ရန်ကုန်တွင် တိတ်တဆိတ် မြှုပ်နှံထားခံရသော ဂျင်ဂျစ်ခန်၏ မျိုးဆက်

ဂျင်ဂျစ်ခန်၏ မျိုးဆက်၊ စစ်ဘုရင်တာမာလိန်း (တီမူး) မှ တိုက်ရိုက်ဆင်းသက်လာသူ၊ မဂိုမင်းဆက်နှင့်အိန္ဒိယ၏ နောက်ဆုံးသောဘုရင် ဗဟာဒူးရှားဇဖားသည် ၁၈၆၂ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ အသက် ၈၇ နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

မကွယ်လွန်သည့်အချိန်ထိသူသည် ဗြိတိသျှအကျဉ်းသားအဖြစ် စိတ်ဆင်းရဲစွာ နေထိုင်သွားခဲ့ရပြီး သူ၏ရုပ်အလောင်းကို ရွှေတိဂုံစေတီတော်၏ တောင်ဘက်တွင် အမှတ်အသားမပြုဘဲ လျှို့ဝှက်မြှုပ်နှံခဲ့သည်။ မဂိုအင်ပါယာ (Mughal Empire)သည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးအင်ပါယာတစ်ခုဖြစ်သည်ဟုအသိအမှတ်ပြုခံထားရသည်။

၁၇၀၀ ပြည့်နှစ်ကာလများတွင်အာဏာစက်အထွတ်အထိပ် ရောက်စဉ်က ယနေ့ခေတ် အာဖဂန်နစ္စတန်ကို ဖြတ်၍ ဥဇဘက်ကစ္စတန်ထိ ထိန်းချုပ်ထားနိုင်ကာ ပိုင်နက်ထဲတွင် ယနေ့ခေတ် ပါကစ္စတန်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ပါဝင်ခဲ့သည်။ ထိုအင်ပါယာကို မွန်ဂို-တာ့ခ်လူမျိုးစစ်ဘုရင်ကြီးတီမူး (Timur)မှ တိုက်ရိုက်ဆင်းသက်လာသည့် ဘာဘူး(Babur)က ၁၅၀၀ ပြည့်နှစ် အစောပိုင်းတွင် ဥဇဘက်ကစ္စတန်၌စတင်တည်ထောင်ခဲ့သည်။

စစ်ဘုရင်တီမူးကမူ ယနေ့ခေတ် ကိုရီးယားမှဂျာမနီနှင့် အီဂျစ်နယ်စပ်ထိ ကြီးကျယ်ခဲ့သည့် မွန်ဂိုအင်ပါယာ (Mongol Empire) ၏ ဘုရင် ဂျင်ဂျစ်ခန်မျိုးဆက်မှ ဆင်းသက်လာသူဟုဆိုသည်။မဂိုတို့သည်မတူသော ယုံကြည်ကိုးကွယ်မှုများ ညီညွတ်စွာယှဉ်တွဲနေထိုင်သော၊ သိပ္ပံပညာ တိုးတက်သော၊ စည်ပင်သာယာပြီးယဉ်ကျေးမှု အဆင့်အတန်းမြင့်သော ခေတ်ကာလ တစ်ခုတွင်နေထိုင်ခဲ့ကြသည်။

မည်သည့်ဘာသာကို ယုံကြည်ကိုးကွယ်သည်ဖြစ်စေ လူတိုင်းထိပ်တိုင်းရာထူးကြီးများရရှိနိုင်သလိုအက်ကဘာဘုရင်သည် ဟိန္ဒူ၊ မူဆလင်၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ကို တစ်ပေါင်းတစ်စည်းတည်းဖြစ်စေမည့် ကိုးကွယ်သည့်ဘာသာအသစ်တစ်ခုပင်တည်ထောင်ရန် ကြိုးပမ်းခဲ့သေးသည်။ ၁၈၀၀ ပြည့်နှစ် အစောပိုင်းသို့ ရောက်သောအခါ ကြီးကျယ်ခမ်းနားခဲ့သော မဂိုအင်ပါယာကြီးသည် ဒေလီနှင့်အနီးတဝိုက်ဒေသများကိုသာ အုပ်စိုးနိုင်တော့သည်။

အိန္ဒိယဒေသအများစုကမူ အရှေ့အိန္ဒိယကုမ္ပဏီလက်အောက်ရောက်နေပြီဖြစ်သည်။ ဗဟာဒူးရှားဇဖားကို ၁၇၇၅ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဘာဘူးမှစရေတွက်လျှင် ၁၉ ဆက်မြောက်ဘုရင် ဖြစ်သည်။ သူသည်ထင်ရှားသော အူရဒူကဗျာဆရာလည်းဖြစ်သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်မှုကိုလှုပ်ခါသွားစေခဲ့သည့် ၁၈၅၇ ခုနစ် အိန္ဒိယ စစ်ဗာရီပုန်ကန်မှု ဖြစ်သောအခါ သူသည် ၈၂ နှစ်အရွယ်ရှိပြီဖြစ်သည်။

ထိုပုန်ကန်မှုတွင် ပါဝင်ပတ်သက်ခြင်း လုံးဝမရှိသော်လည်းသူ့ကို ခုံရုံးတင်စစ်ဆေးကာ သားတော်မင်းသားမီဇာဂျဝန်ဘာ့ခ်နှင့် ဆွေတော်မျိုးတော်များ၊ နောက် လိုက်နောက်ပါများ ဒါဇင်နှင့်ချီကာ ရန်ကုန်သို့ နယ်နှင်လိုက်သည်။ရန်ကုန်ရောက်သောအခါ ဘုရင်ကြီးသည် ရွှေတိဂုံစေတီတော်အနီးရှိအိမ်ငယ်တစ်ခုတွင်နေထိုင်ရသည်။

၁၈၆၂ ခုနစ် သူမကွယ်လွန်မီ သူ က အူရဒူဘာသာဖြင့် “ကံဆိုးလှတဲ့ ဇဖား! (သူ့ကို) မြှုပ်ရတဲ့ မြေနှစ်ကိုက်တောင်မှ သူချစ်တဲ့မြေမှာမဖြစ်ရရှာ” ဟုကဗျာရေးသားခဲ့သေးသည်။သူ၏ မိသားစုမှာ အစိုးရထောက်ပံ့ကြေးအနည်းငယ်ဖြင့်သာ ဆက်လက်ရှင်သန်ရသည်။ မင်းသားဂျဝန်ဘာ့ခ်မှာ မော်လမြိုင်သို့ အပို့ခံရပြန်သည်။

၁၉၄၅ ခုနှစ်က မော်လမြိုင်ကို မဟာမိတ်တပ်များ ပြန်လည်သိမ်းပိုက်မိသည့်အခါဂျဝန်ဘာ့ခ်၏ သားတော်များထဲမှတစ်ဦး ဖြစ်သည့်မဂိုမင်းသားအိုကြီးသည် အစိုးရထောက်ပံ့ကြေး ၁၂ အန်နာခွဲ (တစ်ကျပ်ထက် နည်းသည်)ထုတ်ရန်တောင်ကုန်းပေါ်ရှိ နေအိမ်မှ ဆင်းလာခဲ့ဖူးသည်။ အခြား မြေးနှစ်ဦး ဖြစ်သည့်မင်းသားဂျန်ရှမ်ဘာ့ခ် (Jamshed Bakht)နှင့် ဆီကန်ဒါဘာ့ခ် (Sikander Bahkt)တို့ကမူ ရန်ကုန်တွင် မွေးဖွားကြီးပြင်းခဲ့ကြသည်။

ဂျန်ရှမ်ဘာ့ခ်သည် ဂျပ်ဆင်ကောလိပ်တွင်ပညာသင်ကြားခဲ့သည်။ ဂျပန်ခေတ်တွင် မြန်မာပြည်မှ ထွက်ခွာသွားခဲ့ပြီး ပြန်မလာခဲ့ပေ။ နောင်တွင် ကာလကတ္တားတွင် ဆင်းရဲချို့တဲ့စွာ ဆုံးပါးသွားခဲ့သည်။ ကျန်ရစ်သူ မြန်မာလူမျိုး ဇနီးသည်မှာ ၂၀၀၈ ခုနှစ်ထိ ရထားဘူတာရုံ ပလက်ဖောင်းပေါ်တွင် လက်ဖက်ရည်ရောင်းခဲ့သေးသည်။

ဘုရင်ကြီး၏ နောက်ဆုံးသော မြေးတော်များထဲမှ တစ်ဦးဖြစ်သည့် မင်းသမီး ရာနော့ဇမာဏီဘီဂမ် (Ranauq Zamani Begum)မှာ ပန်းသေးမင်းသား တစ်ပါးနှင့် လက်ဆက်ခဲ့သည်။ ဘုရင်ကြီးနယ်နှင်ခံရရာတွင် လိုက်ပါခဲ့သည့်အခြားသောနောက်လိုက်နောက်ပါများမှာမူ ရန်ကုန်မြို့ စူရတီဘဇား (သိမ်ကြီးဈေး) တွင်အခြေချကာယနေ့ထိပင်သူတို့၏ မျိုးဆက်များဆက်လက်နေထိုင်နေကြဆဲဖြစ်သည်။

ဗြိတိသျှတို့က ဘုရင်ကြီးကို လူတို့ အမေ့ပျောက်ခံ ဖြစ်စေလိုခဲ့သော်လည်း နယ်နှင်ခံရပြီးအချိန်ကတည်းကယနေ့လောက် နိုင်ငံတကာတွင် ကျော်ကြားခဲ့သည့် အချိန်ရှိမည် မဟုတ်ချေ။ ၁၉၉၁ ခုနှစ်တွင် မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရတို့ကပူးပေါင်းကာဘုရင်ကြီးနေထိုင်သွားခဲ့သော နေရာအနီးတွင်အထိမ်းအမှတ်ဂူဗိမာန်တခမ်းတနားတည်ဆောက်ခဲ့သည်။

သူ့ကို (ဗြိတိသျှတို့က)လျှို့ဝှက်မြှုပ်နှံခဲ့သည့် အုတ်ဂူကိုလည်း အလုပ်သမားတို့ကပြန်လည်တွေ့ရှိခဲ့ကြသည်။ ယခုအခါသူ့အုတ်ဂူကို လှေကားဖြင့်ဆင်းနိုင်ပြီး သမ္မတများနှင့် ဝန်ကြီးချုပ်များကလာရောက်ဂါရဝပြုခြင်းများရှိခဲ့သည်။

Credit – အမေ့ခံအတိတ်

Likes:
0 0
Views:
1405
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *