အင်းဝ မှာ “ရေ” ၊ မြေ မှာ “ပဲခူး” ဆိုတဲ့ ဆိုရိုးစကား

အင်းဝ မှာ “ရေ” ၊ မြေ မှာ “ပဲခူး” ဆိုတဲ့ ဆိုရိုးစကားအဓိပ္ပာယ် နှင့် ပေါ်ပေါက်လာပုံ

အင်းဝမှာရေ – အင်းဝမှာ ရေ ၊ မြေမှာပဲခူး ဟူသောစကားကိုရှေးလူကြီးများမှတစ်ဆင့် ကြားဖူးကောင်းကြားဖူးနိုင်ပါတယ်။ ဒီလိုဆိုရခြင်းမှာ အင်းဝသည် ရေကြီးခြင်း ၊မိုးခေါင်ခြင်းစသည့် ရေနှင့် ပတ်သတ်သော ဒုက္ခများကြောင့်မြို့ပါပျက်ခဲ့ရသည်ဟုဆိုလို့ရသော ကြောင့်ပင်။ သက္ကရာဇ် ၁၇၄၁ ခုနှစ်မဟာဓမ္မရာဇာဓိပတိလက်ထက်တွင်ဖြစ်ခဲ့သည့်အဖြစ်များဖြစ်သည်။

ထိုမင်းသည်မင်းဆိုးဟုမဆိုထိုက်သော်လည်း မင်းကောင်း မင်းမြတ်ဟုလည်းမဆိုထိုက်ပြန်။တိုင်းပြည်ရေးကိုသိပ်စိတ်မဝင်စားခဲ့။နန်းတက်သည့် နှစ်အတွင်း၌ပင်အင်းဝအားဧရာဝတီမြစ်ရေအဆမတန် မြင့်တက်ခဲ့ပြီးလနှင့်ချီ၍ပြန်မကျခဲ့တာကြောင့်“ရေရူးကြီး” ဟုပင်နာမည် တွင်သွားသည်။

ရေကိုတားဖို့ဆည်ဖို့ကြသော်လည်း ရေအားကိုမလှန်နိုင်ခဲ့ပဲ မြစ်ရေသည်မြို့တွင်းသာမကဘုရင့်နန်းတော် ကြမ်းပြင်အထိတက်ခဲ့သည်။ ရှိသမျှစိုက်ခင်းအားလုံးနီးပါးပျက်စီးသဖြင့်ရေကျသည်နှင့် အလျှင်အမြန်စိုက်ပျိုးကြရသည်။နောက်တစ်နှစ် ၁၇၄၂ ခုနှစ်တွင်ကားရေမကြီးတော့ပဲမိုးခေါင်ပြန်သည်။ လယ်ယာကိုင်းကျွန်းစိုက်ပျိုးရေးလုပ်ငန်းများပျက်စီးရပြန်သည်။

နှစ်နှစ် ဆက်တိုက်ရေကြီးခြင်း ၊မိုးခေါင်ခြင်းကိုခံရသောအခါဆန်ဈေးလည်း အဆမတန်တက်လာတော့သည်။ မူလက ၁တင်း ၃မူးဈေးရှိခဲ့ရာမှာ ၅ကျပ် ၃မူးကျော် အထိအဆမတန် ကြီးမြင့်သွားခဲ့သည်။အစာရေစာခေါင်းပါးလွန်းသဖြင့်ပြည်သူများပျက်စီးကြရသည်။မြို့ရွာအနှံ့၌လည်းခိုးဆိုးလုယက်သူများပေါများလာခဲ့သည်။

နောက် ၂ နှစ်အကြာ ၁၇၄၄ ခုနှစ်တွင် ၁၂နာရီကြာသောမီးကြီးလောင်ရာ တစ်မြို့လုံးနီးပါးပျက်စီးရပြန်သည်။လူဆိုး ၊ သူခိုးများ မှာ နယ်စားမြို့စားများနှင့် ပေါင်းကာ ဝေမျှစားသဖြင့်တရားဥပဒေလည်းမရှိတော့။ ဘုရင်ကလည်းဖိဖိစီးစီး မနှိမ်နှင်းနိုင်သဖြင့်အဓိက ဒုက္ခဆင်းရဲခံရသူများမှာ ဆင်းရဲသား ပြည်သူများသာဖြစ်သည်။နောက်ဆုံးလူဆိုးသူခိုးဒဏ်ကိုမခံနိုင်သော ပြည်သူများမှာဘုရင့်ဆွေတော်မျိုးတော် များထံတွင် အသီးသီးကပ်မှီ၍ ကျွန်ဘဝနှင့်နေကြတော့သည်။

ထိုအတွင်း ကသည်းအရေး ၊ ဟံသာဝတီ အရေး နှင့်ကွေ့အရေး တို့ပေါ်လာပြန်ရာဘုရင်အဖို့အရူးမီးဝိုင်း သလိုဖြစ်ခဲ့ပြန်သည်။ပြည်သူတို့မှာ စစ်ရေးစစ်ရာကိုလည်း မပြင်နိုင် ၊ စိုက်ပျိုးရေးလည်းကောင်းစွာမလုပ်နိုင်သဖြင့် အငတ်ဘေးပိုမို ကြီးမားလာခဲ့သည်။ဆန်ဈေးမှာလည်း ၁၆ ကျပ်အထိ မြင့်တက်သွားရာ မနေနိုင်သူများမှာဧရာဝတီမြစ်ကိုစုန်၍ အောက်ပြည်သို့ပြေးကြလေသည်။ဘုရင့်ခမျာမှာလည်း ၂နှစ်ကျော် ၃နှစ်ကြာ ကျီတော်ထဲမှစပါးများကို ပြည်သူများထံဝေမျှပေးခဲ့သည်။

ကျီတော်ထဲမှ စပါးများ ကုန်သွားသော် ရွှေငွေတို့အားထုတ်ပေးကာဝယ်စားစေခဲ့ပြန်သည်။ဆန်ဈေးမှာ ၈၀ ကျပ် အထိ ရှိသွားခဲ့သည်။သို့သော်ဈေးသာရှိသော်လည်း ဝယ်စားရန် ဆန်ကားလုံး၀မရှိတော့။ အင်းဝပြည်သူ ပြည်သားတို့မှာဘာကိုမျှမတွေးတော့မဆင်ခြင်နိုင်တော့။ရှိသမျှကျွဲ နွားမြင်းတို့ကိုသတ်စားကြလေသည်။ ကျွဲနွားမရှိသူတို့ကား လူသေကောင်များကိုစားကြသည်အထိအငတ်ဘေးကြီးထွားခဲ့သည်။ကြာသော်လူအချင်းချင်းပင် သတ်ဖြတ်ခုတ်ထစ်တော့မည်အထိဖြစ်လာမည်မှာမလွဲတော့ပေ။

ထိုအချိန်တွင် ဟံသာဝတီ စစ်သည်တို့က အင်းဝပြည်အား ပိတ်ဆို့ဝန်းရံလိုက်သည့်အခါအင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိသည် ၁၇၅၂ နှစ်တွ င် တိုင်းပြ ည် ကို လက်လွှတ်ကာ ဟံသာဝတီသို့ ပါသွားရတော့သည်။အင်းဝပြည်ကြီးလည်းပျက်စီး သွားခဲ့ရသည်။ မိုးခေါင်ခြင်း ၊ ရေ ကြီးခြင်းမှ အစပြု ၍ အင်းဝပြည်ကြီးပျက်စီးခဲ့ရသောကြောင့် “အင်းဝမှာ ရေ” ဟူသောစကားလည်း ပေါ်ပေါက်လာတော့သည်။

မြေမှာ..ပဲခူး – အင်း၀ မှာ..ရေ ၊မြေမှာ..ပဲခူး ဟူသော ဆိုရိုးစကားအရ အင်း၀သည်ရေဖျက်၍ ပျက်ခဲ့ရသလို ပဲခူးသည်လည်း ငလျှင်ဒါဏ်ကြောင့် မြို့ပျက်မတတ်ကြုံတွေ့ခဲ့ရပါတယ်။မြန်မာနိုင်ငံတွင် ငလျှင်ဒါဏ် အခံရဆုံးနေရာကိုပြပါဆိုလျှင်ပဲခူးကိုပင်ပြရမှာပါ။ ပဲခူးမြို့ကို သက္ကရာဇ် ၁၈၇ ခုနှစ်မှာမဟာသ မလမင်းကစတင်တည်ထောင်ခဲ့ပါတယ်။

အဲဒီနောက် ညီတော်ဝိမလမင်း ၊ အသားမင်းသားခေါ် အဿကုမ္မာတင်း ၊ အရိန္ဒမမင်း နှင့် မဟိံသရာဇာမင်းထိမင်း ၅ ဆက်စိုးစံ ပြီးချိန် မှာ ငလျှင်နဲ့ စတင် ကြုံရပါတယ်။သမိုင်းမှတ်တမ်းများ အရ မဟိ့သရာဇာမင်းလက်ထက်မှာ တော်လဲသံကြီး မြည်ဟီးစွာကြားရခြင်း၊ ဥက္ကာပျံများကျခြင်း ၊ လေမု န်တိုင်း ပြင်းထ န် စွာ တိုက်ခြင်း နှင့် မြေငလျှင် ကြီးစွာလှုပ်ခြင်းစသည်တို့နှင့် ရင်ဆိုင်တွေ့ရတယ်လို့ဆိုပါတယ်။

အဆိုးဆုံးမှာ မင်းအဆက်ဆက် ကိုးကွယ် လာခဲ့တဲ့ ရွှေမော်ဓော စေတီကြီး ထီးတော်မြေခခဲ့သည့် အပြင်ရွဲလုံးတော်အထိပြိုကျခဲ့တာပါပဲ။ပဲခူးဟာ ငလျှင်ကြီးငယ်ဒါဏ်ကို ၃၂ကြိမ်ခန့် အကြိမ်ကြိမ် ခံ စားခဲ့ရကြောင်း ရွှေမော်ဓောသမိုင်း နှင့် သထုံရာဇဝင်အဆိုအရသိရပါတယ်။အကြီးဆုံးငလျှင် ၅ ကြိမ် ကြုံတွေ့ခဲ့ပါတယ်။သက္ကရာဇ် ၂၃၇ ၊ ၁၁၉၄ ၊ ၁၂၇၄ ၊ ၁၂၇၉ ၊ ၁၂၉၂ ခုနှစ်တွေမှာလှုပ်ခဲ့တဲ့ငလျှင်တွေပါပဲ။

နောက်ဆုံး ၁၂၉၂ (အေဒီ ၁၉၃၀) မှာ လှုပ်ခဲ့တဲ့ငလျှင်က တော့ မြန်မာ့သမိုင်းမှာ အကြီးမားဆုံးလို့ ဆိုရမယ့် ငလျှင်ပါပဲ။ငလျှင်ပြင်းအား အဆင့် ၁၀ ရှိပြီးစတုရန်းမိုင် ၂၂၀၀၀၀ ပတ်လည်ထိလှုပ်ခတ်စေခဲ့ပြီး လူပေါင်း ၅၀၀ ကျေ ာ် သေဆုံးကာ ပဲခူးတစ်မြို့လုံးနီးပါးပျက်စီးခဲ့ရပါတယ်။ထိုငလျှင်ကြီးကြောင့် နှစ်ပေါင်း ၂၅၀၀ကျော်သက်တမ်းရှိတဲ့ရွှေမော်ဓောစေတီကြီးမှာ အောက်ပထမ ပစ္စယံအထိ အကြီးအကျယ် ပျက်စီးပြီးမြေခခဲ့ရပြန်ပါတယ်။

ငလျှင်ကြောင့် တစ်မြို့လုံးပျက်စီး ခဲ့ရုံသာမက ငလျှင်ပြီးတဲ့နောက်မှာလည်း မီလောင်မှုများဆက်လက် ဖြစ်ပွားခဲ့ပါသေးတယ်။ထိုငလျှင်ကြောင့် ပဲခူးသာမက ရန်ကုန်မြို့လည်းအတော်အတန်ပျက်စီးခဲ့ရပါတယ်။ရွှေတိဂုံစေတီစိန်ဖူးတော်ပင် မြေခစေခဲ့ရတဲ့ ငလျှင်ပါ။အင်း၀ သည် ရေကြောင့် ပျက်စီးခဲ့ရသလိုပဲခူးသည်လည်း မြေကြောင့်အကြိမ်ကြိမ်ပျက်စီးခဲ့ရပြီး အကြိမ်ကြိမ်ပြန်လည်ထူထောင်ခဲ့ရပါတယ်။

ဒါကြောင့်လ ည်း ရှေး လူကြီးတွေက “အင်းဝမှာရေ ၊ မြေမှာပဲခူး” ဆိုသော စကားကို ဆိုရိုးပြုသွားကြခြင်း ဖြစ်ပါတော့တယ်။

CRDသန်းထွန်း (လှည်းကူး) မြန်မာ့စွယ်စုံကျမ်း နော်ဂဲလယ်ထူး(စာပေပရဟိတ)

Likes:
0 0
Views:
573
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *