ခေတ်ဟောင်း ရုပ်ရှင်အသံတိတ် ဇာတ်ကား

ယနေ့ မြန်မာရုပ်ရှင်အပေါ် ဝေဖန်မှုများ၊ တဖက်နှင့် တဖက် တိုက်ခိုက်မှုများ အပြီး ခေတ်ဟောင်း ရုပ်ရှင်အသံတိတ် ဇာတ် ကား “မြဂနိုင်” သည် ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ဒေသတွင်း အမွေအနှစ်အဖြစ် ပထမဆုံးအကြိမ် စာရင်းသွင်းခံခဲ့ရသည်။

ဤသည်ကားရှေးမြန်မာတို့၏ အနုပညာလက်ရာတခုကို ကမ္ဘာကအတိုင်းအတာတခုအထိ အသိအမှတ်ပြုလိုက်ခြင်း ဖြစ်၍ ဂုဏ်ယူစရာကောင်းသည်ဟုဆိုရမည်။၁၉၃၄ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် မြဂနိုင်ဇာတ်ကားကိုဖန်တီးသူမှာ မြန်မာ့အဆွေသူဌေးကြီး ဦးဘညွှန့် ဒေါ်ညိမ်းရှင်တို့၏ သားငယ် ပုတုဟု ခေါ်သည့် တက္ကသိုလ်ကျောင်းသားလေး မောင်တင်မောင်ပင်ဖြစ်ပြီး ဤဇာတ်ကားမှာ သူ၏ ပထမဆုံး ပွဲဦးထွက် လက်ရာပင်ဖြစ်သည်။

ရုပ်ရှင်ကြယ်တပွင့်မြင့်မြင့်ကလေး၏ပထမခန်းဖွင့် မြဂနိုင် ဆိုသည့်ကြော်ငြာအတိုင်းပင် ခေါင်းဆောင်သူ အားလုံးမှာမျက်နှာသစ်များဖြစ်၏။တကယ်လည်း အားလုံးကလူသစ်များဖြစ်သည်၊ မင်းသားချစ်ရွှေဆိုလျှင် အေဝမ်းဖလင်ကရိုက်ကူးသည့် စိမ်းရွှေရွှေဇာတ်ကားတွင် ဒုတိယမင်းသားအဖြစ်ပါဝင်ခဲ့ပြီးသူ၏စွန့်စားခန်းစတန့်များကိုသဘောကျ၍မြဂနိုင်တွင် ခေါင်းဆောင်မင်းသားတင်ကာရိုက်ကူးခြင်း ခံရသူဖြစ်သည်။

မင်းသားချစ်ရွှေကို သံတွဲမြို့နေ ဦးလှဘူး ဒေါ်အေးမေ တို့မှ ၁၉၁၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး၊ သားသမီး ၅ဦးတွင် စတုထ္တ မြောက်သားဖြစ်၍ အမည်ရင်းမှာ မောင်ချစ်ဖြစ်သည်။မိဘများက ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သစ်ရောင်းဝယ်ရေးကုမ္ပဏီ မန်နေဂျာအဖြစ်ပြောင်းရွှေ့ရာ မောင်ချစ်လည်း လိုက်ပါသွားပြီးကျောင်းသားဘဝမှာပင် အနောက်တိုင်းလက်ဝှေ့၊ ဒိုင်ဗင်၊ကျွမ်း၊ ရေကူးစသည်တို့ကိုတတ်မြောက်ခဲ့ရာ ဘန်ကောက်မြို့၌လက်ဝှေ့ပွဲများတွင်ပွဲပေါင်းများစွာ နိုင်ခဲ့သူဟု သိရသည်။

အေဝမ်းဖလင်ကုမ္ပဏီသို့ မင်းသားလျှောက်ရာ ၆ ပေခန့်ရှည်သည့်ခုံကို လွတ်အောင်ဒိုင်ဗင်ထိုးနိုင်ခဲ့ပြီး လူကောင်ကြီး သော်လည်း အကျညင်သာ၍ ဒါရိုက်တာဆရာရွှေက စိမ်းရွှေရွှေဇာတ်ကားအတွက်ဒုတိယမင်းသားအဖြစ်ရွေးချယ်ခဲ့သည်။

ဒါရိုက်တာကလည်းဆရာရွှေ၊ ဇာတ်ကားအမည်ကလည်းစိမ်းရွှေရွှေဆိုတော့မောင်ချစ်သည်လည်းချစ်ရွှေ ဖြစ်လာကာ ယင်းဇာတ်ကား၌ ရန်ကုန်မြစ်လယ်ရပ်ထားသည့် စက်လှေကြီး၏ ပေ ၁၀၀ ခန့်မြင့်သည့်ရွက်တိုင်ထိပ်မှရေပြင်သို့ဒိုင်ဗင်ထိုးချသည့် အတွက် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည်ဆိုကာအမ်အေ ဦးမောင်ကြီးက ရွှေတံဆိပ်ဆုချခဲ့သည်။

မြဂနိုင်ဇာတ်ကားသည်ချစ်ရွှေအတွက် တဟုန်ထိုးနာမည်တက်စေသည့် ရုပ်ရှင်ဖြစ်ပြီး စတန့်လောကတွင်မည်သူမျှမလုပ်ဖူးသေးသည့် မီးပုံးပျံဦးကျော်ရင် စီးနင်းမည့် မီးပုံပျံကို အတင်းလုယက်ကာစီးသွားသည့် အခန်းကို ဇာတ်ကားတွင်ထည့်သွင်းရိုက်ကူးခြင်းပင်ဖြစ်သည်။ထို့အတွက် “ကျွန်ုပ်တို့မြန်မာကား မခေ၊ တတ်နိုင်သလိုရဲစွမ်းပြကြသည်၊ သင်းတို့ကစက်အားကိုးနဲ့ မိုးထိုးနိုင်ကြတာ၊တို့ကစက်မပါဘဲ၊ ဝေဟင်မှာ ငှက်လိုဝဲပြမယ်၊ ပျံပြမယ်ဟူ၍ မြဂနိုင်ဖြင့် ဂုဏ်ခံနိုင်တော့မည်” ဟူ၍ကြော်ငြာရသည့်အထိ ဖြစ်သည်။

ချစ်ရွှေ၏ မီးပုံပျံစီး၍ အစွမ်းပြခြင်းကိုလူတိုင်းအံ့သြလက်ဖျားခါရသလို၊ ဆူးလေဘုရားလမ်းရှိ မြန်မာအဆွေ ကုန်တိုက်ကြီး၏သုံးထပ်အမိုးမှဒိုင်ဗင်ထိုးချခြင်းကလည်း ပရိသတ်ကိုသည်းထိတ်ရင်ဖိုဖြစ်စေသည်။ဒါရိုက်တာ မောင်တင်မောင်ကလည်းမြဂနိုင်အတွက်တောတွင်း စွန့်စားခန်းများကို ဆင်အကောင် ၃၀ ခန့်နှင့် ရိုက်ကူးရန်လက်ပံတန်းမြို့မှနေ၍ပဲခူးရိုးမတောင်ခြေကိုသွားရောက်ခဲ့၏။

မြဂနိုင်ဇာတ်ကားကို ၁၉၃၄ ခုနှစ် ဇွန်လ ၂ ရက်နေ့ ပလာဇာရုံတွင် ရုံတင်ရာတိုးဝှေ့ကြည့်ရှုသူပရိသတ် အဆမတန် များပြားလွန်း၍ခိုက်ရန်ဖြစ်ပွား ထိုးကြိတ်ကြ၍ ရဲအစောင့်အကြပ်ပင် ချထားရသည့်အထိအောင်မြင်ခဲ့သည်။သတ္တိကိုသွားမစမ်းနဲ့ နှစ်ယောက်မရှိဘူးဟုချီးကျူးရသည့် ချစ်ရွှေသည်လည်း နောက်ပိုင်း ရဲခေါင်ချစ်ရွှေဟု နာမည်ကြီး လာသည်။

စတန့်မင်းသား ချစ်ရွှေ နောက်ထပ်အစွမ်းပြသည့် ဇာတ်ကားမှာ ဒဂုံမြတ်လေးနွယ် (ဗိုလ်မှူးအေးငွေ) ရေးသည့် ဇာတ်လမ်းကို မောင်တင်မောင်ကပင် ရိုက်ကူးသည့် “နီလာရောင်” ဇာတ်ကားဖြစ်ပြီးဤတွင်လည်း ချစ်ရွှေကမိကျောင်းနှင့်သတ်ပုတ်ကာ ထူးခြားသည့် စွန့်စားခန်းကို ပြုလုပ်ခဲ့သည်။ချစ်ရွှေနှင့် သတ်ပုတ်မည့်မိကျောင်းကိုဤသို့နှယ်ကြော်ငြာကာရှာဖွေခဲ့သည်။“

မိကျောင်းအရှင်တွေကို ဖမ်းဆီးမိလျှင် သတ်မပစ်ကြပါနဲ့၊ ကျွနု်ပ်တို့ အေဝမ်းရုပ်ရှင် ကုမ္ပဏီကို သတင်းပေးကြပါ၊ ကျွန်ုပ်တို့ အေဝမ်းရုပ်ရှင် ကုမ္ပဏီမှလည်း မိကျောင်းများ ပေါသည့် နေရာများတွင် လှည့်လှည် ရိုက်ကူးရန်ကြိုးစားလျှက်ရှိကြောင်း၊ နာမည်ကျော် တိုင်းသိ ပြည်ကြိုက် ရွှေတံဆိပ်ရ ရဲခေါင်မင်းသား မောင်ချစ်ရွှေမှာလည်း သေချင်သေပါစေဆိုတဲ့ စိတ်နဲ့ကြောက်များတော့ကြောက်တယ်လို့ မထင်ကြနဲ့နော်၊ သူ ကိုယ်တိုင်က မိကျောင်းနှင့် သတ်ချင်လွန်းလို့လိုက်လံရှာဖွေ စုံစမ်းနေတယ်” ဟုဖြစ်သည်။

ဧရာဝတီတိုင်း ပြင်ခရိုင်နှင့် မော်လမြိုင်ကျွန်းဘက်မှ မိကျောင်း ၆ ကောင်ကို တကောင် ၁၀၀ ကျပ်ဖြင့် ဝယ်ယူကာ အေဝမ်းခြံ (နောင်လျှပ်စစ်ရုပ်ရှင်ခြံ) တွင် ရေကန်တူးကာ မွေးမြူထားပြီး မင်းသား ချစ်ရွှေနှင့် ကြိုက်ရာတကောင်ကို သတ်ပုတ်စေသည်။ရေဘုရင် မိကျောင်းနှင့် မင်းသားချစ်ရွှေတို့ အပြန်အလှန်သတ်ပုတ်ခန်းကို ကင်မရာ ၃ လုံးဖြင့် ရှုထောင့်အမျိုးမျိုးက တပြိုင်နက်တည်း ရိုက်ကူးသည်။ ချစ်ရွှေကလည်း အသွားတပေခန့်ရှိ ဓားမြှောင်တချောင်း ခါးထိုးကာ ရေထဲဆင်း၍မိကျောင်းနှင့်သတ်သည်။

ဒါရိုက်တာ မောင်တင်မောင်နှင့် အစ်ကိုဖြစ်သူ မောင်မောင်စိုးတို့က သေနတ်ကိုယ်စီဖြင့် ချိန်ကာ နိုင်ပုံမပေါ်လျှင် မိကျောင်း ကို ပစ်သတ်ရန် ကန်ဘောင်ရိုးမှ စောင့်သည်။ သို့သော် ၅ မိနစ်ခန့် သတ်ပုတ်ပြီး မိချောင်းသည် ဓားမြှောင်ချက်ကြောင့် ပျော့ခွေသွားတော့၏။ကန်တခုလုံး မိချောင်းသွေးနှင့် နီရဲလျှက်၊ ချစ်ရွှေသည် ထိုမျှ စွန့်စားသည်။“နီလာရောင်” ဇာတ်ကားသည်လည်း မြဂနိုင် ကဲ့သို့ပင် လူကြိုက်များခဲ့သည်။

ဒါရိုက်တာ မောင်တင်မောင်ဆိုသည်ကလည်း စတန့်ခန်းများကို ထွင်ရာတွင် တကွက်တည်းဖြင့် ပရိသတ်အား ဟယ် ကနဲ၊ ဟာကနဲ ဖြစ်အောင် ဖန်တီးတတ်ရာ ချစ်ရွှေကလည်း စမ်းချင်ရာစမ်း ကြမ်းပြမယ်ဆိုသည့် လူမျိုးဖြစ်၍ နောက်ပိုင်း အောင်သပြေ ဇာတ်ကားတွင် ကျားနှင့်လည်းကောင်း မြွေနှင့်လည်းကောင်း သတ်ပုတ်စေခဲ့သည်။

မင်းသားချစ်ရွှေနှင့် အေဝမ်းဖလင်ရုပ်ရှင်တို့ နောက်ဆုံးရိုက်ကူးသည့်ကားမှာ ဒါရိုက်တာ ရွှေညာမောင်၏ စန်းရောင်ရှင် ဇတ်ကားဖြစ်ပြီး ထိုကားပြီးနောက် တခြားသော ရုပ်ရှင်ကုမ္ပဏီများဖြစ်သော ဇမ္ဗူ့ မိတ်ဆွေ၊ သက်နှင်းဘရားသား၊ ပဲရော့ ရုပ်ရှင်၊ ရန်ကုန်ရုပ်ရှင်၊ ဗြိတိသျှဘားမား၊ အိစလင်း၊ သန်းဘရားသား၊ သီဟရုပ်ရှင်၊ ရတနာပုံဖလင်တို့နှင့် ရိုက်ကူးခဲ့သည်။

ဒုတိယကမ္ဘာစစ် ၁၉၄၂ ခုနှစ် ဂျပန်များ မြန်မာပြည်ဝင်ချိန်တွင် ချစ်ရွှေသည် ဟင်္သာတသို့ စစ်ဘေးရှောင်ရင်း ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) သို့ ဝင်ရောက်တာဝန်ထမ်းသည်၊ ထိုသို့ ထမ်းဆောင်စဉ် ကရင်- ဗမာ အဓိကရုဏ်းဖြစ်ပွားရာသို့ လိုက်ပါသွားရင်း ဒိုက်ယားရွာ တိုက်ပွဲအတွင်း ကျဆုံးသွားသည်။

ထိုတိုက်ပွဲတွင် ရဲခေါင် ချစ်ရွှေသည် ရုပ်ရှင်ထဲကအတိုင်း ကရင်စခန်းကို နွယ်ကြိုးဖြင့် ခုန်အကူးတွင် ကျည်သင့်ကာ ကျဆုံးခဲ့ခြင်းဖြစ်သည်။မည်သို့ပင်ဖြစ်စေ စစ်ကြိုခေတ် စတန့်မင်းသားကြီးများဖြစ်သည့် ကျော်စိုး၊ ကျော်ဟိုး၊ ကျော်မိုး၊ တင်ငွေ၊ တင်ဖေ၊ ကျော် အေး၊ ကျော်ညွှန့်၊ တင့်ဆွေ၊ ရွှေမန်းထွန်းတင်တို့ကဲ့သို့ပင် သူ့ခေတ်သူ့အခါက အသက်ကိုပင် မမှုဘဲရဲရဲဝံဝံ စွန့်စားခဲ့သူ ဖြစ်ပေသည်။

မင်းသား ရဲခေါင် ချစ်ရွှေသည် ကွယ်လွန်ချိန်တွင် အသက် ၃၀ သာ ရှိသေးသည်၊ သူနှင့်အတူ မြဂနိုင်တွင် တွဲဖက်သရုပ် ဆောင်ခဲ့သည့် မင်းသမီး မြင်မြင့်ကတော့ ၁၉၃၅ ခုနှစ်တွင် ရုတ်တရက်ကွယ်လွန်ခဲ့သည်။မြဂနိုင်ရုပ်ရှင်ကို ဖန်တီးသူ ဒါရိုက်တာ မောင်တင်မောင် (ဦးတင်မောင်) ကတော့ အသက် ၉၃ နှစ်အထိ အသက်ရှည်စွာ နေထိုင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် အောက်တိုဘာ ၄ ရက်နေ့ အသက် ၉၃ နှစ်အရွယ်တွင် ဘဝတပါးသို့ ပြောင်းသွားခဲ့သည်။

ကိုးကား – စစ်ကိုင်းလှရွှေ၏ ခေတ်ဟောင်း ရုပ်ရှင် စတန့်မင်းသားကြီး ၁၀ ဦး

#myanmarbooks

Likes:
0 0
Views:
626
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *