လူတွေသိပ်မသိကြသေးတဲ့ မြန်မာ့ဘောလုံးသမိုင်း

မြန်မာတို့သည် ဘောလုံးနှင့်ဆင်တူသည့် ရွဲကစားခြင်း၊ ခြင်းလုံးခတ်ခြင်းတို့ကို ရှေးကတည်းက ကစားခဲ့ကြသည်။ ဘယ်ခေတ်ကတည်းက ကစားခဲ့လည်းဆိုတာတော့ အတိအကျမှတ်တမ်းမရှိပါ။

ထို့အတူပင် မြန်မာနိုင်ငံသို့ ဘောလုံးကစားနည်း စတင်ရောက်ရှိချိန်နှင့် ပတ်သက်၍လည်း တိကျသည့် အထောက်အထားများမရှိခဲ့ပါ။ အင်္ဂလိပ်-မြန်မာစစ်ပွဲများနှင့် ရောက်ရှိလာသည်ဟု မှတ်ယူရပါသည်။

၂ ဧပြီ ၁၈၅၂ တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ဖြစ်ပွားခဲ့သည်။ ၁၇ ဖေဖော်ဝါရီ ၁၈၅၃ တွင် မင်းတုန်းမင်း နန်းတက်လာပြီး စစ်ပွဲလည်း ပြီးဆုံးသွားသည်။ မြန်မာနိုင်ငံအောက်ပိုင်းမှာ ဗြိတိသျှတို့၏ နယ်ချဲ့စနစ်အောက် ကျရောက်ခဲ့သည်။ ယင်းနှင့်အတူ ဘောလုံးကစားနည်းကလည်း တစ်ပါတည်း ရောက်ရှိလာသည်ဟု ယူဆကြပါသည်။

ဘောလုံးကစားခြင်းနှင့် ပတ်သက်ပြီး မှတ်တမ်း တိတိကျကျ တွေ့ရှိရသည်မှာ ၁၈၇၈ တွင် စိန့်ဂျွန်းကောလိပ် ကျောင်းအုပ်ကြီး ဂျော့ခ်ျစကော့ (George Scott) က ဦးဆောင်ကျင်ပေးခဲ့သည့် ဘောလုံးပွဲဖြစ်သည်။

ဂျော့်ခ်ျစကော့က ဘောလုံးကစားနည်းကို မြန်မာလူငယ်များအား စတင် သင်ကြားပေးကာ ကစားစေခဲ့ခြင်း ဖြစ်သည်။ ရွဲကစားခြင်း၊ ခြင်းခတ်ခြင်းနှင့် ရင်းနှီးပြီး ဖြစ်သည့်အတွက် မြန်မာလူငယ်များက ဘောလုံးကစားခြင်းကို ကြိုက်နှစ်သက်ကြဟု ဆိုသည်။

ယင်းကာလသည် ဘောလုံးပွဲများတွင် ခေါင်းတိုက်ကစား ခွင့်ပြုခဲ့သည့် ၁၈၇၅၊ ဒိုင်လူကြီးများက ခရာကို စတင်အသုံးပြုခဲ့သည့် ၁၈၇၈ တို့နှင့် အပြိုင်ဖြစ်နေသည်။ ထို့ကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် တည်ထောင်ပြီး ဆယ်စုနှစ်ကျော် ကာလအတွင်းမှာပင် မြန်မာနိုင်ငံတွင်လည်း ဘောလုံးပွဲများ စတင်ကျင်းပနေပြီဟု ဆိုရပေမည်။

စနစ်တကျ ကျင်းပခဲ့သည့် မြန်မာ့ပထမဆုံးဘောလုံးပွဲမှာ ၁၈၇၉ တွင် စိန်ဂျွန်းကောလိပ်အသင်းနှင့် မော်လမြိုင်မြို့က အောက်မြန်မာနိုင်ငံ ဘောလုံးအသင်းတို့ ပွဲဖြစ်သည်။

၄ ဇွန် ၁၈၉၄ တွင် ကျင်းပသည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ မေ ၁၈၉၅ တွင် မြန်မာပြည် ဘောလုံးအသင်းများအဖွဲ့ချုပ် (The Burmese Association Football League) ကို ဖွဲ့စည်းခဲ့သည်။ ဘောလုံးစကစားပြီး သိပ်မကြာခင်မှာပင် ပေါ်ပေါက်လာခြင်း ဖြစ်သော်လည်း သက်တမ်းမှာ ၂ နှစ်သာ ကြာခဲ့သည်။

၁၈၉၈ တွင် ဘောလုံးပြိုင်ပွဲများသာမက ခရစ်ကတ်၊ ဟော်ကီ၊ တင်းနစ်၊ ပြေးခုန်ပစ် စသည့် အားကစား ပြိုင်ပွဲများကိုပါ တိုးချဲ့စီစဉ်နိုင်ရန် မြန်မာပြည် အားကစားအသင်း BAA (The Burmese Athletics Association) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ဗြိတိသျှအစိုးရ အုပ်ချုပ်စဉ်ကာလ ဖြစ်သဖြင့် မြန်မာအမျိုးသားများ အနေဖြင့် BAA အသင်းတွင် ပါဝင်ခွင့်မရခဲ့ပေ။

၁၇ ဩဂုတ် ၁၈၉၅ တွင် BAA ရှုံးထွက် ဗိုလ်လုပွဲအတွက်ဝါတာလော့ကုမ္ပဏီက ဝါတာလော့ဒိုင်း (Walter Locke Cup) ကိုချီးမြှင့်ခဲ့သည်။ ၁၉၀၀ပြည့်တွင် စီနီယာတန်း အမှတ်ပေးပြိုင်ပွဲနှင့် အငယ်တန်းတံခွန်စိုက်ဖလားပွဲများကို စတင်ကျင်းပခဲ့သည်။

ပြည်ပသို့ ပထမဆုံးသွားရောက် ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့ဘောလုံးအသင်းမှာ အကောက်ရုံးအသင်း ဖြစ်သည်။ ၁၉၂၉ တွင် ကာလကတ္တားမြို့၌ သွားရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

သို့ရာတွင် မြန်မာတိုင်းရင်းသား ဘောလုံးသမားများ မပါဝင်ပါ။ ၁၉၃၄ တွင် ဒုတိယအကြိမ် မလေးရှားသို့သွားရောက်သည့်အကောက်ရုံးအသင်းမှသာ မြန်မာတိုင်းရင်းသားများ ပါဝင်လာသည်။

ထူးခြားချက်တစ်ခုမှာ ၁၉၁၅ တွင်ရန်ကုန်ကောလိပ်ဘောလုံးအသင်း အောင်မြင်မှုစတင်ရရှိခဲ့ပြီး ၁၉၁၆၊ ၁၉၁၇ မှာပါသုံးနှစ်ဆက် BAA စီနီယာတန်း ချန်ပီယံဖြစ်ခဲ့ခြင်းပင်။ ရန်ကုန်တက္ကသိုလ် (ရန်ကုန်ယူနီဗာစီတီ) အသင်းအဖြစ်ပြောင်းလဲခဲ့ရသည့် ၁၉၂၀ပြည့်နှစ်တွင်လည်း ချန်ပီယံဆွတ်ခူးခဲ့သည်။

၁၉၃၀ ဝန်းကျင်တွင် ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်းက မြန်မာပရိသတ် အချစ်တော် ဖြစ်လာခဲ့သည်။ ၁၉၃၄ Walter Locke Cup ဗိုလ်လုပွဲတွင် ကိုလိုနီတို့၏ ပုလိပ်အသင်းကို အနိုင်ရရှိကာ ဗိုလ်ဆွဲခဲ့ခြင်းက ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်းနှင့် မြန်မာပရိသတ်တို့ရဲ့ ချိုမြိန်လှသည့် အောင်ပွဲဖြစ်ပါသည်။ ၁၉၃၂-၃၄ တွင်လည်း BAA စီနီယာတန်း ချန်ပီယံ သုံးနှစ်ဆက် ဖြစ်ခဲ့ပြန်ပါသည်။

၁၉၄၂-၄၅ ကာလသည် ဒုတိယကမ္ဘာစစ် ဖြစ်ပွားနေချိန်ဖြစ်ပြီး ဂျပန်အုပ်ချုပ်မှုအောက် ကျရောက်နေချိန် ဖြစ်သည်။ BAA အားကစားကွင်း၌ စနစ်တကျ ကျင်းပခဲ့သည့် ဘောလုံးပွဲများ ရပ်ဆိုင်းသွားခဲ့သည်။ အထူးဘောလုံးပွဲများ၊ အထိမ်းအမှတ်ဘောလုံးပွဲများသာ ကျင်းပနိုင်ခဲ့သည်။

ဒုတိယကမ္ဘာစစ် ပြီးသွားသည့်အခါတွင် BAA ဘောလုံးကွင်း ပြင်ဆင်ရေးနှင့် BAA ဘောလုံးပြိုင်ပွဲကြီး ပြန်လည်ကျင်းပနိုင်ရေး အစည်းအဝေးကို ၁ ဇူလိုင် ၁၉၄၆ တွင် ကျင်းပခဲ့သည်။ ဩဂုတ် ၁၉၄၆ တွင် စတင်ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

၁ မေ ၁၉၄၇ တွင် မြန်မာနိုင်ငံသားများ ဦးစီးသည့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Burmese Football Federation (BFF) ကို ဖွဲ့စည်းခဲ့သည်။ ယင်းကာလကပင် နိုင်ငံရေးနှင့် လူထုစည်းရုံးရေးအတွက် အားကစားပြိုင်ပွဲများ၏ အကူအညီကို ရယူလေ့ရှိနေပြီ ဖြစ်သည်။

၄ မတ် ၁၉၅၁ တွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ပထမဆုံး ပြည်ပပြိုင်ပွဲအဖြစ် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ အာရှအားကစားပွဲတော်၊ ဘောလုံးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၅၂ တွင် တိုင်းနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲကြီး စတင်ကျင်းပခဲ့သည်။ မြန်မာ့ဘောလုံး ရွှေခေတ်အတွက် အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။

၁၉၅၃ တွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံ၌ လက်ခံ ကျင်းပနိုင်ခဲ့သည်။ ၁၉၅၄ မနီလာ အာရှအားကစားပွဲတော်တွင် မြန်မာဘောလုံးအသင်း ကြေးတံဆိပ်ရရှိခဲ့ခြင်းသည် နိုင်ငံတကာပြိုင်ပွဲမှ ပထမဆုံးဆုတံဆိပ် ရရှိခြင်းဖြစ်သည်။

၁၉၅၉ တွင် ပထမဆုံး အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ကိုထိုင်းနိုင်ငံတွင် ကျင်းပခဲ့ပြီးမြန်မာ့လက်ရွေးစင် အသင်းလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၁၉၆၁ တွင် ဒုတိယအကြိမ်ကျွန်းဆွယ်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းက ဒုတိယဆုရရှိခဲ့ခြင်းကမြန်မာ့ဘောလုံးရွှေခေတ်၏ အစဦး အောင်မြင်မှုဖြစ်သည်။

၁၉၆၁-၇၉ ကာလများသည် မြန်မာ့ဘောလုံးသမိုင်းတွင်အအောင်မြင်ဆုံး ကာလများဖြစ်သည်။ ၁၉၆၀ ပြည့်အလွန် ကာလတွင် ကျင်းပခဲ့သည့် အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှကျွန်းဆွယ်ပြိုင်ပွဲများ၊ အာရှဖလား၊ မာဒေးကား၊ ပတ်ချုံဟီး၊ ဂျကာတာနှင့် ထိုင်းဘုရင့်ဖလားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကာ ချန်ပီယံသို့မဟုတ်ဆုတံဆိပ်များရရှိခဲ့သည်။

၁၉၈၀ နောက်ပိုင်းကာလများတွင် နိုင်ငံရေးပြောင်းလဲမှုများနှင့်အတူ မြန်မာဘောလုံးအသင်းလည်း အောင်မြင်မှုများနှင့် ဝေးကွာခဲ့သည်မှာ ယနေ့အချိန်အထိပင် ဖြစ်သည်။ ၂၀၀၆ တွင် ရရှိခဲ့သည့် မာဒေကားဖလားမှာ ထင်ရှားသော အောင်မြင်မှုဖြစ်ကာ ဒေသတွင်း သက်တမ်းအလိုက် ပြိုင်ပွဲအချို့တွင်သာ ချန်ပီယံဖြစ်ခဲ့သည်။

၂၀၀၃ တွင် လက်ခံကျင်းပခဲ့သော အာဆီယံ ယူ-၁၈ပြိုင်ပွဲတွင် မြန်မာအသင်း ချန်ပီယံဖြစ်ခဲ့ခြင်းက ပရိသတ်အများအပြား အားပေးမှုကို တွေ့ရခြင်းနှင့် မြန်မာနိုင်ပြီ သီချင်းကို ကြားရခြင်းမှာ ကျွန်တော့်အတွက် ပထမဆုံး မြန်မာ့ဘောလုံးအသင်း၏ အောင်မြင်မှုကို ခံစားနိုင်ခဲ့ခြင်း ဖြစ်သည်။

2014 AFC U-19 Championship ကတဆင့်နယူးဇီလန်နိုင်ငံမှာ ကျင်းပတဲ့ 2015 FIFA U-20 World Cup ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်း၊ ၂၀၁၅ စင်္ကာပူဆီးဂိမ်းတွင်ငွေတံဆိပ်ရရှိခဲ့ခြင်းတို့က မြန်မာ့ဘောလုံး၏အဆိုးထဲကအကောင်းမှတ်တမ်းအချို့ပင် ဖြစ်ပါသည်။

၁၉၉၅ တွင်စတင်ဖွဲ့စည်းခဲ့သည့် မြန်မာအမျိုးသမီးဘောလုံး လက်ရွေးစင်အသင်းကတော့ ဒေသတွင်း အောင်မြင်မှုအချို့ ရရှိခဲ့သည်။ ၂၀၀၄ နှင့် ၂၀၀၇ အရှေ့တောင်အာရှ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲများတွင်ချန်ပီယံဖြစ်ခဲ့သည်။

(ပုံတစ်ပုံချင်းစီမှာ ရှင်းလင်းစာထည့်သွင်းပေးထားတာကြောင့် တစ်ပုံချင်းထောက်ကြည့်စေချင်ပါတယ်)

Credit #ဥက္ကာသိန်း

Likes:
0 0
Views:
650
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *