ဌက်ခတ်တဲ

“ငှက်ခတ်တဲ” ဆိုတာ နန်းဆောင်တွေရဲ့ခေါင်မိုးထိပ်က အဖြူရောင်တဲလေးတွေကို ပြောခြင်းဖြစ်ပါတယ်။အဲ့ဒီငှက်ခတ်တဲ ထားရတဲ့ရည်ရွယ်ချက်က ရှေးအခါ ကောသမ္ဗီပြည်၊ကောသမ္ဗီမင်းလက်ထက်မှာ မိဖုရားကြီးက ဆောင်းတွင်းမှာ နေပူစာထွက်လှုံပါတယ်။

မိဖုရားကြီးက အနီရောင်ကမ္ဗလာနီကို ခြုံပီး နေပူစာထွက်လှုံတာဆိုတော့ ငှက်ကြီးတစ်ကောင်ကအနီရောင်သားတစ်လို့ ထင်ပြီး ချီသွားပါတယ်။ပြီးတော့ တောအရပ်က သစ်ပင်တစ်ပင်မှာချထားခဲ့တယ်။ မိဖုရားကြီးက ကိုယ်ဝန်လည်းပါလာတော့ ရသေ့ကြီးတစ်ပါးက စောင့်ရှောက်ပေးခဲ့ပါတယ်။

ကလေးဖွားမြင်လာတော့ ထိုကလေးဟာ နောက်ပိုင်းမှာ “ဥတေနမင်း” ဖြစ်လာတယ်လို့ ဆိုပါတယ်။ တခြားမူကွဲအကြောင်းအရာကတော့ ရာဇဂြိုလ်ပြည်၊ဗိမ္မိသာရမင်းရဲ့ နန်းပြဿာဒ်ကို ဇဗ္ဗုပတိမင်းက ခြေနင်းပျံစီးပီး လာရောက်တိုက်ခိုက်တတ်လို့ နန်းတော်အမိုးမှာ အစောင့်ထားခဲ့ရတယ်လို့ဆိုထားပါတယ်။

ဒီအကြောင်းအရာကတော့ ကျမ်းဂန်တွေထဲ မပါတော့ အမှန်လို့ ယူဆဖို့ ခက်ပါတယ်။ အဲ့ဒါကြောင့် နောက်ပိုင်းနန်းတော်တွေတည်တဲ့အခါ နန်းဆောင်တွေရဲ့ ခေါင်မိုးထိပ်မှာ ငှက်စောင့်၊ငှက်ခတ်တဲတွေ ထည့်သွင်းတည်ဆောက်ခဲ့ကြတာဟာ အစဥ်အလာတစ်ခုဖြစ်လာပါတယ်။

အဲ့ဒီငှက်ခတ်တဲကနေ ခင်ပုတ်၊လင်းတ အစရှိတဲ့ ငှက်ဆိုး၊ငှက်ယုတ်တွေ မနားအောင်၊ အသံမမြည်အောင် ၊မပျံသန်းနိုင်အောင် ငှက်တော်စောင့်၊ငှက်ခတ်သမားတွေက စောင့်ကြည့်ပစ်ခတ်ရပါတယ်။ ငှက်တော်စောင့်အမှုထမ်းတွေဟာ အနောက်ဝန် -ဝန်စု မှာပါဝင်တဲ့အမှုထမ်းတွေဖြစ်ကြပီး သူတို့အမြဲနေထိုင်ဖို့ တင်းကုတ် တန်းလျားများလည်း စီစဥ်ပေးထားပါတယ်။

တာဝန်ကျတဲ့ အမှုထမ်းကတော့ ငှက်ခတ်တဲမှာ အလှည့်ကျ သွားရောက်စောင့်ပီး အမှုထမ်းရတာပါ။ မန္တလေးရတနာပုံရွှေနန်းတော်တည်ပီး မင်းတုန်းမင်းလက်ထက််မှာ ငှက်တော်အမှုထမ်းတွေဟာ တစ်လကို စပါးတော် ၄၃ တင်း ရရှိကြပါတယ်။

မင်းတုန်းမင်းလက်ထက််မှာတော့ ရှေးအစဥ်အလာအရသာ ငှက်ခတ်တဲတွေ ဆောက်လုပ်ခဲ့ပေမယ့် ငှက်တော်အမှုထမ်းတွေဟာ အဲ့ဒီငှက်ခတ်တဲတွေပေါ် တက်ပီး မစောင့်ရတော့ပါဘူး။ နန်းတော်တွေ၊နန်းဆောင်တွေရဲ့ ဘေးကနေပဲ စောင့်ကြည့်ရပါတော့တယ်။

Zaw Moe Aung

ကိုးကား – ▪ ဦးမောင်မောင်တင် – ရွှေနန်းသုံးဝေါဟာရများအဘိဓာန် (ပတွဲ)▪ ဇေယသင်္ခရာ – ရွှေဘုံနိဒါန်း▪

မြန်မာမင်းအုပ်ခ​ျုပ်ပုံစာတမ်း အတွဲ (၄)

#myanmarbooks

Likes:
0 0
Views:
868
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *