“ကရင်အမျိုးသားခေါင်း ဆောင်ဒေါက်တာစံစီဖိုး (၁၈၇၀-၁၉၄၆)”

“ကရင်အမျိုးသားခေါင်းဆောင်ဒေါက်တာစံစီဖိုး (၁၈၇၀-၁၉၄၆)”.ကရင်အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာစံစီဖိုးကို ၁၈၇၀ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ကိုးဆူရွာ၌မွေးဖွားခဲ့ပါသည်။ အဘ တိုက်သူကြီးဦးအောင်ညို၊ အမိဒေါ်နော်သဂေးဝတို့ဖြစ်ကြပါသည်။ အမည်ရင်းမှာ မောင်စံဖိုးဖြစ်ပါသည်။.

ငယ်စဉ်က ပုသိမ်မြို့ရှိစကောကရင်အထက်တန်းကျောင်းတွင်ပညာသင်ကြားခဲ့ပါသည်။ ရွာမှကျောင်းသို့ ၅ မိုင်ခရီးကိုနေ့စဉ်ခြေကျင်သွားခဲ့ရပါသည်။ ငယ်စဉ်ကတည်းက ဉာဏ်ကောင်းပြီး၊ ပညာကိုအလွန်ကြိုးစားသဖြင့် ကျောင်းအုပ်ကြီး အမေရိကန်လူမျိုး ဒေါက်တာချားစ်နီကော(Dr. Charles Nichol) ၏အလေးထားဂရုစိုက်ခြင်းခံရသည်။

မောင်စံဖိုး အသက် ၁၄ နှစ်တွင်ကျောင်းအုပ်ကြီး ဒေါက်တာချားစ်နီကော(Dr. Charles Nichol) အမေရိကန်နိုင်ငံသို့ပြန်ရာ သူ့ကိုပါခေါ်သွား ပြီး အမေရိကန်တွင်ပညာဆက်လက်သင်ယူစေခဲ့ပါသည်။ .အမေရိကန်နိုင်ငံတွင် ဒေါက်တာချားစ်နီကော(Dr. Charles Nichol) ၏အဒေါ်တော် စပ်သူညီမနှစ်ဦးတို့ထံအပ်နှံစေခဲ့ပြီး ပညာဆက်လက်သင်ယူစေခဲ့ပါသည်။

ကျောင်းအားရက်တွင် မောင်စံဖိုးက နို့ညှစ်၊ နွားနို့ပို့အလုပ်များလုပ်ကိုင်ကာညီမများကိုကူညီလုပ်ကိုင်ပေးခဲ့သည်။ ဟင်မစ်တန်(Hammitton) ကျောင်းတွင် ၄ နှစ်၊ အယ်လ်ဘနီဆေးကောလိပ် (Albany Medical College)တွင် ၄ နှစ်ပညာသင်ယူခဲ့ပြီး ၁၈၉၄ ခုနှစ်တွင် ဆေးပညာဘွဲ့(M.D)ရရှိခဲ့ပါသည်။

ပညာသင်ယူနေစဉ် သားအရင်းပမာစောင့်ရှောက်ထောက်ပံ့ကူညီပေးခဲ့သော မစ္စစ်ကရွမ်းဗီးလ် ၏ကျေးဇူးကိုအစဉ်သတိရသောအားဖြင့် ၎င်းအမည်ရင်း မောင်စံဖိုးကို စံကရွမ်းဗီးလ်ဖိုး ဟုပြောင်းခဲ့သည်။ အမေရိကန်နိုင်ငံသားအဖြစ်လည်းခံယူပြီး ဆေးပညာများဆက် လက်လေ့လာခဲ့သည်။ ၁၈၉၅ ခုနှစ်တွင်မြန်မာပြည်သို့ပြန်လာခဲ့ပါသည်။.

၁၈၉၅ ခုနှစ်တွင် ရန်ကုန်မြို့မှထင်ရှားသော ကရင်တိုင်းရင်းသားခေါင်းဆောင် ဦးလူနီ၊ ဒေါ်ကလယ်ရာလူနီတို့၏သမီး အေမီလူနီနှင့် လက်ထပ်ခဲ့ပါသည်။ သားသမီး ၇ ဦးထွန်းကားခဲ့ပြီး၊ ၎င်းတို့မှာလည်း နယ်ပယ်အသီးသီးတွင် ထူးချွန်ထင်ရှား သောသူများဖြစ်ကြပါသည်။

အထင်ရှားဆုံးမှာ ပထမဆုံးအမျိုးသမီးဝန်ကြီး ကလယ်ရီဗယ်အိုင်းရင်းဖိုး(မစ္စစ်ဘမောင်ချိန်)ဖြစ်ပါသည်။.၁၈၉၇ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့တွင်ပုသိမ်ဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်အဖြစ်စတင်အမှုထမ်းခဲ့သည်။ ထို့နောက် ကျောက်ဆည်ဆေးရုံ၊ မြောင်းမြဆေးရုံစသဖြင့် ၅ နှစ်တာကာလအမှုထမ်းခဲ့ပါသည်။

၁၉၀၂ ခုနှစ်တွင် အစိုးရအလုပ်မှထွက်ပြီး ပုသိမ်မြို့တွင် ကိုယ်ပိုင်ဆေးတိုက်ဖွင့်ခဲ့ပါသည်။ လူနာများကို ဆေးဖိုးမှအပ အခမဲ့စမ်းသပ် ကုသပေးခဲ့ပါသည်။ ၁၉၁၇ ခုနှစ်မှ ၁၉၂၃ ခုနှစ်အထိ မြန်မာပြည်ဥပဒေပြုကောင်စီ မင်းတိုင်ပင်အမတ်အဖြစ်ခန့်အပ်ခြင်းခံရပါသည်။

၁၉၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် အိနိယနိုင်ငံသို့သွားပြီးမွန်တေဂူချမ်းစဖို့ဒ်နှင့် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး အတွက်သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။.၁၉၁၈ ခုနှစ်မှ ၁၉၂၆ ခုနှစ်အထိ ပုသိမ်မြို့မြူနီစီပယ်အဖွဲ့ဝင်လူကြီးအဖြစ်လည်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်နေစဉ် ကရင်အမျိုးသားတို့ဘက်မှရှေ့ဆောင်ဦးစီးပြုဆောင်ရွက်နိုင်ရန် ကရင်အမျိုးသားတို့ကတောင်းပန်လာသောကြောင့် ဒေါက်တာစံစီဖိုးသည် အမေရိကန်နိုင်ငံသားအဖြစ်မှစွန့်လွှတ်ပြီး ဗြိတိသျလက်အောက်ခံနိုင်ငံသားအဖြစ်ပြောင်းလဲခံယူခဲ့ပါသည်။ ၁၉၂၅ ခုနှစ်တွင် ဒေါကလူကရင်အမျိုးသားအစည်းအရုံး၏ပထမဆုံးဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

၁၉၂၁ ခုနှစ် ဗြိတိသျပါလီမန်က မြန်မာပြည်အုပ်ချုပ်ရေးတိုးမြှင့်ပေးသင့်၊ မပေးသင့်စုံစမ်းစစ်ဆေးရန် ဆာဖရက်ဒရစ်ဝှိုက်(Sir Frederick Whyte) ဦးဆောင်သော ဝှိုက်ကော်မတီတွင် ဥပဒေကောင်စီဝင်အဖြစ်ပါဝင်ခဲ့ပါသည်။

၁၉၂၃ ခုနှစ် ဒိုင်အာခီအုပ်ချုပ်ရေးစတင်ချိန်တွင် ပုသိမ်မှဥပဒေပြုအမတ်အဖြစ်ရွေးချယ်ခြင်းခံရပါသည်။ ၁၉၃၇ ခုနှစ် ၉၁ ဌာနအုပ်ချုပ် ရေးစတင်ရာ ဘုရင်ခံမှအထက်လွှတ်တော်အမတ်အဖြစ်ခန့်အပ်ခဲ့ပါသည်။ ၁၉၃၇ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိအထက်လွှတ် တော်အမတ် အဖြစ်ဆောင်ရွက်ခဲ့ပါသည်။

၁၉၂၈ ခုနှစ်တွင် ကရင်တိုင်းရင်းသားများအကြောင်းရေးသားထားသော အလွန်ထင်ရှားခဲ့သည့် Burma and Karens အမည်ရှိစာအုပ် ကိုရေးသားထုတ်ဝေခဲ့ပါသည်။.ပထမကမ္ဘာစစ်အတွင်း ဗြိတိသျတို့စစ်အောင်နိုင်ရေး အတွက်အားပေးကူညီ ဆောင်ရွက်ပေးခြင်း၊ လူမှုဝန်ထမ်းနှင့်စစ်သားစုဆောင်းရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ပေးခဲ့ခြင်းတို့ကြောင့် ပထမကမ္ဘာစစ်အတွက်ချီးမြှင့်သော Medal for War Work ဆုတံဆိပ်၊ ၁၉၂၄ ခုနှစ်တွင် C.B.E ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသည်။

၁၉၃၄ ခုနှစ်တွင် ဆာဘွဲ့ချီးမြှင့်ခြင်းခံရသည်။ ၁၉၄၂-၁၉၄၅ ခုဂျပန်ခေတ်အတွင်း KCO (Karen Central Organization) ၏ အကြံပေးနာ ယကအဖြစ်ဆောင်ရွက်နေစဉ် ကရင်-ဗမာလူမျိုးရေးပြသနာများကို ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ လက်တွဲဖြေရှင်းဆောင် ရွက်ပေးခဲ့ ပါသည်။

၎င်း၏ဇာတိကိုးဆူရွာတွင် ကရင်-ဗမာချစ်ကြည်ရေးတရားပွဲများကိုလည်း ဦးဆောင်ကျင်းပခဲ့ပါသည်။ ဂျပန်ခေတ်အစိုးရအတိုင်ပင်ခံ လွှတ်တော်အမတ်အဖြစ်လည်းဆောင်ရွက်ခဲ့ပါသည်။ စစ်ပြီးစတွင် ကရင်အမျိုးသားအဖွဲ့ပြန်လည်ဖွဲ့စည်းရာ နာယကအဖြစ်ဆက် လက်တာဝန်ယူခဲ့ပါသည်။

အင်္ဂလိပ်ဘာသာဖြင့် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးစာအုပ်ကို၎င်း၊ ကရင်ဘာသာဖြင့် လူမှုဆက်ဆံရေး၊ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းစာအုပ်တို့ကို၎င်းရေးသားခဲ့ပါသည်။.

ဒေါက်တာစံစီဖိုးသည် ၁၉၄၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့၊ အသက် ၇၆ နှစ်အရွယ်တွင် ပုသိမ်မြို့၌ကွယ်လွန်ခဲ့ပါသည်။…

မှီငြမ်းကိုးကား။- မြန်မာ့စွယ်စုံကျမ်း(အတွဲ-၄)

(စာပေဗိမာန်)- မြန်မာလူကျော်-၁၀၀ (ပထမတွဲ)

(မောင်ဇေယျာ)- မြန်မာပြည်ချစ်ကရင်အမျိုးသားခေါင်းဆောင်များ(မောင်စင်ကြယ်)- နှစ် ၃၀၀ မြန်မာ့နိုင်ငံရေးအဘိဓာန် (ပထမတွဲ)(သန်းဝင်းလှိုင်)

Likes:
0 0
Views:
761
Article Tags:
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *