ရန် မလိုဟူသော ဝါဒသမားဖြစ်သည်။ မလုပ် မရှုပ်၊ မပြုတ်ဟူသောဝါဒနှင့်တူသည်။

(၂) အဇိတကောသကမ္ဗလဆရာကြီး သည် နတ္ထိတဝါဒ – ဘာမှမရှိသော ဝါဒသမားဖြစ်သည်။

(၃) မက္ခလိဂေါသာလဆရာကြီးသည် အဟေတုကဝါဒ – ကြောင်းကျိုးပယ် ဝါဒသမားဖြစ်သည်။

(၄) ပကုဓကစ္စာယနဆရာကြီးသည် အကတဝါဒ – မပြုမပြင်ဝါဒသမား၊ ပြုလည်းမပြု၊ ပြင်လည်းမပြင်သူ ဖြစ်သည်။

(၅) သဉ္စယဗေလဋ္ဌဆရာကြီးသည် အမရာဝိက္ခေပဝါဒ – ဝေ့လည် ကြောင်ပတ်ဝါဒသမားဖြစ်သည်။

(၆) နိကဏ္ဌနာဋပုတ္တဆရာကြီးသည် ဟာတုယာမသံဝရဝါဒ – စောင့်စည်းမှု လေးမျိုးဖြင့် ကံသုံးပါးကို ထိန်းထားသော ဂျိန်းဝါဒသမားဖြစ်သည်။

အဇာတသတ်မင်းသည် အမတ်ကြီးတို့ ညွှန်ပြသည့် တိတ္ထိဆရာကြီး ခြောက်ဦးတို့တရားကို လက်ခံနိုင် ခြင်းမရှိ၍ ဆရာဇီဝကအား မေး တော်မူသည်။

ဆရာဇီဝကသည် ရာဇဂြိုဟ် မြို့အနီးရှိ ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူသောမြတ်စွာ ဘုရားရှင်ထံ ချဉ်းကပ်လျှောက်ထား ရန် အကြံပြုချက်အရ ယင်းတန် ဆောင်မုန်းလပြည့်ညတွင် မြတ်စွာ ဘုရားထံ သွားရောက်ကြသည်။

မြတ်စွာဘုရားသီတင်းသုံးရာ ကျောင်းသို့သွားသည့်အခါ နန်းတော် အရှေ့ဘက်တံခါးမှထွက်သည်။ ည အခါဖြစ်ခြင်း၊ အရှေ့ဘက်၌ရှိသည့် တောင်ရိပ်တောရိပ်၊ သစ်ရိပ်တို့ ဖုံး အုပ်နေခြင်းကြောင့်အမှောင်ဖုံးနေသည်။ ထို့ကြောင့်လိုက်ပါသူအားလုံး တို့သည် မီးရှူးမီးတိုင်ကိုယ်စီ ထွန်း ညှိပြီး သွားကြသည်။

မီးရှူး မီးတိုင်ကို ပေါရာဏဝေါဟာရအားဖြင့် ‘တန်ဆောင်(တန်ဆောင်တိုင်)’ဟု ခေါ် သည်။ မြတ်စွာဘုရားထံသို့ အဇာတသတ်မင်းနှင့် အခြံအရံပရိသတ်တို့သည် ဤသို့မီးရှူးမီးတိုင်များထွန်းညှိပြီး သွားရောက်ခဲ့ခြင်းမှအစပြုပြီးတန်ဆောင်တိုင်ပွဲတော်သည်မြတ်စွာဘုရားရှင်ကို ပူဇော်ပွဲအလေ့အထအဖြစ် စတင်ဖြစ်တည်လာခဲ့သည်။

မြတ်စွာဘုရားရှင် ရှေ့မှောက် သို့ရောက်ရှိသည့်အခါအဇာတသတ် မင်းသည် ‘လောက၌ အတတ်ကြီး တစ်ဆယ့်ရှစ်ပါးသောအတတ်ပညာတို့သည် မျက်မှောက်လက်ငင်း အကျိုးတရားများကို ခံစားရနိုင်ပါသည်။ ရဟန်းပြုခြင်း၏မျက်မှောက် လက်ငင်းခံစားခွင့်ရရှိနိုင်မည့် အကျိုးတရားများကို သိရှိလိုကြောင်း” လျှောက်ထားမေးမြန်းသည်။

ကျေးဇူးတော်ရှင် မြတ်စွာဘုရား သည် သာမညဖလသုတ္တန်ဟူသောအထက်တွင်ဖော်ပြထားသည့် ရဟန်းပြုသဖြင့်လက်ငင်းရရှိနိုင် သော အကျိုး ၁၃ ပါးကို ဟောကြား တော်မူသည်။ မြတ်စွာဘုရား၏ဟောကြားတော်မူသောသာမညဖလ သုတ္တန်ကို နာကြားရသောအဇာတ သတ်မင်းသည် တရားအဆုံး၌သောတပန်တည်နိုင်သော်လည်း ၎င်းပြု ခဲ့သောဖခင်ကိုသတ်သောကံသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကိုတားမြစ်ထား ခဲ့သည်။

မြတ်စွာဘုရားရှင်ကို ကြည်ညို သဒ္ဓါစိတ် ပြင်းပြသည့်အလျောက် လက်ရှိဘဝတွင် မဂ်ဉာဏ်ဖိုလ်ဉာဏ်မရရှိနိုင်သည်ကို သိသော်လည်း အားလျော့ခြင်းမရှိဘဲ သာသနာ တော်ကို ကြိုးစားစောင့်ရှောက်ခဲ့ သည်။ ရတနာသုံးပါးကိုသက်ဝင်ယုံကြည်မှု သဒ္ဓါကောင်းလွန်းသည် ကြောင့် ကာလကြာမြင့်စွာ စွဲကပ်နေ သည်။ အိပ်မပျော်သော ရောဂါဝေဒ နာ ငြိမ်းအေးသွားသည်။

ပုထုဇဉ်တို့တွင်ရတနာသုံးပါးကိုအကြည်ညိုဆုံး ဧတဒဂ်ပေးမှတ်တမ်းတင်ခြင်းခံရသည်။ ဒုက္ခကြီးလေးသော မဟာအဝီစိငရဲမှ လွတ်ကင်းကာ ဒုက္ခပေါ့ ပါးသော လောဟကမ္ဘီငရဲ၌သာကျခံရတော့မည်။ နောင်အနာဂတ်ကာလ၌ ‘ဝိဇိတာဝီ’အမည်ဖြင့် ပစ္စေက ဗုဒ္ဓါ တစ်ပါးဖြစ်ပြီး ကျွတ်တမ်းဝင်ရလိမ့် မည်ဖြစ်သည်။

အဇာတသတ်မင်းသည် ပထမ သံဃာယနာတင် ဒကာအဖြစ် ခံယူ သည်။ ဘုရားရှင်၏ ဓာတ်တော် များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီးတည်ထားခဲ့ သည်။ ဗုဒ္ဓသာသနာနှစ်ကို အတိအ ကျ သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင် တို့ သာသနာနှစ်ကို အတိအကျ သုံး စွဲခွင့်ရရှိနေသည်မှာ အဇာတသတ် မင်း၏ ကျေးဇူးဖြစ်သည်။

နောင်အခါ သီရိဓမ္မာသောက မင်းကြီးသည် အဇာတသတ်မင်း စု ဆောင်းထားသည့် ဓာတ်တော်များ ကို ရှာဖွေ၍ စေတီပေါင်း ရှစ် သောင်းလေးထောင် တည်ထားကိုး ကွယ် သာသနာပြုခဲ့သောကြောင့် ယနေ့တိုင် ဗုဒ္ဓဘာသာဝင်များ ဖူး မြော်ခွင့်ရနေကြသည်။

ကျေးဇူးရှင် မြတ်စွာဘုရားသည် အဇာတသတ်မင်းကို အကြောင်းပြု ၍ ဟောကြားတော်မူခဲ့သော သာမ ညဖလသုတ်တော်သည် ရဟန်းသံ ဃာတော်များအတွက် ကြေးမုံမှန် ချပ်ကြီးတစ်ခုသဖွယ်ဖြစ်တည်နေပြီး လူဒါယကာများအတွက် ပြဒါးချိန် ကြီးသဖွယ်ဖြစ်တည်နေသည်။ ရ ဟန်းသံဃာများသည် ကိုယ်ကျင့်သီလရှိ မရှိကို ဤသုတ်ဖြင့်ထင်ဟပ်စေနိုင်ပြီးလူဒါယကာများအဖို့မိမိတို့ကိုးကွယ်သောဆရာသမားတို့၏ ကျင့်ကြံမှု ဟုတ် မဟုတ်၊ မှန်မမှန်ကိုဤသုတ္တန်ဖြင့်ချိန်ကိုက်နိုင်ခြင်းကြောင့်ဖြစ်ပေသည်။

မြတ်မင်းလှိုင်

ကိုးကား

အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်ဟောကြားသည့်မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောတန်ဆောင်မုန်းလပြည့်သာမညဖလအခါတော်နေ့

Likes:
0 0
Views:
411
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *