ကယန်းလူမျိုး(ပဒေါင်လူမျိုး) အမျိုးသမီးများ၏ ကြေးကွင်းစွပ် ဓလေ့

ကယန်းလူမျိုး(ပဒေါင်လူမျိုး) အမျိုးသမီးများ၏ ကြေးကွင်းစွပ် ဓလေ့

ကယန်းလူမျိုးများသည် အခြားကြောင့် မဟုတ်လည်ပင်းတွင် ကြေးခွေစွပ်ထားသော အမျိုးသမီးများကြောင့် ကမ္ဘာကပင် စိတ်ဝင်စားကြသည်ကို လူတိုင်းသိရှိပြီးဖြစ်လေသည်။ကယန်း ဟူသောစကားသည် (ကမ်းယန့်) မှဆင်းသက် ပြောင်းလဲလာသော စကားဖြစ်သည်။(ကမ်း) ဟူသော အဓိပ်ပါယျမှာ နယ်မြေဒေသ၊ နယ်ပယ်၊ ဧရိယာ သတ်မှတ်ထားသော မြေသား အကျယ်အဝန်း ဖြစ်၍(ယန့်) ဆိုသည်မှာ စွဲစွဲမြဲမြဲရှိခြင်း၊ အတည်တကျ ရှိခြင်းဟုအဓိပ်ပါယ်ဆောင်သည်။

သို့ဖြစ်ပါ၍ ကယန်း၏ အဓိပ္ပါယ်မှာ “နယ်မြေဒေသ တစ်ခုအတွင်း အတည်တကျ နေသောသူများ” ကို ခေါ်ဆိုခြင်း ဖြစ်သည်။ကယန်းလူမျိုးများသည် ၎င်းတို့အား (ပဒေါင်) ဟု ခေါ်လျှင် နှစ်သက်လေ့ မရှိပေ။ပဒေါင်ဟု ခေါ်ဆိုခြင်းမှာ ကယန်း ဘာသာစကား မဟုတ်ဘဲ ရှမ်းဘာသာစကား (ယန်းပဒေါင်း) ဟု အဓိပ္ပါယ် ရှိလေ၏ရှမ်းဘာသာ စကားဖြင့် ယန်း= ကရင်မျိုးနွယ် ၊ပဒေါင်း= ကြေးပတ် ဖြစ်ရာ ယန်းပဒေါင်းဟူသည်ကြေးခွေစွပ်ထားသော ကရင်လူမျိုးဟု ရှမ်းဘာသာစကားအရ အဓိပ်ပါယျ ရသောကြောင့် ဖြစ်သည်။

ကယန်းလူမျိုးတို့သည် အခြားတိုင်းရင်းသားများနည်းတူမွန်ဂိုကုန်းမြင့် ဒေသမှ ရေကြည်ရာ မြက်နုရာ အရပ်သို့တရွေ့ရွေ့ ဆင်းလာကြရာမှ ယန်စီမြစ်နှင့် ဟန်ဟိုမြစ်ဖျားတွင် နေထိုင်ခဲ့ဖူးသဖြင့် ယင်းဒေသများမှ ဆင်းသက်လာသည်ကို အစွဲပြု၍ ကယန်းဟု ခေါ်ခြင်းဖြစ်သည် ဟု ယူဆခဲ့ကြသည်။တရုတ်ပြည် ယန်စီ မြစ်ဝှမ်းဒေသမှ အေဒီ ၉- ရာစုတွင် သံလွင်၊ စစ်တောင်းနှင့် ဧရာဝတီမြစ်၊ ရမည်းသင်းအရှေ့ဘက်၊ ရှမ်းရိုးမ တောင်တန်းများပေါ်သို့အဆင့်ဆင့် ပြောင်းရွှေ့ကြပြီး စွဲစွဲမြဲမြဲ အတည်တကျနေထိုင်လျက် ရှိကြသည်။

ကယန်း လူမျိုးစုတို့သည် အခြားတောင်ပေါ်တိုင်းရင်းသားများကဲ့သို့ အုပ်စုလိုက် ပြောင်းရွှေ့နေထိုင်လေ့ မရှိကြဘဲ ရှေးပဝေသဏီ ခေတ်ကာလမှသည်ယနေ့ထက်တိုင်အောင် မိုးဗြဲတောင်ပေါ် နှင့် အင်း၏အနောက်ဘက်ကမ်း ဖယ်ခုံမြို့နယ် ဘီကင်း၊ ဆီးဆူး၊ စနိုက်၊ လအိဒေသ၊ ပင်လောင်းနယ်စပ် မှ ရမည်းသင်း ပျဉ်းမနားလွင်ပြင် အကြားတို့တွင် ရှိသော ရှမ်းရိုးမ တောင်တန်းကြီးများပေါ်တွင် အမြဲပင် နေထိုင်လျက်ရှိကြသည်။

ကယန်း၊ ကရင်၊ ကယား၊ ဂေမို၊ ဂေဘား၊ ယင်းဘော်၊ ယင်းတလဲ၊ ယင်းကြား စသည့် လူမျိုးစုတို့သည်လူမျိုးတူအုပ်စု တစ်ခုတည်းမှ ဆင်းသက်လာကြသည်။ကယန်းအမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှုမှာကမ္ဘာ့အလယ် အံ့ဖွယ်တစ်ရပ်အဖြစ် တည်ရှိနေပေသည်။သူတို့၏ လည်တိုင်၊ လက်ကောက်ဝတ်မှ တံတောင်ဆစ်အထိနှင့် ခြေမျက်စိမှ ဒူးဆစ်အထိ ကိုယ်ခန္ဓာ အစိတ်အပိုင်းများတွင် ကြေးခွေများဖြင့် ရစ်ပတ်ခွေလျက် အလှဆင်ဝတ်စားတတ်သည်မှာ အများအသိပင် ဖြစ်သည်။

တစ်ကိုယ်လုံးပေါ်ရှိ ကြေးခွေများကို ချိန်တွယ် လိုက်မည်ဆိုပါက စုစုပေါင်း အလေးချိန်မှာ ပေါင် ၆၀ (၁၇ ပိဿာ ခန့်) ထက်မနည်း ရှိလေသည်။ထိုအလေးချိန်တို့ကို ခန္ဓာ ကိုယ်တွင် သယ်ပိုးပြီး အမျိုးသမီးတို့၏ နိစ္စဓူဝ တာဝန်တို့ဆောင်ရွက်နိုင်သည်မှာ အလွန်ပင်အံ့သြချီးကျူးဖွယ် ဖြစ်ပါသည်။ထို့ကြောင့် ကမ္ဘာ့အံ့ဖွယ် အမျိုးသမီးများဟု ကမ္ဘာတစ်ဝှမ်းမှ သတ်မှတ်ထားကြခြင်း ဖြစ်ပေသည်။ယနေ့ခေတ် ကယန်းအမျိုးသမီးငယ်များသည် ခေတ်နှင့်အညီ ဆင်ယင်ထုံးဖွဲ့လျက် ကြေးကွင်းစွပ်သော အလေ့ကိုမပြုလုပ်ကြပေ။

သို့သော်လည်း အများစုမှာမူ မိမိတို့ယဉ်ကျေးမှု ဓလေ့ထုံးစံကို မပျောက်ပျက်အောင်ထိန်းသိမ်းသော အားဖြင့်လည်းကောင်း၊မိရိုးဖလာ ယဉ်ကျေးမှုကို ထိမ်းသိမ်းသောအားဖြင့်လည်းကောင်း ၊ မိဘများ၏ တိုက်တွန်း နှိုးဆော်မှုကြောင့်လည်းကောင်း၊ ကြေးကွင်းစွပ် အလေ့ကို ဆက်လက်ဆင်ယင်ထုံးဖွဲ့နေလျက် ရှိသေးသည်ကို တွေ့ရသည် ။

ကယန်း အမျိုးသမီးတို့သည်အသက် ၅ နှစ်အရွယ် မှစ၍ ကြေးခွေပတ်လေ့ရှိပြီးစတင်ခွေပတ်ချိန်တွင် နှစ်ခွေမှ သုံးခွေအထိ ခွေပတ်ကာအသက်ဆယ်နှစ်ကျော်လျှင် ယခင် ငါးနှစ်သမီးကရစ်ပတ်ခဲ့သော ကြေးခွေ သုံးလေးခွေကို ဖြုတ်ပြီးဆယ်ခွေအထိ ရစ်ပတ်သည်။အသက် နှစ်ဆယ်ကျော်လျှင် ကြေးခွေ တစ်ဆယ့်ငါးရစ်မှနှစ်ဆယ်ရစ် အထိ ခွေပတ်ပြန်သည်။ လည်တိုင်အတိုင်း အထက်ပါ ရစ်ပတ်ထားသော ကြေးခွေများ တည်ငြိမ်စေရန် လည်ပင်းအောက်ခံ ပုခုံးနှစ်ဖက်ပေါ်တွင် သီး ခြားရစ်ပတ်ထားသည့် ကြေးခွေများလည်း ရှိပြန်သည်။

ကယန်းအမျိုးသမီးတို့၏ လည်တိုင်မော့ ဖော့ဖယောင်းပေါ်တွင် ရစ်ပတ်ထားသော ကြေးခွေတို့သည် တကွင်းစီစွပ်ထားသည် မဟုတ်ဘဲ ကြေးချောင်းအရှည်ကို ကွိုင်ကဲ့သို့ရစ်ထားခြင်း ဖြစ်ပါသည်။ကြေးခွေ၏ အရွယ်အစားမှာ အမျိုးသမီးတစ်ဦး၏သာမန်လက်သန်း အရွယ်ထက် အနည်းငယ်သာ သေးသည်။ကယန်း အမျိုးသမီးတို့၏ လည်ပင်းတွင် ကြေးခွေသာမကဘဲ ငွေပြား၊ ဘော်ပြား၊ ဒင်္ဂါးပြား တို့ကိုလည်း တွဲလွဲဆွဲ၍အလှဆင်ကြသည်။ထိုကြေးခွေများကို ပြန်ဖြုတ်လိုက်လျှင်လည်းလည်တိုင်သည် မည်သို့မျှ ယိမ်းယိုင်ခြင်း မရှိပေ။

ရှေးက လည်တိုင် အနည်းငယ် သွယ်၍ ရှည်လာမည်ဟုယူဆကြသော်လည်း ဓါတ်မှန်ရိုက်ကြည့်သောအခါထိုအယူအဆ ပျက်ပြယ်သွားရပေသည်။ အကြောင်းမှာကြေးကွင်းကြောင့် လည်ပင်း ရှည်ထွက်လာရသည် မဟုတ်ဘဲ လည်ပင်းတွင် စွပ်ထားသော ကြေးကွင်းအလေးချိန်ကြောင့် ညှပ်ရိုး၊ နံရိုးနှင့် ကျောရိုးများ အောက်ဘက်သို့ ကိုင်းညွတ်နိမ့်ဆင်း သွားသည်ဟု သိရပါသည်။ကယန်းအမျိုးသမီးတို့သည် အဘယ့်ကြောင့် ကြေးခွေပတ်ကြသည့် အကြောင်းအရင်းကိုမူ ယနေ့တိုင် အထောက်အထား များ အတိအကျမရှိ။

သိရှိနိုင်ခြင်း မရှိကြသေးသော်လည်း သက်ကြီးစကား သက်ငယ်ကြား အနေဖြင့် လက်ဆင့်ကမ်းလာသော ထင်မြင်ယူဆချက် တချို့ကို ဖော်ပြပါမည်။*** လူမျိုးတစ်အုပ်စုမှ တစ်အုပ်စုသို့ ထွက်မပြေးနိုင်အောင် ကြေးခွေများနှင့် အလေးစီး တွယ်နှောင်ထားသည် ဟုလည်းကောင်း။*** ကယန်းတို့သည် နဂါးမျိုးနွယ်မှ ဆင်းသက်လာသည်ဟု ယုံကြည်လျက်ရှိခြင်းကြောင့် နဂါးနှင့် အသွင်တူရန် ကြေးခွေရစ် ပတ်သည် ဟုလည်းကောင်း။***

အပျိုစစ် မစစ်၊ အရွယ်ရောက် မရောက်၊ကြေးခွေရစ်ပတ်ထားသည်ကို ကြည့်ခြင်းအားဖြင့်သိရှိခွဲခြားနိုင်သည် ဟုလည်းကောင်း။*** ရှေးခေတ်က လူမျိုး တစ်အုပ်စုနှင့် တစ်အုပ်စုတို့ တိုက်ခိုက်ကြပြီး နိုင်သူက ရှုံးသူကို ဖမ်းယူသွားလေ့ရှိရာထွက်မပြေးစေနိုင်ရန် ကြေးခွေ ရစ်ပတ်ထားသည် ဟုလည်းကောင်း။*** ကယန်းအမျိုးသမီးတို့ တောနက်ကြီးထဲတွင်ခရီးသွားလာလျှင် သားရဲတိရိစ္ဆာန်များ၏ ရန်မူခြင်းမှကင်းဝေးစေရန် ဟု လည်းကောင်း။***

ကယန်းတို့သည် ရှေးအခါက ရွှေတွင်း၊ ငွေတွင်းများဖြင့် ရွှေငွေ၊ ရတနာ များ ပေါများသူများ ဖြစ်ခဲ့ကြသဖြင့် ပျော့ပျောင်း သော ရွှေချောင်း၊ ငွေချောင်းများဖြင့် ရွှေတွဲလဲ ငွေတွဲလဲ ရစ်ပတ်ဝတ်ဆင်ကြရာမှ ရွှေငွေ ရှားပါးသောအခါ ကြေးခွေသို့ ပြောင်းလဲ ဝတ်ဆင်လာကြသည် ဟုလည်းကောင်း။***

တစ်ချိန်က ကယန်းတို့သည် ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ဖူးမျှော်ခဲ့ရရာမှ မိမိတို့ဒေသတွင် ရွှေငွေ ရတနာ ပေါများသည့်အလျောက် မိမိလည်တိုင်ကို စေတီပမာ ရစ်ပတ်ထားသည် ဟုလည်းကောင်း– ထင်မြင်ယူဆချက်များမှအပ အခြားတိကျသော သမိုင်းမှတ်တမ်းမျိုး မတွေ့ရသေးပေ ။

ယခုချိန်အထိ လူအများ စိတ်ဝင်စားနေကြသလိုလည်တိုင်တွင် ကြေးခွေ စွပ်ထားမှုကြောင့်ကယန်းအမျိုးသမီး လောကတွင် ကျန်းမာရေးထိခိုက်နိုင်သလော၊ သက်တမ်းတိုနိုင်သလော၊လူဦးရေ ပေါက်ဖွားမှုကို အဟန့်အတား ဖြစ်စေသလောဟူ သည့် မေးခွန်းများအတွက် အဖြေပေးရမည် ဆိုလျှင်မည်သည့် အန္တရာယ် ထိခိုက်မှု တစုံတရာမှ မဖြစ်စေကြောင်း သိရပါသည်။

ထို့ပြင် ကြေးကွင်းစွပ် အလှအပ ခြယ်သမှုသည် ကျန်းမာရေးအတွက် ထူးခြားစွာ အန္တရာယ်မဖြစ်စေကြောင်းလည်း သိရပါသည်။မည်သို့ပင်ဖြစ်စေ လူမျိုးတိုင်း၊ လူမျိုးတိုင်း အလှကိုယ်စီရှိကြပါသည်။ သဘာဝမှ ပေးအပ်ထားသော အလှအပထက် ပိုမို လှချင်သူများမှာ အမျိုးသမီးများပင် ဖြစ်သည်။ အမျိုးသမီးများသည် မိမိကိုယ်ကို လှပစေရန် ဖန်တီးဆေးခြယ် ပြုပြင် ကြရာတွင် တစ်ဦးနှင့်တစ်ဦး မတူညီကြချေ ။ မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးနှင့် နီးစပ်ရာ လက်လှမ်းမီရာ အထောက်အကူ ပစ္စည်းများနှင့် ဆန်းသစ်စွာ ပြုပြင်လိုကြသည်။

နေထိုင်ရာ အရပ်ဒေသနှင့် လူမျိုးစု ယဉ်ကျေးမှုတို့ နှင့်အညီ သင့်လျော်သော ဝတ်စား ဆင်ယင် ထုံးဖွဲ့ပြုပြင်ခြယ်သမှုများမှာ အမျိုးမျိုး ကွဲပြားလျက် တကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ် ဆန်း ဆိုသလို မှတ်တမ်းတင်ထား၍ မဆုံးနိုင်အောင် ဖြစ်ရပါသည်။ ထိုကဲ့သို့ထူးခြား ဆန်းပြားစွာ အလှဆင်တတ်သော အမျိုးသမီးထုထဲမှ မြန်မာနိုင်ငံရှိ ကယန်း အမျိုးသမီးတို့၏ အလှအပခြယ်သမှုသည်ကား တစ်မူထူးခြားလှသည်ဟု ဆိုရပေမည် ။

မြန်မာနိုင်ငံတွင် လူဦးရေ နည်းပါးရုံ သာမက လူသိလည်း နည်းပါးလှသော ကယန်း အမျိုးသမီးတို့ကို တစ်ခါမြင်ဖူးရုံနှင့် တစ်သက်မမေ့နိုင်စရာဖြစ်သော ဆန်းကြယ်လှပသည့် ဆင်ယင်ထုံးဖွဲ့မှုသည်ကား အံ့သြ၍ မကုန်နိုင်ဖွယ်ပင်ဖြစ်ရပေတော့သည်။စာကိုး *** ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးရေးသိပ္ပံ ၁၉၈၉-၉၀ ငွေရတု အထိမ်းအမှတ် မဂ္ဂဇင်းမှ ဆောင်းပါးရှင် ခွန်နီ ကောလတ်စ် ၏ ဆောင်းပါးကို ကိုးကားထားပါသည်။

Thuta GabarAll photos credit#winhlaingoo

#myanmarbooks

Likes:
0 0
Views:
830
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *